အသည်းနှလုံးနုတ်သွားတဲ့ မန္တလေးမီးနဲ့ ကြီးထွားလာတဲ့ တရုတ်စျေးကွက်

ဓာတ်ပုံ ရင်းမြစ်, Independent Picture Service
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မန္တလေးနဲ့ မီး ကက်ကင်းကျတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ မန္တလေးမှာ မီးခဏခဏ လောင်ခဲ့တာဟာ ဝင်းတွေတည်ဆောက်ပုံကြောင့်လို့ ထောက်ပြသူတွေ ရှိပါတယ်။
ဘုရင်ခေတ်က အာဏာရှိသူ၊ ချမ်းသာသူတွေ နေခဲ့တဲ့ ပြပေါက်ဝင်းကြီးတွေဟာ နောက်ပိုင်းမှာ လေးစိတ်ဝင်းတွေ ဖြစ်လာသလို လူနေလည်း ပြွတ်သိပ်လာပါတယ်။
ဒီလို ရပ်ကွက်တွေကြားက ဒူးကြားလမ်းကျဉ်းတွေကြောင့်လည်း မီးသတ်ကားဝင်မရ ဖြစ်လို့ ပိုပြီး မီးလောင်ဆုံးရှုံးနိုင်တယ်လို့ သိရပါတယ်။
ဘုရင်ခေတ်ကတည်းက မီးကြီးတွေ လောင်တတ်တဲ့ မန္တလေးမှာ ၁၉၈၁ နဲ့ ၁၉၈၄ က လောင်တဲ့ မီးတွေဟာ ဒီဘက်ခေတ်မှာ အထင်ရှားဆုံး ဖြစ်ပါတယ်။
ဒီမီးနှစ်ခုပေါင်းရဲ့ ပျက်စီးဆုံးရှုံးမှုကလည်း ရွှေတကျပ်သားကို ကျပ်ထောင်ဂဏန်းရှိတဲ့ အဲဒီခေတ်မှာတင်ပဲ ကျပ်ငွေတန်ဖိုး သိန်း ၆၅ဝဝ လောက် အနည်းဆုံးရှိပြီး အိမ်ခြေ တသောင်းကျော် လောင်ကျွမ်းခဲ့ပါတယ်။
၁၉၈၁ မေလ ၁ဝ ရက်ညက လောင်တဲ့ မီးကြောင့် လူ ၈ ယောက် မီးလောင်သေဆုံးခဲ့ပြီး ၁၉၈၄ မီးအတွင်းမှာလည်း နှလုံးရပ်သေဆုံးသူ၊ မီးလောင်ပြီးနောက်မှ စိတ်ထိခိုက်သေဆုံးသူတွေ ရှိခဲ့ပါတယ်။
၁၉၈၄ က လောင်တဲ့မီးကြောင့် မန္တလေးရဲ့ လူမှုတည်ဆောက်ပုံ အများကြီး ပြောင်းသွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, နတ်မောက်ထွန်းရှိန်
မီးအစ
၁၉၈၄ ခုနှစ် မတ်လ ၂၄ ရက် ညနေ သုံးနာရီ မထိုးခင်မှာ ၈၄ လမ်းနဲ့ ၃၅ လမ်းထောင့်နားက ဦးကျားကြီးဝင်းမှာ အုန်းဆံဖတ်ထုပြီး ကားအမိုးကူရှင်ချုပ်တဲ့ အိမ်က စလောင်တာပါ။
ခြောက်နှစ်သား ယောက်ျားကလေးက အိမ်ပေါ် မီးခြစ်ရာကနေ စပြီး လောင်တယ်လို့ နတ်မောက်ထွန်းရှိန်ရဲ့ ကိုယ်တွေ့မန္တလေးမီး စာအုပ်မှာ ဖော်ပြပါတယ်။
ကပ်မိုးထရံကာအိမ်ကို လောင်တဲ့မီးကို အနီးကလူတွေ ဝိုင်းငြှိမ်းပေမယ့် လောင်စာတွေကြောင့် မီးက ချက်ချင်းပဲ အိမ်ခေါင်ကို ရောက်သွားတယ် ဆိုပါတယ်။
