ငလျင်သင့် ပြိုလုနီးအဆောက်အဦတွေကို မဖြိုနိုင်သေးတဲ့ မန္တလေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
အင်အားပြင်းငလျင်ဒဏ်ကို အဆိုးဆုံးခံခဲ့ရတဲ့ မန္တလေးမြို့မှာ ငလျင်လှုပ်ခတ်ပြီး တစ်လကျော်ကြာလာတဲ့အထိ ငလျင်သင့် ပြိုလုနီး အဆောက်အဦတွေကို ဖြိုချတာနဲ့ ပြိုကျအဆောက်အဦတွေကို ရှင်းလင်းတာတွေ ကို အပြီးသတ်မလုပ်နိုင်သေးပါဘူး။
မိုးရာသီထဲ ဝင်ရောက်လာပြီဖြစ်သလို မကြာခဏ လှုပ်ခတ်နေတဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေအကြား ယိုင်နဲ့နေတဲ့ အဆောက်အဦတွေ အချိန်မရွေးပြိုကျလာနိုင်တဲ့အန္တရာယ်ကိုလည်း မြို့ခံတွေက စိုးရိမ်နေကြပါတယ်။
မန္တလေးမြို့တွင်း ၆ မြို့နယ်မှာ ငလျင်ကြောင့် တစိတ်တပိုင်း ပျက်စီးသွားတဲ့အဆောက်အဦပေါင်း ၄,၀၀၀ ဝန်းကျင်လောက်ရှိနေတယ်လို့ မန္တလေးမြို့နယ်စည်ပင်သာယာရေးကော်မ(MCDC)က ပြောထားပါတယ်။
လူနေလို့မရတော့ဘဲ ဖြိုချဖို့ လိုအပ်နေတဲ့အဆောက်အဦတွေ မန္တလေးမြို့ထဲမှာ ဘာကြောင့်မရှင်းလင်းနိုင်ဘဲ ကျန်နေသေးတာလဲဆိုတဲ့ မေးခွန်းတွေလည်း ရှိလာပါတယ်။
ငလျင်သင့် အဆောက်အဦတွေကို မန်းစည်ပင် ဘယ်လိုစီမံနေလဲ

ဓာတ်ပုံ ရင်းမြစ်, MCDC
ငလျင်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ လူနေအိမ် ခြောက်သောင်းသုံးထောင်ကျော်၊ စာသင်ကျောင်းပေါင်း ခြောက်ထောင့်ခုနစ်ရာကျော် ထိခိုက်ပျက်စီးမှုရှိတယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
မန္တလေးမြို့မှာဆိုရင် မဟာအောင်မြေ၊ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ စတဲ့ မြို့နယ် ၆ ခုရှိပြီး မြို့နယ်တိုင်းမှာ ထိခိုက်ပျက်စီးတာတွေ အများအပြား ရှိခဲ့တာပါ။
မြို့နယ် ၆ ခုထဲမှာ မျက်မြင်အရ လုံးဝ ပြိုကျပျက်စီးသွားတဲ့ အဆောက်အဦပေါင်း ၄,၀၀၀ ဝန်းကျင်ရှိနေပြီး တစိတ်တပိုင်း ပျက်စီးတာတွေကလည်း ၄,၀၀၀ ဝန်းကျင်လောက် ရှိနေတယ်လို့ မန္တလေးမြို့နယ် စည်ပင်သာယာရေးကော်မတီ(MCDC) က ဘီဘီစီကို ပြောပါတယ်။
