အောင်ကျော်ချမ်းအေး မန္တလေး ရတနာပုံ ရွှေခြေချင်းမြို့တော်

ယဉ်ကျေးမှုမြို့တော်၊ ဗုဒ္ဓဘာသာမြို့တော်၊ သဘင်မြို့တော်၊ ရွှေခြေချင်းမြို့တော် မန္တလေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယဉ်ကျေးမှုမြို့တော်၊ ဗုဒ္ဓဘာသာမြို့တော်၊ သဘင်မြို့တော်၊ ရွှေခြေချင်းမြို့တော် မန္တလေး
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

မြန်မာပြည်ရဲ့ ဒုတိယမြို့တော်ဟောင်း မန္တလေးကို မန္တလေးသို့ သွားရာလမ်း ဆိုတဲ့ အင်္ဂလိပ်ကဗျာနဲ့ တွဲပြီး နိုင်ငံတကာမှာ လူသိများပါတယ်။ ဒီမြို့ဟာ မြန်မာပြည်အထက်ပိုင်းရဲ့ မြို့တော် ၂၆ နှစ် ဖြစ်ခဲ့ပြီးနောက် တိုင်းမြို့တော်အဆင့်က မတက်ခဲ့ပေမဲ့ ယဉ်ကျေးမှုမြို့တော်၊ ဗုဒ္ဓဘာသာမြို့တော်၊ သဘင်မြို့တော်၊ ရွှေခြေချင်းမြို့တော် စတဲ့ ဂုဏ်ပုဒ်တွေအပြင် အထက်နဲ့ အောက်မြန်မာပြည်၊ တရုတ်နဲ့ အိန္ဒိယကြားက ကုန်သွယ်ရေး လမ်းဆုံမြို့ကြီးအဖြစ်လည်း တည်ရှိဆဲဖြစ်ပါတယ်။ ဒီမြို့သက် နှစ် ၁၇၀ နီးပါး ကာလအတွင်း အုပ်စိုးသူအဆက်ဆက် ပြောင်းလဲခဲ့သလို လူမှုပုံစံမျိုးစုံလည်း ပေါ်ထွန်းခဲ့ပါတယ်။

ကစ်ပလင်ရဲ့ မန္တလေးသို့သွားရာလမ်းက ကမ္ဘာကျော်ကဗျာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကစ်ပလင်ရဲ့ မန္တလေးသို့သွားရာလမ်း ကမ္ဘာကျော်ကဗျာ

ခေတ်တွေဘယ်လိုပြောင်းပြောင်း၊ မန္တလေးပုံစံဆိုပြီး ပြောစမှတ်ရှိတဲ့ ဝိသေသလက္ခဏာတွေလည်း မန္တလေးမှာ အထင်အရှားကျန်ရစ်ပြီး ဒီထဲမှာ ဝတ်စားဆင်ယင်မှု၊ စာပေဘာသာစကား၊ ယဉ်ကျေးမှုဓလေ့တွေနဲ့ ကိုးကွယ်ယုံကြည်မှုတွေ ပါပါတယ်။ သာသနာ ၂၄၀၀ ပြည့်အထိမ်းအမှတ်အဖြစ် မင်းတုန်းမင်း တည်ထောင်ခဲ့တဲ့ မြို့တော်ဘ၀ကနေ အေးဆေးတဲ့ စျေးချိုရောင်းဝယ်ရေးနဲ့ မြန်မာမှုတွေ ထွန်းကားရာ မြို့ကြီး၊ စစ်ဘေး မီးဘေး အကြိမ်ကြိမ်ကြုံခဲ့တိုင်း မျက်နှာသစ်တွေနဲ့ ပြန်နိုးထကြီးပွားလာတဲ့မြို့ကြီး၊ ပြည်တွင်းစစ်ဘေးရှောင်တွေ ခိုလှုံရာ၊ ကျောက်စိမ်းစျေးကွက်ထွန်းကားတဲ့ မြို့ကြီး၊ ငလျင်ဒဏ်ခံ မြို့ပျက်ကြီးဘဝတွေကို ဖြတ်သန်းပြီး မန္တလေးဟာ ခေတ်အစုံကို ကြုံခဲ့ရပါတယ်။

ပဒေသရာဇ် မန္တလေး

တောင်ခြေ သုဓမ္မာဇရပ်ကြီးနဲ့ ကျုံးမြို့ရိုးအလှ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တောင်ခြေ သုဓမ္မာဇရပ်ကြီးနဲ့ ကျုံးမြို့ရိုးအလှ

မန္တလေးတောင်ရဲ့ စက်ရိပ်ကို နင်းပြီး အမရပူရကို မန္တလေးအဖြစ် ဘိုးတော် ဗဒုံမင်းက တည်ထောင်ခဲ့ပြီးနောက် မင်းတုန်းမင်းလက်ထက်မှာလည်း သာသနာ ၂၄၀၀ ပြည့် အထိမ်းအမှတ်အဖြစ် အမရပူရနဲ့ ကပ်ရပ်မှာ မြို့သစ်နန်းသစ် တည်ချင်လာပါတယ်။ ၁၈၅၂-၁၈၅၃ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်မှာ နိုင်ငံအောက်ပိုင်း ပေးလိုက်ရပြီးနောက် ပင်လယ်ထွက်ပေါက်ပိတ်နေချိန်မှာ စိတ်ဓာတ်မြှင့်တင်ရေးအတွက် မြို့သစ် တည်ထောင်တာလို့ မှန်းဆရသလို တောင်သမန်အင်းနဲ့ ဧရာဝတီမြစ်က ဝိုင်းထားတဲ့ အမရပူရကို အင်္ဂလိပ်စစ်သင်္ဘောတွေ ၀င်လာမှာ စိုးလို့ မြစ်နဲ့ မိုင်အနည်းငယ်ခွာပြီး မန္တလေးတောင်ခြေမှာ ရတနာပုံမြို့သစ်တည်တာ ဖြစ်ပါတယ်။

၁၈၅၉ မှာ တည်ထောင်တဲ့ ဒီမြို့သစ်မှာ အစဉ်အလာ မြန်မာနန်းမြို့တွေပုံစံအတိုင်း ဘုရင်၊ မိဘုရားများနဲ့ သားတော်သမီးတော်တွေ စံမြန်းရာ နန်းတော်အုတ်ခုံနဲ့ ဥယျာဉ်တော်တွေကို ဝိုင်းထားတဲ့ သစ်တပ်၊ အပြင်က မင်းဆွေမင်းမျိုးတွေနဲ့ မှူးမတ်တွေနေရာ နန်းမြို့ကြီးကို ကျုံး၊ မြို့ရိုးနဲ့ ကာရံထားပါတယ်။ နန်းမြို့ရိုးမှာ တံခါး ၁၂ ပေါက်ပါပြီး တဘက် တာခြောက်ရာနဲ့ လေးဘက်ပတ်လည်မှာ တာ ၂၄၀၀ ရှိပါတယ်။ ဆင်းရဲသား ကျွန်တော်မျိုးတွေ နေကြတဲ့ ပြင်မြို့ကြီးကိုတော့ အနောက်ဘက်က ဧရာဝတီမြစ်နဲ့ တာရိုးကြီးက ဝိုင်းပတ်ထားပြီး ကျန်တဲ့ သုံးမျက်နှာမှာတော့ မြေမြို့ရိုးကြီးနဲ့ ကာရံထားပါတယ်။ လေးဘက်လေးတန် မြေမြို့ရိုးကြီးမှာ တံခါး ၅၇ ပေါက်ရှိပြီး ခုချိန်ထိ မြို့ရိုးအရာတွေကို တွေ့နေရဆဲ ဖြစ်ပါတယ်။

မန္တလေးကျုံးဘေးက အထမ်းသည်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မန္တလေးကျုံးဘေးက အထမ်းသည်

အမရပူရ၊ အင်းဝ မြို့ဟောင်းတွေထက် မြို့ဧရိယာပိုကျယ်တဲ့ ရတနာပုံ မန္တလေးမြို့တော်သစ်ကို ပြကွက်ကြီးတွေကြား လမ်းဖြောင့် လမ်းရှည်တွေနဲ့ ပိုင်းခြားပြီး အကွက်ကျကျ တည်ဆောက်လို့ တခြားမြို့ဟောင်းတွေနဲ့မတူ ကွဲပြားနေပါတယ်။ ဒီလမ်းတွေကို မူလက အလျဉ်းသင့်သလို ရသာတန်း၊ ယွန်းတန်းစတဲ့ နာမည်တွေနဲ့ ခေါ်ခဲ့ကြပြီး ဗြိတိသျှလက်အောက်ရောက်မှ လမ်းနံပါတ်တွေမှည့်တဲ့ စနစ်ရောက်လာတာ ဖြစ်ပါတယ်။ လေးပြင်လေးရပ် ၅၄ ရပ်ကွက်ကို ပြည်ကြီးပျော်ဘွယ်၊ ကျွန်းလုံးဥသျှောင်၊ မောရဂီဝါ စတဲ့ ထီးဆန်ဆန် နန်းဆန်ဆန် နာမည်တွေ ပေးထားပြီး အကွက်ချတည်ထားတဲ့ မြို့ထဲက ပြကွက်ကြီးတွေမှာ ပဒေသရာဇ်နဲ့ လူကုံထံတွေရဲ့ ပြပေါက်၊ ပြ၀က်နဲ့ လေးစိတ်၀င်းတွေကို လမ်းမတန်း အိမ်တွေက ဝန်းရံပြီး ရွှေမြို့တော်သူ ရွှေမြို့တော်သားတွေ နေထိုင်ကြပါတယ်။ နန်းတော်မြို့ရိုးက ပြအိုးတအိုးနဲ့ တအိုးကြား တာငါးဆယ်အကွာအဝေးကို တပြလို့ သတ်မှတ်ပြီး မြို့ကို ပြကွက်တွေချပြီး တည်တာဖြစ်ပါတယ်။

မန္တလေးခေတ်က ကုသိုလ်တော်နဲ့ အတုမရှိကျောင်း မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မန္တလေးခေတ်က ကုသိုလ်တော်နဲ့ အတုမရှိကျောင်း မြင်ကွင်း

