ဒီပဲယင်းအနောက်ခြမ်းမှ ယမ်းငွေ့၊ သွေးစက်၊ မျက်ရည်များ

no caption
    • ရေးသားသူ, ကိုသိမ်းမြတ်
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

မနက်မလင်းခင်ကတည်းက စစ်သားတွေ ဆပ်ပြာကျင်းရွာဘက် ထွက်သွားကြပြီဆိုတဲ့ သတင်းကြောင့် ဒီပဲယင်းမြို့ အနောက်ဘက်ခြမ်းတခုလုံးဟာ လှုပ်လှုပ်ရှားရှားဖြစ်သွားပါတယ်။

ဇူလိုင်လ ၂ ရက်နေ့ ဒီပဲယင်းမိုးကောင်းကင်မှာ တိမ်တွေညို့နေပါတယ်။ အရုဏ်ကျင်းချိန်မှာတောင် နေဟာရှင်းလင်းသန့်စင်မနေပဲ မှုန်ဝါးနေပါတယ်။ အဲဒီနေ့တနေ့လုံးမိုးအုံ့လိုက်၊ မိုးလေးဖွဲဖွဲရွာသွန်းလိုက်၊ နေရောင်မှိန်မှိန်ပြူထွက်လာလိုက်နဲ့ ကောင်းကင်ဟာ မကြည်မလင်ဖြစ်နေပါတယ်။

ပထမအကြိမ်တိုက်ခိုက်ခြင်း

စစ်သားတွေက စစ်ကားတွေနဲ့မလာဘဲ ရုပ်ဖျက်ပြီး တိတ်တိတ်လာကြတာပါ။ အရုဏ်မတက်ခင် မှောင်ထဲမည်းမည်းမှာ တရုတ်လုပ်မြေသယ်တဲ့ကားတွေနဲ့ ဆပ်ပြာကျင်းရွာနားထိရောက်လာပြီးမှ စစ်သားတွေက ကားပေါ်ကဆင်း ခြေလျင်ဆက်လာကြပါတယ်။ ဘယ်လိုပဲ ရုပ်ဖျက်ပြီး တိတ်တိတ်လာပေမဲ့ ရွာသားတွေက သတင်းကြိုရကြပါတယ်။

"စစ်သားတွေလာနေပြီဆိုတာကို သတင်းရတော့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက လမ်းမှာ မိုင်းထောင်လိုက်သေးတယ်ဗျ။ ပေါက်ကွဲသံကြားရပြီး စစ်ကောင်စီဘက်က ဒဏ်ရာရတဲ့လူတွေလည်းရှိတယ်လို့တော့ ပြောတာပဲ။ ဒါပေမဲ့ သိပ်ဆိုးဆိုးဝါးဝါးမဖြစ်ဘူးနဲ့တူပါတယ်။ သူတို့ရှေ့ဆက်တက်လာကြပါတယ်။"

ကိုစံပလို့ နာမည်ဝှက်ပေးထားသူ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပီဒီအက်ဖ် အဖွဲ့ဝင်တဦးက ပြောပြတာပါ။

"ဆပ်ပြာကျင်းနဲ့ အနီးတဝိုက်မှာ ပီဒီအက်ဖ်လူငယ်တွေ သင်တန်းပေးနေတယ်။ လက်နက်တွေလုပ်နေတယ် သတင်းကြားပြီး ဆင်းလာတာလို့ ပြောပါတယ်။ စစ်သားတွေ အယောက် ၁၅၀ ကနေ ၂၀၀ အတွင်းလောက်ရှိမယ်နော။ အခုဆပ်ပြာကျင်းကိစ္စက အဓိကတော့ ဒလန်ကြောင့်ပါပဲရှင့်။ ဒလန်ပြောလိုက်လို့ သူတို့လိုက်လာတာလေ။ အဲဒီနေရာကို သူတို့တန်းသွားကြတာပဲ" လို့ ဒေသခံ ကျေးရွာအမျိုးသမီးတဦးက ပြောပြတာပါ။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရှိနေတဲ့ နေရာကို စစ်တပ်က ကြိုသိပြီးဖြစ်နေပါတယ်။ အဲဒီနေရာကိုတိုက်ရိုက်သွားပြီး တိုက်ခိုက်မှုစတင်ခဲ့ပါတယ်။

"ဆပ်ပြာကျင်းရယ်၊ အုန်းတင်ရယ်၊ အင်ပင်ကြီးရယ်ကြားထဲက ဘုန်းကြီးကျောင်းရှိတယ်။ အဲဒီနေရာ အရောက်ပေါ့။ ဘုန်းကြီးကျောင်းမရောက်ခင် ချောင်းရှိတယ်ဗျ။ ချောင်းအတက်မှာ သူတို့ စပြီးတော့ ပစ်တာခတ်တာ ဖြစ်တာပေါ့။ အဲဒီအချိန်ကတော့ လင်းပြီပေါ့။ အဲဒီမှာ စဖြစ်တော့ နီးစပ်ရာပီဒီအက်ဖ်တွေက သွားပြီး ကြည့်ရာကနေ တဖက်နဲ့ တဖက် အပြန်အလှန်ပစ်ခတ်တာဖြစ်သွားတာပေါ့။ ဖြစ်ပြီးတော့ စစ်ကောင်စီက ကျွန်တော်တို့ အင်ပင်ကြီးကျောင်းပေါ့။ ၃ ရွာကြားက ကျောင်းကို သူတို့ တပ်စွဲလိုက်တာပေါ့။"

