ငလျင်ကြောင့် မြေအောက်ရေကြောနဲ့ ရေ အရည် အသွေးတွေပြောင်းလဲသွား

ငလျင်ဒဏ်ခံရတဲ့ ဒေသတွေမှာ ရေပြတ်တောက်တာတွေကြောင့် သောက်သုံးရေအခက်အခဲတွေ ဖြစ်နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

အင်အား ၇ ဒသမ ၇ ရစ်ခ်တာစကေး အဆင့်ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်အပြီးမှာ မြေကြီးထဲက ရေတွေ အလိုအလျောက် ထွက်လာတာ၊ ရေတွင်းတွေက ရေ မရတော့တာတွေ ဖြစ်လာပါတယ်။

မန္တလေး၊ ပျော်ဘွယ်၊ နေပြည်တော်၊ ရမည်းသင်း စတဲ့ မြို့နယ်တွေမှာဆိုရင် ငလျင်ဒဏ်ခံရပြီးနောက်ပိုင်း ထိခိုက်ပျက်စီးသွားတဲ့ ရေတွင်းရေကန်တွေ ရာနဲ့ချီ ရှိနေပါတယ်။

ဒီအချက်အလက်တွေဟာ ငလျင်ဒဏ်ခံရသူတွေ၊ ရေရရှိရေးအကူအညီပေးရေး အဖွဲ့အစည်းတွေနဲ့ မြေအောက်ရေ စနစ်တကျ စမ်းသပ်ရှာဖွေပေးတဲ့ ဇလဘူမိဗေဒပညာရပ် ကျွမ်းကျင်သူတွေကို ဘီဘီစီက မေးမြန်းခဲ့ပြီး ရရှိထားတာတွေဖြစ်ပါတယ်။

မြေငလျင်ဘေးကြုံပြီးတဲ့နောက် မြေအောက်ရေ အရင်းအမြစ်တွေ ဘယ်လိုထိခိုက်ပျက်စီးခဲ့လဲ၊ ဘာကြောင့်ဖြစ်တာလဲ။

ငလျင်သင့်မိသားစုများ

ဓာတ်ပုံ ရင်းမြစ်, Ayeyarwady Foundation

ဓာတ်ပုံ ပုံစာ, ငလျင်သင့်မိသားစုများ

ရေတွင်းတွေ ပျက်သွားတဲ့ နေရာတွေမှာ ရေအရောင်ပြောင်း

ရေငန်တွင်းထဲက ရေကိုပဲ ခပ်ယူသုံးစွဲနေကြရပါတယ်

ဓာတ်ပုံ ရင်းမြစ်, ကိုမာဝီ

ဓာတ်ပုံ ပုံစာ, ရေငန်တွင်းထဲက ရေကိုပဲ ခပ်ယူသုံးစွဲနေကြရပါတယ်

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နဲ့ လေးမိုင်အကွာလောက်သာဝေးတဲ့ ပေကုန်းကျေးရွာကို ရောက်ခဲ့တဲ့ ကိုမာဝီက အွန်လိုင်းဗီဒီယို ခေါ်ဆိုပြီး တစ်ရွာလုံး အသုံးပြုနေတဲ့ ရေကန်ရဲ့ ရေအရည်အသွေးပျက်စီးသွားတဲ့ အခြေအနေကို ပြသပါတယ်။

ငလျင်ကြောင့် ကွဲအက်ထားတဲ့ မြေလွှာပြတ်ကြောင်းကြီးက ရွာတစ်လျှောက်သာမက ပေကုန်းရွာရဲ့ ရေကန် အလယ်ကိုပါ ဖြတ်သန်းသွားပါတယ်။

