ငလျင်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒို ဘာဆက်ဖြစ်နေလဲ

Sky Villa ရှေ့မှာ မိသားစု ဝင်တွေကို စောင့် နေရတဲ့ မရွှေစင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က Sky Villa ကွန်ဒိုဟာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ငလျင်ကြောင့် စက္ကန့်ပိုင်းအတွင်းမှာပဲ ပြိုကျခဲ့ပြီး ကွန်ဒိုမှာနေထိုင်တဲ့သူတွေလည်း ပိတ်မိနေတာ ငလျင်အလွန် ၄ ရက်ထဲ ဝင်လာပါပြီ။

မတ် ၃၁ ရက်မှာတော့ ကွန်ဒိုရဲ့ အပျက်အစီးပုံအောက်မှာ လူ ၂ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ပြီး နောက်ထပ် ၂ ဦးကိုတော့ သေဆုံးလျက်သာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

လူမှုကွန်ရက်မှာတော့ အဲဒီကွန်ဒိုမှာနေထိုင်တဲ့မိသားစုတွေ ပျောက်ဆုံးနေတာ၊ အဆက်အသွယ် ပြတ်တောက်နေတာတွေဖြစ်နေလို့ ဒီလူတွေကို ရှာတွေ့နိုင်ရေး ဝိုင်းဝန်းကူရှာပေးဖို့ အဝေးရောက်နေတဲ့ မိသားစုဝင်တွေက မေတ္တာရပ်ခံနေကြပါတယ်။

ငလျင်အလွန် ၄ ရက်ထဲဝင်လာချိန်မှာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေလည်း ပိတ်မိနေသူတွေကို အချိန်လု ကယ်ဆယ်နေရပါတယ်။

Sky Villa မှာ မတ်လ ၃၀ ရက်တုန်းက ကူညီကယ်ဆယ်ရေးလုပ်နေတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, Sky Villa မှာ မတ်လ ၃၀ ရက်တုန်းက ကူညီကယ်ဆယ်ရေးလုပ်နေတဲ့မြင်ကွင်း

ကယ်ဆယ်ရေးအခြေအနေ

ပြိုကျပြီးနောက် Sky Villa ကွန်ဒိုမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ပြိုကျပြီးနောက် Sky Villa ကွန်ဒိုမြင်ကွင်း

ကွန်ဒိုအပျက်အစီးပုံအောက်မှာ ပိတ်မိနေတဲ့သူတွေကို ကူညီရှာဖွေကယ်ထုတ်ဖို့ တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေ မတ် ၂၉ မနက်ပိုင်းမှာ Sky Villa ကို ရောက်ပြီး ကယ်ဆယ်ရေးတွေ စလုပ်နေပြီလို့ မြေပြင်မှာရှိတဲ့သူတွေက ဘီဘီစီကိုပြောပါတယ်။

မတ် ၂၈ ရက်ကနေ မတ် ၃၀ ရက် ညနေပိုင်းအထိ ၂၉ ယောက်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးတဲ့ အလောင်း ၈ လောင်းကို ဆွဲထုတ်ထားနိုင်တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ဒုတိယညွှန်ကြားရေးမှူးက ပြောပါတယ်။

အလောင်း ၈ လောင်းက "အမျိုးသား ၅ ယောက်၊ အမျိုးသမီး ၃ ယောက်" လို့ သူက ဖြည့်ပြောပါတယ်။

ပိတ်မိနေတဲ့သူတွေ ကယ်ထုတ်နေချိန်မှာပဲ မတ် ၃၀ ရက် မွန်းလွဲပိုင်းမှာ မန္တလေးတိုင်းကို ဗဟိုပြုတဲ့ နောက်ထပ် ငလျင်တစ်ကြိမ် ထပ်လှုပ်ခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မန္တလေးမြို့ အနောက်မြောက်ဘက် ၂၈ ကီလိုမီတာအကွာ မတ္တရာမြို့နယ်ထဲကို ပြင်းအား ၅ မဂ္ဂနီကျူ့ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တာလို့ ကမ္ဘာတဝန်း ငလျင်လှုပ်ခတ်မှုတွေကို စောင့်ကြည့်တဲ့ USGS က ထုတ်ပြန်ပါတယ်။

