စမတ် စီးတီး ခေတ်ဆန် ခေတ်မီ မြို့ဖြစ်ဖို့ ဘာတွေလိုအပ်လဲ

စမတ်စီးတီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကွာလာလမ်ပူ လည်း စမတ် စီးတီး စာရင်းဝင်
    • ရေးသားသူ, ကျော်ဇေယျ
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

၂၀၁၈ ခုနှစ် မတ်လ တုန်း က စင်္ကာပူ နိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံများ ညီလာခံမှာ စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း က အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေက စမတ်စီးတီး လို့ ခေါ်ဆိုတဲ့ နည်းပညာ အသုံးချ မြို့ ကွန်ရက် တည်ထောင်ဖို့ အဆိုပြုခဲ့ပါတယ်။

ASEAN Smart cities network initiative ဆိုတဲ့ စင်္ကာပူ ဝန်ကြီးချုပ် ရဲ့ အဆိုပြုချက် ကို အဖွဲ့ဝင် နိုင်ငံ အားလုံး က လက်ခံ သဘောတူညီ ခဲ့ကြပြီး မြို့နေ လူထု ရဲ့ နေထိုင် သွားလာမှုတွေမှာ နည်းပညာ ကို ပိုမို အသုံးချ ကြဖို့ ကြိုးပမ်း လုပ်ဆောင် ကြမယ်လို့ ဆွေးနွေး ခဲ့ကြပါတယ်။

အာဆီယံ နိုင်ငံတွေ ထဲမှာ စမတ်စီးတီး ဖြစ်ဖို့ အလားအလာ များတဲ့ မြို့ကြီး (၁၀) မြို့ အကြောင်းကို နည်းပညာ နဲ့ စီးပွားရေး လုပ်ငန်းတွေ ကို ပေါင်းစပ် ပေးနေတဲ့ CIO Asia အဖွဲ့ ကဖော်ပြ ခဲ့ရာမှာ ဗီယက်နမ် နိုင်ငံ ရဲ့ ဟိုချီမင်း မြို့၊ စင်္ကာပူ၊ ဂျကာတာ(အင်ဒိုနီးရှား)၊ ကွာလာလမ်ပူ(မလေးရှား) ၊ မန္တလေး(မြန်မာ) ၊ ဖူးခက် (ထိုင်း)၊ ဒါနမ် (ဗီယက်နမ်)၊ မာကာဆာ(အင်ဒိုနီးရှား)၊ ဘန်ကောက် (ထိုင်း)၊ New Clark City (ဖိလစ်ပိုင်) မြို့တွေဟာ အသီးသီး ရပ်တည် ခဲ့ကြပါတယ်။

မြန်မာ နိုင်ငံ ရဲ့ ကုန်သွယ်ရေး မြို့တော် ဖြစ်တဲ့ ရန်ကုန် မြို့ ကတော့ အာဆီယံ ရဲ့ စမတ် စီးတီး ဖြစ်နိုင်တဲ့ မြို့ထဲမှာ မပါဝင် ခဲ့ပေမယ့် မန္တလေး မြို့ ကတော့ ရန်ကုန်ကို ကျော်ဖြတ်ပြီး စာရင်း ဝင်ခဲ့ပါတယ်။

မန္တလေး မြို့ဟာ လူဦးရေ တသန်း ကျော် နေထိုင်ပြီး နေ့စဉ် နေ့တိုင်း လူဦးရေ တိုးတက်များပြားလာလျှက် ရှိနေတာပါ။ နောက်ပြီး ၂၀၁၅ ခုနှစ် ကာလ က စလို့ မြို့ပြ နေထိုင်မှု စီမံကိန်းသစ် တွေကို ဆောင်ရွက် ခဲ့တာကိုလည်း တွေ့ရပါတယ်။

မြန်မာတို့ရဲ့ ရှေးမြို့တော် ဖြစ်တဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ နဲ့ အိုးအိမ်နဲ့ မြေစာရင်း ဦးစီး ဌာန တို့ ပူးပေါင်းပြီး ၂၅ နှစ်တာ မြို့ပြ စီမံကိန်း ကိုလည်း အကောင်အထည် ဖော် ခဲ့ပါတယ်။

စမတ်စီးတီး
ဓာတ်ပုံ ပုံစာ, စင်္ကာပူမြို့ဟာ ကမ္ဘာ့ထိပ်တန်း စမတ်စီးတီး စာရင်းဝင်မြို့ အဖြစ် နေရာယူထား

အဲဒီ မြို့ပြ စီမံကိန်းကိုတော့ အာရှ ဖွံ့ဖြိုးရေး ဘဏ် (AGD) နဲ့ ပြင်သစ် ဖွဲ့ဖြိုးရေး အေဂျင်စီ (AFD) တို့ကလည်း နည်းပညာ နဲ့ ဘဏ္ဍာရေး ဆိုင်ရာ အကူအညီပေးသလို ရေ ပေးဝေရေး စနစ်၊ ရေဆိုး စွန့်ပစ်ရေး စနစ် နဲ့ အမှိုက် စွန့်ပစ် မှု စနစ် တွေ အတွက်ကိုလည်း ပံ့ပိုးမှုပေးခဲ့ပါတယ်။