ရွှေမြို့တော် အရှေ့မျက်နှာနဲ့ မြောက်မျက်နှာတွေမှာ ဘုန်းကြီးကျောင်းတိုက်ကြီးတွေနဲ့ ဥယျာဉ်တော်တွေ စီတန်းနေပြီး ဘုရင့်သာသနာရေး အားပေးမှုကို ဖော်ပြနေပါတယ်။ အရင် အမရပူရမြို့ဟောင်းရဲ့ မြောက်ပြင်က မန္တလေးတောင်ပြင် ဖြစ်သွားတဲ့အတွက် မဟာမုနိဘုရားကြီးတဝိုက်က အမရပူရခေတ် ကျောင်းတိုက်ကြီးတွေကလည်း ဆက်ပြီး ပါလာပါတယ်။ ဧရာဝတီမြစ်ကမ်းနားက အနောက်ပြင်မှာတော့ သင်္ဂဇာချောင်းနဲ့ ရွှေတချောင်းတလျှောက် ဘုန်းကြီးကျောင်းသစ်ကြီးတွေ ပေါ်လာပြီး မူလရှိရင်း ပုဂံမင်းကုသိုလ် အိမ်တော်ရာဘုရားတဝိုက်က ကျောင်းကန်တွေနဲ့ ဆက်သွားပါတယ်။

ပြင်မြို့ကြီးတွင်းက လူနေရပ်ကွက်တွေထဲမှာလည်း ဘုန်းကြီးကျောင်း၊ ဘုရားစေတီတွေ တည်ထားဆောက်လှူကြတာမို့ မန္တလေးကို ဗုဒ္ဓသာသနာ စည်ပင်ထွန်းကားတဲ့ မြို့ကြီးအဖြစ် အထက်၊ အောက် နှစ်နိုင်ငံလုံးက အမွန်အမြတ် ထားကြသလို ကုသိုလ်တော်၊ ကျောက်တော်ကြီး၊ သကျသီဟ စတဲ့ ဘုရားတွေနဲ့ တိုက်တော်၊ ရွှေကျောင်း၊ မြတောင်ကျောင်း၊ အတုမရှိကျောင်း၊ နန်းဦးမှန်စီရွှေကျောင်း စတဲ့ ဘုန်းကြီးကျောင်းတွေဟာ မန္တလေးခေတ်အနုပညာလက်စွမ်းပြ သာသနိကအဆောက်အအုံတွေ ဖြစ်ကြပါတယ်။

မင်းတုန်းမင်း ကုသိုလ်တော် မန္တလေး ကျောက်တော်ကြီးဘုရား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မင်းတုန်းမင်း ကုသိုလ်တော် မန္တလေး ကျောက်တော်ကြီးဘုရား

ရတနာပုံခေတ် မန္တလေးနဲ့ အမရပူရမှာ ကျောင်းတိုက် ၂၀၀ နီးပါးနဲ့ သံဃာအပါး တသောင်းနှစ်ထောင်နီးပါး ရှိပြီး မင်းတုန်းမင်းရဲ့ နန်းသက် ၂၆ နှစ်အတွင်း သာသနာရေးအတွက် အလှူဒါန ၂၂ ကုဋေကျော် သုံးစွဲခဲ့ကြောင်း ဒေါက်တာသန်းထွန်းရဲ့ မန္တလေးသမိုင်းလေ့လာမှု စာတမ်းမှာ ပါရှိပါတယ်။ တခါ မင်းတုန်းမင်းခေတ်မှာ ပဉ္စမသင်္ဂါယနာ တင်နိုင်ခဲ့ပြီး ကုသိုလ်တော်ဘုရားဝင်းမှာ ပိဋကတ်ကျောက်စာတွေ ရေးထိုးနိုင်ခဲ့တဲ့အတွက် အထက် အောက် မြန်မာနှစ်နိုင်ငံက ဗုဒ္ဓဘာသာ၀င်တွေရဲ့ လေးစားမှုကို မင်းတုန်းမင်း ခံယူရရှိပြီး ၁၈၇၁ မှာ ဗြိတိသျှအောက်ပြည်ရဲ့ မြို့တော် ရန်ကုန်က ရွှေတိဂုံစေတီ ထီးတော်ကို ဘုရင်က တင်ပေးတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

ပါတော်မူစ မန္တလေး ၀န်စုမှူးစုထဲက မိသားတစု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပါတော်မူစ မန္တလေး ၀န်စုမှူးစုထဲက မိသားတစု
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒုတိယ အင်္ဂလိပ်-မြန်မာစစ်အပြီးမှာ ဗြိတိသျှ အသစ်တည်ထောင်တဲ့ ရန်ကုန်မြို့မှာလို တိုက်သစ်လမ်းသစ်ကြီးတွေနဲ့ ဆိပ်ကမ်းစက်ရုံတွေ မပေါများပေမဲ့ မန္တလေးမြို့မှာလည်း အမရပူရ၊ အင်း၀မြို့တွေနဲ့မတူ တိုးတက်မှု တချို့ရှိပါတယ်။ ရတနာပုံ နေပြည်တော်သတင်းစာကို ၁၈၇၃ မှာ တည်ထောင်ထုတ်ဝေသလို မန္တလေးနန်းမြို့ထဲမှာလည်း ပုံနှိပ်စက်ထားပြီး အောက်ပိုင်းမြို့ကြီးတွေမှာလိုပဲ ဗုဒ္ဓစာပေကျမ်းဂန်တွေကို ရိုက်နှိပ်ထုတ်ဝေစ ပြုလာပါတယ်။ အင်္ဂလီကန် သာသနာပြု ဆရာမတ်ကြီးရဲ့ ဒိုင်အိုစီဇင် သံတဲကျောင်းတော်ကို ၁၈၆၉ မှာ တည်ထောင်ပြီး သီပေါမင်းသားအပါအ၀င် မင်းသားအချို့ အင်္ဂလိပ်စာသင်လာကြပါတယ်။

နောက်ဆုံး မြန်မာ အိမ်ရှေ့စံ ကနောင်မင်းနဲ့ ပြုပြင်ရေး လိုလားသူ မှူးမတ်တချို့ ဦးဆောင်တဲ့ ပြည်ပ ပညာတော်သင် စေလွှတ်မှုတွေကနေ မန္တလေးနဲ့ အနီးတဝိုက်မှာ လွှစက်၊ ဆန်ကြိတ်စက်၊ လက်နက်စက်ရုံ၊ ဒင်္ဂါးစက်ရုံ၊ မဲနယ်ကန် စတဲ့ စက်ရုံအလုပ်ရုံတွေ ပေါ်လာပြီး စိန်ပန်းရပ်မြစ်ဆိပ်မှာ ၁၈၆၄ ကတည်တဲ့ ရတနာပုံသင်္ဘောကျင်းကနေ မီးသင်္ဘောတွေ ပြုပြင်ထုတ်လုပ်နိုင်တဲ့အထိ တိုးတက်ခဲ့ပါတယ်။ မန္တလေးအနီးတဝိုက်နဲ့ ဧရာ၀တီ အောက်မြစ်စဉ်ကြောင်းမှာ ဥရောပအင်ဂျင်နီယာတွေ အကူအညီနဲ့ မင်းလှ၊ ဂွေးချောင်း၊ သပြေတန်း စတဲ့ ခေတ်မီခံတပ်တွေလည်း ဆောက်ပါတယ်။

မန္တလေးခေတ် မှန်စီရွှေချ ယွန်းအုပ် လက်ရာမွန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မန္တလေးခေတ် မှန်စီရွှေချ ယွန်းအုပ် လက်ရာမွန်

မြန်မာပြည်အလယ် အချက်အချာ ရတနာပုံနေပြည်တော်ကနေ အထက်အောက်မြန်မာပြည် မြို့ရွာတွေ၊ ရှမ်းပြည်ဒေသတွေကို မြစ်ကြောင်း ကုန်းကြောင်းကနေ ရောင်းဝယ်ဖောက်ကားမှုကြောင့်လည်း စျေးချိုတော်၊ မလွန်စျေး၊ ညောင်ပင်စျေး၊ စိန်ပန်း ဂွမ်းရုံစျေး၊ ယိုးဒယားစျေး၊ ညွန့်ပေါင်းစျေး စတဲ့ စျေးကြီးစျေးငယ်တွေမှာ မြန်မာနဲ့ တခြား မျိုးနွယ်စုတွေရဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေ ထွန်းကားပါတယ်။

ဒါ့အပြင် မြန်မာတွေ လုပ်တတ်တဲ့ လက်မှုအနုပညာလုပ်ငန်းမှန်သမျှ ဒီမြို့ကြီးမှာ တွေ့ရကြောင်း ဒေါက်တာသန်းထွန်းက နယ်လှည့်ရာဇဝင်မှာ မှတ်ချက်ချပါတယ်။ အစဉ်အလာ ပန်း ၁၀ မျိုး အနုပညာတွေအပြင် ကျောက်စိမ်းဖြတ်၊ ဆင်စွယ်ပွတ်၊ ဂုန္တန်ထိုး၊ ဖန်ချက်၊ ရွှေချည်ထိုး၊ ရွှေမျက်ပါးစတဲ့ လက်မှုလုပ်ငန်း အမျိုးလေးဆယ်နီးပါး မန္တလေးမှာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

ဒီလို အဘက်ဘက်က စည်ပင်ထွန်းကားခဲ့တဲ့ ရတနာပုံခေတ်မှာ ကနောင်မင်းသားလုပ်ကြံခံရမှု၊ ပန်းတိမ်းမင်းသားပုန်ကန်မှု၊ မင်းတုန်းမင်းနတ်ရွာစံချိန်မှာ မင်းသားမင်းသမီးနဲ့ မိဘုရားတွေ သတ်ဖြတ်ခံရမှု စတဲ့ နန်းတွင်းသတ်ဖြတ်ပွဲ၊ ပုန်ကန်မှုတွေနဲ့ ကြုံခဲ့ရပြီး မှူးကြီးမတ်ကြီးတွေကြားမှာ မညီမညွတ်နဲ့ အုပ်စုဖွဲ့ အားပြိုင်မှုတွေကြောင့် ၁၈၈၅ ခုနှစ်မှာ သီပေါမင်းနဲ့ မိဘုရားတို့ ပါတော်မူပြီး မြို့တော်အဖြစ်က လျှောကျခဲ့ပါတယ်။ ဒါကို ဆီးပန်းနီဆရာတော်က ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်း သုည၊ သုဉ်းသုံး၀ ဆိုပြီး စာချိုးခဲ့ပါတယ်။