အဲဒီမြေသားပြတ်ကြောင်းကြီးက ရေကန်ကို ဖြတ်သွားပြီးတဲ့နောက်မှာ ရေအရောင်က ရေညှိစိမ်းရောင်ကို ပြောင်းသွားပါတယ်။ ငလျင်လှုပ်ပြီး တစ်လပြည့်ပြီးတာ‌တောင် ရေအရောင်က အရင်အတိုင်း ဖြစ်မလာသေးပါဘူး။

"အရင်က ရေကြည်တယ်ဗျာ၊ တရွာလုံး သောက်သုံးရေအနေနဲ့ အားထားရတာ၊ အခုက မြင်တဲ့အတိုင်းအရောင်တွေ ပြောင်းသွားတယ်။ သောက်လို့လည်းမရတော့ဘူး ၊ သုံးလို့လည်း မရတော့ဘူး"လို့ ပေကုန်းကျေးရွာရဲ့ မူလတန်းကျောင်းရဲ့ တာဝန်ခံကျောင်းအုပ် ဦးမင်းသူခိုင်က ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရေ အရောင်ပြောင်းလဲနေတာကို မြင်တွေ့နေရသလို ရေကန်ရဲ့ မျက်နှာပြင်မှာ အမြုတ်တွေပါ ထွက်နေတာကြောင့် မသောက်ရဲကြတော့တာလို့ဆိုပါတယ်။ ဒါပေမဲ့ ရေ ကို ဓာတ်ခွဲစမ်းသပ်တာမျိုးတော့ မလုပ်ကြရသေးပါဘူး။

ငလျင်ဒဏ်ကြောင့် ယိုင်နဲ့နဲ့ ဖြစ်သွားခဲ့ရတဲ့ ဦးမင်းသူခိုင်ရဲ့ မူလတန်းကျောင်းကလည်း ရေကန်နဲ့ မနီးမဝေးမှာ ရှိပါတယ်။

ဇလဘူမိပညာရှင် ဦးမြင့်သိန်း (မောင်ကျေးရေ)ရဲ့ ငလျင်နဲ့ မြေအောက်ရေ ဆောင်းပါးမှာတော့ ငလျင်သက်ရောက်မှုကြောင့် ရေ အရောင်ပြောင်းတာဟာ ခြောက်လကနေ တစ်နှစ်လောက်အထိ ရှိနေနိုင်တယ်လို့ ဖော်ပြထားပါတယ်။

"ရေတွင်းက တစ်ရွာလုံးမှာက တစ်တွင်းပဲရှိတယ်။ အဲဒီစက်ရေတွင်းက အရင်က ရေချိုထွက်တယ်။ ငလျင်ပြီးသွားတော့ ရေလုံးဝမထွက်တော့ဘူး၊ ဒါနဲ့ ရေငန်ထွက်တဲ့ တွင်းဟောင်းကို ပြန်ပြင်ပြီး သုံးရေအတွက် ခပ်နေကြတာ"လို့ ကိုမာဝီက ပြောပါတယ်။

ဒါကြောင့် အရင်က သောက်ရေအတွက်ရေဝယ်ရတာကနေ သုံးရေအတွက်ပါ ရေပိုဝယ်ကြရတာကြောင့် ကုန်ကျစရိတ်တွေ ပိုများလာကြပါတယ်။

ပျော်ဘွယ်မြို့နယ်ထဲကပဲ သဘွတ်ကုန်းကျေးရွာမှာလည်း တရွာလုံး အားထားရတဲ့ စက်ရေတွင်း ပျက်စီးသွားပါတယ်။

ဘီဘီစီကို ပေးပို့လာတဲ့ သဘွတ်ကုန်းရွာရဲ့ အခြေအနေ ရုပ်သံမှတ်တမ်းထဲမှာဆိုရင် အသက် ၇ နှစ် ၊ ၈ နှစ်အရွယ် ကလေးတွေကနေ သက်ကြီးပိုင်းတွေအထိ ဒေသခံတွေဟာ ပူပြင်းနေတဲ့ နေအပူချိန်ကို အံတုပြီး ရေငန်တွင်းက ရေတွေကိုပဲရေခပ် ရေသယ် လုပ်နေကြတာတွေ့ရပါတယ်။