ဒီငလျင်ဟာ မတ် ၂၈ ရက်က လှုပ်ခဲ့တဲ့ ငလျင်ကြီးပြီးရင် အင်အားအပြင်းဆုံးလို့ ခံစားရတဲ့အကြောင်း မြို့ခံတွေက ပြောပါတယ်။

အဲဒီငလျင်လှုပ်ခတ်မှုက Sky Villa က ကယ်ဆယ်ရေးလုပ်နေတဲ့ ဆရာဝန်နဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေအပေါ် ခြောက်လှန့်မှုဖြစ်စေတယ်လို့ မြေပြင်မှာရှိနေတဲ့သူတစ်ဦးက သူ့ရဲ့ လူမှုကွန်ရက်အကောင့်မှာ ရေးသားထားပါတယ်။

အဲဒီငလျင်ကြောင့် ပြိုကျနေတဲ့ အဆာက်အဦက ပိုစောင်းလာပြီး အက်ကြောင်းတွေလည်း ပိုကြီးလာတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီမြို့နယ်ရုံးရဲ့ အချက်အလက်တွေအရ Sky Villa ကွန်ဒိုမှာ နေထိုင်တဲ့သူ ၂၀၀ ကျော်ရှိပြီး ပြိုကျတဲ့အချိန် ကွန်ဒိုထဲရှိနေတဲ့ လူဦးရေအတိအကျကိုတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။

ပြိုကျတဲ့နေ့ကတည်းက ကယ်ဆယ်ရေးတွေ လုပ်ပေမယ့် မြေပြင်မှာ ကယ်ဆယ်ရေးသုံးပစ္စည်းတွေ မလုံလောက်ဘူးလို့ ကယ်ဆယ်ရေးအဖွဲ့တချို့ဆီက သိရပါတယ်။

"ပစ္စည်းကောင်းကောင်းမရှိတော့ ထင်သလောက် မထိရောက်ဘူး။ အချိန်ပိုကြာတာပေါ့" လို့ အဖွဲ့ဝင်တစ်ဦးက ရှင်းပြပါတယ်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တွေ၊ မန္တလေးမြို့ပေါ်က လူမှုကူညီရေးအဖွဲ့ဝင်တွေအပြင် ရန်ကုန်၊ မိတ္ထီလာနဲ့ ပြင်ဦးလွင်က ကူညီရေးအဖွဲ့ဝင်တွေ အားလုံးပေါင်း လူ ၂၀၀ ခန့်နဲ့ ကယ်ဆယ်ရေးတွေ လုပ်နေကြတယ်လို့ ကူညီပေးနေတဲ့သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ဒုတိယညွှန်ကြားရေးမှူးကတော့ မီးသတ်နဲ့ တရုတ်ကယ်ဆယ်ရေးအဖွဲ့နဲ့ ပူးပေါင်းထားတဲ့ အဖွဲ့ဝင် လူ ၁၀၀ ကျော်နဲ့ ကြိုးစားပြီး ကယ်ထုတ်ပေးနေတယ်လို့ ဘီဘီစီကို မတ်လ ၃၀ ရက်မှာ ပြောထားပါတယ်။

အချိန်လုနေရတဲ့ ကယ်ဆယ်ရေး

အာဏာပိုင်တွေက Sky Villa အပျက်အစီးတေအပျက်အစီးတွေကို ဖြိုချပြီး ရှာဖွေရေးလုပ်ဖို့ အာဏာပိုင်တွေက ဒီနေ့မှာ ကြိုးပမ်းခဲ့တယ်လို့ မြေပြင်မှာ ကူညီ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက မတ်လ ၃၁ ရက် ညနေပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။