အဲဒီနောက် မိနစ်ပိုင်း အတွင်းမှာ မီးကို မနိုင်တော့ဘဲ အရှိန်ကြီးသွားပါတယ်။
နွေပေါက်စ တောင်လေတိုက်နေတာမို့ မြို့လယ်ကို မီးမကူးအောင် ဝိုင်းငြှိမ်းကြပေမယ့်လည်း မနိုင်ဘဲ မီးက မြောက်ဘက် ဆက်လောင်ပြီး မြို့လယ် ပတ်ကားနယ်မြေကြီးကို လောင်သွားခဲ့တာ ဖြစ်ပါတယ်။
မီးသတ်ကားတွေ ရေရဖို့ ကျုံးနဲ့ မစိုးရိမ်ရေစင်အထိ သွားပြီး ရေယူရလို့ မီးကို မထိန်းနိုင်တာ၊ ရပ်ကွက်တွေထဲက ရေပိုက်ခေါင်းတွေ ဖွင့်မရတာနဲ့ အိမ်တွေမှာ လောင်စာတွေ လှောင်ထားလို့ ပေါက်ကွဲမှုတွေ ဖြစ်တာ၊ ဝင်းတွေထဲ မီးသတ်ကား ဝင်ရခက်တာတွေကြောင့် မီးအကြီးအကျယ် လောင်ရတာလို့လည်း သုံးသပ်ကြပါတယ်။
တညနေလုံး ခုနစ်နာရီ လောက် ဆက်တိုက် လောင်တဲ့မီးဟာ ည ၁ဝ နာရီလောက်မှ ကျုံးထိပ်ကို ရောက်ပြီး မီးညွန့်ကျိုးသွားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Harvey Meston
မီးဘေးမီးပြေး
၁၉၈၄ မီးကြောင့် အိုးအိမ်မဲ့ ဖြစ်ရသူ လူ ၂၂,ဝဝဝ ကျော် ရှိပါတယ်။
မီးလောင်တဲ့နေ့က မြို့ထဲက ပြေးရသူတွေဟာ ကျုံးမြောက်ဘက်က မန်းရာပြည့်ကွင်းနဲ့ သုဓမ္မာဇရပ်တွေ ဘက်ကို ပြေးကြရပြီး တချို့လည်း မြစ်ဆိပ်ဘက် ပြေးကြရင်း လှေနဲ့ မင်းကွန်းထိ ပြေးတယ်လို့လည်း သိရပါတယ်။
မြို့အနောက်ပြင်က ဘုန်းကြီးကျောင်းတွေဆီကို ခိုလှုံသူတွေလည်း အများအပြား ရှိပါတယ်။
မီးလောင်ပြီးညက ရာပြည့်ကွင်းထဲနဲ့ မန္တလေးတောင်ခြေမှာ လူပျောက်ရှာတဲ့အသံတွေနဲ့ ဆူညံနေပြီး လုယက်မှုတွေ မဖြစ်အောင်လည်း စစ်တပ်ချထားရပါတယ်။
တကယ်က မီးလောင်မှုတွေ ဖြစ်ချိန်မှာပဲ မြို့ထဲမှာ တပ်ချပြီး လူတွေ အဝင်မခံတော့တာ ဖြစ်ပါတယ်။
မီးလောင်ပြီး သုံးရက်ကြာမှ မီးလောင်ပြင်ကို ပြန်ဖွင့်ပေးပြီး ရှာခွင့်ပေးတယ် လို့လည်း သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Maung Maung Latt (Chit Nyo)
မီးဘေးသင့် ပျက်စီးရတဲ့အထဲမှာ စျေးချိုတော် တိုက်တန်း တောင်ဘက်ခြမ်း၊ ကြေးနန်းရုံးနဲ့ ဘဏ်တိုက်ကြီး ခေါင်မိုးပါ ပါသွားပြီး မီးသတ် မျှော်စင်ကတော့ ကံဖယ်ပြီး လွတ်သွားခဲ့ပါတယ်။
