ဖိလစ်ပိုင်၊ စီဘူး ငလျင် - လူအသေအပျောက်များစေတဲ့အချက် ၇ ချက်

ဓာတ်ပုံ ရင်းမြစ်, Anadolu via Getty Images
ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးပြည်နယ် ကမ်းလွန်ပင်လယ်ပြင်ကို ဗဟိုပြုပြီး စက်တင်ဘာလ ၃၀ ရက်ည ဒေသစံတော်ချိန် ၁၀ နာရီထိုးခါနီးမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ ၇၀ နီးပါးအထိရှိလာပါတယ်။ နောက်ထပ် လူဒါဇင်ချီလည်း ဒဏ်ရာရရှိထားပါတယ်။
ငလျင်ဟာ ပြင်းအား ၆.၉ မဂ္ဂနီကျူရှိပြီး စီဘူးပြည်နယ်ဟာ ငလျင်ကြောင့် ထိခိုက်မှုအများဆုံး ဖြစ်ပါတယ်။
ငလျင်ကြောင့် ပြည်နယ်အတွင်းမှာ အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။ နောက်ဆက်တွဲ ငလျင်ငယ်တွေလည်း အကြိမ် ၆၀၀ ကျော်အထိ လှုပ်ခတ်ထားတယ်လို့ ဖိလစ်ပိုင် အာဏာပိုင်တွေက ပြောပါတယ်။
အခုငလျင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ လောက်ကတည်း အင်အားပြင်းပြင်းနဲ့မလှုပ်ရှားတဲ့ မြေလွှာပြတ်ရွေ့ကြော အားပြင်းပြင်းနဲ့ရွေ့တာကြောင့် အခုလောက်ပြင်းထန်ခဲ့တာလို့ ဖိလစ်ပိုင် မီးတောင်နဲ့ငလျင်လေ့လာရေးဌာန အကြီးအကဲက ပြောထားပါတယ်။
ငလျင်တစ်ခု လှုပ်ခတ်တဲ့အခါ လူသေဆုံးမှု အရေအတွက်နဲ့ ပျက်စီးမှု အဆင့်ကို သက်ရောက်စေတဲ့အကြောင်းအရာတွေထဲက ၇ ချက်ကို အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ငလျင်ပြင်းအားနဲ့ ကြာချိန်
ငလျင်တွေကို ငလျင်လှုပ်ချိန်ပြင်းအား (Mw) လို့ခေါ်တဲ့ ပြင်းအားကိန်းဂဏန်းနဲ့ အခြေခံ တိုင်းထွာပါတယ်။ တိကျမှုနည်းပြီး ခေတ်မမီတော့ဘူးလို့ အခုအခါ ယူဆထားကြတဲ့ ရစ်ခ်တာ စကေးလို့ အများသိကြတဲ့ ပြင်းအားပမာဏနေရာမှာ အဲဒီတိုင်းထွာချက်ကို အစားထိုး သုံးနှုန်းလာခဲ့ကြတာပါ။
ငလျင်တစ်ခုကို သတ်မှတ်တဲ့ ဒီပြင်းအား ကိန်းဂဏန်းဟာ ငလျင် ပြတ်ရွေ့ကြော ရွေ့လျားတဲ့ အကွာအဝေးနဲ့ ရွေ့လျားစေတဲ့ အားပမာဏကို ပေါင်းစပ် ဖော်ပြထားတာ ဖြစ်ပါတယ်။