''အပျက်အစီးတွေကို ဖြိုချပြီး ရှာဖွေမယ်။ ဘက်ဖိုး(မြေတူးစက်)နဲ့ တူးမယ်လို့ ဆိုပြီး နေ့လယ်ပိုင်းက ကယ်ဆယ်ရေးအဖွဲ့တွေကို ရပ်ခိုင်းတာရှိခဲ့တယ်။ ဒါပေမဲ့ ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင်တွေက အကူအညီတောင်းတာကြောင့် ညနေပိုင်းမှာ ရှာဖွေ ကယ်ဆယ်ရေးတွေ ပြန်စတယ်'' လို့ သူက ပြောပါတယ်။

ဒါကြောင့် မနက်ဖြန်(မတ်လ ၃၁ ရက်)မှာ ရှာဖွေရေးရပ်တန့်ပြီး အပျက်အစီးတွေကို ဖြိုချနိုင်ခြေရှိတယ်လို့လည်း သူက ပြောပါတယ်။

''နေ့ခင်းက ရှာဖွေရေးကို တရုတ်တွေ(တရုတ်ကယ်ဆယ်ရေးသမားတွေ)ကိုပါ ရပ်ခိုင်းတာ။ မနက်ဖြန်တော့ အကုန်နားပြီး အပျက်အစီးတွေကို ဖြိုမယ်။ အသက်ရှင်သူကို ဆက်ရှာမယ်'' လို့ လည်း သူက ပြောပါတယ်။

အဆောက်အဦအခြေအနေ

ကွန်ဒိုအပျက်အစီးအောက်ကနေ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တဲ့ အမျိုးသမီး တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကွန်ဒိုအပျက်အစီးအောက်ကနေ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တဲ့ အမျိုးသမီး တစ်ဦး

Sky Villa ကွန်ဒိုဟာ အထပ် ၁၁ ထပ်ရှိပြီး ၄ တိုက်တွဲ ကွန်ဒိုတစ်လုံးဖြစ်ပါတယ်။ ငလျင်လှုပ်တဲ့အချိန်ခဏအတွင်းမှာပဲ ၃ တိုက်လုံး ပြိုကျပျက်စီးခဲ့ပြီး နောက်ဆုံးတစ်တိုက်သာ မြေပေါ်ကျန်နေခဲ့တာပါ။

အဲဒီကျန်နေတဲ့ တိုက်ကလည်း အောက်ဆုံး ၅ ထပ်က မြေကြီးထဲ ကျွံဝင်ခဲ့ပြီး မြေပေါ်မှာ ၆ ထပ်သာ တင်ကျန်နေခဲ့တာလို့ မြို့ခံတွေက ပြောပြပါတယ်။

မတ် ၃၀ ရက် ညနေပိုင်းမှာတော့ မြေကြီးထဲကျွံဝင်သွားတဲ့တိုက်ရဲ့ ၃ လွှာအထိ ကယ်ဆယ်ရေးအဖွဲ့တွေ ဖောက်နိုင်နေပြီလို့ သိရပါတယ်။

မတ်လ ၃၀ ရက်ညလုံးပေါက် ကယ်ဆယ်ရေး လုပ်ခဲ့ကြသလို အခုသတင်းဖော်ပြတဲ့ မတ်လ ၃၁ ရက်နှောင်းပိုင်းအထိ ကယ်ဆယ်ရေးအဖွဲ့တွေ အချိန်ကိုလု ပြီး ကူညီကယ်ထုတ်နေကြဆဲပါ။

အပျက်အစီးအောက် ပိတ်မိတဲ့ စိန်တိုက်ပိုင်ရှင်မိသားစု

သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင်နဲ့ မိသားစု

ဓာတ်ပုံ ရင်းမြစ်, သုခဒိုင်းမွန်းစိန်တိုက်

ဓာတ်ပုံ ပုံစာ, သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင်နဲ့ မိသားစု