၂ဝ ရာစုဆန်းက ဆောက်တဲ့ စျေးချို အဆောက်အဦကြီးနဲ့ ကုန်တိုက်၊ အော်တိုတာဝါတိုင်တွေ မလောင်အောင်၊ ဘဏ်တိုက်တွေ လွတ်အောင် ကြိုးစားငြှိမ်းသတ်ခဲ့ရတာ ဖြစ်ပါတယ်။
တချို့ကတော့ ကိုယ့်အိမ်မပါအောင် တံခါးပိတ်ပြီး ကြိုးစားငြှိမ်းကြလို့ မီးလွတ်သူတွေ ရှိပါတယ်။
ရေကုန်လို့ မြောင်းပုပ်ရေနဲ့ ပက်ငြှိမ်းခဲ့ရတဲ့ လူထုစာအုပ်တိုက် မီးလွတ်ခဲ့တဲ့အတွက် ၈၄ အောင်ဆန်းလမ်း တလျှောက် စျေးချိုထိ လမ်းပေါ်က တိုက်တွေ မီးလွတ်တာလည်း ဖြစ်ခဲ့ပါတယ်။
၁၉၈၄ မီးကြောင့် မြို့လယ်က ဘာသာရေး အဆောက်အအုံတွေနဲ့ စာကြည့်တိုက်တွေ အပါအဝင် လူနေတိုက်တာတွေနဲ့ စီးပွားရေး လုပ်ငန်းတွေ အများအပြား လောင်ကျွမ်းခဲ့လို့ မန္တလေး အသည်းနှလုံးကို နုတ်ယူသွားတဲ့မီးလို့ မန္တလေးသားတွေက ရေးသား ကြပါတယ်။
စျေးချိုအရှေ့ဘက်က အရောင်းအဝယ်ရပ်ကွက်ကြီး တခုလုံးနီးပါး မီးထဲပါသွားလို့ မန္တလေး စီးပွားရေး ပျက်ပြားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kotin Maymyo
ဒီထဲမှာ မန္တလေးမြို့တည်ကတည်းက ဆောက်ခဲ့တဲ့ စျေးချိုနားက အိုးဘိုဗလီကြီးလည်း ပါသွားပါတယ်။
ကျောက်သား ပန်းပုလက်ရာတွေနဲ့ လှပတဲ့ ဗလီဖြစ်ပြီး နန်းတော်ကို ပိုးချည်သွင်းတဲ့ ကုန်သည်ခေါင်း ဦးချိန်က တကာခံ ဆောက်ခဲ့တာ ဖြစ်ပါတယ်။
နောက်မီးလောင်ချိန်မှာ ဝိုင်းကူငြှိမ်းပေးသူတွေက စာသင်တိုက်တွေက ဘုန်းတော်ကြီးတွေ ဖြစ်ပါတယ်။
ဆွမ်းဒကာတွေရဲ့ ဒုက္ခကို ကူညီငြှိမ်းသတ်ပေးတာ ဖြစ်သလို ဘာသာမတူသူတွေရဲ့ အိမ်တွေကိုပါ ကူငြှိမ်းပေးကြပါတယ်။
မန္တလေးမြို့က ရုပ်ရှင်ရုံပိုင်ရှင်ဟောင်း တယောက်အိမ် မီးလောင်ရာမှာတော့ သော့ဖွင့်မရလို့ မီးခံသေတ္တာထဲက ပစ္စည်းတွေ ထုတ်မရဘဲ ကျန်ခဲ့ပါတယ်။
အဲဒီနောက် သံဃာတွေက မီးလောင်ပြင်က ပြာတွေကို ဂုံနီအိတ်တွေနဲ့ ကျုံးသယ်လာပြီး လှည်းတွေနဲ့ တင်ယူကာ ရေဖျော် ပြန်စစ်ချပြီး စိန်ရွှေရတနာတွေ ရှာပေးကြပါတယ်။
အဲဒီအခါ စိန်တွေ ပြာဖြစ်ကုန်ပြီး ရွှေတွေ ပြန်ရတယ်လို့ မီးလောင်ပြီးစအချိန်က ဗြိတိသျှကောင်စီကတဆင့် ဗြိတိန်က မိတ်ဆွေတယောက်ဆီ ရောက်လာတဲ့ စာတစောင်မှာ ပါပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Heritage Images
