ကျောက်ဆည်က ငလျင်သင့် ပြိုကျလုနီး ကျောက်သေတ္တာကြီး ဘာဆက်ဖြစ်နေလဲ

ဓာတ်ပုံ ရင်းမြစ်, ကျောက်ဆည်ဘေးစီမံ
မန္တလေးတိုင်း ကျောက်ဆည်မြို့လို့ ပြောလိုက်ကြတာနဲ့ ကျောက်သေတ္တာစေတီကို တွဲမြင်ကြတဲ့အထိ အထင်ကရရှိခဲ့တဲ့နေရာဟာ မတ် ၂၈ ရက် အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းမှာ ၃၀ ဒီဂရီလောက် တိမ်းစောင်းသွားပါတယ်။
တောင်ပေါ်ကနေ ပြုတ်ကျလုနီးပါးဖြစ်နေတဲ့ ကျောက်သေတ္တာစေတီသာ အောက်ကို ကျခဲ့ရင် အန္တရာယ်များတာကြောင့် အစောပိုင်းမှာ မိုင်းခွဲဖျက်ဆီးဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက စီစဉ်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီရက်ပိုင်းမှာတော့ မိုင်းခွဲ မဖျက်ဆီးတော့ဘဲ ပြန်ပြုပြင်မယ်ဆိုတဲ့ အစီအစဉ်ကို ပြောင်းလိုက်ကြပါတယ်။
နှုတ်သမိုင်းရာဇဝင်တွေနဲ့ မြို့ရဲ့ အမှတ်အသားဖြစ်တဲ့ ကျောက်သေတ္တာစေတီကို ထိန်းသိမ်းချင်သူတွေနဲ့ လူ့အသက်ကို ပိုတန်ဖိုးထားသင့်တယ်ဆိုသူတွေအကြား ဝိဝါဒ ကွဲပြားနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ကျောက်ဆည်ခရိုင် သဘာဝဘေးစီမံခန့်ခွဲမှု
ကျောက်သေတ္တာလိမ့်ကျနိုင်တဲ့ လမ်းကြောင်းနေရာက နေအိမ်တွေ ပြောင်းရွှေ့ထားကြရ

ဓာတ်ပုံ ရင်းမြစ်, ကျောက်ဆည်ခရိုင် သဘာဝဘေးစီမံခန့်ခွဲမှု
ကျောက်ဆည်မြို့၊ ရွှေသာလျောင်းဘုရားတည်ထားတဲ့ ရွှေသာလျောင်းတောင်ပေါ် ရဲ့ မြေနေရာ သုံးပုံနှစ်ပုံလောက်မှာ ကျောက်သေတ္တာစေတီ ရှိနေတာ ဖြစ်ပါတယ်။
ပြင်းအား ၇ ဒသမ ၇ ရစ်ခ်ျတာစကေး ရှိတဲ့ စစ်ကိုင်းပြတ်ရွေ့ ငလျင်လှုပ်ခတ်ချိန်မှာ စေတီရဲ့ အောက်ခံကျောက်သားတွေ ပြိုကျပြီး ကျောက်သေတ္တာကြီး တိမ်းစောင်းသွားခဲ့တာပါ။
လူမှုကွန်ရက်မီဒီယာတွေမှာ ပြန့်နှံ့လာတဲ့ ဗွီဒီယိုတွေအရ ကျောက်သေတ္တာကြီးက အောက်ခံကျောက်တုံးတွေပေါ်ကနေ စောင်းကျနေတာကို တွေ့ရပါတယ်။