ပြင်းအား ၂.၅ ဒါမှမဟုတ် ဒါ့ထက်နည်းတဲ့ ငလျင်တုန်ခါမှုမျိုးဆိုရင် ပုံမှန်အားဖြင့် ခံစားမသိနိုင်ကြပါဘူး။ ဒါပေမဲ့ တိုင်းထွာမှုပစ္စည်းတွေအရတော့ သိနိုင်ပါတယ်။ ပြင်းအား ၅ အထက် ငလျင်တွေဆိုရင်တော့ ခံစားသိနိုင်ပြီး ထိခိုက်ပျက်စီးမှု အနည်းအပါး ဖြစ်နိုင်ပါတယ်။ တိဘက်မှာ ဖြစ်ခဲ့တဲ့ ပြင်းအား ၇.၁ ရှိတဲ့ ငလျင်ကို ကြီးမားတဲ့ ငလျင်အဖြစ် သတ်မှတ်မှာ ဖြစ်သလို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက တူရကီတောင်ပိုင်းနဲ့ ဆီးရီးယားမှာ လှုပ်ခဲ့တဲ့ ပြင်းအား ၇.၈ ရှိတဲ့ ငလျင်ကိုလည်း ကြီးမားတဲ့ ငလျင်အဆင့် သတ်မှတ်ပါတယ်။
ပြင်းအား ၈ ထက်ကြီးတဲ့ ငလျင်မှန်သမျှကိုတော့ အလွန်ကြီးမားတဲ့ ငလျင်ကြီးအဆင့် သတ်မှတ်ထားပြီး အဲဒီအဆင့် ငလျင်တွေဟာ သူတို့ဗဟိုချက်မှာ ရှိတဲ့ အသိုင်းအဝိုင်းအားလုံးကို လုံးဝ ဖျက်ဆီးပစ်နိုင်ပါတယ်။

ငလျင်ပြင်းအားလိုဘဲ ငလျင်တုန်ခါမှု ကြာမြင့်ချိန်က ငလျင်ရဲ့ ဖျက်အားအပေါ် အကြီးအကျယ် သက်ရောက်နိုင်ပါတယ်။
"ငလျင်ငယ်တွေရဲ့ တုန်ခါမှုဟာ စက္ကန့်အနည်းအပါးသာကြာတတ်ပါတယ်။ ၂၀၀၄ ခုနှစ် ဆူမားတြား ငလျင်လို အလယ်အလတ်ကနေ ပိုကြီးမားတဲ့ ငလျင်တွေ လှုပ်ရင်တော့ ပြင်းပြင်းထန်ထန် တုန်ခါလေ့ ရှိပြီး တစ်မိနစ်၊ နှစ်မိနစ်လောက် ကြာနိုင်ပါတယ်" လို့ ပစိဖိတ်အနောက်မြောက်ပိုင်း ငလျင်ကွန်ရက်အဖွဲ့က ဆိုပါတယ်။
ငလျင်ရဲ့အနက်
ဒါပေမဲ့ ငလျင်ရဲ့ အရွယ်အစားကသာ အရေးပါထင်ရှားတဲ့ အကြောင်းရင်း မဟုတ်ပါဘူး။ ငလျင် စတင်ဖြစ်ပွားတဲ့ ကမ္ဘာမြေပြင် ဆုံချက်နေရာကလည်း အရေးပါပါတယ်။
မော်ရိုကို ငလျင်တုန်းကဆိုရင် ငလျင်ဆုံချက်နေရာဟာ ကမ္ဘာမြေကြီးရဲ့ အောက် ၁၈ ကီလိုမီတာအကွာမှာ ဖြစ်ခဲ့တာပါ။ ဒါဟာ ဧဝရက်တောင်အမြင့်ရဲ့ နှစ်ဆလောက် ရှိပါတယ်။ ဒါပေမဲ့ ဘူမိဗေဒ စံနှုန်းအရကတော့ ဒီအကွာအဝေးကို နက်ရှိုင်းတယ်လို့ မသတ်မှတ်ပါဘူး။