"လူနေဖို့ မသင့်တဲ့အဆောက်အဦတွေက မြို့ထဲတွေမှာရော ဈေးချိုပတ်လည်၊ ချမ်းမြသာစည်မြို့နယ်ထဲ၊ တက္ကသိုလ်နေရာတွေမှာ အများကြီး ရှိနေတယ်"လို့ MCDC တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ငလျင်ဒဏ်ကြောင့် လူနေထိုင်လို့မရအောင် ယိမ်းယိုင်သွားတဲ့ နေအိမ်တွေရဲ့ အန္တရာယ်ရှိနိုင်ခြေတွေကိုလည်း အင်ဂျင်နီယာ ကျွမ်းကျင်သူတွေရဲ့ ဆန်းစစ်ချက်တွေကို ရယူပြီး ကြံ့ခိုင်မှုတွေကို စစ်ဆေးနေကြတယ်လို့ ပြောပါတယ်။
အဲဒီဆန်းစစ်ချက်တွေအရ အစိမ်းရောင်အဆင့်၊ လိမ္မော်ရောင်အဆင့်နဲ့ အနီရောင်အဆင့်ဆိုပြီး ခွဲခြားထားပါတယ်။
အနီရောင်အဆင့် ကောက်ခံရရှိတဲ့ အချက်အလက်တွေထဲကမှ အဆောက်အဦအခြေအနေ၊ ဘေးပတ်ဝန်းကျင် အိမ်တွေအနေအထားနဲ့ လမ်းပိုင်းဆိုင်ရာမြေပြင်အနေအထား စတာတွေကို အခြေခံပြီး ဖြိုချရမှာနဲ့ ပြင်ဆင်မွမ်းမံတာတွေကို လုပ်ဆောင်ကြရမယ်ဆိုပြီး ခွဲခြားထားပါသေးတယ်။
မိန်းလမ်းမလို့ ခေါ်ကြတဲ့ မြို့တွင်းသွား အဓိကလမ်းမကြီးတွေဘေးက အနီရောင်အဆင့် အန္တရာယ်ရှိ အဆောက်အဦတွေကိုတော့ မန္တလေးစည်ပင်က ဦးစားပေးအနေနဲ့ လိုက်လံဖြိုဖျက်ပေးနေတယ်လို့ဆိုပါတယ်။
"လမ်းမကြီးတွေဘေးမှာ လူမြင်လို့ မတင့်တယ်တဲ့ အဆောက်အဦတွေကို အရင်ဖြိုနေတာပါ။ ဖြိုပေးတဲ့အတွက် ငွေမတောင်းဘူး။ ဒါပေမဲ့ စည်ပင်ကလည်း အခွန်နဲ့လည်ပတ်နေတာ ဖြစ်လို့ စက်သုံးဆီတော့ ထည့်ပေးပေါ့" လို့ ဦးသက်နိုင်ထွန်းက ပြောပါတယ်။
အထပ်မြင့်တာ၊ အဆောက်အဦအကျယ်အဝန်း ပမာဏပေါ် မူတည်ပြီး အဆောက်အဦတစ်လုံး ဖြိုဖျက်ဖို့ဆိုရင် အနည်းဆုံး ၇ ရက်ကနေ ၁၀ ရက်အထိ ကြာတယ်လို့ သိရပါတယ်။
လမ်းသွယ်တွေထဲမှာ ရှိနေတဲ့ အန္တရာယ်ရှိ အဆောက်အဦတွေကို ဖြိုချဖို့မှာတော့ မန္တလေးစည်ပင်မှာ စက်ယန္တရား လိုအပ်ချက်ရှိနေတယ်လို့ ဆိုပါတယ်။
မန္တလေးမြို့တော်စည်ပင်မှာ ရှိထားတဲ့ စက်ယန္တရား အများစုက မြေကြီးသယ်ဖို့၊ မြောင်းတူးဖို့၊ အမှိုက်သယ်ဖို့ ဝယ်ထားတဲ့စက်တွေဖြစ်တာကြောင့် အဆောက်အဦတွေ ဖြိုချဖို့အထိ ကြီးမားတဲ့ စက်ယန္တရားတွေ မရှိကြသေးဘူးလို့ ဆိုပါတယ်။
မိုးနဲ့အတူ ပြိုကျလာတဲ့ အန္တရာယ်ရှိအဆောက်အဦတွေ

