အနစ်နာခံတဲ့ ဆရာ၀န်အကြောင်း ဝတ္ထုရှည် စာပေဆု ဆွတ်ခူး ဆွတ်ခူး

အမျိုးသား စာပေဆု

ဓာတ်ပုံ ရင်းမြစ်, Pyae Phyo Wai

ဓာတ်ပုံ ပုံစာ, ကိုယ်ကျိုးစွန့် အနစ်နာခံသူတယောက်အကြောင်း ရေးဖွဲ့ထားတဲ့ စာအုပ်က စာပေဆု ဆွတ်ခူး

၂၀၁၆ အတွက် အမျိုးသား စာပေဆုကို ထက်မြက်တဲ့ ဓားသွားပေါ်က ချိုမြမြပျားရည်စက် စာအုပ်နဲ့ စာရေးဆရာ ညီပုလေး က ၀တ္ထုရှည်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။

ဆရာ ညီပုလေးရဲ့ အခု ဆုရ စာအုပ်ဟာ အရင် မြန်မာ ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ် တုန်းက တောင်တန်း ဒေသမှာ သွားရောက် အနစ်နာခံလူထု အကျိုးပြု လုပ်ငန်း လုပ်သူ တယောက် အကြောင်း အခြေခံ ရေးထားပြီး ဒီစာအုပ်ကို ဒေါက်တာဇော်ထွန်း က အင်္ဂလိပ် ဘာသာ ပြန်ဆို ထုတ်ဝေ ထားပါတယ်။

သူ့အနေနဲ့ ဆရာကြီး ဒေါက်တာ သိန်းလှိုင်ကို ငယ်စဉ်က ဖခင် ဖြစ်သူနဲ့ နာဂ သွားတုန်းက မြင်ဖူးပြီး စိတ်၀င်စားစရာ ကောင်းသူ တယောက် ဖြစ်တယ် ဆိုတာကို သတိပြုမိခဲ့တယ်လို့ ဆရာညီပုလေးက ဒီ၀တ္ထု စပြီး သန္ဓေတည် ခဲ့ပုံကို ရှင်းပြပါတယ်။

ဒါ့အပြင် မိခင် လူထု ဒေါ်အမာ ရှိစဉ် အခါတုန်းက အပူရှောင်တဲ့ အနေနဲ့ သင်္ကြန် မတိုင်ခင်ကနေ သီတင်းကျွတ် အထိ မေမြို့မှာ သွားနေလေ့ရှိရာ စာရေးဆရာ မင်းကျော်သက် (ဒေါက်တာ ကျော်ကျော်မင်း ) သူတို့အိမ်ကိုလာရင် သူနဲ့ အတူ ဆရာကြီး နာဂ သိန်းလှိုင် လိုက်ပါလာလေ့ရှိ တာကြောင့် ရှေးဟောင်းနှောင်းဖြစ် ပြောကြရင်း သူ့အကြောင်း စာရေး ၊ မှတ်တမ်းတင် ထားသင့်တယ်လို့ ယူဆတဲ့ အတွက် ဆရာကြီးနဲ့ ပတ်သက်တာတွေကို မေးမြန်း ယူထားခဲ့တာလို့ ဆုရ စာအုပ် ဖြစ်ပေါ်လာရပုံကို ဆရာ ညီပုလေးက ရှင်းပြပါတယ်။

ဒီစာအုပ်ဟာ အရင် စာပေစီစစ်ရေးခေတ်မှာဆို ဆုချီးမြှင့်ခံရမှာ မဟုတ်ဘဲ အခုလို မမျှော်လင့်ဘဲ ဆွတ်ခူးရရှိတဲ့ ပထမဆုံး ဆု အတွက် ၀မ်းသာမိပေမယ့် မိခင် ဖြစ်သူ လူထု ဒေါ်အမာ ဒီစာအုပ် ဖတ်မသွားရတဲ့ အပေါ် စိတ်မကောင်း ဖြစ်မိတယ်လို့ ဆရာ ညီပုလေးက ပြောပါတယ်။

မြန်မာ ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်ကို ထင်ဟပ်စေတဲ့ ၀တ္ထုရှည် တပုဒ် ဖြစ်ပြီး ဒေါက်တာ သိန်းလှိုင်လို ကိုယ်ကျိုးစွန့် အနစ်နာခံသူတွေ များများ ပေါ်လာစေချင်တဲ့ စေတနာ အပြင် ဆရာ၀န်တွေ သာမက တခြား အများအကျိုး ဆောင်ရွက်သူတွေ တိုးလာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီစာအုပ်ကို ရေးခဲ့တာလို့ ညီပုလေးက ဆိုပါတယ်။

လူထု အနေနဲ့ လက်သန်းတွေ မှင်စွန်းခံပြီး ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ ဆောင်ပုဒ်ကို ထောက်ခံ မဲပေးခဲ့ကြရာမှာ ဒီဆု ဆွတ်ခူး ရရှိမှုဟာ ပြောင်းလဲတာ တချို့ထဲက တခုလို့ ခံစားရပေမယ့် မပြောင်းလဲတာတွေ အများကြီး ရှိပါသေးတယ် သူက ထောက်ပြခဲ့ပါတယ်။

ညီပုလေးအပြင် ဒီနှစ် အမျိုးသားစာပေဆု ချီးမြှင့်ခံရသူတွေကတော့ ဝတ္ထုတို ပေါင်းချုပ် ကိုတော့ မင်းဝေဟင်(လရိပ်အောက်က မိုးတိမ်မဂ္ဂဇင်း ဝတ္ထုတိုများ)၊ ကဗျာပေါင်းချုပ် ဆုကိုတော့ ကိုရွေး (ရန်ကုန်ကို အလစ်မပေးနဲ့ ဒေလီယာ ကဗျာများ) ၊ စာပဒေသာစာပေဆု ကိုတော့ ကိုခါး(ကွမ်းခြံကုန်း) က ( ရေနွေးဖန်ဖန် ရေချိုချို) ၊ ကလေးစာပေဆု ကိုတော့ မောင်တင်စိုး(သစ်ရာကောက်) ရဲ့ ( ကဗျာကျောင်းနှင့် ဒေါင်းမလေး ကလေးကဗျာများ)၊ လူငယ်စာပေဆု ကိုတော့ ယမင်းမြတ်အေး ရဲ့ (အိပ်မက်ချိုချို ဘဝခါးခါး ၊ သုတပဒေသာ ဝိဇ္ဇာဘာသာရပ် ကိုတော့ မောင်နိုင်(ဒဿနိက) က (ရှေးမြန်မာ သင်္ဘောတော်ကြီးများနှင့် ရေကြောင်းအတတ်ပညာ လေ့လာမှု) ၊သုတပဒေသာ အသုံးချသိပ္ပံ ကိုတော့ ကျော်ဦး ( မိုးရေလှောင်ကန်) နဲ့ နိုင်ငံရေး စာပေဆု ကိုတော့ ဒေါက်တာ ကျော်၀င်း(သမိုင်းပါမောက္ခ-ငြိမ်း)ရဲ့ ( ဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက်ခြင်း) တို့က ဆွတ်ခူး ရရှိခဲ့တာ ဖြစ်ပါတယ်။