အညာဒေသမှာတောဆိုပေမဲ့ သစ်ပင်ကြီးကြီးမားမား ထူထူထပ်ထပ်ရှိတာမဟုတ်
ဓာတ်ပုံ ပုံစာ, အညာဒေသမှာတောဆိုပေမဲ့ သစ်ပင်ကြီးကြီးမားမား ထူထူထပ်ထပ်ရှိတာမဟုတ်

အဲဒီနေ့မနက် အရုဏ်ဦးဟာ ခါတိုင်းလို သာသာယာယာနဲ့ မစတင်ဘဲ ကျေးလက်တောရွာနဲ့ မလိုက်ဖက်လှစွာ သေနတ်သံတွေနဲ့ စတင်ခဲ့ပါတယ်။

ချောင်းကမ်းအတက် ဘုန်းကြီးကျောင်းနားက သာသာယာယာမြင်ကွင်းဟာ အကျည်းတန်မြင်ကွင်း ဖြစ်ခဲ့ရပါတယ်။ ကျေးငှက်တွေဟာ ဘုန်းကြီးကျောင်းနား၊ ချောင်းကမ်းနားမှာ အေးအေးချမ်းချမ်း အစာမရှာနိုင်အားပဲ ထိတ်လန့်ပျံပြေးခဲ့ကြရပါလိမ့်မယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း သူတို့ဆီတိုက်ရိုက်ရောက်လာမယ်လို့ ထင်မှတ်ထားပုံမရပါဘူး။ ကြိုတင်ပြင်ဆင်မထားနိုင်ဘဲ ကြုံသလိုခုခံကြရပါတယ်။

ဒုတိယအကြိမ်တိုက်ခိုက်ခြင်း

ဆပ်ပြာကျင်းရွာသားတွေနဲ့ ကျွန်းတောရွာသားတွေဟာ ရှိသမျှ လူစုပြီး ဘုန်းကြီးကျောင်းထဲက စစ်ကောင်စီစစ်သားတွေကို တိုက်ခိုက်ဖို့ကြိုးစားကြပေမဲ့ မအောင်မြင်ခဲ့ကြပါဘူး။

စစ်သားတွေက အခိုင်အမာ နေရာယူခုခံကြတဲ့အတွက်ပြန်ဆုတ်ခဲ့ရပါတယ်။

မိုးကအုံ့လိုက်လင်းလိုက်ရှိရာကနေ တခါတရံမှာ မိုးဖွဲဖွဲလေးကျပါတယ်။

ကျတဲ့မိုးကမစို့မပို့ပေမဲ့ တူးမီးကို ယမ်းထောင်းထည့်ပြီး ပစ်ရတဲ့ရွာသားတွေမှာတော့ ယမ်းအစိုပျံစေတဲ့အတွက် အနှောင့်အယှက်ဖြစ်ရတယ်လို့ဆိုကြပါတယ်။

ရွာသားတွေဟာ ခေတ်မီလက်နက်တွေကိုင်ထားတဲ့ စစ်သား ၁၅၀ ကျော် ၂၀၀ လောက်ကို သူတို့ချည်း နိုင်အောင် မတိုက်နိုင်လို့ အနီးအနားက ရွာတွေအားလုံးကို အကြောင်းကြားပြီး စစ်ကူခေါ်လိုက်ကြပါတယ်။

အဲဒီအချိန်အထိ ရွာသားတွေဘက်က ထိခိုက်ကျဆုံးမှုမရှိသေးဘူးလို့ ကိုစံပကပြောပါတယ်။

တိုက်ပွဲတွေကြောင့် တိမ်းရှောင်ရတဲ့ ရွာသားတွေ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, တိုက်ပွဲတွေကြောင့် တိမ်းရှောင်ရတဲ့ ရွာသားတွေ

အမေရိကန်ပြည်ထောင်စုမှာ ရောက်နေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့ဝင်ဟောင်းတယောက်ကတော့ ဆပ်ပြာကျင်းရွာမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး အခုလို သုံးသပ်ပါတယ်။

"စစ်ကောင်စီစစ်သားတွေက ဒီပဲယင်းအနောက်ခြမ်းရွာတွေဆီ ဆင်းမလာခင်ကတည်းက စစ်ရေးအစီအစဥ် ကြိုတင်ပြင်ဆင်ခဲ့ပြီးသား ဖြစ်လိမ့်မယ်ဗျ။ ဘာလို့ အဲသလိုပြောတာလဲဆိုတော့ တိုက်ပွဲကြီးတွေမှာသုံးတဲ့ RPG ဗုံးသီးလောင်ချာလို လက်နက်ကြီးတွေကို တခါတည်း သယ်လာတာလေ။ ဘုန်းကြီးကျောင်းထဲမှာ အသင့်နေရာယူထားပုံကလည်း ခံစစ်သေသေချာချာပြင်ထားတဲ့ပုံစံပဲ။ ရွာသားတွေ ဝိုင်းလာကြလိမ့်မယ်ဆိုတာ သူတို့မျှော်လင့်ပြီးသား ဖြစ်လောက်တယ်။ စစ်ရေးအတွေ့အကြုံမရှိသေးတဲ့ ရွာသားတွေကို စစ်မြူပြီး ဘုန်းကြီးကျောင်းထဲက အပိုင်စောင့်နေတဲ့ သဘောလို့ ထင်တယ်။"