နောက်ပြီး ကုလသမဂ္ဂ အဖွဲ့ကြီး ရဲ့ သဘာဝ ပတ်ဝန်းကျင် နည်းပညာ အဖွဲ့ (IETC) က အမှိုက် စွန့်ပစ်မှု စီမံခန့်ခွဲရေး စနစ်၊ သဘာဝ ပတ်ဝန်းကျင် ကို ညစ်ညမ်း စေနိုင်တဲ့ ကာဗွန်ဒိုက်အောက်ဆိုက် ထုတ်လွှတ်မှု မရှိအောင်၊ ရင်းမြစ် သယံဇာတ တွေ ကို အကျိုး ရှိရှိ အသုံးချ နိုင်အောင် နည်းပညာ အကူအညီ ပေးနေတာ ကလည်း မန္တလေး မြို့ ကို စမတ်စီးတီး ဖြစ်ဖို့ အားပေးတဲ့ အကြောင်း အရာ တရပ်ပဲ ဖြစ်ပါတယ်။

mandalay

ဓာတ်ပုံ ရင်းမြစ်, Frank Bienewald

ဓာတ်ပုံ ပုံစာ, မန္တလေးကျုံးနဲ့ တောင်အလှက ကမ္ဘာကျော်

မန္တလေး မြို့က တာဝန် ရှိသူတွေ အနေနဲ့ ရေအရင်းအမြစ် အသုံးချမှု နဲ့ ရေ ပြဿနာ တွေကို ကို အင်တာနက် က နေ စောင့်ကြည့် နိုင်တဲ့ Internet of Things (IoT) ဆင်ဆာတွေ နဲ့ စောင့်ကြည့်မှုတွေ လုပ်နေနိုင်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ရေမြောင်း စနစ် တွေကို ဒရုန်းတွေ နဲ့ စောင့်ကြည့် နိုင်တာ၊ ယာဉ်ကျော ပိတ်ဆို့ မှု ကို ဖြေရှင်း ပေး နိုင်တဲ့ ထိန်းချုပ်ရေး စင်တာ ရှိနေ အသုံးချ နေ နိုင်တာ က လည်း အာဆီယံ နိုင်ငံများ ထဲ က စမတ် စီးတီး ဖြစ်အောင် အားပေး နေတဲ့ အဓိက အကြောင်း အရာ တွေ ဖြစ်ပါတယ်။

စမတ်စီးတီး
ဓာတ်ပုံ ပုံစာ, ကမ္ဘာ့စီးပွားရေး မြို့တော် လန်ဒန် ကလည်း စမတ်စီးတီး မှာ ထိပ်တန်း က ပါ

ဒါပေမယ့် မြို့ပြ နေထိုင်မှု ပုံစံတွေကို နည်းပညာ အသုံးချ စမတ် စီးတီး သီးသန့် ဖြစ်ဖို့ ကတော့ အခြေခံ အဆောက်အအုံတွေ ဒီထပ် ပို ရှိဖို့ လိုသေး တယ်လို့ မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီ အဖွဲ့ဝင်၊ စမတ် စီးတီး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ဦးရဲမြတ်သူ က ဆိုပါတယ်။ ဆိုတော့ စမတ် စီးတီး ဖြစ်ဖို့ အခြေခံ အချက် တွေက ဘာတွေလဲ။

အဓိက အချက် ကတော့ မြို့သူ မြို့သား တွေ ဆီက အီလက်ထရောနစ် အချက် အလက်တွေကို ကောက်ယူပြီး သတင်း အချက် အလက်တွေကို မျှဝေ ဖြန့်ဖြူးတာ၊ စနစ် တကျ စီမံ ခန့်ခွဲ တာ ဖြစ်ပါတယ်။

နောက်တချက် ကတော့ E-Government လို့ ခေါ်ဆိုကြတဲ့ အစိုးရရဲ့ စီမံ ခန့်ခွဲမှု စနစ် တွေကို လူတိုင်း အလွယ်တကူ လက်လှမ်း မီမီ အသုံးပြုနိုင်မှု နဲ့ သတင်း အချက်အလက် ဖလှယ် ပြီး အပြန် အလှန် ပေးပို့ ဆက်သွယ် နိုင်မှု တွေပဲ ဖြစ်ပါတယ်။

စမတ် စီးတီး ဖြစ်စေနိုင်တဲ့ အဓိက အရေးပါတဲ့ အချက် တချက် က လမ်းပန်း ဆက်သွယ်ရေး သာလွန် ကောင်းမွန်မှု ဖြစ်ပါတယ်။ နောက်ထပ် အချက်တွေ ဖြစ်တဲ့ ရေဖြန့်ဝေရေး စနစ် ကောင်းမွန်တာ၊ တရား ဥပဒေ စိုးမိုးရေး ရှိတာ၊ စနစ် ကျတဲ့ အမှိုက် သိမ်း စနစ် ရှိတာ၊ စာသင်ကျောင်း နဲ့ စာကြည့်တိုက်တွေ၊ ဆေးရုံ တွေကို လူတွေ အလွယ်တကူ အသုံးပြု နိုင်တာ စတဲ့ အချက် တွေကလည်း စမတ် စီးတီး ဖြစ်ဖို့ လိုအပ်တဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။