ပျော်ဘွယ်မြို့ထဲမှာတော့ မြို့နယ်ဆေးရုံအတွက် အသုံးပြုနေတဲ့ စက်ရေတွင်းအပါအဝင် ရေတွင်း ၄ တွင်းလောက်လည်း ရေမထွက်တာတွေ ရှိနေတယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

ပျော်ဘွယ်မြို့ထဲက ပျက်သွားတဲ့ ရေတွင်းတွေရှိနေပေမဲ့ စည်ပင်ဌာနကနေ ရေပေးတာကြောင့် အခက်အခဲကတော့ သိပ်ရှိမနေပါဘူး။

နေပြည်တော် နဲ့ ပျဉ်းမနားမြို့နယ်တွေမှာတော့ စက်ရေတွင်းတချို့ ပျက်သွားတာတွေ ရှိသလို၊ မန္တလေးမြို့ တောင်သမာန်အင်းအနီးက ရပ်ကွက်တွေက ရေတွင်းတွေမှာလည်း ရေအရည်အသွေး ထိခိုက်တာတွေ ရှိနေပါတယ်။

တောင်သမာန်အင်းပတ်လည်က ဘုံးအိုး၊ ဒါးက၊ ဟင်္သာ အဲဒီရပ်ကွက်တွေမှာရှိတဲ့ရေတွင်းတွေထဲက ရေတွေမှာ သံဓာတ်အရမ်းများနေတယ်လို့ စိစစ်ချက်တွေအရ သိရပါတယ်။

အဲဒီရပ်ကွက်တွေမှာ မန္တလေးစည်ပင်နဲ့ ပူးပေါင်းပြီး ရေပေးဝေဖို့ လုပ်ဆောင်နေသူတစ်ယောက်ရဲ့ ပြောပြချက်အရ ရေအရောင်က ဝါကျင်ကျင် အရောင်တွေ ဖြစ်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဧရာဝတီမြစ်ရဲ့ မြေနုကျွန်းပေါ်မှာ ရွာတည်ထားတဲ့ ပုသိမ်ကြီးမြို့နယ်ထဲက သံဘိုကျွန်းက လက်နှိပ်ရေတွင်း အနည်းဆုံး ၅၀ ကျော်လည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပြပါတယ်။

"ငလျင်လှုပ်ပြီး နှစ်ရက်လောက်အထိ သောက်စရာ ရေမရှိကြလို့ မြစ်ရေတွေကို သောက်ကြတယ်၊ အဲဒီမှာ ထပ်ပြီးတော့ ဝမ်းပျက် ဝမ်းလျှောတွေပါဖြစ်ကြတယ်။ အခုတော့ ရေပြန်ထွက်တဲ့ တချို့တွင်းတွေကနေ တရွာလုံး မျှသုံးနေကြရတယ်"လို့ သံဘိုကျွန်း ကျေးရွာကို ရေတွင်းတူးဖော်ပေးဖို့ အကူအညီရောက်နေတဲ့ မအိမ်မက်က ပြောပါတယ်။

ဇလဘူမိဗေဒ ပညာရှင်တွေရဲ့ မှတ်ချက်အရဆိုရင် ငလျင်လှုပ်ခတ်တာကြောင့် ရေအောင်းလွှာတွေရှိတဲ့ သဲလွှာတွေဟာ တချို့နေရာတွေမှာ သိပ်သည်းကျစ်လစ်သွားပြီး ရေခမ်းသွားတာမျိုးဖြစ်ပါတယ်။ ကြေမွလွယ်တဲ့ မြေလွှာ၊ ကျောက်လွှာတွေကတော့ သဲဆန်တဲ့ ဖျော်ရည်အဖြစ် ပြောင်းလဲသွားပြီး ရေတွင်းထဲကနေ ရေတွေ မြေပေါ်ကို ပန်းထွက်လာနိုင်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ငလျင်လှုပ်ခတ်ပြီးချိန်တုန်းက မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်ထဲက လက်နှိပ်တုံကင်တချို့ ကနေ ရေတွေ အလိုအလျောက် ပန်းထွက်လာသလို မန္တလေးတိုင်း မြစ်သားမြို့မှာ လမ်းတွေ၊ ခြံတွေထဲကနေ ရေတွေ ပန်းထွက်လာတာတွေလည်း ဖြစ်ခဲ့ပါတယ်။

