
မန္တလေးမြို့လယ် တရုတ်လူမျိုး ပိုင်ဆိုင်မှုများ
မန္တလေးတိုင်းမှာ တရားမဝင် ဝင်ရောက် နေထိုင်တဲ့ တရုတ် လူမျိုးတွေ ရှိနေသလား အိမ်ထောင်စု စာရင်းတွေ သေချာ စစ်ဆေးပြီး မမှန်မကန် ဆောင်ရွက် တဲ့ ဝန်ထမ်းတွေကို အရေးယူ သွားမယ်လို့ လူဝင်မှု ကြီးကြပ်ရေး ဌာန ဒုတိယ ဝန်ကြီး ဦး ကျော်ကျော်ဝင်းက ပြည်ထောင်စု လွှတ်တော်မှာ ပြောကြား ခဲ့ပါတယ်။
မန္တလေးမြို့မှာ မီးအကြီးအကျယ် လောင်ကျွမ်းခဲ့တဲ့ ၁၉၈ဝ ကျော် နှစ်တွေအတွင်း မြန်မာစကား မတတ်တဲ့ တရုတ် လူမျိုးတွေ ဝင်လာခဲ့ပြီး မြို့လယ်က နေရာကောင်းတွေနဲ့ မြို့ပြင်မှာ ခြံကျယ် ဝင်းကျယ်ကြီးတွေ ဝယ်ယူ အခြေချ နေထိုင် လာခဲ့ကြတယ်လို့ ဒီကိစ္စကို လွှတ်တော်မှာ စတင် တင်သွင်းခဲ့တဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောကြား ပါတယ်။
ဒီလို အခြေချ နေတာတွေ ကြာပြီ ဖြစ်ပေမယ့် သေချာ စစ်ဆေးမှုက ခုမှ ပထမဆုံး အကြိမ် လုပ်မှာ ဖြစ်ပါတယ်။
ဝင်ရောက် နေသူတွေဟာ စီးပွားရေး လုပ်ငန်းတွေ၊ မြန်မာ နိုင်ငံသား မှတ်ပုံတင် တွေနဲ့ အခြေတကျ ဖြစ်နေပြီမို့ ခွဲခြား စိစစ်နိုင်ဖို့က ခက်ခဲ နေပါတယ်။
မြန်မာ နိုင်ငံ အရှေ့မြောက် နယ်စပ်တလျောက် တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ တရုတ်၊ ကိုးကန့်၊ ရှမ်းတရုတ် စတဲ့ မျိုးနွယ်စု အများအပြား နေထိုင်ကြပြီး တရုတ်နိုင်ငံနဲ့ အထက်မြန်မာပြည် ရောင်းဝယ် ဖောက်ကားမှု တွေမှာ ပါဝင် ဆောင်ရွက်ကြပါတယ်။












