မြန်မာနိုင်ငံမှာ ငလျင်ဒဏ်ကြီး ခံနေရပေမယ့် စစ်ကောင်စီက ဗုံးဆက်ကြဲနေ

A a structure with a corrugated metal roof that is all twisted and very damaged
ဓာတ်ပုံ ပုံစာ, သောကြာနေ့က မြန်မာစစ်ကေင်စီတပ်က ဒရော့ဗုံးတွေပစ်ချသွားခဲ့တဲ့ နောင်လင်း ကျေးရွာ (ရှမ်းပြည်နယ်)က ထိခိုက်ခံရမှု ပုံတွေအများအပြားကို ဘီဘီစီက လက်ခံရရှိခဲ့

ရေဗက်ကာ ဟန်းရှ်ကီး

BBC Eye Investigations

မြန်မာနိုင်ငံမှာ အခုအချိန်အထိ လူပေါင်း ၂,၀၀၀ ကျော်သေဆုံးခဲ့ရပြီးဖြစ်တဲ့ ငလျင်ကြီးရဲ့ ဘေးဒုက္ခကို မြန်မာပြည်သူအများအပြား ခံစားနေကြရပေမဲ့ မြန်မာစစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်လုပ်နေပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေဟာ "တရားလွန်လွန်းပြီး လုံးဝလက်မခံနိုင်စရာ" ပဲလို့ ကုလသမဂ္ဂက ပြောပါတယ်။

အထူးကိုယ်စားလှယ် တွမ် အင်ဒရူးက ငလျင်ဒဏ်ခံနေရသူတွေကို "ကယ်ဆယ်ဖို့ လုပ်နေကြရချိန်မှာ ဗုံးတွေချနေတဲ့" စစ်တပ်ရဲ့ လုပ်ရပ်ကို "ဘယ်လိုမှနားလည်လို့မရဘူး" လို့ ဘီဘီစီကို ပြောပါတယ်။

စစ်ဆင်ရေးတွေ မလုပ်ဘဲ ရပ်ဆိုင်းထားဖို့ သူက စစ်တပ်ကို တောင်းဆိုပါတယ်။

"စစ်တပ်အပေါ် သြဇာရှိတဲ့ ဘယ်သူမဆို စစ်တပ်ကို ဝိုင်းဖိအားပေးပြီး ဒါတွေဟာ လုံးဝ လက်ခံလို့ မရကြောင်း ရှင်းရှင်းလင်းလင်း ပြောထားဖို့လိုတယ်" လို့လည်း သူက ဆိုပါတယ်။

Rescuers work at the site of a building that collapsed, in the aftermath of a strong earthquake, in Mandalay, Myanmar.

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ငလျင်ဗဟိုချက်နဲ့ နီးတဲ့ မန္တလေးမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေ

သောကြာနေ့က ငလျင်ကြီး မဖြစ်ခင် ၃ နာရီလောက်အလိုမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို မြို့နယ်ထဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တခုလုပ်ခဲ့တဲ့အတွက် လူ ၇ ယောက် သေဆုံးခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ငလျင်ဒဏ် ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့တဲ့ စစ်ကိုင်းတိုင်းထဲမှာ တနင်းလာနေ့ကလည်း စစ်ကောင်စီက မြေပြင် ထိုးစစ်တွေလုပ်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ချောင်းဦး PDF က ပြောခွင့်ရသူက သူတို့ ဒေသအတွင်းမှာ စစ်ကောင်စီရဲ့ စစ်ယာဉ်တန်း ၅ တန်း ဝင်လာတယ်၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကိုလည်း အပြင်းအထန်လုပ်နေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒေသတွင်းမှာ အကူအညီပေးသူတွေနဲ့ ကယ်ဆယ်ရေးသမားတွေဟာ ငလျင်ဘေး ခံရသူတွေကို ကူညီဖို့ အရင်းအမြစ်တွေ ရှားပါးလှတဲ့ကြားက ရုန်းကန်လှုပ်ရှားနေရတာပါ။