"ဒီငလျင်က အထိုက်အလျောက်အားဖြင့် တိမ်တယ်လို့ ဆိုရမှာပါ။ စွမ်းအင်နဲ့ တုန်ခါမှု လျော့ပါးသွားစေတဲ့ ကမ္ဘာမြေကြီးနေရာက ငလျင်ဗဟိုချက်ရဲ့ အပေါ်မှာ နည်းနည်းလေးပဲ ရှိတဲ့ သဘောဖြစ်ပါတယ်။ ဒီ့အတွက် တုန်ခါ၊ လှုပ်ခတ်မှုတွေ ပိုပြင်းထန်နိုင်စေပါလိမ့်မယ်" လို့ ပို့စ်မောက် တက္ကသိုလ်က ငလျင်နဲ့ ဘူမိဗေဒပညာရှင် ဒေါက်တာ ကာမန် ဆိုလာနာ က ဘီဘီစီကို ပြောပြပါတယ်။
ဆန့်ကျင်ဘက်အားဖြင့် အင်ဒိုနီးရှားနိုင်ငံက လူသူအရောက်နည်းတဲ့ မြောက်ပိုင်း မာလူကူဒေသမှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ကတော့ ၁၆၈ ကီလိုမီတာ အနက် ရှိပါတယ်။ ဒီငလျင်ကြောင့် လူသေဆုံးမှု ရှိတယ်လို့ မကြားခဲ့ရပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ငလျင်လှုပ်တဲ့ အချိန်
မော်ရိုကိုနိုင်ငံ အလယ်ပိုင်းမှာ လှုပ်ခဲ့တဲ့ ငလျင်ဟာ ဒေသစံတော်ချိန် ည ၁၁ နာရီ ၁၁ မိနစ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်ဟာ ဒီငလျင်အတွင်း လူအသေအပျောက်များခဲ့တဲ့ အကြောင်းရင်း ဖြစ်နိုင်ပါတယ်။
"လူတွေ အိပ်စက်နေချိန်မှာ အဆောက်အဦ အတော်များများ ထိခိုက်ပျက်စီးသွားခဲ့ပုံ ရပါတယ်"လို့ ဒေါက်တာ ဆိုလာနာ ကပြောပါတယ်။
ငလျင်အတွင်း သေဆုံးခဲ့သူ အတော်များများဟာ အဆောက်အဦတွေ ပြိုကျပျက်စီးခဲ့တာကြောင့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ငလျင်ပညာရှင်တွေ ပြောလေ့ရှိတာက "ငလျင်ကြောင့် လူသေတာမဟုတ်ဘူး။ အဆောက်အဦတွေကြောင့် လူတွေ သေတာ" ဆိုတဲ့ စကားပါ။
ဒါ့ကြောင့်လည်း ပုံမှန်အားဖြင့် လူနည်းနည်းပဲ အိမ်ထဲမှာရှိနေချိန် နေ့ဘက်မှာ ငလျင်လှုပ်ရင် သေဆုံးသူအရေအတွက် နည်းပါးတတ်တာ ဖြစ်ပါတယ်။
အဆောက်အဦ ဆောက်လုပ်မှု
အပြင်းထန်ဆုံး ငလျင်မျိုးက လွဲလို့ ကျန်တဲ့ ငလျင်အားလုံးရဲ့ ဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့ နေအိမ်တွေ ဆောက်လုပ်လို့ ရနိုင်ပါတယ်။ ဒီလို ဆောက်နိုင်ဖို့အတွက် အဆောက်အဦတွေက ငလျင်စွမ်းအင်တွေကို များနိုင်သမျှများများ စုပ်ယူဖယ်ရှားနိုင်ဖို့ လိုအပ်ပါတယ်။