မန္တလေးရောက် အဲလဘတ်ဗစ်တာမင်းသားကို ဖျော်ဖြေကြတဲ့ ရွှေမန်းသူများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မန္တလေးရောက် အဲလဘတ်ဗစ်တာမင်းသားကို ဖျော်ဖြေကြတဲ့ ရွှေမန်းသူများ

မန္တလေး ပဒေသရာဇ်ခေတ်ဟာ သက်တမ်း ၂၆ နှစ်သာ ရှိပေမဲ့ လာမယ့်ခေတ်အဆက်ဆက် မန္တလေးပုံရိပ်ကို ဖော်ဆောင်တဲ့ခေတ်ဖြစ်သလို ဒီခေတ်ယဉ်ကျေးမှု စာပေအနုပညာတွေကို အခြေတည်ပြီး ခေတ်သစ်မြန်မာပုံရိပ်ကို ထူထောင်ရာမှာ အသုံးချတဲ့အတွက် နိုင်ငံပြုဖြစ်စဉ်မှာ အရေးကြီးတဲ့ခေတ်ဖြစ်ပါတယ်။ ရတနာပုံ မန္တလေးခေတ်က ကျန်ရစ်တဲ့ ဒေဝဣန္ဒာ မောင်မောင်ကြီး၊ မထွေးလေး၊ အီနောင်ကိုစံတုတ်၊ ဆရာစိမ့်၊ ရုပ်သေးမင်းသမီး ဆရာပုကြီး စတဲ့ သဘင်ခေါင်းဆောင်များဟာ လက်ရှိမြန်မာမဟာဂီတနဲ့ ဇာတ်သဘင်ကို ပေါင်းကူးပေးခဲ့ကြတဲ့ ပညာရှင်တွေ ဖြစ်ကြပါတယ်။

ကိုလိုနီ မန္တလေး

မန္တလေးနန်းတွင်းက သိမ်းမိပစ္စည်းတွေကို လေလံတင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မန္တလေးနန်းတွင်းက သိမ်းမိပစ္စည်းတွေကို လေလံတင်

မန္တလေးကို ပဒေသရာဇ်မြို့တော်ဟောင်းလို့ သိကြပေမယ့် လက်ရှိမြို့အခင်းအကျင်းက ကိုလိုနီခေတ်ပုံစံကို ဆက်ယူထားတာ ဖြစ်ပါတယ်။ ဘုရင်ခေတ်က နန်းတွင်းကို ဗဟိုပြုပြီး မြို့နဲ့ နိုင်ငံအုပ်ချုပ်ရေး လည်ပတ်ပေမယ့် ဗြိတိသျှလက်ထက်မှာ နန်းမြို့ကို ဒပ်ဖရင်ခံတပ်အသွင်ပြောင်းပြီး ဗြိတိသျှတပ်တွေ စခန်းချပါတယ်။

နန်းမြို့ထဲက မြန်မာမှူးမတ်တွေနဲ့ မင်းဆွေစိုးမျိုးတွေကို အပြင်မြို့ကြီးကို ရွှေ့ခိုင်းလို့ ဆင်းရဲသားလို့ အရင်က မှတ်ယူထားတဲ့ သာမန်မြို့သူမြို့သားတွေနဲ့ ရောနှောနေထိုင်လာရသလို မင်းသမီးတွေနဲ့ ရိုးရိုးလူတွေ လက်ထပ်တာတွေ ရှိလာပါတယ်။ ပါတော်မူခါစ ပုန်ကန်မှုတွေကြောင့် ၁၈၈၆ ခုနှစ် ဧပြီလမှာ မန္တလေးနန်းတွင်းနဲ့ မြို့ထဲက အိမ်အလုံးထောင်ချီ မီးလောင်ကြောင်း ဒေါ်အုန်းကြည်ရဲ့ ပါတော်မူစ မန္တလေးခေတ် အုပ်ချုပ်ရေး စာတမ်းမှာ ပါရှိပါတယ်။ ဒီလို မီးလောင်သွားတဲ့အထဲ ဘုရင်ခေတ်က ကုသိုလ် အတုမရှိကျောင်းတော်ကြီးနဲ့ တခြား ဘုန်းကြီးကျောင်းတွေ ပါကုန်သလို မန္တလေးမြောက်ပြင်နဲ့ အရှေ့ပြင်က ကျောင်းတချို့ကိုလည်း တပ်တွေ ချထားဖို့ နေရာဖယ်ခိုင်းခဲ့ပါတယ်။

အင်္ဂလိပ်သိမ်းစ မန္တလေး အပြောင်းအလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အင်္ဂလိပ်သိမ်းစ မန္တလေး အပြောင်းအလဲ

နန်းမြို့ပြင်က ပိုစည်လာတဲ့အတွက် စျေးချိုတော်တဝိုက်နဲ့ ၂၂ စီလမ်း၊ ၂၆ ဘီလမ်း၊ ၈၄ လမ်း ကျောက်သွေးတန်း၊ တရုတ်တန်း လမ်း ၈၀ စတဲ့ နေရာတွေမှာ အင်္ဂလိပ်၊ အိန္ဒိယ၊ တရုတ်နဲ့ တခြားလူမျိုးတွေ ပိုင်တဲ့ အရောင်းဆိုင်ကြီးတွေ၊ ကုန်တိုက်၊ စားပွဲရုံနဲ့ ဘဏ်တွေ ပေါ်လာပါတယ်။ အင်္ဂလိပ်တက်စ မန္တလေးက မှူးမတ်လက်ကျန်တွေကြားမှာ စားပွဲထိုင် ဧည့်ခံတဲ့ ယဉ်ကျေးမှုသစ် ပေါ်လာပြီး ကာဖီ၊ အီတာလျံမုန့်တီ၊ စစ္စလီထမင်းစတဲ့ ဥရောပအစားအသောက်တွေ နေရာရလာကြောင်း ၀က်မစွတ်၀န်ထောက်ဦးလတ်ရဲ့ နေ့စဉ်မှတ်တမ်းမှာ ပါရှိပါတယ်။ ကနောင်မင်းသားရဲ့ အမြောက်စက်ရုံကလည်း ၁၈၈၆ ကစပြီး မန္တလေး ဗျစ်(ဘီယာ) စက်ရုံဖြစ်သွားခဲ့ပြီး သံစက်ရုံက မီးခြစ်စက် ဖြစ်သွားပါတယ်။ ၁၉၀၃ မှာတော့ အီတာလျံ ဗိသုကာလက်ရာနဲ့ အုတ်စျေးချိုသစ်ကြီး ပေါ်လာပြီး နာရီစင်နဲ့အတူ မြို့ရဲ့ သင်္ကေတ ဖြစ်လာခဲ့ပါတယ်။

မန္တလေး ဘုရားကြီးမှာ လိပ်စာကျွေးသူများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မန္တလေး ဘုရားကြီးမှာ လိပ်စာကျွေးသူများ

နန်းမြို့ တောင်ပြင်မှာ ရုံးကြီးနဲ့ အုပ်ချုပ်ရေးရုံးတွေ တည်ထောင်ပြီး ဆေးရုံကြီးနဲ့ မီးရထားဘူတာရုံကြီးတွေ ဆောက်သလို ဗြိတိသျှအရာရှိတွေအတွက် စီဗီလိုင်းနဲ့ နယူးစီဗီလိုင်းလို အရာရှိရပ်ကွက်တွေ ပေါ်လာပါတယ်။

မန္တလေးမြို့ထဲမှာ အေဘီအမ်၊ ၀က်စလီ၊ ကွန်ဗင့်နဲ့ စိန့်ပီတာ စတဲ့ ခရစ်ယာန်သာသနာပြုကျောင်းတွေ ပေါ်လာပြီး ဗြိတိသျှအစိုးရအလုပ်နဲ့ အင်္ဂလိပ်လုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ လိုအပ်တဲ့ အင်္ဂလိပ်စာနဲ့ ခေတ်မီပညာရေး ရဖို့ မြို့ခံတွေ ကြိုးစားကြပါတယ်။ မြေတိုင်းကျောင်း ပေါ်လာသလို ဆရာဖြစ်သင် နော်မန်ကျောင်းကိုလည်း အနောက်ပြင် ရွှေကျီးမြင်ဘုရားနားမှာ ဖွင့်ပါတယ်။ ၁၉၂၀ ပထမကျောင်းသားသပိတ်အပြီး မန္တလေးမှာ အမျိုးသားကျောင်းတွေ ပေါ်လာပြီး ဒီထဲက မြို့လယ်မှာ ကျောင်းအုပ်ကြီး ဦးရာဇတ် အုပ်ချုပ်တဲ့ ဗဟိုအမျိုးသားကျောင်းက သက်တမ်းအရှည်ဆုံးနဲ့ အထင်ရှားဆုံး ဖြစ်ပါတယ်။

ဦးကျော်မိသားစု ဆောက်လှူတဲ့ မစိုးရိမ်ကျောင်းတိုက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဦးကျော်မိသားစု ဆောက်လှူတဲ့ မစိုးရိမ်ကျောင်းတိုက်

မန္တလေးမြို့ တောင်ဖျားမှာတော့ စိုက်ပျိုးရေးကောလိပ်ကို ၁၉၂၁ မှာ တည်ဆောက်ပြီး ၁၉၂၄ မှာ ဖွင့်ပါတယ်။ ဒီကျောင်းကြီးဘေးမှာ ကပ်ပြီး ၁၉၂၅ မှာ ဖွင့်တဲ့ မန္တလေးဥပစာကောလိပ်ကတော့ စစ်ပြီးခေတ်မှာ စိုက်ပျိုးရေးကောလိပ်အဆောက်အအုံကို ယူပြီး ယူနီဗာစီတီကောလိပ်ကနေ တက္ကသိုလ်ထိ ပြောင်းလဲ ဖွင့်လှစ်ခဲ့ပါတယ်။