တတိယအကြိမ်တိုက်ခိုက်ခြင်း

"ကျွန်တော်တို့က အဝေးကပါ။ အကူအညီတောင်းလို့ ခက်ခက်ခဲခဲ ရောက်အောင်သွားကြတာ။ အကူအညီတောင်း အကြောင်းကြားတာကို မနက် ၈ နာရီလောက်မှာရတော့ ချက်ချင်းသွားကြတယ်။ လမ်းမှာလည်း အချိန်တွေက အများကြီးကြာတယ်။ သူတို့ကိုရှောင်းတိမ်းပြီးသွားရတာတွေလည်းရှိတော့ နေ့လယ် ၂ နာရီခွဲလောက်ကျမှရောက်တယ်။"

နယ်ဝေးကျေးရွာတခုကနေ လက်သည်းဆိတ်လို့ လက်ထိပ်နာတဲ့သဘောနဲ့ ရောက်အောင်လာခဲ့တယ်ဆိုတဲ့ ကိုဖြူက သူ့အတွေ့အကြုံကိုပြောပြတာပါ။

"ကျွန်တော်တို့က တော်တော်ဝေးတဲ့နေရာကလာရတာဆိုတော့ နယ်မြေမကျွမ်းဘူး။ သူတို့စစ်ကောင်စီနေရာယူထားတဲ့ နေရာပတ်ဝန်းကျင် မြေအနေအထားကို မကျွမ်းလိုက်ဘူးပေါ့ဗျာ။ သူတို့က ကျွန်တော်တို့လာတာကို အစောကြီးကတည်းက သိနေပုံရပါတယ်။ မှန်ပြောင်းတွေ ဘာတွေနဲ့ ကြည့်ချင်လည်း ကြည့်နေမှာပေါ့။ သူတို့က ဘုန်းကြီးကျောင်းထဲကနေ အကာအကွယ်နဲ့ သေသေချာချာနေရာယူထားပြီး ကျွန်တော်တို့ အနီးနားအထိရောက်အောင် စောင့်နေတယ်။ တော်တော်ကြီးကို နီးနေပါပြီဗျာ။ အနီးရောက်တော့မှ သူတို့က လက်နက်ကြီးနဲ့ ၅ လုံးဆက်တိုက် စပစ်တာပါပဲ။ ကျွန်တော်တို့ တိုက်တောင် ကောင်းကောင်းမတိုက်လိုက်ရပါဘူး။ ပြေးရတာပါပဲ။"

နယ်ပေါင်းစုံက လာဝိုင်းကြတဲ့ ရွာသားတွေဟာ စုစုပေါင်း အယောက် ၁၀၀၀ လောက်အထိရှိပါတယ်။ ရွာပေါင်း ၂၀ ကျော် ၃၀ ကနေ လာဝိုင်းကြတာပါ။ စစ်တပ်က လက်နက်ကြီးနဲ့ အချက် ၄၀ ကျော်ပစ်ခတ်ခဲ့တယ်လို့ ရွာသားတွေက ပြောကြပါတယ်။

အနီးနားကျေးရွာတွေထဲမှာ ရှိတဲ့ရွာသားတွေအားလုံး အိုးအိမ်စွန့်ပစ်ပြီး ကိုယ်လွတ်ရုန်းထွက်ပြေးကြရပါတယ်။

"စစ်ကောင်စီတပ်တွေက လာရောက်ပြီးတော့မှ လက်နက်ကြီးတွေနဲ့ ပစ်တာ။ လက်နက်ကလေးတွေတွင် မကဘူး။ လက်နက်ကြီးတွေနဲ့ တရစပ်ပစ်တာ။ တရစပ်ပစ်တော့ ကျွန်တော်တို့က ကြားလည်းမကြားဖူးဘူး။ အသံတွေက မိုးခြိမ်းတာလောက်မကဘူး။ သူတို့က တောက်လျှောက်ပစ်တာ။ ကျည်ဆန်တွေက ကျွန်တော်တို့နေတဲ့နေရာတွေကို ကျလာတာ။ လူကြီးတွေဆို တွဲပြီးတော့မှ ပိုးပြီးတော့မှ တရွတ်တိုက် ဆွဲခေါ်လာရတာ"လို့ ကျေးရွာသားတဦးက ပြောပြပါတယ်။

သူထွက်ပြေးတိမ်းရှောင်နေတဲ့ ယာခင်းထဲမှာ သူ့ကို ဗွီဒီယိုအင်တာဗျူးမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

နိုင်သလောက် ရိက္ခာသယ်ပြီး နီးစပ်ရာတောထဲ ထွက်ပြေးရ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, နိုင်သလောက် ရိက္ခာသယ်ပြီး နီးစပ်ရာတောထဲ ထွက်ပြေးရ

သူ့နောက်ကျောမှာ အပင်ကြီးကြီးဆိုလို့ ထန်းပင်တွေကိုသာ မားမားမတ်မတ်မြင်ရပါတယ်။ အနီးအနားမှာ ခွေးတောက်နွယ်ပင်တပင်နဲ့ အညာဆူးပုတ်ကလေးပင်တွေ တွေ့ရပါတယ်။ အညာဒေသမှာ တောတောင်ထူထူထပ်ထပ်ရှိတာ မဟုတ်ပါဘူး။

"ကျွန်တော်တို့ တောရောက်တဲ့အခါကျတော့ တောထဲမှာ စားဖို့သောက်ဖို့ဆိုပြီး ရိက္ခာလေးတွေ သယ်လာတယ်။ အဲဒီသယ်လာတဲ့ဟာလေးတွေ ငါတို့ ၂ ရက် ၃ ရက် တောထဲမှာနေရရင်လည်း အဲဒါလေးတွေ ချက်စားပြီးတော့မှ တောထဲမှာ ခိုအောင်းနေမယ်ဆိုတာလည်း နေမရဘူး။ လက်နက်ကြီးကျည်ဆန်တွေက ဟိုနားတဖွဲဖွဲကျ၊ ဒီနားတဖွဲဖွဲကျနေလို့ ကျွန်တော်တို့ နေမရလို့ ကျွန်တော်တို့ လှည်းတွေနွားတွေနဲ့ ဆိုင်ကယ်တွေ တောထဲယူလာတဲ့ဟာတွေပါ အကုန်ပစ်ပြီးပြေးခဲ့ရတာ။"