ကျောက်သေတ္တာ ခေါ် ကျောက်တုံးကြီး ပြုတ်ကျမယ့် အခြေအနေတွေကြောင့် ဒေသခံတွေရဲ့ အသက်အန္တရာယ် ဆုံးရှုံး ထိခိုက်နိုင်တယ်လို့လည်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က သတိပေးခဲ့ကြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကျနိုင်တဲ့လမ်းကြောင်းမှာရှိတဲ့ စုကြီးရပ်ကွက်၊ လေးမျက်နှာဘုရား၊ ဈေးလမ်း၊ ရွှေသာလျောင်းတောင်ခြေနဲ့ မင်းရဲမြောင် နယ်နိမိတ်ထဲက ပြည်သူတွေကို ဧပြီ ၃ ရက်ကစလို့ ပြောင်းရွှေ့ဖို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က အရေးပေါ် ပြောင်းရွှေ့ခိုင်းခဲ့တာဖြစ်ပါတယ်။
"အန္တရာယ်ရှိတဲ့ ကျောက်တုံးကြီးအား ဖောက်ခွဲဖျက်စီးနိုင်ရေး တာဝန်ရှိသူတွေအနေနဲ့ စီမံဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အန္တရာယ်ကင်းရှင်းချိန်အား ထပ်မံ အသိပေး ထုတ်ပြန်သွားမည်" လို့ ကျောက်ဆည်မြို့ အုပ်ချုပ်ရေး အဖွဲ့တွေက အသံချဲ့စက်နဲ့ လိုက်အသိပေးတာကိုလည်း ပြန့်နှံ့လာတဲ့ရုပ်သံဖိုင်တွေမှာ တွေ့ရပါတယ်။
တခြားနေရာကိုပြောင်းရွှေ့စရာ နေရာမရှိတဲ့သူတွေကို ဖောင်ရွာရပ်ကွက် ဝေဘူချောင် ဓမ္မာရုံနဲ့ ဇရပ်တွေမှာ ကယ်ဆယ်ရေးစခန်း ဖွင့်ထားပြီး ပြောင်းရွှေ့ထားကြပါတယ်။
ရွှေသာလျောင်းတောင်ရဲ့ အမြင့်ပေ ၃၅၀ ဝန်းကျင်မှာ ရှိနေတဲ့ ကျောက်သေတ္တာရဲ့ အောက်ခြေမှာလည်း အကာအကွယ်ရယ်လို့ ကြီးကြီးမားမား ရှိမနေဘဲ ရွှေမုဋ္ဌောစေတီ၊ မြို့မဈေး နဲ့ နေအိမ်တွေသာ ရှိနေတာပါ။
ကျောက်တုံးလိမ့်ကျနိုင်တဲ့ နေရာတွေကိုလည်း အန္တရယ်ဇုန်အဖြစ် သတ်မှတ်ထားကြပြီး တာဝန်ရှိသူတွေကလွဲလို့ အုပ်ချုပ်ရေးအဖွဲ့တွေက ဘယ်သူ့ကိုမှပေးမဝင်တော့ပါဘူး။ ကျောက်ဆည်မြို့မဈေးလည်း ပိတ်ထားပါတယ်။
ငလျင်ဒဏ်ကြောင့် တိမ်းစောင်းနေတဲ့ တောင်ပေါ်က ကျောက်သေတ္တာကြီးဟာ နေအိမ်တွေရဲ့ အပေါ်စီးကနေ ၊ ဘယ်အချိန်မဆို အရှိန်နဲ့ လိမ့်ကျလာနိုင်တဲ့ အန္တရာယ်ကလည်း ဒေသခံတွေအတွက် တွေးပြီးရင်ထိတ်စရာ ဖြစ်နေကြပါတယ်။
"ကျောက်သေတ္တာပြိုနိုင်တဲ့ လမ်းကြောင်းအောက်မှာ ရှိနေတဲ့ တချို့အိမ်တွေကလည်း ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးတာတွေ ရှိနေတယ်။ တချို့ ယိုင်သွားတဲ့ အိမ်တွေကလည်း နေလို့မရတာကြောင့် ကျောက်သေတ္တာကြီး ပြိုကျမှာ စိုးတာနဲ့ရော ပြောင်းကုန်တာတွေလည်း ရှိတယ်"လို့ ကျောက်ဆည်မြို့က အသက် ၃၀ ကျော်အရွယ် ဒေသခံ အမျိုးသားတစ်ယောက်က ပြောပါတယ်။