မြန်မာစစ်တပ်ဟာ တနင်းလာနေ့မှာ မြန်မာနိုင်ငံရဲ့ တခြားနေရာတွေကို လေကြောင်းကနေ တိုက်ခိုက်နေဆဲပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government - NUG)က သူတို့ဘက်က ခုခံစစ်က လွဲလို့ စစ်ဆင်မှုတွေကို ငလျင်ထိခိုက်ရာဒေသတွေမှာ တနင်္ဂနွေနေ့က စပြီး သီတင်း ၂ ပတ်ကြာရပ်ဆိုင်းထားမှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

မန္တလေးနဲ့ စစ်ကိုင်းနားမှာ ဗဟိုပြုခဲ့တဲ့ ရစ်ချတာစကေး ၇.၇ အထိ ပြင်းအားရှိ ငလျင်ကြီးရဲ့ တုန်ခါမှုကို မြန်မာနိုင်ငံသာမက အိမ်နီးချင်းနိုင်ငံတွေကပါ ခံစားခဲ့ရပါတယ်။

စစ်ကောင်စီရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ ငလျင်ဒဏ်ကြောင့် လူပေါင်း ၂,၀၅၆ ယောက်သေဆုံးခဲ့ရပြီး လူပေါင်း ၃,၉၀၀ ဒဏ်ရာရခဲ့ကာ၊ လူပေါင်း ၂၇၀ ပျောက်ဆုံးနေကြောင်း သိရပါတယ်။

ဒီစာရင်းတွေကို ဘီဘီစီအနေနဲ့ လွတ်လပ်စွာ အတည်မပြုနိုင်ပါဘူး၊ ဒါပေမဲ့ မန္တလေးက အပျက်အစီးပုံတွေ အောက်မှာ ရှိနေသေးတဲ့ လူသေအလောင်းတွေဆီက အနံ့တွေ ထွက်နေပြီလို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

အမေရိကန် ဘူမိဗေဒ ဆန်းစစ်ရေးအဖွဲ့ (US Geological Survey)က ဒီငလျင်ကြီးရဲ့ ဗဟိုချက်နဲ့ ပမာဏကို အခြေခံပြီး "သေဆုံးသူက ၁၀,၀၀၀ ကျော် ဖြစ်သွားနိုင်ခြေ များတယ်" လို့ သောကြာနေ့က ထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ကောင်စီ စစ်တပ်ဟာ တိုက်ပွဲတွေမှာ အရှုံးတွေနဲ့သာရင်ဆိုင်ခဲ့ရပြီး ငလျင်ထိခိုက်မှု အပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်းအတွင်းက ဧရိယာ အတော်များများကို စစ်ကောင်စီ ဆန့်ကျင်တဲ့ လက်နက်ကိုင်အင်အားစုတွေက ထိန်းချုပ်ထားတာပါ။

Colourful children's backpacks and a minion toy from the Despicable Me franchise lay among rubble and metal bars where a preschool collapsed in the earthquake
ဓာတ်ပုံ ပုံစာ, ငလျင်ထိခိုက်မှုပြင်းခဲ့တဲ့ ကျောက်ဆည်မြို့တွင်း ထိခိုက်ခံခဲ့ရတဲ့ မူကြိုကျောင်းတကျောင်းက အပျက်အစီးပုံတွေထဲမှာ ကလေးကျောင်းလွယ်အိတ်လေးတွေလည်း တွေ့ရ

စစ်ကောင်စီဟာ အာဏာသိမ်းပြီး ၄ နှစ်ကြာလာတဲ့နောက် နိုင်ငံဧရိယာရဲ့ ၄ ပုံ ၁ ပုံ တောင် မရှိတော့တဲ့ နယ်မြေ အကျယ်အဝန်းကိုသာ ထိန်းချုပ်နိုင်စွမ်းရှိကြောင်း BBC investigation က လေ့လာတွေ့ရှိထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လက်နက်ကိုင်အင်အားစုတွေက နိုင်ငံ ဧရိယာရဲ့ ၄၂% ကို ထိန်းချုပ်ထားပြီး ကျန်တဲ့ ဧရိယာတွေမှာ ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီနဲ့ သူတို့အကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ရှိနေတာပါ။