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကမ္ဘာပေါ်မှာ ငလျင်အလှုပ်အများဆုံး နိုင်ငံအဖြစ် အမေရိကန် ဘူမိဗေဒ စစ်တမ်းဌာန (USGS) က သတ်မှတ်ထားတဲ့ ဂျပန်နိုင်ငံဟာ ငလျင်ဒဏ် ခံနိုင်တဲ့ အဆောက်အဦတွေကို ရှေ့ဆောင်လမ်းပြ ဆောက်လုပ်နိုင်ခဲ့ပါတယ်။
"ငလျင်စွမ်းအင်အားလုံးကို စုပ်ယူဖယ်ရှားနိုင်ပြီဆိုရင် အဲဒီအဆောက်အဦက ပြိုကျမှာမဟုတ်တော့ပါဘူး" လို့ တိုကျိုတက္ကသိုလ်က အဆောက်အဦဆိုင်ရာ အင်ဂျင်နီယာ၊ တွဲဖက်ပါမောက္ခ ဂျန် ဆာတို က ပြောပါတယ်။
အဓိကအားဖြင့် ငလျင်ဆိုင်ရာ မြေကြာဖြတ်နည်းလို့ ခေါ်တဲ့ လုပ်ငန်းစဉ်တစ်ခုနဲ့ အဆောက်အဦတွေကို ဆောက်လုပ်တာ ဖြစ်ပါတယ်။ ငလျင်ကြောင့် တုန်ခါလှုပ်ရှားမှုတွေကို ခံနိုင်ရည် ရှိအောင် ဥပမာ အထူ ၃၀ - ၅၀ စင်တီမီတာ ရှိတဲ့ ရော်ဘာတုံးတွေလိုမျိုး အဆောက်အအုံတွေကို ငလျင်ဒဏ်ခံနိုင် ဒါမှမဟုတ် တုန်ခါမှုကို စုပ်ယူထားနိုင်တဲ့ ပစ္စည်းတမျိုးမျိုး ပေါ် တင်ပြီး ဆောက်လုပ်တဲ့နည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလို မြေကြောဖြတ် ဆောက်လုပ်တဲ့နည်းမျိုးဟာ အကုန်အကျ များပါတယ်။ ဆောက်လုပ်ရတဲ့ ကုန်ကျစရိတ်နဲ့ ပစ္စည်းကိရိယာစျေးတွေကလည်း ကမ္ဘာတဝန်း နိုင်ငံတွေမှာ အကြီးအကျယ် ကွာခြားကြပါတယ်။
ငလျင်ကြောင့် အဆိုးဝါးဆုံး ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့တဲ့ မော်ရိုကိုနိုင်ငံက လူသူအရောက်နည်းတဲ့ ဒေသမှာဆိုရင် အဆောက်အဦ အတော်များများဟာ ပြင်းထန်တဲ့ငလျင်ဒဏ်ကို ခံနိုင်ရည်စွမ်း မရှိတဲ့ ရွှံ့အုတ်တွေနဲ့ ဆောက်လုပ်ထားတာဖြစ်ပါတယ်။
ပိုမြင့်ပြီး လူများများနေတဲ့ အဆောက်အဦတွေဆိုရင် တကယ်လို့ ငလျင်ကြောင့် ပြိုကျခဲ့ရင် သေဆုံးသူအရေအတွက် အများကြီး များနိုင်ပါတယ်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတုန်းက တူရကီနိုင်ငံမှာ ငလျင်အတွင်း အဆောက်အဦ အများအပြား ပြိုကျပျက်စီးခဲ့ရအပြီးမှာ အဆောက်အဦ ဆောက်လုပ်မှု စံချိန်စံညွှန်း ညံ့ဖျင်းမှု အထူးသဖြင့် အဆောက်အဦ စည်းမျဉ်းတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့မှုအပေါ် တူရကီပြည်သူအတော်များများက ဝေဖန်ပြောဆိုခဲ့ကြပါတယ်။