ဗြိတိသျှအုပ်ချုပ်ရေးနဲ့အတူ ပါလာတဲ့ အရင်းရှင်စီးပွားရေး ဖွံ့ဖြိုးမှုကြောင့် ဗြိတိသျှနဲ့ အိန္ဒိယပိုင် ဆန်စက်၊ ဆီစက်၊ သစ်စက်၊ ဝါကြိတ်စက်၊ ဂျုံစက်စတဲ့ စက်မှုလုပ်ငန်းတွေ အထက်မြန်မာပြည်မှာ ပေါ်လာချိန်မှာပဲ မြန်မာစက်ပိုင်နဲ့ မြေပိုင်ရှင် လူတန်းစားသစ်လည်း ပေါ်လာပါတယ်။ မြန်မာလူချမ်းသာတွေထဲမှာ ပဒေသရာဇ်ဟောင်းတချို့ ပါနေသေးပေမဲ့ အများစုက ကုန်သည်နဲ့ ကျေးလက်မြေပိုင်ရှင်တွေ ဖြစ်ပြီး သူတို့ကပဲ ၂၀ ရာစုမြန်မာပြည်ကို အောက်ပိုင်းက မြန်မာလူချမ်းသာတွေနဲ့အတူ ပုံဖော်သွားကြပါတယ်။

ဒီလို မြန်မာသူဌေးတွေ ဆောက်လုပ်လှူဒါန်းတဲ့ မစိုးရိမ်တိုက်၊ အနောက်ဝိသုဒ္ဓါရုံတိုက်ကျောင်းကြီးတွေအပြင် မိုးကောင်းတိုက်၊ ဘုရားကြီးတိုက်၊ မဟာဝေယံဘုံသာတိုက် စတဲ့ မူလရှိရင်း ကျောင်းတိုက်ကြီးတွေရဲ့ အလယ်တိုက်မကြီးတွေနဲ့ အရံ အုတ်ကျောင်းကြီးတွေလည်း စစ်ကိုင်းတောင်ရိုးက ကိုလိုနီခေတ် ဘုရားကျောင်းကန်တွေနဲ့အတူ ၂၀ ရာစုဦးမှာ ပေါ်ထွန်းလာပါတယ်။

မန္တလေးမြို့ခံတွေ ပလိပ်ပြေး စစ်ပြေး ပြေးခဲ့ရတဲ့ စစ်ကိုင်းတောင်ရိုး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မန္တလေးမြို့ခံတွေ ပလိပ်ပြေး စစ်ပြေး ပြေးခဲ့ရတဲ့ စစ်ကိုင်းတောင်ရိုး

တဘက်မှာ ဒီလို တိုးတက်မှုတွေ ရှိပေမဲ့ ကိုလိုနီခေတ် မန္တလေးမှာ သဘာ၀ဘေး၊ ကပ်ဘေးသင့်ခဲ့တဲ့ နှစ်တွေလည်း ရှိပါတယ်။ အင်္ဂလိပ်သိမ်းစ ၁၈၈၆ မှာပဲ မန္တလေး အနောက်ပြင်မှာ တာရိုးကျိုးပြီး ဧရာဝတီမြစ်ရေတွေ စျေးချိုထိ ၀င်လာဖူးပါတယ်။ ၁၉၀၆-၁၉၀၇ လောက်ကစပြီး မန္တလေးမြို့မှာ ပလိပ်ရောဂါ အကြီးအကျယ်ဖြစ်လို့ မြို့ပေါ် မနေရဲဘဲ ဆောင်းတွင်းချိန်မှာ စစ်ကိုင်းတောင်ရိုးကို ပလိပ်ပြေး ပြေးရတဲ့ နှစ်တွေ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံ တနှံ့တပြား ဖြစ်ပွားနေကြတဲ့ ကျောက်ကြီးရောဂါနဲ့ ကာလဝမ်း ရောဂါ ကပ်ဘေးတွေကိုလည်း မိုးခေါင်ရေရှားဒေသက မန္တလေးမှာ နှစ်ပေါင်းများစွာ ကြုံခဲ့ရပါတယ်။ ဒီရောဂါတွေ ပပျောက်အောင် ဗြိတိသျှအစိုးရက ကြိုးစားပေမယ့် ကိုလိုနီနိုင်ငံတွေမှာ ကြုံတွေ့ရတဲ့ ပညာရေး၊ ကျန်းမာရေး နိမ့်ကျမှုနဲ့ ကိုလိုနီအုပ်ချုပ်ရေးနဲ့ ဒေသခံတွေကြား ယုံကြည်မှု အားနည်းခြင်း စတဲ့ အားနည်းချက်တွေကြောင့် မအောင်မြင်ဘဲ လူအသေအပျောက်များပြီး မြို့လူဦးရေ ကျဆင်းခဲ့ပါတယ်။

မန္တလေးနန်းတော် အခြေပြု မျိုးချစ်စိတ် ပေါ်ထွန်းခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မန္တလေးနန်းတော် အခြေပြု မျိုးချစ်စိတ် ပေါ်ထွန်းခဲ့

၁၉၃၀ ကျော်မှာတော့ ကမ္ဘာအဝန်း ကြုံရတဲ့ စီးပွားပျက်ကပ် မြန်မာပြည်ကို ရိုက်ခတ်ပြီး မန္တလေးမှာလည်း စီးပွားရေး ကျပ်တည်းမှုနဲ့ ကြုံခဲ့ရလို့ ဗြိတိသျှအုပ်စိုးမှုကို မနှစ်သက်ဘဲ ဝံသာနု လှုပ်ရှားမှုနဲ့ ရဟန်းပျိုလှုပ်ရှားမှုတွေ အားကောင်းလာသလို မန္တလေး ဦးဘဦးနဲ့ အမရပူရ ဦးဘသီတို့လို ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်နိုင်ငံရေးခေါင်းဆောင်တွေ ဒေါက်တာဘမော်အစိုးရမှာ ဝန်ကြီးချုပ်ဖြစ်ကြတဲ့အထိ မန္တလေးနိုင်ငံရေး အားကောင်းခဲ့ပါတယ်။

ကျောင်းသားသမဂ္ဂမှာတော့ မန္တလေးအမျိုးသားကျောင်းထွက် ကိုဗဟိန်းနဲ့ ကိုခင်မောင်ကလေး၊ မအုန်း၊ မအမာ စတဲ့ အညာကျောင်းထွက်တွေဟာ ဒုတိယနဲ့ တတိယတက္ကသိုလ်ကျောင်းသားသပိတ်တွေမှာ နာမည်ကြီးခဲ့ကြပါတယ်။ ၁၉၃၉ ဖေဖော်ဝါရီမှာတော့ ကိုလိုနီအစိုးရကို ဆန္ဒပြတဲ့ ရဟန်းရှင်လူ ကျောင်းသားတွေကို ပစ်ခတ်နှိမ်နင်းလို့ အာဇာနည် ၁၇ ဦး ကျဆုံးခဲ့ပါတယ်။

ကိုလိုနီခေတ် မန္တလေးမြို့ တနေရာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကိုလိုနီခေတ် မန္တလေးမြို့ တနေရာ

ယဉ်ကျေးမှုပိုင်းမှာလည်း မန္တလေးရဲ့ အစဉ်အလာ ဆိုင်း၊ အငြိမ့်၊ ရုပ်သေးနဲ့ ဇာတ်ပွဲတွေကို မြို့အနှံ့ ကျင်းပတဲ့ ဘုရားပွဲ၊ အငြိမ့်ပွဲတွေမှာ ဆောင်းရာသီကာလတလျှောက်လုံး တွေ့မြင်နိုင်သလို စိန်ဗေဒါ၊ ဦးချစ်ဖွယ်နဲ့ ဒေါ်စိန်သုံ၊ နန်းတော်ရှေ့ ဆရာတင်၊ မြခြေချင်း မငွေမြိုင်၊ လေဘာတီ မမြရင် စတဲ့ မန္တလေး သဘင်ခေါင်းဆောင်တွေကလည်း နိုင်ငံကျော်အဆင့်ထိ လူသိများခဲ့ကြပါတယ်။ ၁၉၂၅ မှာ တည်ထောင်တဲ့ မန္တလေးမြို့မအသင်းသား မြို့မငြိမ်းရဲ့ တေးသီချင်းတွေကတော့ ၁၉၃၀ ပြည့်လွန်နှောင်းပိုင်းနှစ်တွေမှာ ရန်ကုန်ဓာတ်ပြားလောကကို ထိုးဖောက်ခဲ့သလို ရန်ကုန်ရောက် မန္တလေးသူ မေရှင်ကလည်း ရုပ်ရှင်နဲ့ ဓာတ်ပြားလောကမှာ ပြိုင်စံရှားခဲ့ပါတယ်။

စာပေကဏ္ဍမှာတော့ မြန်မာပြည်ရဲ့ အစောဆုံး ဝတ္ထုတိုဆရာ ရွှေဥဒေါင်းရဲ့ စုံထောက်မောင်စံရှားက ၁၉၁၇ ကနေ ဒီနေ့အထိ မြန်မာတွေကြား လူကြိုက်များနေဆဲ ဖြစ်ပြီး အချစ်ဝတ္ထုရေးဆရာ မြမျိုးလွင်ရဲ့ မန္တလေးလေနဲ့ရေးတဲ့ ရာနဲ့ချီတဲ့ ဝတ္ထုတွေကိုလည်း ဒုတိယကမ္ဘာစစ်မဖြစ်ခင်က မြန်မာလူငယ်တွေ နှစ်ခြိုက်ခဲ့ကြပါတယ်။

ကမ္ဘာစစ်ကြီးနဲ့ မန္တလေး

ဂျပန်အ၀င်မှာ မီးဟုန်းဟုန်းတောက်ခဲ့တဲ့ မန္တလေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂျပန်အ၀င်မှာ မီးဟုန်းဟုန်းတောက်ခဲ့တဲ့ မန္တလေး

၁၉၄၁ ဒီဇင်ဘာလ ရန်ကုန်ကို ဂျပန်ဗုံးကျပြီးနောက်ပိုင်း ဒုတိယကမ္ဘာစစ်မီး မြန်မာပြည်ကို ကူးစက်ပြီး ၁၉၄၅ ထိ တောက်လောင်ခဲ့ပါတယ်။ ဂျပန်ခေတ် မြန်မာအစိုးရ ရုံးစိုက်ရာ ရန်ကုန်နေပြည်တော်မှာ ရွှေတိဂုံဘုရားတဝိုက်နဲ့ ကြည့်မြင်တိုင်၊ စမ်းချောင်း စတဲ့ မြန်မာရပ်ကွက်တွေမှာ လူနေထူထပ်ပြီး မြို့ထဲမှာ လူနေကျဲပါတယ်။ အထက်မြန်မာပြည်ရဲ့ အကြီးဆုံး မြို့ မန္တလေးမှာတော့ ၁၉၄၂ ဧပြီလဆန်းမှာ ဂျပန်လေယာဥ်အစင်း ၈၀ ကျော်နဲ့ ဗုံးလာချလို့ လူ နှစ်ထောင်သုံး ထောင်လောက် သေဆုံးပြီး အာရှအရှေ့ဖျားစစ်မှာ အကြီးဆုံးတိုက်ခိုက်မှု ဖြစ်ကြောင်း လူထုဦးလှက သတင်းစာများပြောပြတဲ့ စစ်တွင်းဗမာပြည် စာအုပ်မှာ ရေးပါတယ်။