နောက် ယဉ်ကျေးမှုဌာနကို လှူခါနီးမှာ မီးလောင်သွားတဲ့ ရှေးဟောင်း ပစ္စည်းတွေလည်း ရှိပါတယ်။
မြန်မာဘုရင်ခေတ်နဲ့ ဗြိတိသျှခေတ်က မန္တလေးလက်ရာ ပုရပိုက်တွေ၊ ဓာတ်ပုံတွေနဲ့ တခြား ရှားပါးပစ္စည်းတွေ ထိန်းထားတဲ့ ၂၆ ဘီလမ်း ကျုံးနားက မြန်မာ့အလင်း သတင်းထောက်ဟောင်း ဦးကိုကိုလတ်ရဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။
ဝသုန္ဒြေလက်ရေး
မန္တလေးမီး လောင်အပြီးမှာ မြို့လယ်မြေကွက်တွေကို ပြန်မဆောက်နိုင်သူတွေက ရောင်းချရာကနေ မြို့ခံမဟုတ်သူတွေ မြို့လယ်မှာ အခြေချလာကြတယ်လို့ မန္တလေး ဒေသခံ စာရေးဆရာတွေက ရေးကြပါတယ်။
မူလက သောင်းဂဏန်းလောက်တန်တဲ့ မြေကွက်တွေကို လပိုင်းအတွင်း သိန်းချီပေးဝယ်တာတွေ ဖြစ်လာပြီး ဆယ်စုနှစ်တခု နှစ်ခုအတွင်းမှာ သိန်းဆယ်ဂဏန်း၊ ရာဂဏန်းအထိ တန်လာတယ်လို့ ဆိုပါတယ်။
မြေစျေးတက်မှုမှာ ငွေမည်း ငွေဖြူဖော်တာအပြင် မြန်မာငွေတန်ဖိုးကျဆင်းမှု၊ ငွေကြေးဖောင်းပွမှုတွေကလည်း သက်ဆိုင်တဲ့ အကြောင်းတွေ ဖြစ်ပါတယ်။
အရင်က နှစ်ထပ်တိုက်သာ အများအပြားရှိတဲ့ မန္တလေးမြို့လယ်မှာ လေးငါးထပ်ရှိတဲ့ တိုက်သစ်ကြီးတွေ ပေါ်လာခဲ့ပြီး ဒီတိုက်တွေကို မည်မည်ရရ စီးပွားရေးလုပ်ငန်းမပြနိုင်တဲ့သူတွေ ပိုင်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ဒါကြောင့် ခေါက်ဆွဲဆိုင်လေး ဖွင့်ထားတဲ့ တိုက်မြင့်တွေ၊ တံခါးပိတ်ထားတဲ့ တိုက်မြင့်တွေ ၁၉၉ဝ နောက်ပိုင်းမှာ မန္တလေးမှာ ရှိလာပါတယ်။
မန္တလေး စာရေးဆရာတွေ စုစည်းထုတ်ဝေတဲ့ ဝသုန္ဒြေလက်ရေး စာအုပ်က ဒီလို ဇာတိမဟုတ်သူတွေ အရှေ့မြောက်က ရောက်လာတဲ့အကြောင်း အဓိကထား ရေးတဲ့ ဝတ္ထုတွေ ဖြစ်ကြပါတယ်။
ဒီထဲမှာ ညီပုလေးရဲ့ စပါးကြီးမြွေ က ထင်ရှားပြီး အသစ်ဝင်လာသူတွေကို မြွေနဲ့ နှိုင်းထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu
သူနဲ့အလားတူ ဝတ္ထုရေးဆရာတွေရဲ့ လက်ရာတွေမှာ ဝင်လာသူတွေရဲ့ အသားအရေနဲ့ ဒေသခံတွေ ကွာခြားမှု၊ လေယူလေသိမ်းကွာမှု၊ စီးပွားရေး အင်အားကွာမှုတွေကို နှိုင်းယှဉ်ရေးကြတာကို တွေ့ရပါတယ်။
ဒီထဲက ရတနာပုံရွှေမန္တလေး ဝတ္ထုမှာ ပါတဲ့ ဖိုးသူတော် မျက်စိလည်လေ အီကြာကွေးရလေ ဆိုတဲ့ စကားကလည်း အခြေချလာသူတွေရဲ့ ယဉ်ကျေးမှုဓလေ့ကို ထင်ဟပ်တာ ဖြစ်ပါတယ်။
