ဘန်ကောက် မိုးမျှော်တိုက်ပျက်အောက်က အသက်ရှင်တဲ့ လက္ခဏာတွေ တွေ့နေဆဲ

မတ်လ ၃၀ ရက် ရှာဖွေကယ်ဆယ်ရေးကို စောင့်ကြည့်နေသူတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မတ်လ ၃၀ ရက် ရှာဖွေကယ်ဆယ်ရေးကို စောင့်ကြည့်နေသူတစ်ဦး

သောကြာနေ့ ငလျင်ကြောင့် ဘန်ကောက်မှာ ပြိုကျသွားတဲ့ မိုးမျှော်တိုက် အပျက်အစီးအောက်က အသက်ရှင်ကျန်ရစ်တဲ့ လက္ခဏာတွေ ရှာတွေ့နေဆဲ ဖြစ်ကြောင်း ထိုင်း ဒုတိယ၀န်ကြီးချုပ်က ပြောပါတယ်။ ဒီလက္ခဏာတွေက ဖျော့တော့အားနည်းနေတယ်လို့လည်း ဆိုပါတယ်။

ဒီလို ဖျော့မှိန်လာတာဟာ ပိတ်မိနေသူတွေ မလှုပ်နိုင်တာ၊ အသက်မရှူနိုင်ဖြစ်နေတာကို ပြတာ ဖြစ်နိုင်ကြောင်း ထိုင်းဒုတိယ၀န်ကြီးချုပ် အနုတင် ချာ၀ိရကွန်းက ရှာဖွေရေးလုပ်နေတဲ့ နေရာမှာ ပြောပါတယ်။

ဘန်ကောက်မှာ လူ ၁၈ ယောက် သေဆုံးကြောင်း ထိုင်းအာဏာပိုင်တွေက ပြောဆိုပြီး အများစုက ဒီအဆောက်အဦပြိုကျတဲ့နေရာမှာ သေဆုံးကြတာ ဖြစ်ပါတယ်။ လူ ၃၉ ယောက် ဒဏ်ရာရထားပါတယ်။

လူ ၈၀ လောက်လည်း ဒီအပျက်အစီးပုံတွေအောက်မှာ ပိနေတယ်လို့ ယူဆကြပါတယ်။

သေဆုံးဒဏ်ရာသူတွေထဲက အချို့ဟာ မြန်မာတွေလို့ ယူဆရပြီး ထိုင်းဆောက်လုပ်ရေး လုပ်ငန်းမှာ လုပ်နေတဲ့ မြန်မာတွေ အများအပြား ရှိပါတယ်။

နှစ်ရက်ဆက်တိုက် ကယ်ဆယ်ရေးတွေ လုပ်နေရ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, နှစ်ရက်ဆက်တိုက် ကယ်ဆယ်ရေးတွေ လုပ်နေရ
ထိုင်းဒုတိယ၀န်ကြီးချုပ် အနုတင် ချာ၀ိရကွန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်းဒုတိယ၀န်ကြီးချုပ် အနုတင် ချာ၀ိရကွန်း

ငလျင်ကြောင့် ဘန်ကောက်မှာ ပြိုကျသွားတဲ့ မိုးမျှော်တိုက် အပျက်အစီးအောက်က အသက်ရှင်ကျန်ရစ်သူတွေကို ထပ်ပြီး ကယ်ထုတ်နိုင်ရေးအတွက် ကယ်ဆယ်ရေး အဖွဲ့တွေ အပူတပြင်း ကြိုးစားနေကြကြောင်းလည်းဘန်ကောက် လက်ထောက် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

စကန်ဖတ်တဲ့စက်တွေနဲ့ ဓာတ်မှန်ရိုက်တဲ့စက်တွေ သုံးပြီး ရှာဖွေရေးတွေ မြန်ဆန်အောင် လုပ်နေကြောင်း ထ၀ီဒါ ကမ်မွန်ဝဲက ပြိုကျတဲ့နေရာကို လာကြည့်ပြီးနောက် ပြောပါတယ်။