Sky Villa ကွန်ဒို ပြိုကျမှုမှာ ပိတ်မိ နေတဲ့ မိသားစုဝင်တွေထဲမှာ အဆိုတော် ရဲနောင်ရဲ့ မိသားစု၊ မြို့ မှာလူသိများတဲ့ စိန်တိုက်ပိုင်ရှင်မိသားစုလည်း ပါဝင်ပါတယ်။

သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေအပါအဝင် မိသားစုဝင် ၄ ဦးနဲ့ အိမ်အကူ ၄ ဦးတို့ဟာ အပျက်အစီးပုံတွေထဲ ပိတ်မိနေဆဲလို့ စိန်တိုက်က လူမှုကွန်ရက်ပေါ်မှာ မတ်လ ၃၀ ရက်မှာ ရေးသားပါတယ်။

ဒေါ်မိုးသီတာဟာ ကြွယ်ဝချမ်းသာတဲ့ စိန်တိုက်ပိုင်ရှင်တဖြစ်လဲ အလှူဒါနလည်းရက်ရောသူဖြစ်တာကြောင့် သီရိသုဓမ္မသိင်္ဂီ ဘွဲ့ချီးမြှင့်ခံရပြီး ချစ်သူခင်သူလည်း ပေါတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

ကွန်ဒိုပြိုကျတဲ့အထဲ မိသားစုလိုက်ပါသွားတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့ခဲ့ချိန် ဒေါ်မိုးသီတာရဲ့ ဆွေမျိုး၊ မိတ်ဆွေနဲ့ သူငယ်ချင်းတွေက ဆုတောင်းစကားတွေ သူတို့ရဲ့ လူမှုကွန်ရက်အကောင့်ကနေ မျှဝေခဲ့ကြပါတယ်။

သုခဒိုင်းမွန်းစိန်တိုက်ဖေ့စ်ဘွတ် ပေ့ချ်ကနေ စိန်တိုက်ပိုင်ရှင်နဲ့ သား၊ သမီး၊ မြေးလေးတို့ ကွယ်လွန်ပြီလို့ အစောပိုင်းမှာ ကြေညာတဲ့အချိန်မှာလည်း ချစ်သူခင်သူတွေက ဝမ်းနည်းကြေကွဲကြောင်း ပြခဲ့ကြပါတယ်။

မတ် ၂၉ ရက်ညပိုင်းမှာတော့ ဒေါ်မိုးသီတာရဲ့ အသံကို ကယ်ဆယ်ရေးအဖွဲ့တွေက ကြားလိုက်ရတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေက မတ် ၂၉ ရက်က "၅ လွှာကို ဖောက်ပြီးနောက်မှာပဲ စိန်တိုက်ပိုင်ရှင် အမျိုးသမီးရဲ့ အသံ စကြားရတာ"လို့ သူက ဆိုပါတယ်။

ဒေါ်မိုးသီတာဟာ ထုပ်တန်းတွေကြား ပိတ်မိနေဆဲဖြစ်ပြီး အပြင်ထွက်လာနိုင်ဖို့ ကြိုးစားနေတယ်လို့ စိန်တိုက်ဖေ့စ်ဘွတ်ပေ့ချ်က ဖော်ပြထားပါတယ်။

ဒေါ်မိုးသီတာတို့ မိသားစုဟာ အိမ်အကူ ၃ ဦးနဲ့ ၄ လွှာမှာနေထိုင်တာဖြစ်ပါတယ်။

ဒါပေမဲ့ မတ်လ ၃၁ ရက် ညနေပိုင်းမှာတော့ ပိတ်မိနေတဲ့ ဒေါ်မိုးသီတာတို့ မိသားစု ဆုံးပါးပြီလို့ နားလည်ရပါတယ်။