ညီပုလေးရဲ့ မိခင် လူထုဒေါ်အမာ ရေးတဲ့ အိမ်စျေးမြေစျေးတွေကောင်းတယ်ဆိုလို့ ဆိုတဲ့ ဝတ္ထုဟန် ဆောင်းပါးမှာတော့ ဝမကလို့ ဝိဖြစ်ဖြစ် မရောင်းပါဘူးလို့ ပါသလို ဒါတို့ပြေ၊ ဒါတို့မြေ၊ဒါငါတို့ပြည် ဆိုပြီး အဆုံးသတ်ပါတယ်။
ဒီလို အရေးအသားတွေဟာ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ ပေါ်လာစေတယ်လို့ သုံးသပ်သူတွေ ရှိသလို မူလနေရင်း တရုတ်လူမျိုးတွေနဲ့ မတူတဲ့ အသစ်ဝင်လာသူတွေရဲ့ နေထိုင်ပုံ သီးသန့်ဆန်မှု၊ စီးပွားရေး အင်အားကြီးမှုတွေကြောင့် ဒေသခံတွေနဲ့ အဆင်မပြေတာလို့လည်း မြို့ခံ စာရေးဆရာတွေက ရေးသားကြပါတယ်။
၁၉၈၉ မှာ စစ်အစိုးရသစ်နဲ့ ကိုးကန့်၊ ဝ စတဲ့ အရှေ့မြောက်ပိုင်းက ဗကပ သြဇာခံတပ်တွေ အပစ်ရပ်စဲရေး ယူပြီးနောက် မန္တလေးမှာ ကိုးကန့်နဲ့ ဝ လူမျိုးတွေ ရောက်လာတာကိုလည်း ဒီစာတွေမှာ တွေ့ရပါတယ်။
မှောင်ခိုမြို့တော်
တကယ်တော့ မန္တလေးမှာ တရုတ်လူမျိုးတွေ အခြေချတာ အစဉ်အဆက်က ဖြစ်ပြီး တရုတ်လူမျိုးတွေရဲ့ ဘုံကျောင်းတွေနဲ့ သူတို့ လှူဒါန်းတဲ့ ကျောင်းကန်တွေ ရှိခဲ့ပါတယ်။
တရုတ် ကုန်သည်တွေ စတည်းချတဲ့ မန္တလေး အနောက်ပြင်က ရပ်ကွက်ကြီးကို ဒေးဝန်းရပ်လို့ ခေါ်ပြီး ရင်းမြစ်က တရုတ်စကား ဖြစ်ပါတယ်။
တရုတ်ပြည်ကြီးကနေ မြန်မာပြည်ကို ကုန်းလမ်းကလာတဲ့ ကုန်အထည်အလိပ် ၊ အသုံးအဆောင်တွေအပေါ် ကြည့်ရှု ကောက်ခံရတဲ့ အရာရှိကို ဒေးဝန်းအကောက်ဝန်လို့ ခေါ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hulton Deutsch
၁၉၇ဝ ကျော်မှာ မန္တလေးဟာ တနိုင်ငံလုံးက မှောင်ခိုလမ်းကြောင်းတွေရဲ့ ဆုံရပ် ပင်လယ်ကြီး ဖြစ်နေတယ်လို့လည်း စာရေးဆရာကြီး မြသန်းတင်ရဲ့ ပန်းခင်းကို မြင်းစီး၍ကြည့်ခြင်း ခရီးသွားဆောင်းပါးမှာ ပါပါတယ်။
ရှမ်း၊ ရှမ်းတရုတ်၊ ကချင်၊ ချင်း၊ ကသည်း၊ အိန္ဒိယ စတဲ့ လူမျိုးစုံ ရောယှက်နေတဲ့ မြို့ကြီး ဖြစ်နေပြီး မန္တလေးသူတွေရဲ့ ဝတ်စားပုံကလည်း ရန်ကုန်ထက် ခေတ်မီတယ်လို့ မြသန်းတင့်က ရေးပါတယ်။
ရန်ကုန် ဗိုလ်ချုပ်စျေးမှာတောင် မန္တလေးစျေးချိုမှာလို ခေါင်းလောင်းဘောင်းဘီဝတ်တဲ့ မိန်းကလေးတွေ တွေ့လေ့မရှိဘူးလို့လည်း ဆိုပါတယ်။