အဲဒီငလျင်က ပြင်းအားကြီးတယ် ဆိုပေမဲ့လည်း အဆောက်အဦတွေကိုသာ ကောင်းကောင်း ဆောက်လုပ်ထားမယ် ဆိုရင် မပြိုကျဘဲ တောင့်ခံထားနိုင်မယ်လို့ ကျွမ်းကျင်သူ ပညာရှင်တွေက ပြောပါတယ်။
"ဒီငလျင်ရဲ့ အကြီးမားဆုံး ပြင်းအားကြောင့် အကြီးအကျယ် တုန်ခါမှုတွေ ဖြစ်စေမှာ ဖြစ်ပေမဲ့ အသေအချာ ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေကိုတော့ ပြိုကျစေမှာ မဟုတ်ပါဘူး"လို့ လန်ဒန်ကောလိပ် တက္ကသိုလ်ရဲ့ အရေးပေါ်စီမံချက်နဲ့ စီမံခန့်ခွဲမှု ပညာရှင် ပါမောက္ခ ဒေးဗစ် အလက်ဇန်းဒါး က ပြောပါတယ်။
"နေရာအတော်များများမှာ တုန်ခါမှုအတိုင်းအတာက အမြင့်ဆုံးအဆင့်ထက် နည်းပါတယ်။ ဒါ့ကြောင့် ပြိုကျတဲ့ အဆောက်အဦ ထောင်ပေါင်းများစွာကို ကြည့်မယ်ဆိုရင် အားလုံးနီးပါးလောက်ဟာ ငလျင်ဒဏ်ဆိုင်ရာ ဆောက်လုပ်ရေး သတ်မှတ်ချက်တွေကို မလိုက်နာခဲ့ကြဘူးဆိုတာ ကျွန်တော်တို့ စစ်ဆေးတွေ့ခဲ့ပါတယ်။"
လူနေထူထပ်မှု
၂၀၂၁ ခုနှစ် ဇူလိုင်လတုန်းက ပြင်းအား ၈.၂ ရှိတဲ့ ငလျင်ကြီးတစ်ခု အလာစကာကျွန်းဆွယ် နားမှာ လှုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီငလျင်အကြောင်း လူတွေ လုံးဝ သတိမထားလိုက်ကြဖို့ များပါတယ်။
ချစ်ဂ်နစ်ခ် ငလျင်ကြီးဟာ အမေရိကန်သမိုင်းမှာ သတ္တမမြောက် အကြီးဆုံး ငလျင်ကြီးလို့ ယူဆရပါတယ်။ ဒါပေမဲ့ ဒီငလျင်ကြောင့် လူသေဆုံး ဒဏ်ရာရတာမျိုး လုံးဝ မရှိခဲ့ပါဘူး။ အကြောင်းရင်းကတော့ အထိုက်အလျောက်အားဖြင့် နက်ရှိုင်းတဲ့ ငလျင်ဟာ လူအများစုနေထိုင်တဲ့ နေရာကနေ အဝေးကြီးမှာ လှုပ်ခတ်ခဲ့လို့ ဖြစ်ပါတယ်။
ဆန့်ကျင်ဘက်အားဖြင့် ၂၀၁၀ ခုနှစ် ဇန်နဝါရီလက ဟေတီမှာ လှုပ်ခဲ့တဲ့ ပြင်းအား ၇ ရှိတဲ့ ငလျင်ကြီးကြောင့် လူသေဆုံးမှု များခဲ့ပြီး ထိခိုက်ပျက်စီးမှု ကြီးမားခဲ့ပါတယ်။ အဲဒီငလျင်အတွင်း လူပေါင်း ၂၅၀,၀၀၀ ကျော် သေဆုံး၊ ၃၀၀,၀၀၀ ကျော် ဒဏ်ရာရခဲ့ပြီး လူ တစ်သန်းခွဲကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။
