မြန်မာငလျင် - စစ်ကိုင်းမှာ အတူဝတ်ပြုခဲ့သူ ဆွေမျိုးသင်္ဂဟ ၁၇၀ ကို လွမ်းဆွတ်နေသူ

သူ့ အိပ်ခန်းထဲကနေ အဝေးကို ငေးကြည့်နေတဲ့ ဦးနေစိုးဦးကို မြင်တွေ့ရတာဖြစ်ပါတယ်။ ဓမ္မဆရာ ဦးထုပ်နဲ့ ဝတ်စုံ ဝတ်ထားပြီး အနက်ရောင် ဘောင်ခတ်ထားတဲ့ မျက်မှန် တပ်ထားပါတယ်။ အနောက်က အပြာရောင်နံရံမှာတော့ တီရှပ်တွဲလောင်းချိတ်ထားတာကို မြင်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC / Neha Sharma

ဓာတ်ပုံ ပုံစာ, ဦးနေစိုးဦးဟာ မြန်မာပြည်မှာတုန်းက ဗလီဆရာတစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာကနေ ထွက်ခွာလာပြီးတဲ့နောက် ထိုင်းမှာ လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့အတွက် အလုပ်လုပ်နေပါတယ်
    • ရေးသားသူ, ဇေယျာထွန်း နဲ့ တက်ဆာ ဝမ်
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း နဲ့ ဘီဘီစီသတင်း
    • ရေးသားပေးပို့သည့်နေရာ, ဘန်ကောက်

စစ်ကိုင်းမြို့မှာ ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့တုန်းက ဝတ်ပြုဆုတောင်းဖို့ ရွတ်ဆိုခေါ်ယူသံကြားရတဲ့အခါ ရာနဲ့ချီတဲ့မွတ်ဆလင်တွေဟာ မြို့ထဲက ဗလီ ၅ ခုဆီ ဝတ်ပြုဖို့ စုဝေးခဲ့ကြပါတယ်။

မတ်လ ၂၈ ရက်၊ သောကြာနေ့ဟာ ရာမ်ဇာန် ဥပုသ်ကာလ ကုန်ဆုံးခါနီးပြီး အိးဒ်ပွဲတော်ကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တဲ့သောကြာနေ့ဝတ်ပြုရက်လည်းဖြစ်တာကြောင့် သူတို့အတွက် ကိုယ်တိုင်ကိုယ်ကျ ဗလီတက်ပြီး ဝတ်ပြုဖို့ ပိုစိတ်အားထက်သန်ခဲ့ရတဲ့အကြောင်းရင်း ဖြစ်နေပါတယ်။

အဲဒီနောက် သောကြာနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်မှာ မြန်မာမှာ ရာစုနှစ်အတွင်း လူအသေအပျောက်အများဆုံးဖြစ်တဲ့ ငလျင်ကြီးလှုပ်ခတ်ပါတယ်။ ဒီငလျင်ဟာ စစ်ကိုင်းမြို့အနီးကို ပြင်းအား ၇.၇ နဲ့ ဗဟိုပြု လှုပ်ခတ်ခဲ့တာကြောင့် စစ်ကိုင်းဟာ ငလျင်ဒဏ်အဆိုးဆုံးသင့်တဲ့နေရာတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။

စစ်ကိုင်းမြို့ပေါ်က မြို့မ၊ မြို့တော်နဲ့ မိုးကျ ဗလီ ၃ ခုလည်း ပြိုကျပြီး သောကြာနေ့ ဝတ်ပြုသူ ၁၇၀ ကျော် သေဆုံးခဲ့ပါတယ်။ မြို့မဗလီကတော့ သေဆုံးသူအများဆုံးဖြစ်လာပါတယ်။

ဒီငလျင်အရှိန်ကို စစ်ကိုင်းကနေ မိုင်ပေါင်း ၅၀၀ ကျော်အကွာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ နေထိုင်နေပြီး တချိန်က မြို့မ ဗလီမှာ ဗလီဆရာတစ်ဦးလုပ်ခဲ့သူ ဦးနေစိုးဦးလည်း ခံစားလိုက်ရပါတယ်။

