BBC

BBC navigation

မြန်မာ-တရုတ် လူကုန်ကူးမှု တိုက်ဖျက်ရေး တိုးမြှင့်

နောက်ဆုံး ရေးသားချိန် 18 ဖေဖေါ်ဝါရီလ 2013 - 16:00 GMT

မြန်မာ မိန်းကလေး တယောက်ကို တရုတ်ငွေ ယွမ် နှစ်သောင်း၊ မြန်မာ ငွေနဲ့ ဆိုရင် ၂၆ သိန်းနဲ့ ဝယ်ယူနေ

မြန်မာ တရုတ် နှစ်နိုင်ငံ အကြား လူကုန် ကူးမှု တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်ဖို့ အတွက် တတိယ မြောက် နှစ်နိုင်ငံ နယ်စပ် ဆက်ဆံရေး ရုံးတခု ကို အခု နှစ်ထဲ ထပ်မံ ဖွင့်လှစ် သွားဖို့ နှစ်ဘက် အစိုးရ အကြား သဘောတူ ထားပြီ ဖြစ်ပါတယ်။

နမ့်ဆန်၊ လောက်ကိုင် ဘက်မှာ ဒီဆက်ဆံရေး ရုံး အမြန် ဖွင့်လှစ် နိုင်ဖို့ကို လာမယ့် ကြာသပတေးနေ့ ကျရင် ထိုင်း နိုင်ငံမှာ ကျင်းပမယ့် လူကုန် ကူးမှု တိုက်ဖျက်ရေး မဲခေါင် ဒေသ ၆ နိုင်ငံ အဆင့်မြင့် အရာရှိများ ညီလာခံမှာလည်း ထပ်ပြီး ဆွေးနွေးမှာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံ လူကုန် ကူးမှု တားဆီး နှိမ်နှင်းရေး အဖွဲ့က ရဲမှူးကြီး ဝင်းနိုင်ထွန်းက ဘီဘီစီ ကို ပြောပါတယ်။

တကယ်တော့ ရွှေလီနဲ့ မူဆယ်၊ လွယ်ဂျယ်နဲ့ ကျန်းဖုန်း စတဲ့ တရုတ် မြန်မာ နယ်စပ် ဒေသတွေမှာ အရေးပေါ် ဆက်သွယ် တိုင်ကြား နိုင်တဲ့ Hotline တယ်လီဖုန်းတွေ တပ်ဆင် ထားတဲ့ ဆက်ဆံရေး ရုံးနှစ်ခု ဖွင့်ထားပြီး ဖြစ်ပါတယ်။

တရုတ် နိုင်ငံမှာ လူဦးရေ ထိန်းချုပ်မှုကြောင့် တအိမ်ထောင် ကလေး တယောက် စံနစ် ကျင့်သုံးခဲ့ တာရယ်၊ တရုတ် ယဉ်ကျေးမှု အရ၊ သား ယောက်ျားလေး ကိုသာ လိုချင် ကြတာရယ်ကြောင့် မိန်းကလေး အရေ အတွက် သိသိ သာသာ နည်းလာပြီး တရုတ် ယောက်ျားလေး တွေက မြန်မာပြည် ဘက်က မိန်းကလေး တွေကို လက်ထပ် ပေါင်းသင်းဖို့ ငွေပေး ဝယ်ယူ ကြတာ ဖြစ်ပါတယ်။

အဲဒီလို ဝယ်ယူတဲ့ နေရာမှာ မြန်မာ မိန်းကလေး တယောက်ကို တရုတ်ငွေ ယွမ် နှစ်သောင်း၊ မြန်မာ ငွေနဲ့ ဆိုရင် ၂၆ သိန်းနဲ့ ဝယ် နေကြတာ ဖြစ်ပါတယ်။

မြန်မာ ဘက်က လူကုန်ကူး ခံရတဲ့ မိန်းကလေး ၆၀ ရာခိုင်နှုန်းဟာ အဲဒီလို လက်ထပ် ထိမ်းမြားဖို့ ရောင်းချ ခံရတာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး အဖွဲ့က ထုတ်ပြန် ထားပြီး၊ အခုလို လူကုန်ကူး ခံရသူတွေ ထဲမှာ ဆင်းရဲ နွမ်းပါးတဲ့ ပလောင် အမျိုး သမီး ငယ်တွေ အများ အပြား ပါဝင် နေတယ်လို့ နမ့်ဆန်မြို့ခံ လက်ဖက် လုပ်ငန်းရှင် ဦးဝင်းကျော်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။

]]>