ဓာတ်ပုံ ရင်းမြစ်, CJ
မိုးရာသီအစဖြစ်လို့ မိုးသည်းထန် ရွာပြီးတဲ့ရက်တွေမှာ ငလျင်သင့်လို ပြိုလုနီး ယိုင်လုနီး အဆောက်အဦတွေ ပြိုကျတဲ့ဖြစ်စဥ်တွေ မကြာခဏရှိနေပါတယ်။
ဘီဘီစီရဲ့သီးခြားစုစည်းထားတဲ့စာရင်းအရဆိုရင် ငလျင်ကြီးပြီးတဲ့နောက်မှာ မိုးရွာသွန်းမှုကြောင့် ယိုင်နဲ့အဆောက်အဦတွေ ထပ်မံပြိုကျမှုက တစ်လကျော်အတွင်း ၅ လုံးထက်မနည်းရှိပါတယ်။ မိုးများပြီးနောက် ရှစ်ထပ်တိုက်ထဲက နှစ်ထပ်က မြေကြီးထဲ ကျွံဝင်သွားတဲ့ အောင်မြေသာဇံမြို့နယ် ၁၅ လမ်းထဲက တိုက်ဆိုရင် လမ်းမတန်းမှာ မဟုတ်ဘဲ လမ်းသွယ်ထဲမှာ ဖြစ်နေတာပါ။ မတ် ၂၈ ရက်နောက်ပိုင်း အဲဒီတိုက်မှာ လူမနေထိုင်တော့ပါဘူး။
ဒါအပြင် ပြိုလုနီးဖြစ်နေတဲ့ အဲဒီတိုက်ရဲ့ ဘယ်ဘက်ကပ်လျက်က နေအိမ်တွေကလည်း လူမနေရဲကြတော့ပါဘူး။ မေ ၄ ရက် မြေကြီးထဲကျွံဝင် ပြိုတဲ့အခါမှာတော့ တိုက်က ညာဘက်ကို ပြန်ယိုင်သွားတဲ့ညာဘက်က အိမ်နီးချင်းတွေပါ ထပ်ပြီး ပြောင်းကြရပါတယ်။
"တိုက်အနောက်ဘက်က ဈေးဆိုင်ဆိုရင် ဆိုင်ဖွင့်လျက်ကြီး ထွက်ပြေးသွားကြလို့ ကျွန်တော်တို့တွေ ဆိုင်ကို ပိတ်ပေးထားခဲ့ရတယ်။ အဲဒီညနေပဲ ပြောင်းသွားကြတယ်။ အဲဒီနားကိုလည်း ဖြတ်သန်းမသွားဖို့ သက်ဆိုင်ရာက တားထားတယ်"လို့ အဲဒီတိုက်နားကို ရောက်ရှိပြီး ဒဏ်ရာရသူတွေ ရှိမရှိ သွားကြည့်ခဲ့တဲ့ ဒါနကုသလ လူမှုကူညီရေးအဖွဲ့က ဥက္ကဋ္ဌ ကိုဇော်ကောင်းထက်က ပြောပါတယ်။
ငလျင်ဒဏ်ကြောင့် အဆောက်အဦမှာ အက်ကြောင်းကြီးတွေ ပေါ်သွားတာ၊ ယိမ်းယိုင်သွားတာ၊ အပေါ်ထပ်တွေ မပြိုသေးပေမဲ့ အောက်ထပ်တွေ ကျွံဝင်သွားတဲ့ တိုက်ပိုင်ရှင်တွေနဲ့ အဲဒီလိုတိုက်တွေရဲ့ ပတ်ဝန်းကျင်က နေအိမ်တွေကလည်း မနေထိုင်ရဲကြတော့ပါဘူး။
"ကိုယ့်အိမ်အရှေ့ဘက်က တိုက်ကလည်း ကိုယ့်အိမ်ဘက်ကို တည့်တည့်ကြီးစောင်းနေတယ်။ ကိုယ့်အိမ်မပြိုပေမဲ့ ဘေးက တိုက်က ပြိုပြီးပိနေလို့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ခဲ့ရတာ။ အခု အိမ်ကို လုံးဝမပြန်ဖြစ်တော့ဘူး"လို့ ချမ်းမြသာစည်မြို့နယ်ကနေ တခြားဒေသကို ပြောင်းရွှေ့နေထိုင်နေတဲ့ ကလေးနှစ်ယောက်မိခင် က ပြောပါတယ်။