အဲဒီနောက် ငလျင်လှုပ်ပြီး ရက်ပိုင်းအကြာမှာတော့ သူ့ရဲ့ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေတွေနဲ့ သူနဲ့အတူ ဝတ်ပြု ဗလီတက်ခဲ့သူ ၁၇၀ နီးပါးဟာ ငလျင်ကြောင့် ဗလီတွေပြိုကျမှုမှာ သေဆုံးခဲ့ကြတာကို သူ သိခဲ့ရပါတယ်။

သေဆုံးခဲ့ကြသူတွေထဲမှာ စစ်ကိုင်းမြို့ မွတ်ဆလင်အသိုက်အဝန်းထဲက လူသိများ လေးစားကြသူတွေ အချို့လည်း ပါဝင်ပါတယ်။

''ဆုံးပါးသွားကြသူတွေ၊ သူတို့ရဲ့ကလေးတွေ၊ တချို့ဆို အတော်ငယ်သေးတာ ... သူတို့အကြောင်း ကျွန်တော် အတွေးမပြတ်ဘူး'' လို့ ဦးစိုးနေဦးက ဘီဘီစီကို ပြောပါတယ်။

''သူတို့အကြောင်း ကျွန်တော် အခုလိုပြောတိုင်းမှာလည်း ဖြေမဆည်နိုင်ဖြစ်ရတယ်'' လို့ သူက ပြောရင်း အသံတိမ်ဝင်သွားပါတယ်။

စစ်ကိုင်းနဲ့ မန္တလေးမှာ အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ငလျင်ကြီးကြောင့် သေဆုံးသူ ၃,၀၀၀ ကျော်အထိ မြင့်တက်လာနေပါတယ်။ ငလျင်လှုပ်တာ သီတင်း တစ်ပတ်ပြည့်ပြီဖြစ်ပေမဲ့ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေတုန်းဖြစ်လို့ သေဆုံးသူ အရေအတွက်ဟာ ဒီထက်ပိုများလာနိုင်ခြေ ရှိနေပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကိုင်းနဲ့ မန္တလေး ငလျင်ဒဏ်သင့်အရပ်တွေမှာ နှစ်ပေါင်းရာချီရှိနေတဲ့ ရှေးဟောင်းစေတီပုထိုးတွေ ပြိုကျပျက်စီးခဲ့သလို အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီတွေလည်း ပြိုကျခဲ့ပါတယ်။

သောကြာနေ့ ဝတ်ပြုနေကြရင်း ငလျင်ကြောင့် ဗလီတွေပြိုကျခဲ့လို့ သေဆုံးခဲ့တဲ့ အစ္စလာမ်ဘာသာဝင် ၅၀၀ နီးပါးရှိတယ်လို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြောပါတယ်။

မြို့တော်၊ မြို့မနဲ့ မိုးကျ ဗလီ ၃ ခုရှိရာ မင်းလမ်းမကြီး တလျှောက်ဟာ စစ်ကိုင်းမှာ ပျက်စီးမှုအဆိုးဆုံးနေရာတစ်ခုဖြစ်နေပြီး လမ်းထဲက အိမ်တွေ အများစု ပြိုကျပျက်စီးခဲ့တယ်လို့ စစ်ကိုင်းမြို့ကို ရောက်ခဲ့တဲ့ မျက်မြင်တွေက ပြောပါတယ်။

မင်းလမ်းမကြီးတလျှောက်မှာ ဒဏ်ရာရနေတဲ့သက်ကြီးရွယ်အိုတွေအပါအဝင် အိုးအိမ်ပျက်စီးခဲ့သူတွေရော၊ ကွဲအက်နေတဲ့အိမ်တွေ ငလျင်ထပ်လှုပ်ရင် ပြိုကျပျက်စီးမှာ စိုးထိတ်ကြသူတွေရော သစ်ပင်အောက်တွေမှာ ရာနဲ့ချီ ခိုလှုံနေကြရတာပါ။ အစားအသောက် ပြတ်တောက်မှုတွေလည်း ရှိနေပါတယ်။