စစ်သားတွေဟာ သူတို့ကို လမ်းလိုက်ပြတဲ့ ရွာသားတွေအခေါ် ဒလန်ဆိုသူတွေကလွဲပြီး ကျန်တဲ့အရပ်သားမှန်သမျှ အားလုံးကို လိုက်လံပစ်ခတ်တယ်လို့ကိုစံပကဆိုပါတယ်။

ဒီပဲယင်းအနောက်ခြမ်းမှာ ကျေးရွာအုပ်စု ၅၈ အုပ်စုရှိတဲ့အထဲက ကျေးရွာ ၂၀ ကျော်ဟာ အိုးအိမ်ပစ်ပြီး ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

နယ်ဝေးကနေ ကူညီဖို့ချီတက်လာတဲ့ သူတို့ပီဒီအက်ဖ်မှာ ဘယ်လိုစစ်ရေးအစီအစဥ်ရှိသလဲလို့ကိုဖြူကို မေးရာမှာတော့ သူမသိဘူးလို့ ကိုဖြူကပြောပါတယ်။

အဖွဲ့ခေါင်းဆောင် အချင်းချင်းသာ ဆက်သွယ်ပြောကြားကြပြီး စစ်ကူလိုနေပြီဆိုလို့ လာတိုက်ကြတာလို့ ဆိုပါတယ်။

ဘယ်နေရာကနေ ဘယ်လိုဝိုင်းမယ်၊ ဘယ်လိုဆုတ်မယ်၊ ဘယ်လိုတက်မယ်ဆိုတာမျိုးတွေကို ကိုဖြူတို့ကို တိတိကျကျညွှန်ကြားပြောဆိုထားတာမရှိပါဘူး။

တဖွဲ့မှာ ခေါင်းဆောင်တယောက်စီပဲရှိပြီး အဖွဲ့အားလုံးကို အမိန့်ပေးမဲ့ ခေါင်းဆောင်ဆိုတာ မရှိပါဘူး။ အားလုံးဟာ သူလိုကိုယ်လို ရွာသားတွေချည်းသာ ဖြစ်ကြတဲ့အတွက် ခေါင်းဆောင်က အမိန့်ပေးပေမဲ့လည်း နောက်လိုက်ရွာသားက နာခံချင်မှ နာခံပါတယ်။ ပြန်ဆုတ်ခိုင်းပေမဲ့လည်း ခံပြင်းစိတ်နဲ့ ရှေ့တိုးချီတက်ကြသူတွေလည်း ရှိကြတယ်လို့ ဆိုပါတယ်။

ရွာသားဆိုရာမှာလည်း အသက်အရွယ်အမျိုးမျိုး၊ လူအမျိုးမျိုးပါဝင်ကြပါတယ်။ လူငယ်တွေက အများစုဖြစ်ကြပါတယ်။ အထက်တန်းကျောင်းသား၊ တက္ကသိုလ်ကျောင်းသားတွေ အများအပြားပါဝင်ပါတယ်။

အများအပြားထိခိုက်သေဆုံး

ပန်းခွေများ

ဓာတ်ပုံ ရင်းမြစ်, CJ

ဘုန်းကြီးကျောင်းကို ရွာသားတွေက ပတ်ဝိုင်းကြရာမှာ ပတ်ဝိုင်းကြသူတွေက ယာခင်းတွေ၊ ကွင်းပြင်တွေထဲမှာ ထီးထီးမတ်မတ်ကြီး ရှိနေကြပြီး စစ်ကောင်စီစစ်သားတွေက ဘုန်းကြီးကျောင်းထဲမှာ အကာအကွယ်နဲ့ ကျကျနန နေရာယူထားကြပါတယ်။

"အသေခံချမယ်ဆိုတဲ့စိတ်ဓာတ်၊ ရရာလက်နက်နဲ့ ပြန်တိုက်မယ်ဆိုတဲ့ စိတ်ဓာတ်ကိုတော့ ကျွန်တော်တို့ အလေးအမြတ် ပြုရမှာပါ။ စစ်တပ်က သူတို့ထက် လက်နက်အင်အားနဲ့ စစ်ရေးအတွေ့အကြုံ အများကြီးသာတယ်ဆိုတာ သူတို့သိပြီးသားလေ။ သိသိနဲ့ သူသေကိုယ်သေ တက်တိုက်ကြတာတော့ မချီးကျူးဘဲ မနေနိုင်ပါဘူး။ ဒါပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို့သာ ဆိုထားတာ။ တကယ်တန်းကျတော့ မခံချင်လို့ ရွာသားတွေက ရရာလက်နက်စွဲပြီး ဝိုင်းချကြတဲ့သဘောမျိုးဖြစ်သွားတာဗျ။"