ငလျင်ဒဏ်ထိထားတဲ့ တိုက်တွေဟာ လာမယ့် မိုးရာသီမှာ မိုးများပြီး ထပ်ပြိုကျလာမှာကို စိုးရိမ်နေကြရတာကလည်း ပြည်သူတွေရဲ့ ငလျင်ဒဏ် နောက်ဆက်တွဲ စိတ်ဒဏ်ရာတွေပါပဲ။
ကိုယ်ထူကိုယ်ထ ဖြိုနေကြသူတွေ ဘာအခက်အခဲ ဖြစ်နေလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အင်အားပြင်း ငလျင်လှုပ်ခတ်ပြီး တစ်လကြာချိန်မှာ အန္တရာယ်ရှိတဲ့ အဆောက်အဦတွေ အားလုံးနီးပါး ဖြိုဖျက်ပြီးသင့်တဲ့အချိန်လို့ အင်ဂျင်နီယာပိုင်းဆိုင်ရာကျွမ်းကျင်သူတွေက ပြောပါတယ်။
ငလျင်ဒဏ်ခံရတဲ့ အဆောက်အဦတွေနဲ့ ပတ်သက်လို့ အသိပညာ ဖြန့်ဝေပေးနေတဲ့ အင်ဂျင်နီယာ ဦးအောင်မြတ်သူကတော့ "တိုက်တွေက ပြိုရင် တည့်တည့်ကျမယ်လို့ ဘယ်သူမှ မပြောနိုင်ဘူး။ ဘေးစောင်းလည်း ပြိုသွားနိုင်တယ်။ စောင်းသွားရင် ဘေးအိမ်ပါ ဒုက္ခရောက်မှာ၊ ဖြစ်နိုင်ရင်တော့ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီးဖြိုချရမှာပါပဲ" လို့ ပြောပါတယ်။
မန္တလေးမြို့တော်စည်ပင်၊ ပရဟိတအဖွဲ့အစည်းတွေနဲ့ အိမ်ဖြိုဖို့ စီစဉ်နေတဲ့ သူတွေရဲ့ တူညီတဲ့ ပြောဆိုချက်တွေကတော့ အဆောက်အဦတွေကို ဖြိုချနိုင်ဖို့ အတွက် စက်ယန္တရားလိုအပ်ချက်၊ ရာသီဥတုကောင်းမွန်ဖို့နဲ့ လူအင်အားတွေ လိုအပ်တယ်လို့ ပြောကြပါတယ်။
နေမရတဲ့ အိမ်တစ်ခုလုံးကို ဖြိုဖျက်တာ ဒါမှမဟုတ် ထိခိုက်သွားတဲ့ အစိတ်အပိုင်းတခုကို ဖြိုဖျက်ဖို့ အတွက် အလုပ်သမားငှားရင် တစ်ဦးကို တစ်ရက် သုံးသောင်းကျပ်ကနေ လေးသောင်းကျပ်အထိ ပေးရပါတယ်။
အိမ်ဖြိုဖို့ အိမ်အသေးတစ်လုံးကို ကျပ် ၇ သိန်းဝန်းကျင်ကနေ အိမ်အကြီး၊ အသေးအလိုက် သိန်းရာဂဏန်းအထိပေါက်စျေး ရှိနေပါတယ်။
စက်ယန္တရားသုံးပြီး ဖြိုဖျက်မယ်ဆိုရင်တော့ ဘတ်ဟိုးတစီးကို တစ်ရက် ကျပ်ဆယ်သိန်းခန့်ပေးရတယ်လို့ အိမ်ဖြိုချမယ့် အိမ်ပိုင်ရှင်တဦးက ဘီဘီစီကို ပြောပါတယ်။
အခုလို လုပ်အားခစျေးကြီးတာနဲ့ မြင့်မားတဲ့ စက်ယန္တရားစျေးတွေကြောင့် အများစုက အိမ်ဖြိုဖျက်ဖို့ ဘာမှမလုပ်နိုင်ကြသေးဘူးလို့ ယာယီဝါးအိမ်တွေ ဆောက်လုပ်လှူဒါန်းပေးနေတဲ့ ကူညီရေးအဖွဲ့တခုက ပြောပါတယ်။