ငလျင်ဒဏ် အပြည့်အဝ ရိုက်ခတ်ခံခဲ့ရတဲ့ ပေါ်တူပရင့်စ်မြို့တော်ဟာ တစ်စတုရန်း ကီလိုမီတာမှာ လူ ၂၇,၀၀၀ ကျော် လူဦးရေ ထူထပ်စွာ နေထိုင်နေတဲ့အတွက်ကြောင့် အခုလို သေဆုံးသူ များခဲ့တာ ဖြစ်ပါတယ်။
မြေကြီးအမျိုးအစား
ငလျင်ဒဏ်ကနေ အသက်ရှင် လွတ်မြောက်နိုင်မယ့် အခွင့်အလမ်းဟာ ကိုယ့်ခြေထောက်အောက်က မြေကြီးဘယ်လောက် ခိုင်မာသလဲဆိုတာအပေါ် အများကြီး မူတည်နေပါတယ်။
တကယ်လို့ မြေပြင် ဒါမှမဟုတ် မြေပြင်နားမှာရှိတဲ့ မြေကြီးတွေက ရေ၀င်နေတဲ့ နုံးအနည်တွေ ရှိနေမယ်ဆိုရင် ပြင်းထန်တဲ့ မြေပြင်တုန်ခါမှုကို မြေမျက်နှာပြင်က ကြံ့ကြံ့ခံနိုင်စွမ်း နည်းပါးမှာ ဖြစ်ပြီး မြေအောင်းရေတိုးမှုလို့ ခေါ်တဲ့ ရိုက်ခတ်မှုတစ်ခု ဖြစ်ပေါ်လာနိုင်တယ်လို့ အမေရိကန် ဘူမိဗေဒ စစ်တမ်းဌာန (USGS) က ဆိုပါတယ်။
အခုလို မြေကြီးကနေ အရည်အသွင် ပြောင်းလဲလာတဲ့အတွက် ၁၉၆၄ ခုနှစ် ဂျပန်နိုင်ငံ နိုင်ဂါတာမြို့မှာ လှုပ်ခဲ့တဲ့ ငလျင်လိုမျိုး အလားတူ ငလျင်တွေမှာ ထိခိုက်ပျက်စီးမှုတွေ ပိုများခဲ့တာ ဖြစ်ပါတယ်။
ဆန့်ကျင်ဖက်အားဖြင့် ၂၀၂၃ ခုနှစ် တူရကီနိုင်ငံမှာ လှုပ်ခဲ့တဲ့ ငလျင်မှာ လူပေါင်း ၅၀,၀၀၀ ကျော် သေဆုံးခဲ့ပေမဲ့ ငလျင်ဗဟိုချက်နဲ့ ၈၀ ကီလိုမီတာပဲ ဝေးတဲ့ အာဇင်မြို့မှာတော့ အထိအခိုက်အသေအပျောက် မရှိဘဲ လွတ်မြောက်ခဲ့ပါတယ်။
အာဇင်မြို့အနီးတစ်ဝိုက်က မြို့တွေ ငလျင်ဒဏ်ကြောင့် ပြားပြားဝပ် ပြိုကျ ပျက်စီးသွားခဲ့ပေမဲ့ အဲဒီမြို့မှာတော့ သေဆုံးသူ တစ်ဦးတစ်ယောက်မှ မရှိခဲ့သလို အဆောက်အဦ တစ်လုံးမှ ပြိုကျပျက်စီးခဲ့တာမျိုး မရှိခဲ့ပါဘူး။
အာဇင်မြို့ ဟာ ငလျင်တုန်ခါမှုလှိုင်းတွေကို စုပ်ယူနိုင်စွမ်းရှိတဲ့ ကျောက်စိုင်ကျောက်ခဲနဲ့ မာကျောတဲ့ မြေသားပြင်ပေါ်မှာ တည်ရှိနေတာကြောင့် ထိခိုက်ပျက်စီးမှုဒဏ်ကနေ လွတ်မြောက်ခဲ့တာလို့ ဘူမိဗေဒပညာရှင်တွေက ဆိုပါတယ်။
အရေးပေါ် တုံ့ပြန်ချက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