ဒီမှာ အသက်ရှင်သူတွေ ရှိသေးကြောင်း ဒီစက်တွေနဲ့ စုံစမ်းတွေ့ရှိခဲ့ပြီးပြီလို့လည်း သူက ဘီဘီစီကို ပြောပါတယ်။

ပျောက်ဆုံးနေသူတွေရဲ့ မိသားစုတွေ ပူဆွေးကြ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပျောက်ဆုံးနေသူတွေရဲ့ မိသားစုတွေ ပူဆွေးကြ

တည်ဆောက်နေဆဲမှာ ပြိုကျသွားတဲ့ ဒီမိုးမျှော်တိုက် သံမဏိချောင်းတွေထဲမှာ မမှန်ကန်တာတွေ တွေ့ရကြောင်းလည်း စုံစမ်းစစ်ဆေးရေး လုပ်နေတဲ့ ထိုင်းအစိုးရဘက်က ပြောပါတယ်။

ဒီလိုတွေ့ရတဲ့ သံမဏိချောင်းနမူနာတွေကို စစ်ဆေးဖို့ လုပ်နေကြောင်း ထိုင်းစက်မှု၀န်ကြီး အကနတ် ပရွမ်ဖန်က အဆောက်အဦပြိုကျတဲ့နေရာမှာ သတင်းမီဒီယာတွေကို ပြောကြားပါတယ်။

အစိုးရ စာရင်းစစ်ရုံးချုပ် အဖြစ် ရည်ရွယ်တည်ဆောက်နေတဲ့ ဒီအဆောက်အဦမှာ သုံးတဲ့ သံမဏိချောင်းတွေဟာ စံချိန်စံညွှန်းနဲ့ မညီညွတ်ရင် ဆောက်လုပ်ရေးမှာ ပါ၀င်ပတ်သက်သူတွေကို သူ့၀န်ကြီးထာနက တရားစွဲမယ်လို့လည်း စက်မှု၀န်ကြီးက ပြောပါတယ်။

ဒီမိုးမျှော်တိုက်ကို အီတာလျံ-ထိုင်း ဆောက်လုပ်ရေးနဲ့ အမှတ် ၁၀ တရုတ်မီးရထား အင်ဂျင်နီယာဌာန ထိုင်းဌာနခွဲတို့ကြား ဖက်စပ်တည်ဆောက်ခဲ့ကြောင်း ဒေသတွင်း သတင်းတွေက ရေးပါတယ်။

ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့ ချက်တူးချက်စျေးနားက အထပ် ၃၀ ပါ မိုးမျှော်တိုက်ကြီးကို မှန်ပြာတွေ၊ သံမဏိချောင်းတွေနဲ့ မျှော်စင်လို ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ဘန်ကောက် မိုးမျှော်တိုက်နှစ်လုံး ဆက်တဲ့တံတား ငလျင်ကြောင့် ထိခိုက်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဘန်ကောက် မိုးမျှော်တိုက်နှစ်လုံး ဆက်တဲ့တံတား ငလျင်ကြောင့် ထိခိုက်

ဘန်ကောက်မြို့တော်အနှံ့အပြားက အဆောက်အအုံတွေကိုလည်း စစ်ဆေးတာတွေ ဆက်လုပ်နေပါတယ်။

ဆေးရုံတွေအပါအ၀င် ဘန်ကောက်မြို့ရဲ့ စီးပွားရေးနဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေ ပုံမှန်အတိုင်းပြန်လည်ပတ်နေပြီလို့လည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

တချို့ကျောင်းတွေကိုတော့ အပြီးသတ် စစ်ဆေးမှုတွေ လုပ်နေတုန်းမှာ ပိတ်ထားနိုင်ပါတယ်။