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ပြောက်ကျားတော်လှန်ရေးကို နှစ်ပေါင်း ၃၀ ကျော်ပါဝင်ဆင်နွှဲခဲ့ဖူးတဲ့ ရဲဘော်ငြိမ်းမောင်ဦးက ဒီပဲယင်းအဖြစ်အပျက်နဲ့ ပတ်သက်ပြီး သူ့အမြင်ကိုပြောပြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသတဝိုက်က တိုက်ပွဲသတင်းတွေကို စစ်ကောင်စီ မီဒီယာဘက်က ထုတ်ပြန်ရာမှာ "လုံခြုံရေး တပ်ဖွဲ့ဝင်တွေ လုံခြုံရေးကင်းလှည့်တာ၊ သတင်းအရ ဖမ်းဆီးဖို့သွားတာကို အကြမ်းဖက်သမားတွေက တိုက်ခိုက်တယ်"ဆိုပြီး ထုတ်ပြန်မှုတွေ ရှိပါတယ်။

ဗမာ့တပ်မတော်ရယ်လို့ စဖွဲ့ခဲ့တဲ့အချိန်ကနေ ဒီနေ့အထိကာလအတွင်း သမိုင်းတလျှောက်မှာ သာမန်အရပ်သားပြည်သူတွေက ရရာလက်နက်ကိုင်စွဲပြီး အသေခံပြန်တိုက်တာမျိုးဟာ ဒီတခေတ်ဒီတခါပဲ ပေါ်ပေါက်ခဲ့ဖူးပါတယ်။

"ကျွန်တော်တို့မှာက တူးမီးတွေပဲရှိတာဗျာ။ အစစ်တလက်မှမပါဘူး။ သူတို့ဘက်ကလည်း လက်နက်ကြီးတွေသယ်လာပြီး ရက်ရက်စက်စက် ချေမှုန်းဖို့ အစီအစဥ်ဆွဲလာတယ်လို့ မထင်လိုက်မိဘူး။" လို့ ကိုဖြူက ဆိုပါတယ်။

သူတို့တိုက်ခိုက်မဲ့သူမှာ ဘယ်လိုလက်နက်ပါလာတယ်၊ ဘယ်လိုအစီအစဥ်ရှိတယ်၊ ဘယ်လိုအကာအကွယ်ယူထားတယ်ဆိုတာကို ကိုဖြူတို့ ကြိုမသိလိုက်ပါဘူး။

လက်နက်ကြီးကျည်ဆန်နဲ့ ခေါင်းတည့်တည့် ထိမှန်ခံရသူတွေမှာဆိုရင် ခေါင်းနဲ့ ဒဏ်ရာ မမျှလောက်အောင်ပါပဲ။

မျက်နှာကိုမမြင်ရတော့တဲ့အတွက် ဘယ်သူဘယ်ဝါဆိုတာတောင် မခွဲခြားနိုင်အောင်ပါပဲလို့ ကိုစံပကဆိုပါတယ်။

ဝတ်ထားတဲ့ အဝတ်အစားကိုကြည့်ပြီး မိသားစုတွေက ခန့်မှန်းပြောဆိုကြရတယ်လို့ ဆိုပါတယ်။

ဆယ်ကျော်သက်နဲ့ နှစ်ဆယ်ကျော်လူငယ်အများအပြား ဆိုးဆိုးဝါးဝါးဒဏ်ရာတွေနဲ့ သေဆုံးခဲ့ကြရတဲ့ မှတ်တမ်းဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ်မှာ မြင်တွေ့ခဲ့ကြရပါတယ်။

ဒဏ်ရာရသူကို ပြန်ကယ်ရင်း သေဆုံးခဲ့တဲ့ လူငယ်တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဒဏ်ရာရသူကို ပြန်ကယ်ရင်း သေဆုံးခဲ့တဲ့ လူငယ်တစ်ဦး

မိခင်တွေဟာ သားသမီးရဲ့ ရုပ်အလောင်းကိုတောင် ပွေ့ဖက်ခွင့်မရခဲ့ကြပါဘူး။ ရုပ်ပျက်ဆင်းပျက်နဲ့ သွေးပျက်ခြောက်ခြားစရာ ကောင်းလှတဲ့ မြင်ကွင်းမို့ တရားဝင်မီဒီယာအများအပြားမှာ လူမှုရေး၊ ကျန်းမာရေး အမြင်နဲ့ ဆင်ဆာဖြတ်ခြင်းခံရတဲ့ပုံမျိုးကိုသာ အမိအဖတို့ဟာ စိတ်မချမ်းမြေ့စွာ ကြည့်ရှုလိုက်ကြရပါတယ်။

ဘီဘီစီကရရှိတဲ့ ဗီဒီယိုအင်တာဗျူးထဲမှာ သေဆုံးသူသားငယ်ရဲ့မိခင်ဟာ အညာထွက်ချည်ကြမ်းအင်္ကျီကို ဝတ်ဆင်ပြီး ပုဆိုးအကွက်ကြီးကို ခေါင်းပေါင်းထားပါတယ်။ ပါးစပ်မှာ ကိုဗစ်အကာအကွယ် နှာခေါင်းစွပ်အပြာကို တပ်ဆင်ထားပါတယ်။

"ဆပ်ပြာကျင်းတိုက်ပွဲကိုသွားမယ်ဆိုတော့ ကျွန်မက သားသမီးဖြစ်တဲ့အတွက် စိုးရိမ်လို့ မသွားပါနဲ့သားရယ်လို့ ကျွန်မတားပါတယ်။ သားသမီးဖြစ်ပေမဲ့ သူတို့ရဲ့ ပြင်းပြတဲ့စိတ်ကို ကျွန်မမတားဆီးနိုင်ခဲ့ဘူး။ အခုဆိုရင် ကျွန်မသားလေးဟာ အသက် ၂၀ ပဲရှိပါတယ်။ အိမ်မှာလည်း အကြီးဆုံးပါ။ ကျွန်မတို့ မိသားစု သူ့ကိုအားကိုးပြီး တောလိုက်တောင်လိုက်လိုက်၊ တောအလုပ်တောင်အလုပ် လုပ်ပြီး ကျွန်မတို့ကို လုပ်ကျွေးနေတဲ့ သားလေးပါရှင်။ အခုကျတော့ တိုက်ပွဲမှာ အသေဆိုးနဲ့သေခဲ့ရ။"