တစ်ဖက်မှာလည်း လုပ်အားခတွေစျေးကြီးတာက အန္တရာယ်ရှိတဲ့ အခြေအနေမှာ လုပ်ရတာကြောင့်လို့ မြို့ခံတဦးက ပြောပါတယ်။
ငွေကြေးတတ်နိုင်သူတွေကတော့ ဖြိုချတာတွေ ရှိနေပေမယ့် မတတ်နိုင်သူတွေကတော့ လိုက်လံကူညီဖြိုဖျက်ပေးနေတဲ့အဖွဲ့တွေကို စောင့်နေရပါတယ်။
အိမ်ဖြိုတဲ့အခါမှာ လည်း ပရဟိတအသင်းတွေနဲ့ ကူညီဖြိုဖျက်ပေးသူတွေက ဖြိုဖျက်ပေးရုံသာဖြစ်ပြီး အပျက်အစီးတွေကို ဖယ်ရှားရှင်းလင်းရေးကိုတော့ အိမ်ရှင်တွေဘက်က ဆောင်ရွက်ရမှာဖြစ်တယ်လို့ သိရပါတယ်။
အိမ်ဖြိုမယ်ဆိုရင် ရာအိမ်မှူးကနေတဆင့် မြို့နယ်အုပ်ချုပ်ရေးမှူးအထိ အဆင့်လိုက်အကြောင်းကြားပြီးမှ ဆောင်ရွက်နိုင်တယ်လို့ ကူညီရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။
တဖက်အိမ် ဘက်ကိုယိုင်နေတဲ့ အဆောက်အဦမျိုးကို ဖြိုချတဲ့အခါ ဘေးအိမ်ကို ထိခိုက်မှုရှိမယ်ဆိုရင်လျော်ကြေးပေးရမယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
ဘေးအိမ်ကို မထိခိုက်အောင် စနစ်တကျဆောင်ရွက်မယ်ဆိုရင် ကုန်ကျစရိတ်တိုးလာမှာ ဖြစ်တာကြောင့် မဖြိုနိုင်သေးတဲ့ အိမ်တွေကလည်း ရှိနေဆဲပါ။
အခုလို အိမ်ဖြိုဖျက်ရုံတင် မဟုတ်ဘဲ ပြန်တည်ဆောက်ရမယ့် အပိုင်းတွေမှာလည်း စိန်ခေါ်မှုတွေ ရှိနေပါတယ်။
'' ပြန်ပြီးတော့ဆောက်လုပ်မယ်ဆိုရင် ဆောက်လုပ်ခွင့် သီးခြားတင်ရမယ်ပြောတယ်။ အခုအချိန်ထိတော့ ဘယ်ပုံစံခွင့်ပြုပေးမယ်ဆိုတာ ဘယ်နှစ်ထပ်ထိပေးမှာလဲဆိုတော့ မပြောတတ်ဘူး။ ချက်ချင်း ကိုယ့်ဘာသာဖျက် ကိုယ်ဘာသာဆောက်ဆိုတာမရသေးဘူး သိရတယ်။ ဘယ်လို ညွှန်ကြားချက်လာမလဲဆိုတာ စောင့်နေတာရှိတယ်'' လို့ ကူညီရေးဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။
ဒါ့ကြောင့် ကိုယ်ထူကိုယ်ထ ဖျက်ကြရမယ့် အိမ်ရှင်တွေအနေနဲ့ ငွေကြေးလိုအပ်ချက်ကလည်း မဖြစ်နေ အရေးကြီးလာပါတယ်။
"ဖျက်ရမှာတွေက အများကြီး၊ ငွေရှိတဲ့သူတွေကတော့ သူ့ဘာသာသူ ဖျက်ကြတာပေါ့။ အခုဆို အလုပ်သမားတွေလည်း ရဖို့ တော်တော်ခက်တယ်။ တစ်ယောက်ကို သုံးသောင်းကနေ သုံးသောင်းခွဲ အထိ ပေးရတယ်" MCDC တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောပါတယ်။