ကမ္ဘာစစ်မှာ ပြာပုံအတိဖြစ်ခဲ့တဲ့ မန္တလေး

ဓာတ်ပုံ ရင်းမြစ်, လူထုဦးလှ-မန္တလေးမြို့၏ည

ဓာတ်ပုံ ပုံစာ, ကမ္ဘာစစ်မှာ ပြာပုံအတိဖြစ်ခဲ့တဲ့ မန္တလေး

အဲဒီနောက် မြို့လူဦးရေ ရှိသမျှ စစ်ကိုင်းတောင်ရိုးနဲ့ မင်းကွန်း၊ မတ္တရာနဲ့ မြို့နီးချုပ်စပ်က ကျေးရွာတွေကို ရှောင်တိမ်းသွားကြတဲ့အတွက် ဂျပန်ခေတ် မန္တလေးဟာ မဟာမုနိကိုယ်တော်ကြီးကို စောင့်ရှောက်တဲ့ ရဟန်းပျိုတွေ၊ ဂျပန်နဲ့ ဆက်ပြီး စီးပွားရှာရတဲ့ ကုန်သည်တွေနဲ့ အစိုးရဝန်ထမ်းတချို့တလေသာ ကျန်တဲ့ မြို့ပျက်ကြီး ဖြစ်နေပါတယ်။ မန္တလေးတမြို့လုံး ပြာကျထားတဲ့အတွက် ဂျပန်နဲ့ ပါလာတဲ့ ဘီအိုင်အေတပ် အမရပူရကို ရွှေ့ပြီး ရုံးစိုက်ရပါတယ်။

၁၉၄၂ ကနေ ၁၉၄၅ အတွင်း ဂျပန်နဲ့ မဟာမိတ်ဗုံးဒဏ်ကို အကြိမ်ကြိမ် ခံခဲ့ရလို့ မန္တလေးမြို့လယ် ၈၄ လမ်းမကြီးကနေ အရှေ့ဘက် အောင်ပင်လယ်ကန်ရိုးအထိ မီးလောင် ပြင်ကြီးကို တွေ့ရသလို တောင်ဘက် မဟာမုနိဘုရားကြီး၊ အနောက်ဘက် ဧရာဝတီမြစ်ဘေးက တာရိုး၊ မြောက်ဘက် မန္တလေးတောင်ခြေထိ တိုးလျှိုပေါက်မြင်ရကြောင်း တောင်သမန်အင်းက လေညင်းဆော်တော့ အခန်းဆက်ဆောင်းပါးရှည်ကြီးမှာ မြသန်းတင့် ရေးခဲ့ပါတယ်။ ပြာပုံထဲမှာ တဲသိုက်ကလေးတွေက ကျွန်းကလေးတွေလိုပဲလို့လည်း ဆိုပါတယ်။

ကမ္ဘာစစ်မီးသင့်လောင်ခဲ့တဲ့ မြတောင်ရွှေကျောင်းကြီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာစစ်မီးသင့်လောင်ခဲ့တဲ့ မြတောင်ရွှေကျောင်းကြီး

စစ်အတွင်း ဆိုးဆိုးရွားရွား အပျက်အစီးတွေနဲ့ ကြုံရပေမဲ့ ဘီအန်အေ (ဗမာ့အမျိုးသားတပ်မတော်) က မန္တလေးတိုင်းမှူး ဗိုလ်မှူးဗထူး၊ အာရှလူငယ်ခေါင်းဆောင် ကြီးပွားရေးဦးလှ စသူတွေရဲ့ မဟာမိတ်တပ်တွေနဲ့ ချိတ်ဆက်ပြီး ဖက်ဆစ်တော်လှန်ရေးအကြို အင်အားစုစည်းမှုတွေကြောင့် ၁၉၄၅ မတ်လ ၈ ရက်ကတည်းက ရန်ကုန်ထက်စောပြီး ဖက်ဆစ်တော်လှန်ရေး စနိုင်ခဲ့ပါတယ်။ ရန်ကုန်ထက်စောပြီး ဂျပန်လက်က လွတ်မြောက်လို့ ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ကိုလည်း ဆိုင်းဘုတ် အရင်တင်နိုင်ခဲ့ပါတယ်။

ဂျပန်စစ်ဆုတ်ချိန်မှာ မဟာမိတ်ဗုံးဒဏ်ကြောင့် နန်းတော်၊ သုဓမ္မာဇရပ်တော်၊ ပဋ္ဌာန်းဟော ရွှေသိမ်တော် ဆိုတဲ့ မြို့တည် ၇ ဌာနထဲက ၃ ဌာန ပျက်စီးပြီး ကုသိုလ်တော်ဘုရားနဲ့ ကျုံးတော်ပဲ ကျန်ရစ်ခဲ့ပါတယ်။ နောက်ဆုံး မြန်မာ မိဘုရားခေါင်ကြီး စုဘုရားလတ်ရဲ့ ကုသိုလ်တော် မြတောင်ရွှေကျောင်းကြီး၊ စလင်းကျောင်း၊ ယောအတွင်း၀န်အုတ်ကျောင်း၊ စံကျောင်း၊ တိုက်တော် စတဲ့ ကျောင်းတိုက်ကြီးတွေနဲ့ မဟာမုနိစောင်းတန်းကြီးနှစ်သွယ်နဲ့ မုခ်ဦးပြာသာဒ်ကြီးတွေလည်း စစ်ကြောင့် မီးလောင်ဆုံးရှုံးပါတယ်။ အစိုးရရုံး၊ ဆေးရုံ၊ ဘူတာကြီး၊ စျေးဆိုင်အလုပ်ရုံတွေနဲ့ စာသင်ကျောင်းအများအပြား စစ်ဘေးသင့်ခဲ့ပြီး ရပ်ကွက်အလိုက် ပျက်စီးမှုတွေများလို့ မင်္ဂလာစျေးလို ရပ်ကွက်ဟာ စစ်ပြီးချိန်မှာ တောဖြစ်နေပြီး ယုန်တွေကို တွေ့ရကြောင်း လူထုဦးလှက ရေးပါတယ်။

မဟာမိတ်အ၀င်မှာ နန်းမြို့တံခါးဖွင့်နေတဲ့ မဒရပ်အင်ဂျင်နီယာတပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မဟာမိတ်အ၀င်မှာ နန်းမြို့တံခါးဖွင့်နေတဲ့ မဒရပ်အင်ဂျင်နီယာတပ်

မန္တလေးမှာ လူတသိန်းခွဲအတွက် အိမ်အလုံး ၂၂,၀၀၀ ကျော်မှာ နှစ်ထောင်ပဲ ကျန်လို့ မြို့ထဲ ပြန်၀င်လာတဲ့ စစ်ပြေးတွေအတွက် နေရေးကျပ်တည်းသလို ဂျပန်ငွေစက္ကူကို ဗြိတိသျှက တရားမ၀င် ကြေညာမှုကြောင့် တနိုင်ငံလုံးနဲ့ထပ်တူ မန္တလေး ပြန်လည်ထူထောင်ရေးမှာလည်း နှောင့်နှေးခဲ့ပါတယ်။ ဒီလို အဆင်မပြေမှုတွေကြားက ဆရာညှာရဲ့ ပြည်တော်၀င်သီချင်းနဲ့ အားတင်းခဲ့တဲ့ မန္တလေးဟာ မြို့မငြိမ်းရဲ့ ယဥ်တကိုယ်မယ်၊ အိုလံပစ် စတဲ့ တေးတွေနဲ့ အားမွေးပြီး မန်းတောင်ရိပ်ခိုအပါအ၀င် သင်္ကြန်တေးသစ်တွေနဲ့ ၁၉၄၇ က စလို့ မန္တလေးသင်္ကြန်ယဥ်ကျေးမှုကို နိုင်ငံသိအဆင့်ထိ ရောက်အောင် မြှင့်တင်ခဲ့ကြပါတယ်။

လွတ်လပ်ရေး ယူခါနီး ဗိုလ်ချုပ်အောင်ဆန်းအစိုးရမှာ မန္တလေးအမျိုးသားကျောင်းအုပ်ကြီး ဦးရာဇတ်က ပညာရေးနဲ့ အမျိုးသားစီမံကိန်းဝန်ကြီး တာ၀န်ယူခဲ့ပြီးနောက် နိုင်ငံတော်လုပ်ကြံမှုမှာ ကျဆုံးခဲ့ရတဲ့အတွက် မြို့နဲ့ အထက်ဗမာပြည်အတွက် နစ်နာခဲ့ရပေမဲ့ ဦးရာဇတ် စခဲ့တဲ့ မန္တလေးတက္ကသိုလ်စီမံကိန်းကိုတော့ လွတ်လပ်ရေးရပြီးနောက်မှာ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။

စစ်ပြီးခေတ် မန္တလေး

စစ်ပြီးစ မန္တလေးမြို့ရိုးဘေးက နွားလှည်းပြိုင်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ပြီးစ မန္တလေးမြို့ရိုးဘေးက နွားလှည်းပြိုင်ပွဲ