မိခင်ဖြစ်သူဟာ စကားပြောနေရင်းမှာ စိတ်မထိန်းနိုင်တော့ပဲ ရှိုက်ကြီးတငင်ငိုကျွေးလိုက်ပါတယ်။

"အကြီးရဲ့သားသေနေတဲ့ပုံဆိုပြီးတော့ အလောင်းကောက်လာတဲ့လူပြတဲ့ ဓာတ်ပုံထဲမှာ ခေါင်းလေးကလည်း ကြေနေတာပဲရှင်၊ (ငိုလျက်) ဘာမှ ရုပ်မပီတော့ပါဘူး။ သူတို့က လက်နက်ကြီးနဲ့ ပစ်တယ်လို့လည်း ပြောပါတယ်။ အခုသင်္ဂြိုဟ်တော့ကျလည်း ကိုယ်တိုင်မသင်္ဂြိုဟ်ရပါဘူး။ အလောင်းကောက်တဲ့လူတွေက ပြန်သယ်ဖို့ရာ အခက်အခဲရှိတယ်ဆိုပြီးတော့ အဲဒီနားမှာတွင် သင်္ဂြိုဟ်ခဲ့တယ်လို့ ပြောပါတယ်။ နောက်ဆုံးအနေနဲ့လည်း ကြည့်ရှုခွင့်မရပါဘူးရှင်။"

လက်နက်ကြီးဆိုတာ ဘယ်လိုဟာမျိုးမှန်း သူသိချင်မှသိပါမယ်။ ဒါပေမဲ့ သူ့တသက်လုံးမှာ "လက်နက်ကြီး"ဆိုတာကို မုန်းတီးနေတော့မှာကတော့ သေချာသလောက်ပါပဲ။

ကျောင်းဆရာမတဦးကတော့ ကျဆုံးတဲ့အထဲမှာပါသွားတဲ့ သူ့တပည့်တွေရဲ့ အလေ့အထအမူအရာတွေကို ဖော်ပြပြီး "ဘယ်လိုလုပ်ပြီး နုနယ်တဲ့လူငယ်လေးတွေဆီမှာ ဒီလိုသတ္တိတွေ ရောက်လာကြတာလဲ"လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

ဆရာမတယောက်ရဲ့ မျက်စိထဲမှာ သူ့တပည့်ဆယ်ကျော်သက်ကျောင်းသားတွေဟာ အပြစ်ကင်းစင် ရိုးသားသူတွေ ဖြစ်နေပါလိမ့်မယ်။

ဆရာမတဦးကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ "သူတို့ဟာ ဘယ်လိုကနေ ဘယ်လို အသက်စွန့်တိုက်ပွဲဝင်တဲ့ တော်လှန်ရေးသမားကြီးတွေ ဖြစ်ကုန်ကြပြီး ဘာ့ကြောင့် ဒီလောက်ကံဆိုးခဲ့ကြရတယ်ဆိုတာ နားမလည်နိုင်ဘူး"လို့ ဆရာမတဦးက ဆိုပါတယ်။

ဆပ်ပြာကျင်းကျေးရွာအနီး လူငယ်တွေ သေဆုံးခဲ့ရာ ယာခင်းထဲက စုပေါင်းတရားနာပွဲ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဆပ်ပြာကျင်းကျေးရွာအနီး လူငယ်တွေ သေဆုံးခဲ့ရာ ယာခင်းထဲက စုပေါင်းတရားနာပွဲ

ပရိယာယ်သုံးချေမှုန်း

စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်တဲ့အတွက် ဒဏ်ရာရသွားသူတချို့ကို တိုက်ပွဲဖြစ်ပွားရာနေရာမှာပဲ ဆေးကုသပေးခဲ့ကြပါတယ်။

"လက်နက်ကြီး ထိမှန်ပြီး ဒဏ်ရာရနေတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကို နောက်ကနေပြီး ဆေးကုပေးတဲ့ ဗော်လံတီယာခေါ်မှာပေါ့။ သူတို့အဖွဲ့ကနေ ဆေးကုပေးထားခဲ့ပြီးတော့ လုံခြုံလောက်တယ်ဆိုတဲ့နေရာကို စစ်တပ်နဲ့ မလှမ်းမကမ်းမှာပေါ့ ခပ်ဝေးဝေးနေရာမှာ သူတို့ထားခဲ့တယ်။ ၆ ယောက် ၇ ယောက်တော့ရှိတယ်" လို့ ပီဒီအက်ဖ် အဖွဲ့ဝင်တဦးက ပြောပြပါတယ်။

"ညနေပိုင်းမှာ သူတို့အင်အားများလာပြီးတော့ စစ်အင်အားတိုးချဲ့ပြီးတော့ တိုက်ခိုက်လာတဲ့အပိုင်းမှာ ပီဒီအက်ဖ် အဖွဲ့က ဘယ်လိုမှခုခံလို့ မရတော့ မဖြစ်နိုင်တဲ့အခါကျတော့ ဟို ထွက်ပြေးကြရတာပေါ့။"