ဒါပေမဲ့လည်း အန္တရာယ်ရှိနေတာ၊ အိမ်အသစ်ပြန်ဆောက်ပြီး မိုးလုံလေလုံ နေရာတစ်ခု လိုအပ်တာကြောင့် တချို့ တိုက်ပိုင်ရှင်တွေက အဲဒီပြဿနာတွေ ပြေလည်ရေး ကြိုးပမ်းနေကြပါတယ်။ ဒီလို အိမ်ဖြိုဖို့ လုပ်နေလက်စမှာပဲ ပတ်ဝန်းကျင်က ကန့်ကွက်တာကြောင့် ရပ်နားရတဲ့ အခြေအနေတွေလည်း ရှိပါတယ်။
ပြည်ကြီးတံခွန်မြို့နယ်က ငလျင်ဒဏ်ကြောင့် နေထိုင်ဖို့ အန္တရာယ်ရှိတဲ့ လေးထပ်တိုက်ခွဲပိုင်ရှင်တစ်ယောက်က "တိုက်က အန္တရာယ်ရှိလို့ ဖျက်ပေးပါလို့ ပြောကြလို့ ဖျက်တယ်။ ဖျက်နေတုန်းမှာပဲ စက်ယန္တရားကြောင့် တုန်ခါတာတွေ ဖြစ်လို့ဆိုပြီး ဆက်မဖျက်ဖို့ ပတ်ဝန်းကျင်ကပဲ လာကန့်ကွက်တယ်။ ပြောကြဆိုကြနဲ့ စကားများပြီး ရဲစခန်းရောက်ခဲ့ရသေးတယ်"လို့ ပြောပါတယ်။
ကိုယ်ထူကိုယ်ထ အိမ်ဖြိုတဲ့အခါမှာ စည်ပင်ခွင့်ပြုချက် လိုအပ်ပြီး အိမ်နီးချင်းတွေက ကန့်ကွက်ရင်တော့ ရပ်နားရမှာ ဖြစ်တယ်လို့ MCDC က ဦးသက်နိုင်ထွန်းက မှတ်ချက်ပေးပါတယ်။
အိမ်ဖြိုမယ့် စက်ယန္တရားတွေကလည်း အသိမိတ်ဆွေတွေက ဝိုင်းဝန်းကူညီကြတာကြောင့် အိမ်ဖြိုဖို့ စီစဉ်နိုင်တာ ဖြစ်ပြီး အခုချိန်မှာတော့ ဖျက်လက်စ တန်းလန်း ထားထားရတယ်လို့ အိမ်ပိုင်ရှင်က ပြောပါတယ်။
အန္တရာယ်ရှိ အဆောက်အဦတစ်လုံး ဖြိုဖျက်ဖို့ဆိုရင် ငွေကြေးဟာ အနည်းဆုံး ကျပ် ၁၀ သိန်းကနေ အများဆုံး သိန်းရာချီအထိ ကုန်ကျနိုင်တာကြောင့်လည်း တချို့ အဆောက်အဦပိုင်ရှင်တွေမှာ အခက်အခဲ ဖြစ်နေကြတာပါ။
ပရဟိတအဖွဲ့အစည်းတွေ အနေနဲ့လည်း တတ်နိုင်သရွေ့ ကူညီပေးကြပေမဲ့လည်း ဝန်နဲ့အား မမျှဖြစ်နေကြပါတယ်။
"စက်ယန္တရားအလုံအလောက်မရှိလို့ မန္တလေးပတ်လည်ရော၊ ရန်ကုန်ကရော စက်တွေနဲ့ လာကူကြတယ်။ ဒါပေမဲ့ အခု တစ်လကျော်တဲ့အထိ မပြီးသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ရှိတဲ့အင်အားနဲ့ လုပ်နိုင်စွမ်းထက် ပျက်စီးသွားတဲ့ အင်အားက ပိုများနေတယ်"လို့ အန္တရာယ်ရှိ အဆောက်အဦတွေကို ဖြိုချပေးတဲ့နေရာမှာ ကူညီပေးနေတဲ့ မန္တလေးတိုင်း၊ မြန်မာနိုင်ငံ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးလှိုင်မင်းဦးက ဘီဘီစီကို ပြောပါတယ်။