မြို့မ ဗလီတစ်ခုတည်းမှာတင် အပျက်အစီးအောက်မှာ ပိတ်မိသေဆုံးသူ ၆၀ ကျော်အထိ ရှိနေပြီး မြို့တော်နဲ့ မိုးကျ ဗလီတွေမှာလည်း လူဆယ်ချီ သေဆုံးခဲ့ပါတယ်။ အပျက်အစီးပုံအောက်ကနေ ပျောက်ဆုံးနေသူတွေကို အကုန် မထုတ်နိုင်ကြသေးပါဘူး။

ဝတ်ပြုသူတွေဟာ ငလျင်လှုပ်ချိန်မှာ အသက်ဘေးကနေ ထွက်ပြေးလွတ်မြောက်ဖို့ရာ ကြိုးပမ်းခဲ့ကြတဲ့ပုံပေါ်တယ်လို့ ငလျင်မှာ အသက်ရှင် လွတ်မြောက်ခဲ့သူတွေနဲ့ ရှာဖွေရေးအဖွဲ့တွေရဲ့ ပြောဆိုချက်ကို အခြေခံပြီး ဦးစိုးနေဦးက ပြန်ပြောပြပါတယ်။

ဦးစိုးနေဦးဟာ ၂၀၂၁ စစ်အာဏာသိမ်းမှု မတိုင်ခင်အထိ မြို့မ ဗလီမှာ ဗလီဆရာအဖြစ် ၁၃ နှစ် တာဝန်ထမ်းခဲ့သူဖြစ်ပြီး လက်ရှိမှာ ဇနီး၊ သမီးငယ်တို့နဲ့အတူ မဲဆောက်မြို့မှာ နေထိုင်နေပါတယ်။

''ဝတ်မပြုခင် ခြေလက်သန့်စင်တဲ့နေရာမှာ အလောင်းတွေ့တာရှိတယ်။ တချို့ဆို ငလျင်လှုပ်ချိန် ထွက်ပြေးတယ်လို့ ယူဆရတဲ့ လက်ချင်းချိတ်ထားတဲ့အနေအထားနဲ့ အလောင်းပြန်တွေ့တာမျိုးရှိတယ်'' လို့ သူက ပြောပါတယ်။

ပျက်စီးသွားတဲ့မြို့မ ဗလီကို ငလျင်လှုပ်ပြီးတဲ့နောက် မြင်ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SOE NAY OO

ဓာတ်ပုံ ပုံစာ, ပျက်စီးသွားတဲ့မြို့မ ဗလီကို ငလျင်လှုပ်ပြီးတဲ့နောက် မြင်ရတာဖြစ်ပါတယ်

ငလျင်ကြောင့် အသက်ဆုံးပါးခဲ့ကြသူတွေထဲမှာ ဦးစိုးနေဦးရဲ့ ဇနီးဘက်က ဝမ်းကွဲမောင်နှမတွေထဲက အစ်မကြီးလည်း ပါဝင်ပါတယ်။ အစ်မကြီး ဆုံးပါးမှုဟာ ဗလီဆရာလုပ်သက် ၁၃ နှစ်အတွင်း ''အနာကျင်ရဆုံးဖြစ်တယ်'' လို့ သူက ပြောပါတယ်။

''အစ်မကြီးက ကျွန်တော်တို့ အားလုံးအတွက် အမိအရာ ပီသခဲ့သူဆိုတော့ တစ်မိသားစုလုံးက သူ့ကို ချစ်ကြတယ်။ သူကလည်း အနစ်နာခံတယ်။ ဆုံးရှုံးမှုကတော့ ကျွန်တော်တို့အတွက် အစားထိုးမရပါဘူး''

မြို့မ ဗလီပြိုကျမှုမှာ ဦးစိုးနေဦးရဲ့ ဝမ်းကွဲ ယောက်ဖတော်စပ်သူ စီးပွားရေးလုပ်ငန်းရှင် ဟာဂျီ တစ်ဦးလည်း သေဆုံးပါတယ်။