စစ်ပြီးစမှာ ပြန်လည်စည်ကားလာတဲ့ မန္တလေးဟာ လွတ်လပ်ရေးခေတ်အစ ၁၉၄၉ မှာပဲ ကရင်၊ ပြည်သူ့ရဲဘော်၊ ကွန်မြူနစ်အဖြူ၊ အနီ အင်အားစုတွေနဲ့ ဖဆပလတပ်တွေအကြား အပြန်အလှန် စစ်ခင်းရာ မြို့ကြီး ဖြစ်ခဲ့ပါတယ်။ မြို့ကို အစိုးရတပ် ပြန်သိမ်းစမှာ ကွန်မြူနစ်လိုလားတဲ့ လူထုသတင်းစာတိုက်ကို မိုင်းဗုံးခွဲ ဖျက်ဆီးသလို ၁၉၅၀ ပြည့်လွန်နှစ်တွေမှာလည်း အယ်ဒီတာချုပ် ရွှေဥဒေါင်းနဲ့ ဦးလှကို ဖမ်းတာ၊ သတင်းစာတိုက် ချိတ်ပိတ်တာတွေ လုပ်ခဲ့ပါတယ်။ အသစ်တည်ထောင်စ မန္တလေးယူနီဗာစီတီကောလိပ်နဲ့ တက္ကသိုလ်မှာလည်း ရန်ကုန်က နိုင်ငံရေးဂယက်ရိုက်ခတ်ပေမယ့် ရန်ကုန်လို ဆဲဗင်းဇူလိုင် အရေးအခင်းဖြစ်တဲ့အထိ မပြင်းထန်ခဲ့ပါဘူး။ မန္တလေး၊ မြင်းခြံနဲ့ မိတ္ထီလာကြားက ကွန်မြူနစ်ကြီးစိုးတဲ့ မသုံးလုံးနယ်မြေနဲ့ နီးပေမဲ့ မန္တလေးသား ပြည်ထဲရေး ဝန်ကြီး ဗိုလ်ခင်မောင်ကလေးနဲ့ ရဟန်းပျိုဆရာတော် ဦးကုသလစတဲ့ တည်မြဲဖဆပလ ထောက်ခံသူတွေ ကြီးစိုးခဲ့တဲ့ မန္တလေးနိုင်ငံရေးခေတ်လည်း ဖြစ်ခဲ့ပါတယ်။

ဝိနည်းကျင့်၀တ်မှာ နာမည်ကျော်တဲ့ တောင်မြို့ မဟာဂန္ဓာရုံကျောင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဝိနည်းကျင့်၀တ်မှာ နာမည်ကျော်တဲ့ တောင်မြို့ မဟာဂန္ဓာရုံကျောင်း

ပြည်တွင်းစစ်နဲ့ ပြည်တော်သာခေတ်မှာ ကျေးလက်ကနေ စစ်ပြေးလာကြတဲ့ လူချမ်းသာတွေရဲ့ အင်အားနဲ့ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ မြင်းခြံစတဲ့ အညာမြို့ကြီးတွေ ကြီးထွားလာပြီး မန္တလေးကုန်သည်စက်ပိုင်များရဲ့ ကုသိုလ် ဘုရားကျောင်းကန်နဲ့ တရားရိပ်သာတွေဟာ စစ်ကြီးမဖြစ်ခင်ကလိုပဲ မန္တလေး၊ အမရပူရ၊ စစ်ကိုင်းတဝိုက်မှာ ပေါ်ထွန်းလာပါတယ်။ အစိုးရရုံးသစ်ကြီးတွေနဲ့ ဘူတာသစ်၊ ဆေးရုံသစ်၊ ကျောင်းသစ်တွေ ပေါ်လာသလို ဘဏ်တိုက်ကြီး၊ မန်းသီတာဥယျာဉ်နဲ့ တောင်ခြေ ရာပြည့်ကွင်းတွေ ပေါ်လာပါတယ်။

ဗုဒ္ဓဘာသာကို အားပေးတဲ့ ဦးနုခေတ်မှာ ဆဋ္ဌသင်္ဂါယနာကို ဦးဆောင်တဲ့ ညောင်ရမ်းဆရာတော်၊ မစိုးရိမ်ဆရာတော်၊ မင်းကွန်းဆရာတော်၊ မဟာဂန္ဓာရုံဆရာတော်၊ အနီးစခန်း ဆရာတော် စတဲ့ ဆရာတော်ကြီးအများစုက မန္တလေး၀န်းကျင်က ဖြစ်ကြပြီး နိုင်ငံရေးမှာလည်း ရဟန်းပျိုအဖွဲ့ချုပ်က ၁၉၆၂ အာဏာသိမ်းပြီးတဲ့အထိ အားကြီးခဲ့ပါတယ်။

မန္တလေးကြေးသွန်း လက်စွမ်းပြ ကြေးမောင်းကြီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မန္တလေးကြေးသွန်း လက်စွမ်းပြ ကြေးမောင်းကြီး

အနုစာပေဘက်မှာတော့ ၁၉၅၉ ကစပြီး မန်းတက္ကသိုလ်သစ်က ထွက်တဲ့ စာဆို တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်နဲ့ ကိုလေး (အင်း၀ဂုဏ်ရည်) တို့ရဲ့ လက်ရာတွေက စာပေဗိမာန်ဆုကို ဆက်တိုက်ဆိုသလို ဆွတ်ခူးတဲ့အထိ မန္တလေးစာဆိုတွေရဲ့ စန်းက တောက်ပခဲ့ပါတယ်။ စကားပြောသလို စာရေးနည်းကို ချက်က မင်းလတ်ရဲခေါင်တပည့် မြသီတာက မန္တလေးထိ သယ်လာပြီးနောက် ၁၉၆၅ မှာ လူထုသတင်းစာ၊ အထက်ဗမာနိုင်ငံစာရေးဆရာအသင်းတို့ကနေ ဖြန့်ဖြူးပါတယ်။ ရွှေကိုင်းသား၊ ဒေါက်တာသန်းထွန်း၊ ဦးမောင်မောင်တင်နဲ့ လူထုဦးလှ၊ လူထုဒေါ်အမာ စတဲ့ မန္တလေးအခြေစိုက် စာပေနဲ့ သမိုင်းသုတေသီတွေရဲ့ မြန်မာသမိုင်း၊ သဘင်နဲ့ လူမှု ယဥ်ကျေးမှုဆိုင်ရာ စာအုပ်စာတမ်းတွေကလည်း စစ်ပြီးခေတ် မြန်မာစာပေမှာ ထွန်းတောက်ခဲ့ပါတယ်။

နန်းတွင်းပန်းချီက ဆင်းသက်လာတဲ့ မန်းပန်းချီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နန်းတွင်းပန်းချီက ဆင်းသက်လာတဲ့ မန်းပန်းချီ

မန္တလေးကြေးရတတ်တစု တည်ထောင်တဲ့ မန္တလေးရုပ်ရှင်ကလည်း ၁၉၅၆ ကရိုက်တဲ့ ဘ၀သံသရာက စပြီး အကယ်ဒမီဆုတွေ ဆွတ်ခူးခဲ့ရာမှာ မြပန်းဝတ်ရည်၊ ရေမြေဆုံးတိုင်၊ ကိုယ်ပိုင်မေတ္တာ စတဲ့ ဇာတ်ကားတွေထိ ဖြစ်ပါတယ်။ ဂီတဘက်မှာတော့ မြို့မငြိမ်းအလွန်မှာ ဦးဘသိန်း၊ ဦးဘိုခင် စတဲ့ တေးရေးဆရာသစ်တွေ ပေါ်ထွက်လာပြီး လေမှုတ်တူရိယာတွေနဲ့ ဖျော်ဖြေတဲ့ မြို့မ၊ သင်္ဂဟ၊ မိုးကေသီစတဲ့ တီးဝိုင်းတွေ ခေတ်စားခဲ့ပြီး သဘင်ဘက်မှာတော့ ရွှေမန်းတင်မောင်က မြန်မာပြည်ရှေ့ဆောင် ဇာတ်ဆရာအဖြစ် ၁၉၆၉ မှာ ကွယ်လွန်ချိန်ထိ ရပ်တည်ရပ်တည်ခဲ့ပါတယ်။ မန္တလေးပန်တျာက ဒေါ်သြဘာသောင်းရဲ့ ကဗျာလွတ်ကကွက်များက တဆင့် ယိုးဒယားပြန် အမာစိန်၊ ဆိုဗီယက်ပြန် နွဲ့နွဲ့စန်း စတဲ့ နိုင်ငံကျော် မင်းသမီးသစ်တွေ မွေးထုတ်ပေးပါတယ်။

ပန်းချီဘက်မှာတော့ ဦးကြာညွန့်၊ ဆရာချုံခေတ်က ဆင်းသက်လာတဲ့ နန်းတွင်းနိပါတ်တော်ရေး မန္တလေးပန်းချီဟာ ဦးစောမောင်၊ ဦးဘသက်တို့ခေတ်မှာ အနောက်တိုင်းပန်းချီနဲ့ ကျွမ်း၀င်လာပြီး ကမ္ဘာစစ်ပြီးခေတ်မှာတော့ ဦးခင်မောင် (ဘဏ်)နဲ့ တပည့် ပေါ်ဦးသက်၊ ဝင်းဖေတို့ကနေ ဦးအောင်ခင်၊ ကျော်မိုးသာ၊ ပေါ်သိမ်း စတဲ့ မန္တလေး ခေတ်သစ်ပန်းချီဂိုဏ်းကြီး ပေါ်ထွန်းလာစေခဲ့ပါတယ်။

ဆိုရှယ်လစ်ခေတ် မန္တလေးလမ်းဘေး အုတ်ကန်မှာ ရေချိုးသူတစု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆိုရှယ်လစ်ခေတ် မန္တလေးလမ်းဘေး အုတ်ကန်မှာ ရေချိုးသူတစု

၁၉၆၄ ကစပြီး မန္တလေး ဆေးတက္ကသိုလ်နဲ့ စိုက်ပျိုးရေးတက္ကသိုလ်ဆိုတဲ့ တက္ကသိုလ်သစ် နှစ်ခု မန္တလေးမှာ ပေါ်လာပြီး နိုင်ငံရေးဖိနှိပ်မှုနဲ့ ပြည်သူပိုင်သိမ်း မှောင်ခိုစီးပွားရေးရဲ့ အကျိုးဆက်တွေကိုလည်း တနိုင်ငံလုံးနည်းတူ ကြုံခဲ့ရပါတယ်။ မန္တလေးဟာ ၁၉၇၀ ကျော်မှာ အထက်-အောက် မြန်မာပြည်၊ အိန္ဒိယနဲ့ ထိုင်းကိုကူးတဲ့ မှောင်ခိုစီးပွားရေးရဲ့ ဗဟိုချက်လို ဖြစ်နေပြီး လူနေမှုပုံစံသစ်တွေ ၀င်လာခဲ့ပါတယ်။ ရှမ်းခေါက်ဆွဲ၊ စိုင်းထီးဆိုင်နဲ့ လားရှိုးသိန်းအောင်တေးများ၊ ပြည်သူပိုင် ဟံသာ၀တီသတင်းစာက ခေတ်စနစ်ကို လှောင်တဲ့ ကာတွန်းများဟာ ရန်ကုန်လောက် ခေတ်ရှေ့မရောက်တဲ့ မန္တလေးကို လှုပ်နိုးလာပါတယ်။