သဘာဝကပ်ဘေးအတွက် ကြိုတင်ပြင်ဆင်ထားမှုက လူ့အသက် ကယ်ဆယ်နိုင်ရေးမှာ အရေးပါတဲ့ အဓိက အချက်အလက် တစ်ခု ဖြစ်ပါလိမ့်မယ်။
ဂျပန်နိုင်ငံမှာ ငလျင်ဒဏ် အရေးပါ်ကာကွယ်ရေး အစမ်းလေ့ကျင့်မှုတွေကို စာသင်ကျောင်းတွေမှာ တစ်နှစ် နှစ်ကြိမ် မဖြစ်မနေ ပြုလုပ်ရပြီး ကလေးတွေကို အိမ်ထဲမှာ၊ အိမ်အပြင်ဘက်မှာ ဒါမှမဟုတ် ကားထဲမှာ ရှိနေစဉ် ငလျင်လှုပ်လာရင် ဘယ်လိုတုံ့ပြန်လုပ်ဆောင်ရမလဲဆိုတာကို သင်ကြားပေးထားပါတယ်။ ထိုင်ဝမ်မှာလည်း ငလျင် အရေးပေါ် တုံ့ပြန်ဆောင်ရွက်တဲ့ အဖွဲ့တွေရဲ့ လုပ်နိုင်စွမ်းကို စစ်ဆေးဖို့အတွက် နိုင်ငံတဝန်းမှာ ငလျင်ဒဏ် အရေးပေါ်ကာကွယ်ရေး အစမ်းလေ့ကျင့်မှုတွေ လုပ်လေ့ရှိပါတယ်။
ဒါပေမဲ့ နိုင်ငံအတော်များများ အထူးသဖြင့် သဘာဝကပ်ဘေးအန္တရာယ် ကြုံရလေ့ သိပ်မရှိတဲ့ နိုင်ငံတွေမှာတော့ ဒီလိုလုပ်လေ့မရှိကြပါဘူး။
အရေးပေါ် တုံ့ပြန်မှုရဲ့ လျင်မြန်မှုနဲ့ အတိုင်းအတာ ပမာဏကလည်း အရေးပါပါတယ်။ တူရကီနိုင်ငံမှာငလျင်ဖြစ်အပြီး ၁၀ ရက်ကျော်အကြာအထိ အပျက်အစီးပုံတွေအောက်ကနေ အသက်ရှင်လျက် လူတွေကို ကယ်ထုတ်နေနိုင်ဆဲ ဖြစ်ပေမဲ့ ဒဏ်ရာရထားတဲ့ ပိတ်မိနေသူ အများအပြားကတော့ အဲဒီလောက် ကြာကြာ တောင့်ခံထားနိုင်စွမ်း ရှိမှာမဟုတ်ပါဘူး။
အဲဒီအကြောင်းရင်းကြောင့် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံတွေနဲ့ ဒါကို တည်ဆောက်နိုင်စွမ်းရှိဖို့က အရေးပေါ် တုံ့ပြန်မှုတွေအတွက် အရေးပါတာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်က မော်ရိုကိုနိုင်ငံက လူသူအရောက်နည်းတဲ့ ဒေသမှာ ငလျင်လှုပ်ခဲ့တုန်းက မြေပြိုမှုတွေနဲ့ အပျက်အစီးပုံတွေကြောင့် အဲဒီမှာ အနည်းအပါးသာရှိတဲ့ လမ်းမအတော်များများ ပိတ်ဆို့သွားခဲ့ရပြီး ကျေးရွာအများအပြားဆီကို အရေးပေါ် ကယ်ဆယ်မှုတွေ လုံးဝ ဒါမှမဟုတ် အနည်းအပါးသာ ရောက်လာခဲ့တယ်ဆိုတဲ့ မကြေမနပ် ဝေဖန်သံတွေ ထွက်ခဲ့ပါတယ်။
နိုင်ငံတကာက ကမ်းလှမ်းလာတဲ့ အကူအညီတွေကို လက်ခံဖို့ နှေးကွေးခဲ့တယ်ဆိုပြီး စွပ်စွဲခံခဲ့ရတဲ့ တူရကီအစိုးရ အပေါ်မှာလည်း ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