''ကျွန်တော့်ကို ညီလေးလို့ပဲ အမြဲခေါ်တယ်။ သူ့ ညီမဝမ်းကွဲကို ကျွန်တော် လက်ထပ်တဲ့အခါ အမျိုးတော်ပြီ၊ ညီအကိုတွေဖြစ်ကြပြီလို့ဆိုပြီး ပြောခဲ့တာ။ ကျွန်တော် ဗလီဆရာသက်တမ်း တစ်လျှောက်လည်း လိုတာကူညီခဲ့တယ်။ အစ်ကိုတစ်ယောက်လို လူကို ဆုံးရှုံးခဲ့ရတာ။''

ဗလီပြိုလို့ ဆုံးပါးခဲ့တဲ့လူရင်းတွေထဲမှာ ဦးစိုးနေဦးရဲ့ လက်ထောက် ဗလီဆရာအဖြစ် တာဝန်ထမ်းခဲ့သူ ဟာဖစ် ဂျမာ လွဒ်ဒီးန်လည်း ပါဝင်ခဲ့ပါတယ်။ အလုပ်နဲ့ပတ်သက်လာရင် အဆုံးအထိ တာဝန်ယူတတ်တာ၊ ကုရ်အာန်ကျမ်းကို အသံနေအသံထားနဲ့ ရွတ်ဖတ်နိုင်တာတွေကြောင့်လည်း ဦးစိုးနေဦး သူ့ကို နှမြောရတာ ဖြစ်ပါတယ်။

''တကယ်တော့ လက်ထောက် ဗလီဆရာတာဝန်ယူခဲ့ပေမဲ့ သူက ကျွန်တော်တို့ထက် စီနီယာကျတယ်။ အရပ်ထဲမှာ သူ့နာမည်ပြောလိုက်ရင် အကုန်သိတယ်။ မိသားစုကလည်း နေတာ ထိုင်တာ စည်းကမ်းရှိတယ်။ ကျွန်တော့် အိမ်နီးချင်းအဖြစ်နေခဲ့တာ။''

ငလျင်ကြောင့် မြို့မ ဗလီပြိုကျမှုမှာ ဗလီမှာ တစ်ဦးတည်းသောအမျိုးသမီး ဂေါပကအဖွဲ့ဝင်ဖြစ်သူ ကျောင်းအုပ်ဆရာမကြီးလည်း ဆုံးပါးခဲ့ပါတယ်။ ဆရာမကြီးဟာ ဘာသာပေါင်းစုံချစ်ကြည်ရေး၊ ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်ရေးကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ဘာသာမတူသူတွေ၊ ကျောင်းသားကလေးသူငယ်တွေ ဗလီကို လာလည်တဲ့အခါ ဧည့်ဝတ်ကျေသူဖြစ်သလို အိတ်စိုက်ထုတ် တတ်သူလည်းဖြစ်တယ်လို့ ဦးစိုးနေဦးက ပြောပါတယ်။

''အလောင်းပြန်တွေ့လို့ ဘယ်သူလေလို့ ဆိုပြီး ပြန်ကြားရရင် ဝမ်းနည်းစိတ်က တစ်ကြိမ်ပြန်ပေါ်လာတယ်။ သူတို့နဲ့ ပတ်သက်ပြီး အမှတ်ရစရာတွေက ပြန်ပြန်ပေါ်လာတယ်။''

''ကိုယ်နဲ့ သွေးရင်းသားရင်းတွေ မဟုတ်ကြပေမဲ့လည်း မန္တလေးကနေ စစ်ကိုင်းပြောင်းလာတဲ့ ကျွန်တော့်ကို ကြိုဆိုခဲ့ကြသူတွေ၊ ကျွန်တော်နဲ့အတူ ဗလီတက်ခဲ့ကြသူတွေ၊ အတူ ဝတ်ပြုခဲ့ကြသူတွေ ဖြစ်နေတာ ခံစားချက်အတော်ဆိုးတယ်။''

ရာမ်ဇာန်ကာလမှာ ဆုံးပါးခဲ့ကြတာကြောင့်လည်း သူ့အတွက် ဖြေမဆည်ဖြစ်ရတာပါ။

''သွားကြသူတွေကတော့ အလ္လာဟ်ရဲ့အိမ်ပြန်ရောက်ကြပြီပေါ့။ သူတို့ဟာ သဘာဝဘေးကြောင့်၊ တရားဘာဝနာ ပွားရင်း ဥပုသ်သီတင်း တည်ရင်း ဒီလိုကြုံရလို့ သာသနာ့ အာဇာနည်တွေအဖြစ် မှတ်ယူခံကြရမယ့်သူတွေပါ။''