ဒါ့ကြောင့် ၂၄ နာရီလုံးလုံး အလှည့်ကျ ကူညီဆောင်ရွက်ပေးနေကြပေမဲ့ စက်ယန္တရား လိုအပ်ချက်ကြောင့် မနိုင်ဝန်ထမ်းထားရသလို ဖြစ်နေကြပါတယ်။
ဒီလိုအခြေနေတွေဟာ နေအိမ်တွေ ပြိုပျက်သွားလို့ ၊ နေအိမ်တွေက အန္တရာယ်ရှိနေလို့ မနေရဲကြတဲ့ ဒေသခံတွေအနေနဲ့ သူတို့နေရာမှာ ပြန်နေခွင့်ရဖို့ အလှမ်းကွာဝေးနေဦးမှာ ဖြစ်ပါတယ်။
"ကယ်ဆယ်ရေးစခန်းမှာ နေကြရသူတွေ၊ လမ်းဘေးမှာ နေကြရတဲ့ ပြည်သူတွေအနေနဲ့ မိုးလုံလေလုံတဲ့ အခန်းမှာ နေချင်ကြမှာပဲ။ ဒါတွေ ဖြိုလို့ မပြီးသေးသရွေ့ကတော့ နေလို့ရမှာ မဟုတ်ဘူး။ ဒါ့ကြောင့် ဘယ်တော့လောက် ကိုယ့်အိမ်ကိုယ် ပြန်နေရမလဲဆိုတဲ့ ကာလကို ပြောရခက်တယ်။ အမြန်ဆုံးလည်း ဆောင်ရွက်နေကြပါတယ်"လို့ ဦးလှိုင်မင်းဦးက ပြောပါတယ်။
အင်ဂျင်နီယာ ဦးအောင်မြတ်သူကတော့ "တခြားနိုင်ငံမှာဆိုရင် ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ဗုံးခွဲပြီးဖြိုပေးတယ်၊ နာရီပိုင်းနဲ့ပဲ ဖြိုလို့ပြီးသွားတယ်"လို့ အချိန်တိုအတွင်း ထိထိရောက်ရောက် လုပ်နိုင်တာတွေကို မှတ်ချက်ပေးပါတယ်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေကနေ တဆင့် စစ်ကိုင်းတိုင်းဒေသကြီးအတွက် ငွေကျပ် ၅၀ ဘီလျံ၊ မန္တလေးတိုင်းဒေသကြီးအတွက် ငွေကျပ် ၆၀ ဘီလျံ ၊ ရှမ်းပြည်နယ်အတွက် ၅ ဘီလျံ၊ နေပြည်တော်ကောင်စီနယ်မြေအတွက် ၁၀ ဘီလျံတို့ကို ပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။
ဒီငွေတွေဟာ ငလျင်ဒဏ်သင့် ဒေသတွေ ပြန်လည်ထူထောင်ရေးအတွက် ထိခိုက်ပျက်စီး ဆုံးရှုံးတာတွေကို အမြန်ဆုံး ဖယ်ရှားဖို့နဲ့ ပြန်လည်ထူထောင်ရေးအတွက် တစ်စိတ်တပိုင်း အသုံးပြုဖို့ ပေးတာ ဖြစ်ပါတယ်။
ပျက်စီးဆုံးရှုံးတာတွေကိုလည်း ကာလတို၊ ကာလလတ်၊ ကာလရှည် ခွဲခြားပြီး အဆင့်လိုက် ပြီးစီးဖို့ စီမံဆောင်ရွက်သွားဖို့လိုတယ်လို့လည်း ဒုတိယ စစ်ခေါင်းဆောင်က ပြောထားပါတယ်။