ငလျင်ဒဏ်သင့်ပြီးချိန် ကျောက်တုံးကြီး ပြိုကျနိုင်တဲ့ အန္တရာယ်ရှိနေတဲ့ စုကြီးရပ်ကွက်ထဲကိုလည်း ဆရာတော်တွေက အန္တရာယ်ကင်းပရိတ်တွေ ရွတ်ဖတ်ကြပါတယ်။
စစ်ကောင်စီရဲ့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်း ဒေသတွင်း အန္တရာယ်ကင်းရှင်းရေးအတွက် ရွှေသိမ်တော်ဘုရားမှာ ငှက်ပျော် ၁၀၈ ဖီးပါတဲ့ အဓိဋ္ဌာန် ငှက်ပျောပွဲကိုပြီးခဲ့တဲ့ ဧပြီ ၄ ရက်က ကပ်လှူကြပါတယ်။
"သံဃာတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ကျောက်တုံးကြီး ဖောက်ခွဲရင် ထိခိုက်မှာစိုးလို့ ပွဲတွေပေးတယ်။ တချို့ဘုန်းကြီးတွေက မလုပ်သင့်ဘူး၊ ကျောက်ဆည် သမိုင်း ပျောက်သွားလိမ့်မယ်ဆိုပြီး မိန့်ကြတယ်။ ကျောက်သေတ္တာကြီးကို မဖြိုနဲ့ပေါ့၊ အန္တရာယ်ကင်းအောင် ပြုပြင်ပေးပေါ့ " လို့ အသက် ၆၀ ကျော်အရွယ် ဒေသခံ အမျိုးသားတစ်ယောက်က ပြောပါတယ်။
ကျောက်ဆည်မြို့ဟာလည်း ဗုဒ္ဓဘာသာ ထွန်းကားပြီး ရဟန်းသံဃာတော်ကြီးတွေရဲ့ မိန့်ဆိုချက်တွေကို လေးစားလိုက်နာကြသလို ရိုးရာဓလေ့ အပေါ် ယုံကြည်သက်ဝင်ကြသူတွေလည်း ရှိကြပါတယ်။
"ဧပြီ ၇ ရက်တုန်းကတောင် ကျောက်သေတ္တာအောက်မှာ နတ်ပွဲတွေပေး၊ နတ်နန်းတွေပေးတယ်၊ ဆိုင်ရာ ပိုင်ရာတွေကို ပွဲတွေပေးတာပေါ့" လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
အဲဒီနောက်မှာတော့ ကျောက်သေတ္တာကြီးကို ဖောက်ခွဲမယ့် အစီအစဉ် ပြောင်းသွားခဲ့တာဖြစ်ပါတယ်။
"မဖြိုချဘူး။ စောင်းနေတာကို နောက်ကနေပြီးတော့ ကျောက်တုံးနဲ့ ချုပ်ဖို့ လုပ်ထားတယ်။ စိတ်ချရတဲ့ အနေအထားဖြစ်အောင်ပေါ့၊ ပညာရှင်တွေနဲ့ တိုင်ပင်ပြီးမှ ဆောင်ရွက်မှာပါ" လို့ ကျောက်ဆည်မြို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ကျောက်သေတ္တာကြီးကို ပြန်ပြုပြင် ထိန်းသိမ်းဖို့ စီစဉ်နေတာ၊ ပြည်သူတွေ အန္တရာယ်ကင်းအောင် ဘယ်လိုမျိုး လုပ်ဆောင်မလဲ ဆိုတာနဲ့ ပတ်သက်လို့ ကျောက်ဆည်မြို့ အထွေထွေ အုပ်ချုပ်ရေးအဖွဲ့ကို ဆက်သွယ်ဖို့ ကြိုးစားပေမဲ့ မရသေးပါဘူး။