ယဉ်ကျေးမှုဘက်မှာတော့ ၁၉၆၂ က ရိုက်တဲ့ မောင်တို့ချယ်ရီမြေ ဇာတ်ကားနဲ့ ထင်ရှားလာတဲ့ မင်းသား ဝင်းဦးက မန္တလေးသင်္ကြန်ကို ဆယ်စုခေတ် တနှစ်စွန်းအောင် ဆင်နွှဲခဲ့ပြီး မန္တလေးမြို့မသီချင်းတွေကိုလည်း ပိုထင်ရှားအောင် ဓာတ်ပြားသွင်းခဲ့ပါတယ်။ ရန်ကုန်ရုပ်ရှင်နယ်မှာလည်း မန္တလေးသား ညွန့်ဝင်းနဲ့ ဇော်ဝမ်းတို့ ခေတ် ဖြစ်ခဲ့ပါတယ်။ မန္တလေးအခြေစိုက် မြို့တော်သိန်းအောင်၊ ဒါရိုက်တာ မောင်ယဉ်အောင်နဲ့ အငြိမ့်မင်းသမီး လမင်းတရာ ဌေးဌေးမြင့်၊ ရွှေမန်းသူ မြင့်မြင့်သန်း စတဲ့ ဇာတ်သဘင်နာမည်ကျော်တွေကလည်း မန္တလေးသဘင်ခေတ်ကို ၁၉၈ဝ ပြည့်လွန်နှစ်တွေထိ သယ်ဆောင်သွားခဲ့ကြပါတယ်။

၁၉၉၀ ကျော် မန္တလေးမြို့လယ်ရှုခင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၉၀ ကျော် မန္တလေးမြို့လယ်ရှုခင်း

၁၉၈၁ နဲ့ ၁၉၈၄ က မီးကြီးတွေအလွန်မှာတော့ မြို့လယ်ရပ်ကွက်တွေရဲ့ လူနေမှု ပုံစံ လုံး၀ ပြောင်းသွားပြီး ရှမ်းမြောက်ဒေသက ရှမ်းတရုတ်နဲ့ တရုတ်နွယ်ဖွားတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ ပိုတွင်ကျယ်လာပါတယ်။ အစဉ်အလာ ဧရာဝတီမြစ်ဝှမ်းနဲ့ တောင်ပေါ်ကုန်တွေ ဖောက်ကားရောင်း၀ယ်ရာ လမ်းဆုံမြို့ကြီးအဖြစ်ကနေ ဆိုရှယ်လစ်ခေတ်မှာ လူမျိုးစုနဲ့ ကွန်မြူနစ်တပ်တွေ ကြီးစိုးတဲ့ အရှေ့ရိုးမတကြောက မူးယစ်ဆေး၊ ကျောက်မျက်နဲ့ တခြားမှောင်ခိုကုန်သွယ်ရေးနဲ့ စီးပွားဖြောင့်လာတဲ့ စီးပွားရေးသမားတွေ မြေပြန့်ဆင်းပြီး အခြေချကြတာပါ။ ဒီအချိန်မှာပဲ တရုတ်ပြည်မှာ တိန့်ရှောင်ဖိန်ခေတ် စျေးကွက်ဖွင့်ပေးလိုက်ပြီးနောက် စီးပွားရေး တဟုန်ထိုးတက်လာချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

မီးကြီးအလွန် မန္တလေး

နဝတခေတ်မှာ မန္တလေးကျုံး ပြန်ဆယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နဝတခေတ်မှာ မန္တလေးကျုံး ပြန်ဆယ်

၁၉၈၄ မီးကြီးနောက်ပိုင်း မန္တလေးမြို့ခံ မြန်မာတွေရဲ့ မြို့လယ်မြေကွက်တွေကို တောင်ပေါ်က လူသစ်တွေ ၀ယ်ပြီး တိုက်ကြီးတွေ ဆောက်နေကြတဲ့အကြောင်း ဝသုန္ဒြေလက်ရေးစတဲ့ မန္တလေးမြို့ခံ စာရေးဆရာတွေရဲ့ ဝတ္ထုတိုတွေမှာ တွေ့လာရပါတယ်။ တချိန်ထဲမှာပဲ မြို့ပေါ်မှာ မနေနိုင်ကြတဲ့ ဆင်းရဲသားတွေအတွက် ပဲဖြူကုန်းနဲ့ ကျွဲဆည်ကန် စတဲ့ တခြားမြို့သစ်တွေ ပေါ်လာပြီး ဆင်ဖြူကန်သုသာန်နဲ့ ချမ်းမြသာစည်လေဆိပ်ရဲ့ တောင်ဘက်မှာ မြို့သစ်ကြီး ဖြစ်လာပါတယ်။

ဒီအချိန်မှာပဲ မန္တလေးရုပ်ရှင်မျိုးဆက်တွေ ရိုက်ကူးတဲ့ သင်္ကြန်မိုး ဇာတ်ကားက ၁၉၈၅ အတွက် အကောင်းဆုံး ရုပ်ရှင်ဆုနဲ့ ဒါရိုက်တာဆု၊ ဓာတ်ပုံဆုတွေ ဆွတ်ခူးပြီး သင်္ကြန်မိုး ဇာတ်ကားထဲက အဉ္စလီမောင်မောင်၊ ကိုပေါတို့ရဲ့ သီချင်းတွေက ခုထိ လူကြိုက်များနေဆဲ ဖြစ်ပါတယ်။ သင်္ကြန်မိုးအရှိန်နဲ့ ဆက်ပြီး မမစိမ်း၊ ဒဏ္ဍာရီစတဲ့ မန္တလေးဇာတ်ကားသစ်တွေလည်း ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ပေါ်ထွက်လာခဲ့ပါတယ်။

မန္တလေးကျုံးထောင့်က ပြည်ကြီးမွန်ဖောင် စားတော်ဆက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မန္တလေးကျုံးထောင့်က ပြည်ကြီးမွန်ဖောင် စားတော်ဆက်

၁၉၈၈ အထွေထွေသပိတ်ကာလမှာတော့ မန္တလေးရဟန်းပျိုသမဂ္ဂနဲ့ မြို့ခံနိုင်ငံရေးသမား၊ စာပေအနုပညာနဲ့ စီးပွားရေးသမားတွေရဲ့ ညီညွတ်မှုနဲ့ ရန်ကုန်လို အသတ်အဖြတ် အပစ်အခတ်မများဘဲ မြို့ကို ထိန်းထားနိုင်ခဲ့ပါတယ်။ လမ်းစဉ်ပါတီခေတ် နောက်ဆုံး သမ္မတ မန္တလေးသား ဒေါက်တာမောင်မောင်ခေတ်ကနေ မန္တလေးသား တပ်ချုပ် ဗိုလ်ချုပ်ကြီး စောမောင်ရဲ့ န၀တ စစ်အစိုးရခေတ်အကူး မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်လက်ထက်မှာတော့ အင်္ဂလိပ်ဆောက်ခဲ့တဲ့ စျေးချိုတော်နဲ့ တိုက်တန်းတွေကို ဖျက်ပြီး အထပ်မြင့် စျေးချိုသစ်ကြီး ဆောက်သလို ဘူတာကြီးသစ်၊ ရတနာပုံစျေး စတဲ့ အဆောက်အဦသစ်ကြီးတွေ ပေါ်လာပါတယ်။ စစ်အတွင်းက ဗုံးကျသွားတဲ့ နန်းတော်ဟောင်းနေရာမှာ နန်းတော်သစ်ပြန်ဆောက်ပြီး ကျုံးကြီးကို ဆယ်လို့ ကျောက်စီတာတမံတွေ လုပ်ကာ ကျုံးဘေးလမ်းတွေကို ချဲ့ပါတယ်။

မန္တလေးအနောက်ပြင်က ကျောက်၀ိုင်းခေါ် ကျောက်စိမ်းစျေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မန္တလေးအနောက်ပြင်က ကျောက်၀ိုင်းခေါ် ကျောက်စိမ်းစျေး

၁၉၉၀ ပြည့်လွန်နှစ်တွေမှာတော့ မန္တလေးစီးပွားရေးလောကကို အရှေ့မြောက်နယ်စပ်က တရုတ်မျိုးနွယ်တွေအပြင် ၀၊ ကိုးကန့်၊ ကချင်စတဲ့ အပစ်ရပ်စဲရေး ယူထားတဲ့ လက်နက်ကိုင်တပ်တွေပါ ၀င်လာခဲ့ပါတယ်။ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာတော့ စျေးကွက်စီးပွားရေးခေတ်နဲ့အညီ ဟိုတယ်သစ်ကြီးတွေနဲ့ စျေး၀ယ်စင်တာကြီးတွေ ပေါ်လာပြီး မန္တလေးအနောက်ပြင်က ကျောက်ဝိုင်း ခေါ် ကျောက်စိမ်းစျေးကွက်ကိုလည်း တရုတ်၀ယ်လက်တွေ ပို၀င်လာကြပါတယ်။ တရုတ်စာသင်ကျောင်းတွေ ပိုများလာပြီး တရုတ်နဲ့ ရှမ်းစားသောက်ဆိုင်တွေ ပိုစုံလာတဲ့အတွက် မာလာဟင်း၊ အကင်စုံနဲ့ ဆန်ချိုအေး စတဲ့ တရုတ်နဲ့ မြန်မာပြည်မြောက်ပိုင်းက အစားအသောက်ဆန်းတွေကို မန္တလေးဒေသခံတွေ နှစ်ခြိုက်လာကြပါတယ်။