ဆိုရှယ်လစ် စီးပွားရေးကြောင့် ပြည်ပက တရားမဝင် လာတဲ့ ကုန်စည်တွေကို မှီခိုလာရပြီး တရုတ်လမ်းကြောင်း၊ အိန္ဒိယလမ်းကြောင်းတွေက မန္တလေးမှာ လာဆုံတာ ဖြစ်ပါတယ်။
မန္တလေးလိုပဲ ၁၉၈၈ မတိုင်မီ မှောင်ခိုလမ်းကြောင်းပေါ်က မုံရွာ၊ မော်လမြိုင်၊ လားရှိုးစတဲ့ မြို့ကြီးတွေ စည်ကားခဲ့တဲ့ အချိန်ဖြစ်ပါတယ်။
ဒါကြောင့် မန္တလေးဟာ တည်းခိုခန်း မြို့တော်၊ ရှမ်းခေါက်ဆွဲ မြို့တော် ဖြစ်တယ်လို့လည်း စာရေးဆရာ မောင်သော်ကက ရေးခဲ့ပါတယ်။
၁၉၈၄ မီးလောင်တဲ့အခါမှာလည်း ၂၉ လမ်းတလျှောက်က တည်းခိုခန်းတွေနဲ့ ရှမ်းပင်၊ ပတ်ကား၊ ကိန်ကြည် စတဲ့ တရုတ်စားပွဲရုံတွေ အများအပြား ပါသွားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Chau Doan
၂၁ ရာစု မန္တလေး
စစ်အစိုးရရဲ့ စျေးကွက်စီးပွားရေး ခေတ်မှာ နယ်စပ်က လာတဲ့ တရုတ်နွယ်ဖွားတွေရဲ့ လုပ်ငန်းတွေက မြို့ခံ မြန်မာစီးပွားရေးတွေကို လွှမ်းမိုးသွားပြီဆိုတဲ့ ရေးသားမှုတွေကို ၂ဝဝဝ ပြည့်လွန်နှစ်တွေမှာ ပိုတွေ့လာရပါတယ်။
ဒီတရုတ်လူမျိုးတွေဟာ တရုတ်ပြည်က လာတာမဟုတ်ဘဲ ရှမ်းပြည်မြောက်ပိုင်းက တရုတ်နဲ့ ရှမ်းတရုတ်တွေ ဖြစ်တယ်လို့လည်း ဆိုသူတွေ ရှိသလို တချို့ကလည်း နယ်စပ် ယူနန် ပြည်နယ်နဲ့ ဟိုဘက်က ဇီချွမ်ပြည်နယ်က တရုတ်တွေပါ ဝင်လာတယ်လို့ ရေးပါတယ်။
ရတနာပုံစျေးနဲ့ မန္တလေးမြို့သစ် သိပ္ပံလမ်း၊ ၇၈ လမ်းတဝိုက်တွေမှာ တရုတ်လူမျိုးတွေရဲ့ စီးပွားရေးတွေ ပိုတွေ့လာရပြီး မြို့ရဲ့ အဓိက အချက်အချာ ဖြစ်ခဲ့တဲ့ စျေးချို စီးပွားရေးကို လွှမ်းမိုးလာတယ်လို့ မြန်မာ စီးပွားရေး သတင်းထောက်တွေက မြင်လာကြပါတယ်။
၁၉၈၈ အရေးအခင်းမှာ တက်ကြွခဲ့တဲ့ စျေးချိုဟာလည်း အဆင့်မြင့်တိုက်သစ်ကြီးတွေ ဆောက်ပြီးနောက်ပိုင်း ရောင်းအားကျလာပါတယ်။
ကျောက်စိမ်းစျေးကွက်၊ နယ်စပ် မူဆယ်ကသွားတဲ့ သီးနှံစျေးကွက် စတာတွေမှာတော့ တရုတ်စျေးကွက်က အဓိက ဝယ်လိုအား ဖြစ်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Chau Doan
