
တလောတုန်းက မှောက်ခဲ့တဲ့ မလေးရှားသွား လူမှောင်ခိုလှေ
အင်္ဂါနေ့ မနက်က မလေးရှားကို လူမှောင်ခို တင်ပို့တဲ့ သင်္ဘောပေါ်ကို ဘင်္ဂလာဒေ့ရှ်က စက်လှေနဲ့ အသွား စက်လှေ ပင်လယ်ထဲမှာ နစ်သွားတဲ့ အတွက် လူ ဒါဇင်နီးပါး သေဆုံးသွားတယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံ နတ်မြစ်၀ မှာ တည်ရှိတဲ့ စိန့်မာတင် ကျွန်းကနေ စက်လှေ တစ်စီးနဲ့ လူတွေကို သွားအပို့မှာ သင်္ဘောပေါ်ကို မရောက်မှီ ပင်လယ်ထဲမှာ စက်လှေနစ်တဲ့ အတွက် လူတွေ သေဆုံးသွားခဲ့ပါတယ်။
စက်လှေပေါ်မှာ လူပေါင်း ၄၀ ပါ၀င်ပြီး သုံးဆယ်က အသက်ဘေးက လွှတ်မြောက်လာပြီး ကျန်တဲ့ လူပေါင်း ၁၀ ခန့် သေဆုံးသွားခဲ့တယ်လို့ ရှင်မဖြူကျွန်းက မြန်မာနိုင်ငံသား မွတ်ဆလင် တစ်ဦး ပြောပါတယ်။
မလေးရှားကို သွားတာ ဖြစ်ပြီး မြန်မာ နိုင်ငံက လူတွေလည်း ပါသလို ဘင်္ဂလားဒေ့ရှ်က လူတွေလည်း ပါတယ်လို့ သူက ဆိုပါတယ်။
အရင်ကတော့ မလေးရှားကို သွားတဲ့ လူတွေဟာ စက်လှေလေးတွေနဲ့ ပင်လယ်ပြင်ကို ဖြတ်ပြီး သွားနေကြတာ ဖြစ်ပေမယ့် ခုတစ်ကြိမ်မှာတော့ သင်္ဘောကို အသုံးပြုလာတယ်လို့ သူက ပြောပါတယ်။
အဲဒီ လူမှောင်ခိုသမားတွေအထဲမှာ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းကလူတွေလည်း ပါပြီး လူတစ်ဦးကို ခရီးစရိတ် ဘင်္ဂလား တာကာငွေ နှစ်သောင်းကနေ တစ်သိန်းထိ ယူတယ်လို့ ဆိုပါတယ်။
အဲဒီ လူမှောင်ခို တင်ပို့တဲ့ သင်္ဘောဟာ ခုနှစ်ရက်မှာ တစ်ကြိမ်ကျစီ ဘင်္ဂလားဒေ့ရှ်နဲ့ မလေးရှား အကြားမှာ ပြေးဆွဲ ပေးနေတယ်လို့လည်း သိရပါတယ်။