"ဒါတွေက ငလျင်ရဲ့ အကျိုးဆက်တွေပါပဲ"လို့ ဇလဘူမိ ပညာရှင် ဦးမြင့်သိန်းက ပြောပါတယ်။

ငလျင်ကြောင့် မြေအောက်ရေ အပေါ် သက်ရောက်မှုနဲ့ နေရာပြောင်းသွားတဲ့ ရေကြောတွေ

တရွာလုံး သုံးနေရတဲ့ ရေတွင်းက ရေမထွက်တော့လို့ ပြန်ပြင်ဖို့ တိုင်ပင်နေကြရပါတယ်

ဓာတ်ပုံ ရင်းမြစ်, ကိုမာဝီ

ဓာတ်ပုံ ပုံစာ, တရွာလုံး သုံးနေရတဲ့ ရေတွင်းက ရေမထွက်တော့လို့ ပြန်ပြင်ဖို့ တိုင်ပင်နေကြရပါတယ်

ငလျင်ကြောင့် မြေအောက်ရေကြော ပြောင်းလဲမှုအပေါ် သက်ရောက်မှု နှစ်ခုရှိစေတယ်လို့ ဇလဘူမိပညာရှင် ဦးမြင့်သိန်း (မောင်ကျေးရေ) က ပြောပါတယ်။

ပထမအချက်က မြေအောက်ရေ မျက်နှာပြင်ကို လှုပ်ခတ်စေတာပါ။ ဒုတိယအချက်က မြေအောက်ရေ မျက်နှာပြင် အနိမ့်အမြင့်ကို ပြောင်းလဲစေတဲ့အချက်ပါပဲ။

ငလျင်ပြတ်ရွေ့ကြောနဲ့ နီးတဲ့ နေရာတွေမှာဆိုရင် မြေတွင်းဖိအားကြောင့် မြေအောက်ရေမျက်နှာပြင် နိမ့်ကျသွားနိုင်ပါတယ်။

"အနည်းဆုံး ရစ်ခ်တာစကေး ၅ ဒသမ ၆၊ ၆ ဒသမ ၂ လောက်ဆို မြေအောက်ရေကို ထိခိုက်နိုင်ပြီ"လို့ ဇလဘူမိပညာရှင် ဦးမြင့်သိန်း (မောင်ကျေးရေ)က ဘီဘီစီကို ပြောပါတယ်။

ငလျင်လှုပ်ခတ်လိုက်တဲ့အခါ မြေတွင်း တုန်ခါမှုတွေ ဖြစ်ပေါ်လာတာနဲ့ တချိန်တည်း မြေအောက်မှာရှိတဲ့ ရေအောင်းလွှာတွေထဲကို ရေဖိအား ပြောင်းလဲတာတွေ ဖြစ်စေတာမျိုးဖြစ်ပါတယ်။

စက်ရေတွင်းတွေ တူးဖော်ချိန်မှာ မြေအောက်ရေရဲ့ အခြေအနေတွေကို ဆန်းစစ်ပေးတဲ့ MGS-ဘူမိနည်းပညာရုံး(နေပြည်တော်) က ဦးအောင်မင်းသိန်းကတော့ ရေက အလွှာလိုက်ရှိတာကြောင့် မြေကြောရွေ့ချိန်မှာ ရေစီးဆင်းတဲ့လမ်းကြောင်းလည်း ပြောင်းလဲခဲ့တာလို့ ရှင်းပြပါတယ်။