စမတ်စီးတီး
ဓာတ်ပုံ ပုံစာ, မြို့ပြ အဆောက်အအုံထက် စနစ်ကျတဲ့ သတင်းစီးဆင်းမှု က စမတ်စီးတီး ဖြစ်ဖို့ အားသာ

စမတ် စီးတီး ဒါမှမဟုတ် ခေတ်မီ တဲ့ မြို့၊ ခေတ်ဆန် တဲ့ မြို့ ရဲ့ အခြေခံ အချက် ကတော့ နည်းပညာ နဲ့ သတင်း အချက် အလက် တွေကို ကောင်းမွန်စွာ စီမံခန့် ခွဲ နိုင်တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် မြို့တွင်း နေထိုင် သူ တွေရဲ့ နေထိုင် ကုန်ကျ စရိတ် ကို လျော့ချ နိုင်တာ၊ သဘာဝ သယံဇာတ အသုံးပြုမှု ကို လျော့ချ နိုင်တာ၊ အစိုးရ အုပ်ချုပ် သူနဲ့ လူထု အကြား အလျင်အမြန် ဆက် သွယ် နိုင်တာ တွေက အရေး ပါ ပါတယ်။

ကမ္ဘာမှာ စမတ် စီးတီး အဖြစ် ထင်ပေါ် ကျော်ကြားတဲ့ မြို့တွေ ကတော့ ဒူဘိုင်း၊ မီတန်လ်ကင်း၊ ဆောက်သမ်ပတန်၊ အမ်စတာဒမ်၊ ဘာစီလိုနာ၊ မက်ဒရစ်၊ စတော့ဟုမ်း၊ ရှန်ဟိုင်း၊ နယူးယောက် နဲ့ စင်္ကာပူ မြို့တွေ က အထူး ထင်ရှား ပါတယ်။

မြန်မာ နိုင်ငံမှာ စမတ် စီးတီး ဖြစ်ဖို့ အခြေခံ ကောင်းမွန်တဲ့ မန္တလေး မြို့ က အာဆီယံ နိုင်ငံတွေရဲ့ စမတ်စီးတီးများ စာရင်းမှာ ပါဝင်ခဲ့ပြီး ဖြစ်ပေမယ့် ရန်ကုန် မြို့ကလည်း အလားအလာကောင်းများစွာ ရှိပါတယ်။

မြန်မာ နိုင်ငံမှာ လျှပ်စစ်မီတာ ခ ပေးဆောင်တာ၊ ကညန လိုင်စင်ရုံး မှာ ကားမှတ်ပုံတင် ဖို့ အတွက် အွန်လိုင်း ကနေ တိုကင် ယူ နိုင်တာ၊ နိုင်ငံခြား သားများ အတွက် E-Visa ကို အွန်လိုင်း ကနေ ရယူနိုင်တာ၊ အငှားကား တက္ကစီ ဝန်ဆောင်မှု တွေကို ကိုယ့်ရဲ့ မိုလ်ဘိုင်း ဖုန်း တွေက နေ အလွယ် တကူ ခေါ်ယူ နိုင်တာ စတာတွေကို အသုံးပြု နိုင်ပြီ ဖြစ်ပြီး ဒါတွေက စမတ် စီးတီး ဖြစ်စေဖို့ အခြေခံ အကြောင်းတရားတွေ ထဲမှာပါဝင်ပါတယ်။

ဒါပေမယ့် လက်ရှိမှာ အကြီးမားဆုံး ရင်ဆိုင်နေရတဲ့ အခက်အခဲ ကတော့ အွန်လိုင်း ငွေပေးချေရေး လုပ်ငန်း တွေမှာ ကြန့်ကြာမှု များစွာ ရှိနေသေးတာပဲ ဖြစ်ပါတယ်။

ဘဏ် တခု ကနေ တခြား ဘဏ် တခုကို ငွေပေးချေ ချင်တယ်ဆိုရင် ဝန်ဆောင်ခ ကြီးမြင့် တဲ့ အချက် က နိုင်ငံရပ်ခြား ဘဏ် လုပ်ငန်းတွေကို ယှဉ်ပြိုင် နိုင်ဖို့ အတွက် အခက်အခဲ ဖြစ်စေပြီး စမတ်စီးတီး ဖြစ်ဖို့ အတွက် ဟန့်တား နှောက်ယှက် နေတဲ့ အချက်လည်း ဖြစ်ပါတယ်။

စမတ်စီးတီး
ဓာတ်ပုံ ပုံစာ, အဆင်ပြေကောင်းမွန်တဲ့ အမှိုက်သိမ်း စနစ်၊ ရေဖြန့်ဝေရေးနဲ့ တရားဥပေဒ စိုးမိုးရေး ကလည်း အရေးပါ တဲ့ အချက်တွေဖြစ်