မန္တလေး လူဦးရေရဲ့ ၄ဝ ရာခိုင်နှုန်းထိ တရုတ်လူမျိုးတွေ ဝင်ရောက်လာတယ်လို့ သိရပြီး အထက်ပိုင်းမှာ ၁၉၈၈ နောက်ပိုင်း တရုတ် ၁ သန်းက ၂ သန်းထိ ဝင်လာတယ်လို့ ဆိုပါတယ်။
၁၉၉ဝ ကျော်မှာ ဝင်လာတဲ့ လူ နှစ်သိန်းလောက် ရှိတဲ့ ယူနန်တရုတ်တွေဟာ မန္တလေး လူဦးရေကို နှစ်ဆတိုးစေတဲ့ အကြောင်းတချက် ဖြစ်တယ်လို့လည်း ပါမောက္ခဒေါက်တာမြမောင်ရဲ့ အထက်မြန်မာပြည်ကို တရုတ်ဇာတ်သွင်းခြင်း စာတမ်းမှာ ရေးပါတယ်။
ပြည်တွင်းပေါက် တရုတ်နွယ်ဖွားတွေမှာ နိုင်ငံသားမှတ်ပုံတင် ရဖို့ ခက်ပေမယ့် ပြည်ပက ဝင်လာတဲ့ တရုတ်တွေက အလွယ်တကူရနေကြတယ်လို့လည်း ရေးသူတွေ ရှိပါတယ်။
ဒါတွေကို အထောက်အထား သေချာပြဖို့ ခက်ပေမယ့် မြန်မာပြည်ထဲမှာ တရုတ်အလုပ်သမားတွေ အလွယ်တကူ လာရောက်လုပ်ကိုင်နေကြတာကို မြို့ကြီးတွေမှာ တွေ့နေရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU
ဒီလို မန္တလေးနဲ့ အထက်ပိုင်းမှာ တရုတ် စီးပွားရေး အင်အားကြီးလာတာဟာ ၁၉၇၈ မှာ တရုတ်ပြည် တံခါးဖွင့်ပြီးနောက်ပိုင်း ချမ်းသာလာတာ၊ မြန်မာဘက်က ၁၉၈၈ မှာ တံခါးဖွင့်လာတာနဲ့ စစ်အစိုးရသစ်နဲ့ တရုတ် ဆက်ဆံရေး အထူးကောင်းမွန်လာတာတွေမှာ အရင်းခံပါတယ်။
နယ်စပ် မူဆယ်ကနေ လားရှိုး၊ မန္တလေးကို သွားတဲ့ လမ်းပန်းဆက်သွယ်ရေးတွေ ပိုကောင်းလာပြီး တရုတ်နဲ့ ရထားလမ်း ဖောက်ဖို့အထိ စဉ်းစားနေပြီ ဖြစ်ပါတယ်။
အနှစ် ၃ဝ နီးပါး အခြေချလာခဲ့ကြတဲ့ နောက်ရောက် တရုတ်နွယ်ဖွားတွေနဲ့ မြို့ခံ မြန်မာတွေကြား ဆက်ဆံရေး ပုံစံတွေလည်း ပြောင်းလဲနေပြီ ဖြစ်ပါတယ်။
ဘေဂျင်းကနေ မန္တလေးမှာ လာပြီး ဖွင့်လှစ်လုပ်ကိုင်နေတဲ့ တရုတ်စီးပွားရေးတွေ ရှိသလို တရုတ်ကုမ္ပဏီစိုက်ခင်းတွေလည်း မြန်မာပြည် အထက်ပိုင်းမှာ တွေ့နေရပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SOE THAN WIN
ရွှေမန်းဆီသို့
မန္တလေးက တရုတ်စာသင်ကျောင်းတွေမှာ မြန်မာတွေ လာသင်တာ ရှိနေချိန်မှာ မန္တလေးက တရုတ်ဆိုင်တွေမှာ တရုတ်ဘာသာဆိုင်းဘုတ်တွေ ချိတ်တာကို ကန့်ကွက်တာတွေလည်း ရှိပါတယ်။
တရုတ် ခရီးသွားတွေ အသွားများတဲ့ နေရာတွေ လမ်းတွေမှာ တရုတ်ဘာသာ လမ်းညွှန် အမှတ်အသားတွေ ကျကျနန ရှိသင့်ပြီ၊ ဒါမှ စီးပွားကုန်သွယ်ရေးမှာ အဆင်ပြေမယ်လို့လည်း သုံးသပ်သူတွေ ရှိပါတယ်။