မိတ်မိနေတဲ့ မိသားစုဝင်တွေ ဆုံးပါးပြီလို့ စိန်တိုက်က သတင်းမထုတ်ပြန်ပေမဲ့ စိန်တိုက်လူမှုကွန်ရက် မှာတော့ ဝမ်းနည်းခြင်းပြသတဲ့အနေနဲ့ အနက်ရောင်တွေကို ဒီနေ့ညနေပိုင်းမှာပဲ ပြောင်းလိုက်တာတွေ့ရသလို လူမှုကွန်ရက်အသုံးပြုသူတွေကလည်း ဝမ်းနည်းကြောင်း ပြောနေကြပါတယ်။

ငလျင်ဒဏ်ခံနိုင်တယ်ဆိုပြီး ကြော်ငြာရောင်းချခဲ့တဲ့ Sky Villa

တရုတ်ကယ်ဆယ်ရေးအဖွဲ့ဝင်နဲ့ မြန်မာ မီးသတ်တပ်ဖွဲ့ဝင်တချို့

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, တရုတ်ကယ်ဆယ်ရေးအဖွဲ့ဝင်နဲ့ မြန်မာ မီးသတ်တပ်ဖွဲ့ဝင်တချို့

Sky Villar ကွန်ဒိုအိမ်ရာစီမံကိန်းဟာ ငလျင်လှုပ်ခတ်ပြီးနောက် အဆောက်အဦ ၄ ခုမှာ ၃ ခုက လုံးဝပြိုကျပျက်စီးခဲ့ပါတယ်။

နောက်ဆုံးအဆောက်အဦကလည်း ထက်ဝက်နီးပါး မြေကြီးထဲ ကျွံဝင်နေတာကြောင့် အဆောက်အဦ ခိုင်မာမှုအပေါ်မှာ လူအများက ဝေဖန်ပြောဆိုချက်တွေလည်း ထွက်ပေါ်နေပါတယ်။

ဒီစီမံကိန်း ကြော်ငြာချိန်က ငလျင်ဒဏ်ခံနိုင်တယ်ဆိုတဲ့ အချက်ကိုပါ ထည့်သွင်းကြော်ငြာခဲ့တာကို တွေ့ရတာကြောင့်ပါ။

ပြိုကျတဲ့ အထဲ ပါသွားခဲ့တဲ့ သူတွေရဲ့ မိသားစုတွေကိုလည်း ပူးပေါင်းပြီး ဥပဒေကြောင်းအရ ဖြေရှင်းဖို့ တိုက်တွန်းနေကြတာကိုလည်းတွေ့ရပါတယ်။

အဆောက်အဦရောင်းချစဉ်မှာ ငလျင်ဒဏ်မခံနိုင်ဘဲ ခံနိုင်တယ်လို့ အာမခံရောင်းချထားတာကြောင့် ရာဇသတ်ကြီးပုဒ်မ ၄၁၇ လိမ်လည်မှုအပြင် နောက်ထပ် ပုဒ်မ ၃၀၄ ပြစ်မှုပြစ်ဒဏ်ထိုက်တဲ့ လူသေမှုနဲ့လည်း တရားစွဲဆိုနိုင်တယ်လို့ ရှေ့နေတစ်ဦးက ထောက်ပြပါတယ်။

ဒါ့အပြင် နောက်ထပ် တရားမမှုနဲ့လည်း ပျက်စီးဆုံးရှုံးခဲ့တဲ့ ပစ္စည်းတန်ဖိုးစုစုပေါင်းကို နစ်နာကြေးပြန်တောင်းလို့ ရတဲ့အကြောင်း သူက ပြောထားပါတယ်။

စစ်ကိုင်းပြတ်ရွေ့ ဘယ်လောက်ထိပြင်းထန်လဲ

စစ်ကိုင်းပြတ်ရွေ့ပြထားတဲ့ မြေပုံ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, နှင်းကေ

ဓာတ်ပုံ ပုံစာ, စစ်ကိုင်းပြတ်ရွေ့ပြထားတဲ့ မြေပုံ (ပုံဟောင်း)

စစ်ကိုင်းပြတ်‌ရွေ့ကြောဟာ မြန်မာမှာ ရှိတဲ့ အဓိက အန္တရာယ်များတဲ့ ပြတ်ရွေ့ကြောတစ်ခုဖြစ်တယ်လို့ ငလျင် ပညာရှင်တွေက ပြောထားပါတယ်။