စစ်ကိုင်းမြို့မှာ မီးသတ်တပ်ဖွဲ့ရုံးလည်း ပြိုကျခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, စစ်ကိုင်းမြို့မှာ မီးသတ်တပ်ဖွဲ့ရုံးလည်း ပြိုကျခဲ့ပါတယ်

ငလျင်ဒဏ်ခံရတဲ့ တခြားနေရာတွေနည်းတူ စစ်ကိုင်းက မွတ်ဆလင်အသိုင်းအဝိုင်းဟာလည်း အပျက်အစီးပုံအောက်ကနေ ပြန်ရှာတွေ့တဲ့ရုပ်အလောင်းတွေကို အစ္စလာမ်ဘာသာရေး ထုံးတမ်းအရ စျာပန ကျင်းပဖို့ အခက်ကြုံပါတယ်။

စစ်ကိုင်းမြို့အထွက် ခရိုင်ချင်းဆက်လမ်းပေါ်မှာရှိတဲ့ အစ္စလာမ်သုသာန် နေရာဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စိုးမိုးနယ်မြေနဲ့ နီးနေတယ်ဆိုတဲ့အချက်ကြောင့် မွတ်ဆလင်တွေဟာ အဲဒီကို သွားရောက်ခွင့်မရသလို စျာပနပြုလုပ်ခွင့်လည်း ပိတ်ပင်ခံထားရတာ နှစ်ပေါက်နေပြီ ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကိုင်းမြို့က မွတ်ဆလင် အသိုင်းအဝိုင်းဟာ တစ်စင်းတည်းကျန်တဲ့ စစ်ကိုင်းတံတားကို ဖြတ်ပြီး သေဆုံးရုပ်အလောင်းတွေကို မန္တလေးမြို့က အစ္စလာမ်သုသာန်ကို ပြန်သယ်ရပါတယ်။

ရုပ်အလောင်းတွေကိုတော့ မန္တလေးမြို့က ပန်းဆက် ဗလီမှာ ထားပြီး ဝတ်ပြုဆုတောင်းပါတယ်။ အစ္စလာမ်ဘာသာရေးထုံးတမ်းစဥ်လာအတိုင်း စျာပနပြီးဆုံးအောင် လုပ်ဆောင်တာကိုတော့ ဗလီကပဲ တာဝန်ယူပါတယ်။

''ဝတ်ပြုဆုတောင်းပြီး ဗလီမှာပဲ ထားခဲ့ရတယ်။ သူတို့ကလည်း တခြားကလာတဲ့ ရုပ်အလောင်းတွေရှိတော့ နောက်ဆုံးကိစ္စကို ဗလီကပဲ စီမံတယ်ပေါ့။ မွတ်ဆလင်တွေအတွက်ဆိုရင် ကိုယ်ချစ်တဲ့ခင်တဲ့သူတွေကို ကိုယ်တိုင်ကိုယ်ကျ နာရေးမလုပ်နိုင်တာဟာ ဝမ်းအနည်းရဆုံးကိစ္စပါပဲ'' လို့ ဦးနေစိုးဦးက ပြောပါတယ်။

ငလျင်ကနေ အသက်ရှင်ကျန်ခဲ့သူတွေဟာလည်း ဆွေမျိုးသားချင်း မိတ်ဆွေ သူငယ်ချင်းတွေ ဆုံးရှုံးမှုကို ကြေကွဲရတာထက် ကယ်ဆယ်ရေးအပိုင်းမှာပဲ စိတ်နှစ်ထားရတဲ့အခြေအနေပါ။

''ကျွန်တော်နဲ့ သူတို့ လိုင်းရလို့ စကားပြောတဲ့အခါ သူတို့အတွက် ဆုတောင်းပေးပါလို့ဆိုပြီးတော့ပဲ ပြောနိုင်သေးတယ်။ သူတို့ ဆုံးရှုံးမှုကို ဖွင့်ထုတ်ပြောဖို့ သူတို့မှာ စကားလုံးရှာမရကြသေးဘူး။''