မြန်မာစစ်တပ်က အသာစီးရတာက လေကြောင်းတိုက်ခိုက်မှုပဲ ဖြစ်ပါတယ်။ လက်နက်ကိုင် ဆန့်ကျင်သူတွေဘက်က စစ်ကောင်စီရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုတွေကို ပြန်လည်တုံ့ပြန်နိုင်စွမ်း မရှိပါဘူး။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းထောက်လှမ်းတဲ့ ကုလသမဂ္ဂအေဂျင်စီက မြန်မာ စစ်ကောင်စီဟာ သူ့ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ၊ လူအမြောက်အများအပေါ် ရာဇဝတ်ပြုမှု (crimes against humanity) တွေ ကျူးလွန်နေတယ်လို့ သတိပေးထားပါတယ်။

မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တရုတ်နဲ့ ရုရှားတို့က ထောက်ပို့ပေးနေတာပါ။ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံကို လက်နက်ပိတ်ဆို့ဖို့ ကုလသမဂ္ဂက တောင်းဆိုနေပေမယ့်လည်း တရုတ်နဲ့ ရုရှား နိုင်ငံလုံးက မြန်မာစစ်တပ်ကို ဂျက်ဖိုက်တာတွေ ရောင်းချနေကာ အဲဒီလေယာဉ်တွေမောင်းနှင် တိုက်ခိုက်နိုင်ဖို့ အတွက် သင်တန်းတွေလည်း ပေးနေတာပါ။

အခု မြန်မာငလျင် ကယ်ဆယ်ရေးအတွက် တရုတ်နဲ့ ရုရှားတို့က အကူအညီတွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေ ပေးပို့ထားပါတယ်။ ဒါပေမဲ့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားတက်ကြွသူ ဂျူလီခိုင်က "သူတို့မှာ စာနာမှု ရှိတယ်ဆိုတာ ယုံဖို့ခက်ပါတယ်၊ ကျွန်မတို့ရဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်ဖို့ လက်နက်တွေကို စစ်ကောင်စီကို ထောက်ပံ့နေတာလည်း သူတို့ပါပဲ" လို့ ပြောပါတယ်။

The military chief, dressed in army greens, looking around the compound, surrounded by other men.

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နေပြည်တော်မှာ ငလျင်ထိခိုက်ခံရသူတွေကို ကုသမှုပေးနေတဲ့ ဆေးရုံကို သောကြာနေ့က စစ်ခေါင်းဆောင် လာကြည့်

အခု ငလျင်ကြောင့်ရလာမယ့် အကူအညီတွေကိုလည်း စစ်တပ်က လက်နက် သဖွယ် အသုံးချလာနိုင်ကြောင်း စိုးရိမ်မှုတွေလည်း အကျယ်အပြန့်ရှိနေပါတယ်။

မြန်မာစစ်တပ်ဟာ သူတို့ကို ဆန့်ကျင်တိုက်ခိုက်တဲ့အဖွဲ့တွေ လှုပ်ရှားရာ ဧရိယာမှာ လူသားချင်းစာနာမှုအကူအညီတွေ ပေးတာကို ပိတ်ပင်တာက ရှေးယခင်ကတည်းကပါ။

အရင်က အကူအညီထောက်ပံ့မှုတွေ လုပ်ဆောင်စဉ်အတွင်း အကူအညီတွေကို ပိတ်ပင်တာ၊ အကူအညီပေးရေး ဝန်ထမ်းတွေကို ဖမ်းဆီးတာ စတာတွေကို မြန်မာစစ်တပ်က လုပ်ဆောင်ခဲ့ဖူးကြောင်းလည်း ကုလသမဂ္ဂ ကိုယ်စားလှယ် တွမ်အင်ဒရူးက ဘီဘီစီကို ပြောပါတယ်။

"အခု ငလျင်အရေးမှာလည်း စစ်ကောင်စီက အလားတူ လုပ်ဆောင်လာမှာကို စိုးရိမ်တယ်။"