အဲဒီပြတ်ရွေ့ဟာ ကီလိုမီတာ ၁,၂၀၀ ကျော်ရှည်ပြီး လူနေထူထပ်တဲ့ မန္တလေး၊ ရမည်းသင်း၊ ပျဉ်းမနား၊ နေပြည်တော်၊ တောင်ငူနဲ့ ပဲခူးမြို့တွေကို ဖြတ်ပါတယ်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ စစ်ကိုင်းပြတ်ရွေ့ကြောင့်ဖြစ်ပြီး မြေအောက်အနက်တိမ်တဲ့ ၁၀ ကီလိုမီတာအကွာ မန္တလေးမြို့ကို ဗဟိုပြုလှုပ်ခတ်ခဲ့တာကြောင့် ငလျင်ကြောပေါ်က မြို့တွေအပါအဝင် ထိုင်းနိုင်ငံနဲ့ တရုတ်၊ ယူနန်ပြည်နယ်အထိပါ ငလျင်ဒဏ်ကို သိသိသာသာခံစားခဲ့ရပါတယ်။

ဗဟိုချက်နဲ့ နီးခဲ့တဲ့ မန္တလေးမြို့ကတော့ တစ်မြို့လုံးနီးပါး အကြီးအကျယ် ထိခိုက်ပျက်စီးမှုများခဲ့ပြီး အဆောက်အဦတွေပြိုကျပျက်စီးခဲ့တာကြောင့် လူတွေပိတ်မိပြီး မတ် ၃၁ ရက်အထိ သေဆုံးသူဦးရေ တိုးနေဆဲဖြစ်ပါတယ်။

ငလျင်လှုပ်ခတ်ချိန်အတွင်း စစ်ကိုင်းပြတ်ရွေ့တစ်ယောက်မှာ စင်တီတာကနေ မီတာဆယ်ဂဏန်းအထိ မြေကြီးတွေ ကွဲအက်၊ ပြတ်တောက်ပြီး ကျွံကျတာမျိုးဖြစ်နိုင်တယ်လို့ ပညာရှင်တစ်ဦးက ထောက်ပြထားပါတယ်။

ဘယ်လိုခေတ်မီနည်းပညာနဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အဦ မြေကြီးကျွံကျသွားတာမျိုးကို ခံနိုင်ရည်မရှိနိုင်ဘူးလို့ သူက မှတ်ချက်ပြုပါတယ်။

ဒါ့အပြင် စစ်ကိုင်းပြတ်ရွေ့နဲ့ ကီလိုမီတာ ရာဂဏန်း အကွာအဝေးအတွင်းက အဆောက်အဦတွေကို ငလျင်ဒဏ်ခံနိုင်ရည်တွက်ချက်ပြီးမှ ဆောက်လုပ်ခွင့်ပြုဖို့ လိုပြီလို့ ပညာရှင်တွေက တိုက်တွန်းထားပါတယ်။

မန္တလေးမြို့အပါအဝင် မြန်မာမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် သေဆုံးသူ ၂,၀၀၀ ကျော်ရှိလာပြီလို့ စစ်ကောင်စီက မတ်လ ၃၁ ရက် ညနေနှောင်းပိုင်းမှာပဲ သတင်းထုတ်ပြန်ပါတယ်။

ပျောက်ဆုံးသူ အရေအတွက်ဟာလည်း အရင် ထုတ်ပြန်ခဲ့တဲ့ အယောက်ဆယ်ချီ အရေအတွက်ကနေ ၂၇၀ ဦးအထိရှိတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့က Sky Villa ကွန်ဒို အဆောက်အဦ အပျက်အစီးပုံကြားမှာတော့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ ပိတ်မိနေသူတွေကို ၃ ညမြောက်အဖြစ် ဆက်လက်ရှာဖွေနေပါတယ်။