မန္တလေးစာပေရှုခင်းမှာတော့ ၀တ္ထုတိုရွှေခေတ်ဆိုတဲ့အတိုင်း ညီပုလေး၊ သိုက်ထွန်းသက်၊ ပိုင်စိုးဝေ၊ ကျော်စွာထက်၊ မောင်ကိုကို (အမရပူရ)၊ နေမျိုး၊ ကိုငြိမ်း (မန္တလေး) စတဲ့ မန္တလေး ၀တ္ထုတိုဆရာတွေရဲ့ လက်ရာတွေက ရန်ကုန်မဂ္ဂဇင်းတွေမှာ တခေတ်ဖြစ်ခဲ့ပြီး မန္တလေးတက္ကသိုလ်နဲ့ ဆေးတက္ကသိုလ်ထွက် နုနုရည်(အင်းဝ)နဲ့ ဂျူးတို့ရဲ့ ဝတ္ထုရှည်တွေကလည်း ၁၉၉၀ ကျော်နှစ်တွေမှာ ထိပ်တန်းရောက်ခဲ့ပါတယ်။

လူရွှင်တော် နှုတ်ခမ်းမွေး ပါပါလေးတို့ ညီအစ်ကိုရဲ့ အိမ်တွင်း အငြိမ့်ဖျော်ဖြေပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူရွှင်တော် နှုတ်ခမ်းမွေး ပါပါလေးတို့ ညီအစ်ကိုရဲ့ အိမ်တွင်း အငြိမ့်ဖျော်ဖြေပွဲ

ခေတ်ပေါ်ဂီတဘက်မှာတော့ ဆူးရဲ့ ဟင်္သာတို့ရဲ့ နန်းတော်ရှေ့သီချင်းက ၂၀ ရာစုနှောင်းပိုင်း မန္တလေးရဲ့ သင်္ကေတတေးတပုဒ်လို ဖြစ်ခဲ့ပြီး ခင်မောင်တိုး၊ ဟယ်ရီလင်းစတဲ့ မန္တလေးအဆိုတော်တွေအပြင် ရှဲလ်တီး၀ိုင်းကလည်း ရန်ကုန်ထိ ပေါက်ခဲ့တဲ့ ခေတ်ဖြစ်ပါတယ်။ ၁၉၉၆ က ရန်ကုန် ဒေါ်အောင်ဆန်းစုကြည်ခြံမှာ ဖျော်ဖြေရာမှာ စစ်အစိုးရကို ဝေဖန်မှုနဲ့ ထောင်ကျခဲ့တဲ့ လူရွှင်တော် နှုတ်ခမ်းမွေး ပါပါလေးတို့ ညီအစ်ကိုရဲ့ အိမ်တွင်း အငြိမ့်ဖျော်ဖြေပွဲကလည်း နဝတအစိုးရခေတ် မန္တလေးကိုလာတဲ့ ကမ္ဘာလှည့်ခရီးသည်တွေကြားမှာ ထင်ရှားခဲ့ပါတယ်။

နိုင်ငံရေးပြန်အဖွင့် မန္တလေးမှာ မဘသလှုပ်ရှားမှု ပြင်းထန်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နိုင်ငံရေးပြန်အဖွင့် မန္တလေးမှာ မဘသလှုပ်ရှားမှု ပြင်းထန်လာ

၁၉၉၀ ပြည့်လွန် နှစ်လယ်ပိုင်းတွေမှာတော့ မန္တလေးရဲ့များပြားလာတဲ့ လူဦးရေအတွက် နာရေးကား မလုံလောက်မှုကြောင့် ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းကို မြို့ခံတွေ စုစည်း ထူထောင်ကြပါတယ်။ အသင်းမှာ လူထုဒေါ်အမာနဲ့ သတင်းသမားတချို့ ပါ၀င်လို့ ဆိုပြီး န၀တအစိုးရက ဖိနှိပ်ခဲ့လို့ မှတ်ပုံတင်ရေး နှောင့်နှေးပြီး အသင်းဖျက်ခံရမယ့် အန္တရာယ်တွေ ကြုံခဲ့ရပါတယ်။ ဒီအခြေအနေကနေ တစတစ ထူထောင်ခဲ့ပြီးနောက် ပြည်သူ့ဆေးရုံက ဆေးဖိုးမတတ်နိုင်တဲ့လူနာတွေအတွက် ကူညီမှုတွေကိုပါ ဗြဟ္မစိုရ်က လုပ်လာနိုင်ပြီး ရန်ကုန်မှာလည်း နာရေးကူညီမှုအသင်း ဖြစ်လာခဲ့ပါတယ်။ ပြာသိုလပြည့် အမေနေ့လှုပ်ရှားမှုလည်း ဗြဟ္မစိုရ်နဲ့ တချိန်ထဲမှာပဲ မန္တလေးမှာ ပေါ်ထွန်းလာပြီး နိုင်ငံအနှံ့ ပြန့်ပွားခဲ့ပါတယ်။

၂၀၁၀ နောက်ပိုင်း နိုင်ငံရေးဖြေလျှော့မှုတွေ ရှိလာပြီးနောက် ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေ မန္တလေး၊ မိတ္ထီလာတဝိုက်မှာ ဖြစ်ပွားခဲ့ပါတယ်။ ၉၆၉ လှုပ်ရှားမှုရဲ့ မန္တလေး ဦးဆောင်သူအဖြစ် မစိုးရိမ်တိုက်သစ်က ဆရာတော် ဦးဝီရသူကို လူသိများပြီး ၂၀၁၅ NLD ရွေးကောက်ပွဲနိုင်ပြီးနောက်ပိုင်းမှ မဘသအရှိန်လျော့သွားခဲ့ပါတယ်။

ယူနန်စျေးကွက်ကိုမှီပြီး စည်ကားခေတ်မီလာတဲ့ မန္တလေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယူနန်စျေးကွက်ကိုမှီပြီး စည်ကားခေတ်မီလာတဲ့ မန္တလေး

NLD ခေတ် မန္တလေးကို စမတ်စီးတီးအဆင့် ၀င်အောင်လုပ်တဲ့ တိုင်း၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ မြို့တော်၀န် ဒေါက်တာရဲလွင်ကို မြို့က ဒေါက်ဇော် နဲ့ ဒေါက်ရဲလို့ပဲ တရင်းတနှီး ခေါ်ဆိုကြပါတယ်။ NLD ခေတ် မန္တလေးလမ်းတွေ ပိုအဆင့်မြင့်လာပြီး နိုင်ငံစီးပွားရေး ကောင်းချိန်၊ တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေး ဖြစ်ထွန်းချိန်တွေနဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒါကြောင့် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်နဲ့ အပြိုင် မန္တလေး ဆန္ဒပြ လူလှိုင်းက ကြီးမားခဲ့ပြီး ဒေါက်တာတေဇာဆန်းနဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MDY PDF) ခေါင်းဆောင်တွေလို လူငယ် ခေါင်းဆောင်သစ်တွေ ပေါ်ထွက်စေခဲ့ပါတယ်။

ငလျင်လွန် မန္တလေး

မန္တလေးငလျင်ဘေးကြောင့် ကယ်ဆယ်ရေး အခက်ကြုံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မန္တလေးငလျင်ဘေးကြောင့် ကယ်ဆယ်ရေး အခက်ကြုံရ

၂၀၂၅ မတ်လ မန္တလေး-စစ်ကိုင်းတဝိုက်မှာ လှုပ်တဲ့ အညာငလျင်ကြီးဒဏ်ကြောင့် မြို့အနှံ့ အပြိုအပျက်ကြီးမားခဲ့သလို အသေအပျောက်လည်း များခဲ့ပါတယ်။ မန္တလေးတက္ကသိုလ်၊ မဟာမုနိဘုရားကြီး၊ နန်းမြို့ရိုးနဲ့ ဘုန်းကြီးကျောင်းတွေအပါအ၀င် မန္တလေးသမိုင်း၀င် အဆောက်အဦ အများအပြား ပြိုပျက် မီးလောင်လို့ ပြန်ထူထောင်ရေး ခက်ခဲခဲ့ပါတယ်။ ဒီတကြိမ် မန္တလေးအကွေ့အပြောင်းက အရင်အကြိမ်တွေလို နိုင်ငံရေး၊ စစ်ရေး အပြောင်းအလဲမဟုတ်ဘဲ သဘာ၀ဘေးအန္တရာယ်ကြောင့် ဖြစ်တဲ့အပြောင်းအလဲ ဖြစ်လို့ ထူထောင်ရေး လုပ်ငန်းစဉ်တွေမှာလည်း ကျွမ်းကျင်မှုနဲ့ ငွေကြေးအရင်းအမြစ်တွေ ချို့တဲ့ခဲ့ပါတယ်။

မန္တလေးမြို့ဟာ မီးလျှံထဲက မသေငှက်လိုပဲ ပြန်လည်နိုးထလာတတ်ကြောင်း စာရေးဆရာမြသန်းတင့်ရဲ့ အရေးအသားကို ဒီတကြိမ်မှာလည်း ပြန်လည်ကိုးကားကြပေမယ့် ပြည်တွင်းစစ်ဒဏ်၊ စီးပွားရေးနိမ့်ကျမှုဒဏ်တွေနဲ့ လေးနှစ်ကျော် ရင်ဆိုင်ရပြီးသား ဖြစ်တဲ့ မန္တလေးနဲ့ အညာဒေသရဲ့ ငလျင်အလွန် ပြန်လည်တည်ဆောက်ရေးကတော့ စိန်ခေါ်မှု အများကြီးနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ နိုင်ငံရေးတည်ငြိမ်မှု ပြန်ရလာရင်တော့ တရုတ်နဲ့ အိန္ဒိယ ကုန်သွယ်ရေးလမ်းနဲ့ အထက်-အောက်မြန်မာပြည် ကုန်သွယ်ရေး လမ်းဆုံက မန္တလေးရဲ့ ရွှေရောင်လွှမ်းတဲ့ခေတ်တွေ ပြန်ပေါ်လာနိုင်တယ်လို့ပဲ ခန့်မှန်းနေသူတွေလည်း ရှိပါတယ်။ မန္တလေးဟာ ခေတ်တွေအကြိမ်ကြိမ်ပြောင်းပြီး အသွင်မျိုးစုံကူးခဲ့ပေမယ့် မန္တလေးဗီဇ မန္တလေးသန္ဓေဆိုတဲ့ စိတ်ယဉ်ကျေးမှုနဲ့ လူမှုယဉ်ကျေးမှုဓလေ့တွေကတော့ ဆက်ပြီး ကျန်ရစ်နေခဲ့မှာ ဖြစ်ပါတယ်။

၁၉ ရာစုလယ်က မန္တလေးကျုံးနဲ့ နန်းမြို့ရိုး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉ ရာစုလယ်က မန္တလေးကျုံးနဲ့ နန်းမြို့ရိုး