" အပေါ် ရေစုအိုင်မှာရှိနေတဲ့ ရေတွေက အက်ကြောင်းတွေ ကြားထဲကို ဆင်းသွားတာပေါ့။ အောက်ကို ပိုရောက်သွားတဲ့အခါမှာ အပေါ်မှာရှိနေတဲ့ ပင်မ ရေတွေကလည်း ကျသွားတတ်တာပဲလေ။ အောက်ထိဆင်းသွားတာဆိုတော့ မြေအောက်ရေကို ထိန်းသိမ်းမယ့်အလွှာ တစ်ခု မခံမချင်း သူက အောက်ကို ဆင်းနေမှာပဲ" လို့ ပြောပြပါတယ်။

ဒါ့ကြောင့် အပေါ်ယံ ရေစုအိုင်တွေကနေသာ ရေတူးယူထားတဲ့ ရေတွင်းတွေရဲ့ ရေတွေဟာ မြေသားအက်ကြောင်းအတိုင်း ဦးတည်စိုက်ဆင်းသွားတာတွေကြောင့် မူရင်းတွင်းမှာ ရေပြတ်တောက်တာတွေ ဖြစ်ခဲ့တာလို့ နားလည်ရပါတယ်။

အပေါ်ယံရေစုအိုင်အချို့ မြေအောက်မြေလွှာပြတ်ကြောင်း မဖြစ်တဲ့နေရာက စက်ရေတွင်းတချို့မှာ ရေတွင်းပြန်ဆေးခြင်းပြီး ပြန်လည်သုံးစွဲရနိုင်တာကိုတွေ့ရှိခဲ့ရတယ်လို့ ဦးအောင်မင်းသိန်းက ပြောပါတယ်။

ရေတွင်း ပျက်စီးသွားတဲ့ နေရာတွေမှာ ရေတွင်း အသစ်တူးမယ်ဆိုရင် အရင် မိရိုးဖလာအတိုင်း မှန်းဆ တူးဖော်တာတွေထက် ဇလဘူမိဗေဒ တတ်ကျွမ်းသူတွေရဲ့ အကူအညီယူပြီး မြေအောက်ရေကြော ရှိနိုင်တဲ့ နေရာကို တိုက်ရိုက်တူးဖော်ဖို့ကိုလည်း အကြံပြုပါတယ်။

‌ငလျင်ဒဏ်ကြောင့် ရေတွင်း၊ ရေကန်တွေ ထိခိုက်ပျက်စီးခဲ့တဲ့ မြို့နယ်က ဒေသခံတွေကလည်း ပြန်လည်ထူထောင်ရေးမှာ ရေတွင်းတွေပါ တူးပေးဖို့ လိုလားနေကြပါတယ်။

ငလျင်ဘေးသင့်ထားတဲ့ မြန်မာနိုင်ငံမှာ လူဦးရေ ၄ ဒသမ ၃ သန်းကျော်ဟာ သန့်ရှင်းတဲ့ရေနဲ့ သန့်ရှင်းရေးအကူအညီတွေ အရေးပေါ်လိုအပ်နေပြီး ဒါဟာ ဘေးအန္တရာယ်မကျရောက်ခင် ၁ ဒသမ ၁ သန်း ကနေ မြင့်တက်လာတာပါ။

ရေပေးရေးစနစ်တွေပျက်စီးကုန်သလို အိမ်သာအလုံးရေ ၄၂,၀၀၀ ကျော် ပြိုကျခဲ့တဲ့အပြင် လျှပ်စစ်မီးမမှန်တာကြောင့် ရေတင်ဖို့လည်းအခက်အခဲရှိနေကြတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ထုတ်ပြန်ထားပါတယ်။