ပီဒီအက်ဖ် အဖွဲ့ဝင်တွေ ဆုတ်ခွာပြေးတဲ့အခါ ဒဏ်ရာရနေတဲ့ ပီဒီအက်ဖ်ရဲဘော်တွေကို တပါတည်း ခေါ်မသွားနိုင်တဲ့ အတွက် လုံခြုံလောက်မယ်ထင်တဲ့နေရာတချို့မှာ ဝှက်ထားခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့ဟာ သူတို့ရဲဘော်တွေကို အသက်ရှင်လျက် ပြန်တွေ့ခွင့် မရကြတော့ပါဘူး။

"ဒဏ်ရာရထားတဲ့သူတွေကို လွတ်အောင်မပြေးနိုင်တဲ့အခါ သူတို့ တော်တော်ရက်ရက်စက်စက်ကို သတ်သွားတာ တွေ့ရတယ်။ ခေါင်းတွေချည်းပဲ ပစ်အသတ်ခံရတယ်။ ကျွန်တော်တို့တွေ့ထားတဲ့သူတွေမှာ ဒဏ်ရာရထားတဲ့အပြင် ဦးခေါင်းတွေချည်းပဲ ပစ်သတ်သွားခဲ့တာ။ ဦးခေါင်းတေ့အပစ်ခံရတဲ့ အလောင်း ၉ လောင်းကျွန်တော်တို့ တွေ့ခဲ့ရတယ်။ ဒါကကျွန်တော်တို့ ဘယ်လိုမှကို လက်ခံပေးလို့ နားလည်ပေးလို့မရတဲ့ အနေအထားဖြစ်တယ်။"

မြေပဲခင်းထဲ၊ ယာတောထဲမှာ ဒဏ်ရာရလဲကျနေတဲ့သူတော်တော်များများကို စစ်တပ်က မဖမ်းဘဲ မသတ်ဘဲ ဒီအတိုင်းပစ်ထားပါတယ်။ ပီဒီအက်ဖ်တွေက ဒဏ်ရာရသူတွေကို ပြန်ကယ်ဖို့ ကြိုးစားတဲ့အခါ စစ်တပ်က ဆီးကြိုပစ်ခတ်တယ်လို့ ဆိုပါတယ်။

ဒဏ်ရာမရဘဲ ဖမ်းမိထားသူတွေကိုတော့ စစ်တပ်ကညှဉ်းပန်းနှိပ်စက်ပြီး သူတို့ဖုန်းတွေနဲ့ ရဲဘော်တွေကို ဖုန်းဆက်ခိုင်းတယ်လို့ဆိုပါတယ်။ ဖုန်းဆက်မျှားခေါ်ပြီးမှဖမ်းဆီးတာ ပစ်ခတ်တာတွေရှိတယ်လို့လည်း ဆိုပါတယ်။

လက်နက်ကြီးကျည်

ဓာတ်ပုံ ရင်းမြစ်, CJ

နောက်နေ့ ဇူလိုင်လ ၃ ရက်နေ့မှာလည်း ဒဏ်ရာရသူတွေကို လာကောက်တဲ့ လူမှုရေးကားတွေကို စစ်တပ်က သေနတ်နဲ့လိုက်ပစ်လို့ ဒုန်းမောင်းပြေးရတာတွေရှိတယ်လို့လည်း ဆိုပါတယ်။

အခုချိန်ထိ အတည်ပြုနိုင်တဲ့ သေဆုံးသူအရေအတွက်ဟာ ၄၁ ယောက် ဖြစ်ပါတယ်။

"အကြမ်းဖျင်းအားဖြင့်တော့ ပီဒီအက်ဖ် ၁၉ ယောက်နဲ့ ကျန်တာတွေက ရွာသားတွေလို့ သတ်မှတ်ထားပါတယ်။ ၃ ရက်၊ ၄ ရက်၊ ၅ ရက်နေ့တွေမှာ တိုက်ပွဲဖြစ်တာ မရှိတော့ပါဘူး။ စစ်တပ်က နီးစပ်ရာရွာတွေကို လိုက်ပစ်တာပဲ ရှိပါတော့တယ်။ ရေဦးကနေ ဆိုင်ကယ်နဲ့ ရွာတွေဘက် စျေးလိုက်ရောင်းတဲ့ စျေးသည်အမျိုးသား တယောက်တောင် အပစ်ခံရပြီး သေတာရှိပါတယ်။ ပီဒီအက်ဖ်က ဘယ်နှယောက်၊ ရွာသားက ဘယ်နှယောက်ဆိုတာကလည်း ပြောရတာ ခက်ပါတယ်။ ပီဒီအက်ဖ်တွေကလည်း ရွာသားတွေပါ။ ရွာသားတွေကလည်း ပီဒီအက်ဖ်ထဲ ဝင်မထားပေမဲ့ စစ်တပ်က လိုက်ပစ်တော့ မခံချင်လို့ တူးမီးကိုင်ပြီး ဝင်တိုက်တာလည်း ရှိပါတယ်။ တကယ်တော့ ကျွန်တော်တို့ဘက်မှာ ဖြစ်သွားတဲ့တိုက်ပွဲက ပီဒီအက်ဖ်နဲ့ ဆိုတာထက် စစ်သားတွေနဲ့ ရွာသားတွေ ဖြစ်သွားတဲ့တိုက်ပွဲပါပဲဗျာ" လို့ကိုစံပက ပြောပါတယ်။