အမြင်အားဖြင့်ဆိုရင် ပြုပြင်ထိန်းသိမ်းလို့ ရနိုင်ခြေတွေကတော့ လုပ်လို့ရနိုင်မယ်ထင်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၊ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးလည်းဖြစ်၊ ငလျင်ပညာရှင်တစ်ယောက်လည်း ဖြစ်တဲ့ ဦးစိုးသူရထွန်းက ပြောပါတယ်။
"အနိမ့်ပိုင်းက ပြည်သူတွေ မထိခိုက်အောင်လည်း နည်းလမ်းအမျိုးမျိုး စဉ်းစားနိုင်ပါတယ်။ ဒါပေမဲ့ ဖြိုမယ် မဖြိုဘူးဆိုတာရော၊ နည်းပညာပိုင်းထက် စစ်ကောင်စီ ထုံးစံအတိုင်း၊ ဗေဒင်ယတြာတွေနဲ့ ပတ်သက်မလားလည်း သံသယရှိတယ်" လို့ သူက မှတ်ချက်ပေးပါတယ်။
ကျောက်ဆည်မြို့မှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၇၀ ကျော် ရှိတယ်လို့ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ရှာဖွေကယ်ဆယ်ရေးတွေ နားထားပြီး ပြိုကျပျက်စီးတဲ့ နေအိမ်တွေကို ရှင်းလင်းမှုတွေ လုပ်နေကြပါပြီ။
ဒဏ္ဏာရီဆန်ဆန် ယုံကြည်မှုနဲ့ ကျောက်သေတ္တာ

ဓာတ်ပုံ ရင်းမြစ်, CJ
ကျောက်သေတ္တာဆိုတာက လေးထောင့်ဆန်ဆန်နဲ့ ရွှေရောင်ဆေးသုတ်ထားတဲ့ သဘာဝကျောက်တုံးကြီးရဲ့ အပေါ်မှာ စေတီတစ်ဆူ တည်ထားတာဖြစ်ပါတယ်။
ဒါပေမဲ့ ကျောက်ဆည်မြို့ခံတွေမှာတော့ ဒီသေတ္တာပုံစံ ဖြစ်နေတဲ့ ကျောက်တုံးကြီးထဲမှာ နောင်ပွင့်မယ့် ဘုရားတွေကို လှူဒါန်းဖို့ အဓိဋ္ဌာန်ပြုထားတဲ့ ရွှေ၊ ငွေ ရတနာတွေရှိတယ်လို့ နှုတ်ပြောရာဇဝင် ရှိနေကြတာပါ။
ဒါ့အပြင် စာရေးဆရာကြီး မင်းသိင်္ခရဲ့ ဝတ္ထုအရ မနုစာရီမင်းသမီးရဲ့ လက်တစ်ဖက်ကို အဲဒီ ကျောက်သေတ္တာထဲမှာ ဝှက်ထားပြီး သူ့ချစ်သူက ပြန်ဆက်ပေးဖို့ စောင့်နေတယ်လို့လည်း ရေးသားထားတဲ့အတွက် ဒီရာဇဝင်တွေအပေါ် ဒေသခံတွေက တန်ဖိုးထားကြပါတယ်။
"ကျွန်တော်တို့ ငယ်ငယ်ကတည်းက ညဘက် အိပ်ရာဝင်ပြီဆို ကျောက်သေတ္တာကြီးထဲက ရွှေ၊ ငွေတွေကို ပွဲလမ်းသဘင် ရှိရင် လူတွေက ငှားဝတ်တယ်၊ အဲဒီတုန်းက သီလ သမာဓိရှိတော့ ပြန်ပေးကြတယ်ပေါ့၊ နောက်တော့ လူတွေက ပြန်မပေးကြတော့ ကျောက်သေတ္တာကြီးက ပိတ်သွားတာဆိုတဲ့ ပုံပြင်တွေနဲ့ အိပ်ခဲ့ကြရတာ"လို့ ကျောက်ဆည်မြို့မှာ မွေးဖွားကြီးပြင်းခဲ့သူ လူငယ် ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကျောက်သေတ္တာကြီး ပွင့်နေချိန်မှာ နွားကျောင်းသားတစ်ယောက်က ရွှေငွေရတနာတွေကို မြင်သွားပြီး လောဘစိတ်ကြောင့် ယူမိရင်း သေတ္တာပြန်ပိတ်သွားလို့ လက်တဖက် ပြတ်ကျန်ခဲ့တယ်ဆိုတဲ့ ယုံတမ်းစကားတွေလည်း ရှိနေကြပြန်ပါတယ်။