မာလာဟင်း၊ အသားကင် စတဲ့ တရုတ်ပြည်အနောက်ပိုင်းက စားသောက်ပုံတွေလည်း မန္တလေးနဲ့ ရန်ကုန် မြို့ကြီးတွေမှာသာမက နယ်တွေအထိပါ ရောက်ရှိနေပါပြီ။
တဘက်ကလည်း မန္တလေးမှာ မြန်မာမဟုတ်သူတွေ ဝင်လာလို့ မြန်မာယဉ်ကျေးမှုတွေ ပျက်ပြားတယ် ဆိုပြီး ဆူးငှက်စတဲ့ စာရေးဆရာတွေက ရေးကြပါတယ်။
မြို့လယ်မှာ မြန်မာတွေ နည်းသွားတဲ့ ဘုရားပွဲတွေ မစည်တော့ဘူး၊ အငြိမ့်သဘင် ပျောက်ကွယ်နေပြီ စတဲ့ အရေးအသားတွေကို လူထုစိန်ဝင်း စတဲ့ မန္တလေးသား စာရေးဆရာတွေက ရေးလေ့ရှိပါတယ်။
တကယ်က ဘုရားပွဲတွေသာမက ရိုးရာ မုန့်ပဲသရေစာတွေလည်း မန္တလေး မြို့လယ်မှာ တွေ့ရနည်းနေပြီ ဖြစ်ပါတယ်။
ဒီအတွက် မန္တလေးသင်္ကြန် တခေတ်ဆန်းရေးကို ၂ဝ၁၈ က စပြီး ကြိုးစားရာမှာ လမ်းလျှောက်သင်္ကြန် အောင်မြင်သွားလို့ ရန်ကုန်စတဲ့ မြို့တွေမှာပါ လိုက်လုပ်ဖို့ ပြင်နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Marka
မန္တလေးမီးကြီး မလောင်ခဲ့ဘဲ ပုံမှန်အတိုင်း မြို့ပြ ဖွံ့ဖြိုးမှုတွေ ဖြစ်ခဲ့မယ် ဆိုရင် တရုတ် ဆန့်ကျင်ရေး အယူအဆတွေ မြန်မာစာပေနဲ့ လူမှုကွန်ရက်တွေမှာ အခုလောက် များများစားစား တွေ့ရပါ့မလား ဆိုတာကလည်း မေးစရာ ရှိပါတယ်။
စစ်အစိုးရတွေကို တရုတ်က ကူညီခဲ့တာ၊ မြစ်ဆုံဆည်ဆောက်ဖို့ တရုတ်က ဖိအားပေးလာတာ စတာတွေကလည်း မြန်မာပြည် အထက်ပိုင်းမှာ တရုတ် ဆန့်ကျင်မှုတွေ ဖြစ်လာစေတဲ့ အချက်တွေထဲမှာ ပါပါတယ်။
နောက်ပြီး ရန်ကုန်လို ခေတ်မီ ယဉ်ကျေးမှုကို တည်ဆောက်မှုမျိုး မန္တလေးမှာ သေချာ မရှိခဲ့ဘဲ အစဉ်အလာတွေကို ဖက်တွယ်လွန်းတာကလည်း ဒီဆန့်ကျင်မှုတွေကို ပိုဆိုးသွားစေပါတယ်။
ဒါကြောင့် သီးခြား နေလို့ မရတော့တဲ့ ခေတ်အခြေအနေမှာ မန္တလေးဟာ တရုတ်နဲ့ အိန္ဒိယ စီးပွားရေး စျေးကွက်တွေကို ဖမ်းဆုပ်နိုင်ဖို့ အရေးကြီးတယ်လို့ ဒေါက်တာ သန့်မြင့်ဦး စတဲ့ ပညာရှင်တချို့က ရေးနေကြပါတယ်။
ဒီလို ဖမ်းဆုပ်နိုင်ဖို့ကလည်း လူအားငွေအား နည်းပညာအားမှာ သာသူက အသာစီးယူမြဲ ဖြစ်တာမို့ ယူနန်ရဲ့ မကြေညာတဲ့ ကိုလိုနီလို့ အပြောခံရတဲ့ ဘဝက မန္တလေး လွတ်မြောက်ဖို့ လိုပါသေးတယ်။