ပျောက်ဆုံးနေသူ ၅၀ ကျော်ရှိသေးတယ်လို့လည်း ကိုစံပက ဆိုပါတယ်။

ပျောက်ဆုံးနေသူတွေဟာ ထွက်ပြေးတိမ်းရှောင်နေသူတွေ ဖြစ်နိုင်မလားလို့ မေးရာမှာတော့ ဖြစ်ဖို့ခဲယဥ်းတယ်လို့ဆိုပါတယ်။

သေဆုံးသူသို့မဟုတ် အဖမ်းခံရသူသာ ဖြစ်ဖို့များတယ်လို့ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်နေသူတွေဆိုရင် သူတို့ရဲ့မိဘဆွေမျိုးနဲ့ မိတ်ဆွေတွေဆီကို ဖုန်းဆက်လိမ့်မယ်လို့ ကိုစံပက ယူဆပါတယ်။

ဘာ့ကြောင့်အထိနာခဲ့ရသလဲ

သာမန်အရပ်သားတွေကနေ စစ်ကောင်စီစစ်သားတွေကို လက်နက်ကိုင်ခုခံတော်လှန်တိုက်ခိုက်မှုဟာ ကလေး၊ ဂန့်ဂေါလမ်းပေါ်မှာ မတ်လ ၂၉ ရက်နေ့ကစတင်ခဲ့ပါတယ်။

အဲဒီနောက် ကလေး၊ ဂန့်ဂေါနယ်က ကျေးရွာတွေ၊ တမူးမြို့၊ မင်းတပ်မြို့၊ ဟားခါးမြို့၊ မြင်းခြံမြို့၊ ကနီ၊ ယင်းမာပင်၊ ပင်လည်ဘူး၊ တန့်ဆည်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ လွိုင်ကော် စသည်ဖြင့် မြို့အများပြားကို ပျံ့နှံ့သွားခဲ့ရာမှာ ဖြစ်သမျှတိုက်ပွဲအားလုံးနည်းပါးမှာ စစ်ကောင်စီ စစ်သားတွေက ပိုမို ကျဆုံးခဲ့ပါတယ်။ ဒါပေမဲ့ အခုဒီပဲယင်းတိုက်ပွဲမှာ အရပ်သားတွေဘက်က သိသိသာသာ အကျအဆုံး များပြားခဲ့ပါတယ်။

ဘာ့ကြောင့် ဒီလိုဖြစ်ခဲ့ပါသလဲ။

"ကျွန်တော် စောစောက ပြောခဲ့သလိုပါပဲ။ သူတို့ရဲ့ အသေခံစွန့်စားတိုက်ခိုက်တဲ့ စိတ်ဓာတ်ကိုတော့ မချီးကျူးဘဲ မနေနိုင်ပါဘူး။ ဒါပေမဲ့ ဘာ့ကြောင့် အထိနာသလဲဆိုတော့ စနစ်ကျတဲ့ တပ်ဖွဲ့စည်းပုံ မရှိလို့ပါ။ စစ်ဦးစီးမှု၊ အမိန့်ပေးမှု စနစ်မကျသေးဘူး။ အတွေ့အကြုံလည်း မရှိဘူး။ အဓိကကတော့ ပြောက်ကျားစစ်သဘောတရားတွေ မပေါင်းစပ်နိုင်ခဲ့ဘူးဗျ။ ပြောက်ကျားရဲ့သဘောက ပိုင်တဲ့အခြေအနေ စောင့်တိုက်ရမှာ။ ကိုယ့်ဖက်က အခွင့်မသာရင် မတိုက်ဘူး"လို့ ပြောက်ကျားစစ်အတွေ့အကြုံရှိသူ ရဲဘော်ငြိမ်းမောင်ဦးက ပြောပါတယ်။

"တကယ်လို့ ကျွန်တော်သာ အဲဒီတိုက်ပွဲကို ဦးစီးရမယ်ဆိုရင် လက်နက်ကြီးတွေကိုင်ပြီး နေရာကောင်းက အသင့်စောင့်နေတဲ့ စစ်သား ၁၅၀ ကိုမတိုက်ဘူး" လို့ ဦးငြိမ်းမောင်ဦးက ဆိုပါတယ်။

ပီဒီအက်ဖ် အဖွဲ့ဝင်တဦးကတော့ သူတို့ရဲတိုက်ပွဲကို အခုလို ပြန်လည်သုံးသပ်ပါတယ်။

"အခုလို အကျအဆုံးများတာက လက်နက်ပိုင်းဆိုင်ရာ အားနည်းချက်တွေပေါ့နော။ အားနည်ချက်တွေက ဘယ်လိုလဲဆိုတော့ တူးမီးဖြစ်နေတာရယ်။ နောက်ပြီးတော့ကျ ယမ်းသိပ်ရတဲ့အချိန်က အနည်းဆုံး ၃ မိနစ်တော့ ကြာတာပေါ့။ အဲဒါကိုမှ ကျွမ်းကျွမ်းကျင်ကျင်လည်း မရှိသေးဘူး။ လက်နက်အင်အားပံ့ပိုးမှုကလည်း လိုသေးတယ်။ ကျွန်တော်တို့မှာ အခုချိန်အထိ ဘယ်အဖွဲ့အစည်းကမှ လက်နက်၊ ငွေကြေးပံ့ပိုးတာလည်း မရှိသေးဘူး။ ကျွန်တော်တို့ ပီဒီအက်ဖ် ၁၉ ယောက်ကျဆုံးရတဲ့ အပေါ်လည်း ဝမ်းနည်းကျေကွဲရတာကလွဲပြီး စိတ်ဓာတ်တော့ မကျပါဘူး။ ဆက်လက်ပြီး အောင်မြင်တဲ့အထိ တိုက်ပွဲဝင်သွားမှာပါ။"