ဒီလို ပါးစပ်ရာဇဝင်တွေကြောင့်လည်း ကျောက်သေတ္တာကြီးကို မိုင်းနဲ့ ဖောက်ခွဲလိုက်ရင် "ရွှေတွေကျလာမှာလား၊ မနုစာရီရဲ့ လက်တစ်ဖက် ထွက်လာမှာလား၊ နွားကျောင်းသားရဲ့လက်လား" ဆိုတဲ့ အရွှန်းဖောက်တဲ့ မှတ်ချက်တွေကိုလည်း လူမှုကွန်ရက်မှာ ရေးသားထားကြပါတယ်။
သီတင်းကျွတ် လပြည့်နေ့ရောက်တိုင်း ဆီမီးပူဇော်ကြသလို မြို့နဲ့ တသားတည်းဖြစ်နေတာကြောင့် တန်ဖိုးထားရတဲ့ ကျောက်သေတ္တာကြီးကို ဖြိုဖျက်ပစ်ဖို့ကိုတော့ နှမြောကြတဲ့ အခြေအနေလည်းတွေ့ရပါတယ်။
ဒါပေမဲ့လည်း ဘယ်လောက်အထိ ခိုင်မာအောင် ထိန်းသိမ်းနိုင်မလဲ၊ နောက်ထပ် သဘာဝဘေးနဲ့ ငလျင်တွေကြုံခဲ့ရင် ဆိုတဲ့ တွက်ဆမှုတွေနဲ့ နှမြောတသစိတ်ကို မလွန်ဆန်နိုင်သူတွေ ရှိနေကြပါတယ်။
"မြတ်နိုးတန်ဖိုး ထားတာပေါ့၊ ဒါပေမဲ့ လူ့အသက်ထက်တော့ တန်ဖိုးမရှိဘူးလေ။ အန္တရာယ်ရှိရင်တော့လည်း ဖယ်သင့်ရင် ဖယ်ရမှာပေါ့။ တဖက်မှာလည်း ထားလို့ရသလောက် ထားချင်ကြတာပေါ့" လို့ ကျောက်ဆည်မြို့ခံ တစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံ မြေငလျင်ကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ် ဘူမိပညာရှင်လည်းဖြစ်တဲ့ ဦးစောထွေးဇော်က ဒီကျောက်တုံးရဲ့ အသွင်သဏ္ဏာန်ကို ကြည့်ပြီး အန္တရာယ်ရှိ မရှိ စနစ်တကျစစ်ဖို့လိုတယ်လို့ အကြံပြုပါတယ်။
ဒရုန်းသုံးပြီး 3D စကန်ဖတ်နဲ့နည်းပညာနဲ့ ကျောက်တုံးရဲ့ အပေါ်မှာရှိနေတဲ့ မြေပြင်အခြေအနေကို စစ်ဆေးသင့်ပြီး အဲဒီကရတဲ့အချက်အလက်နဲ့ ကျောက်တုံးရဲ့ တည်ငြိမ်မှုအခြေအနေ၊ ညီမျှချက်စတဲ့ အခြေအနေတွေကို တိတိကျကျစစ်ဆေးဖို့ ပြောပါတယ်။
အဲဒီကရတဲ့အချက်အလက်တွေနဲ့ လုံခြုံမှုမရှိ အန္တရာယ်ရှိတယ်ဆိုရင် ကျောက်တုံးအောက်က ရပ်ကွက်တွေက မိသားစုတွေနဲ့ အိမ်ထောင်စုတွေကို အထူးသတိပေးဖို့ လိုတယ်လို့ မှတ်ချက် ပြုပါတယ်။