သူ ဦးဆောင် ဝတ်ပြုချိန်တုန်းက ပါဝင်ခဲ့သူတွေ ဆုံးပါးလို့ အဝေးကနေ ဝမ်းနည်းနေရပြီး အသက်ရှင် ကျန်ရစ်ပေမဲ့ အပြစ်ရှိကြောင်း ခံစားရတာ ဗလီဆရာဟောင်းတစ်ဦးဖြစ်သူ ဦးစိုးနေဦးတင်မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဘီဘီစီက စကားပြောခဲ့တဲ့ ငလျင်ဒဏ်သင့်ဒေသတွေက မဟုတ်တဲ့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာလည်း ပြည်ပမှာနေပြီး ပြည်တွင်း ငလျင်မှာ လူကိုယ်တိုင် မကူညီနိုင်တာကို အပြစ်လို့ ခံစားမိကြပါတယ်။

''ငလျင်လှုပ်နေချိန် ကျွန်တော်သာ ဗလီဆရာဖြစ်နေတုန်းဆိုရင် သူတို့နဲ့အတူ ပါသွားလည်း ကောင်းတာပါပဲ။ မဟုတ်ရင်လည်း ကိုယ်တိုင် ဝင်ကူနိုင်ဦးမှာ''

''အခုတော့ ကျွန်တော် ပြန်လို့လည်း မရနိုင်ဘူး။ တွေးကြည့်ရင် ရင်နာတယ်။''

ဘီဘီစီနဲ့ စကားပြောနေရင်းမှာပဲ ဦးစိုးနေဦး အသံတိမ်ဝင်ပြီး ဝမ်းနည်းသံထွက်လာပါတယ်။

''ကျွန်တော်အခု ခံစားနေရတဲ့ ခံစားချက်မျိုး ဘဝမှာ ဘယ်တုန်းကမှ မဖြစ်ဖူးဘူး။ ကျွန်တော်က တော်ရုံ ဝမ်းနည်းတတ်တဲ့သူ မဟုတ်ဘူး။''

ဦးစိုးနေဦး ညည မအိပ်နိုင်တာ ရက်နဲ့ချီ ရှိနေပါပြီ။ စစ်ကိုင်းမှာရှိတဲ့ သံယောဇဥ်တွေ အရေးအပြင် သူ့ အစ်ကိုအရင်း အစ်မအရင်းတွေရှိတဲ့ မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ထဲက ကန်တော်ကြီး အရပ်နဲ့ ပျဥ်းမနားမြို့ထဲက အခြေအနေကို လည်း စိုးရိမ်နေရတာပါ။ အဲဒီမှာ သူ့ရဲ့အစ်မရင်း၊ အစ်ကိုရင်းတွေ နေထိုင်နေကြတာပါ။

အခုတော့ စစ်ကိုင်းမြို့က ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အကူအညီတောင်းခံလာရင် အသင့်ဖြစ်အောင် သူ့အလုပ်တွေကို ဦးစိုးနေဦး ခဏ နားထားပါတယ်။ တစ်ဖက်မှာလည်း ငလျင်လှုပ်ပြီး အစောပိုင်းကာလတွေမှာ အဆက်အသွယ်ရဖို့ ခက်ခဲနေတဲ့ မြေပြင်က အခြေအနေသိရအောင် သူသိရတဲ့မြေပြင် အချက်အလက်တွေကို လူတွေ ပိုသိလာအောင် သူ မျှဝေနေပါတယ်။

စစ်ကိုင်းက မင်းလမ်းအရပ်မှာတော့ ငလျင်ကြောင့် ဒုက္ခရောက်သူ မွတ်ဆလင် ၁,၀၀၀ နီးပါးအထိရှိမယ်လို့ သူ ခန့်မှန်းပါတယ်။

''မြေပြင်က ဘာလိုတယ်ဆိုတာမျိုး အကူအညီတောင်းလာရင် ဒီဘက်မှာ ပေးနိုင်တဲ့ အကူအညီပေးသူနဲ့ ချိတ်ဆက် လုပ်ကိုင်ပေးနိုင်မှပဲ ကျွန်တော် စိတ်သက်သာရာရတယ်။''