ဆင့်ကဲရိုက်ခတ်မှု
ငလျင်လှုပ်အပြီး လူသေဆုံးမှုတွေဟာ အဆောက်အအုံတွေ ပြိုကျတာကြောင့်တင် မဟုတ်ပါဘူး။
ကမ်းရိုးတန်းမှာ နေထိုင်နေသူတွေကတော့ ဆူနာမီ ဖြစ်လာစေတဲ့ ပင်လယ်ရေအောက် ကြမ်းပြင်က ငလျင်တွေကို ခံနိုင်ရည်စွမ်း နည်းကြပါတယ်။
၂၀၀၄ ခုနှစ်က ဆူမားတြားကျွန်းအဖျား ဘန်ဒါ အာချေနဲ့ ကပ်ရက် အိန္ဒိယသမုဒ္ဒရာအောက်မှာ ပြင်းအား ၉.၁ ရှိတဲ့ ငလျင်တစ်ခုကြောင့် အာရှဆူနာမီလှိုင်းလုံးကြီးတွေ မြင့်တက်လာခဲ့ပါတယ်။
အဲဒီငလျင်နဲ့ နောက်ဆက်တွဲ ဆူနာမီလှိုင်းလုံးကြီးတွေကြောင့် နိုင်ငံပေါင်း ဆယ်နိုင်ငံကျော်မှာ လူပေါင်း ၂၃၀,၀၀၀ လောက် သေဆုံးခဲ့ရပါတယ်။ ဆူနာမီလှိုင်းတွေက အားကြီးလွန်းလှတဲ့အတွက် အိန္ဒိယသမုဒ္ဒရာရဲ့ တခြားဘက်ခြမ်း အာဖရိကတိုက်အထိတောင် လူတွေအသက်ဆုံးရှုံးခဲ့ကြရပါတယ်။
တောင်တန်းထူထပ်တဲ့ ဒေသတွေမှာတော့ ငလျင်ကြောင့် မြေပြိုမှုတွေ ဖြစ်ခဲ့ရာမှာ အိမ်တွေကို ဖုံးလွှမ်းသွားခဲ့ပြီး ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေမှာ အနှောင့်အတား ဖြစ်ခဲ့ရပါတယ်။
၂၀၁၅ ခုနှစ်က နီပေါနိုင်ငံမှာ အားပြင်းငလျင်ကြီးတစ်ခုကြောင့် လူ ၉,၀၀၀ နီးပါး အသက်ဆုံးခဲ့ရပါတယ်။
ငလျင်တွေကြောင့် ငလျင်ဒဏ်သင့် ဒေသမှာ မြေပြိုမှုပေါင်း ၃၀၀၀ ကျော် ဖြစ်လာနိုင်တယ်လို့ဘူမိဗေဒပညာရှင်တွေက ပြောပါတယ်။
၁၉၀၆ ခုနှစ် ဆန်ဖရန်စစ္စကိုမြို့ ငလျင်အတွင်း စက္ကန့် ၂၀၊ ၂၅ စက္ကန့်လောက်သာ မြေပြင်ကို ကြမ်းကြမ်းတမ်းတမ်း တုန်ခါသွားစေခဲ့ပါတယ်။ ဒါပေမဲ့ ငလျင်လှိုင်းတွေကြောင့် မြို့ရဲ့ ဂက်စ်နဲ့ ရေပိုက်လိုင်းတွေကိုတော့ ပေါက်ကွဲထွက်သွားစေခဲ့ပါတယ်။
ယိုစိမ့်ထွက်လာတဲ့ ဂက်စ်ဓာတ်ငွေ့တွေကနေ နေရာအတော်များများမှာ မီးစွဲလောင်ခဲ့သလို ရေပြတ်လပ်မှုကြောင့် မီးငြှိမ်းသတ်ဖို့ အကြီးအကျယ် အခက်အခဲတွေ့ခဲ့ပြီး စုစုပေါင်း လူ ၃၀၀၀ ကျော်လောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။








