နှစ် ၁၅ဝ ကျော်က ဥရောပရောက် မြန်မာစစ်ပညာသင်များ

burma

ဓာတ်ပုံ ရင်းမြစ်, WPA Pool

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆင်းဟတ်စစ်ကျောင်းက စစ်ကျောင်းသားတွေ
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

မြန်မာစစ်အရာရှိတွေကို ဗြိတိန်မှာ လေ့ကျင့်သင်ကြားခဲ့တာဟာ ၂ဝ၁၇ အထိ ရှိခဲ့ပါတယ်။ ၁၉၈၈ နောက်ပိုင်း စစ်ရေး အဆက်အဆံတွေ ပြတ်တောက်နေခဲ့ပြီးနောက် မြန်မာ့နိုင်ငံရေး တံခါးဖွင့်ချိန်မှာ ပြန်လည်ဆက်သွယ်ပြီး စစ်အရာရှိတွေကို တိုက်ခိုက်ရေး မဟုတ်တဲ့ ပညာပေး သင်တန်းတွေ မြန်မာပြည်တွင်းနဲ့ ဗြိတိန်မှာ ပြန်စခဲ့ပါတယ်။ အမေရိကန် ဟာဝိုင်ယီဘက်မှာလည်း အလားတူ ခေါ်ယူ သင်တန်းပေးတာတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း ၂ဝ၁၇ မှာ ရိုဟင်ဂျာ ပဋိပက္ခတွေ တကျော့ပြန် ဖြစ်ပွားလာပြီးနောက် ဒီဆက်ဆံရေးတွေ ဆိုင်းငံ့ခဲ့ပြန်ပါတယ်။

တကယ်က ဗြိတိန်နဲ့ ဥရောပ နိုင်ငံတွေမှာ မြန်မာတွေ စစ်ပညာသင်လာတာဟာ ဗြိတိသျှအောက် မရောက်ခင်ကရော၊ ရောက်ပြီးနောက်နဲ့ လွတ်လပ်ရေးရပြီးခေတ်အထိ အစဉ်အဆက် ရှိခဲ့ပါတယ်။

ဗြိတိသျှအောက် မရောက်မီ လေ့ကျင့်သင်တန်းပေးတာတွေကတော့ မြန်မာဘုရင် အစိုးရ ရန်ပုံငွေနဲ့ ဖြစ်ပြီး သစ်နဲ့ ကျောက်မျက်ရတနာတွေ ရောင်းချပြီး ပညာသင်စရိတ်တွေ ပေးခဲ့တာပါ။

မြန်မာပြည် အောက်ပိုင်း တခုလုံးနဲ့ မဏိပူရ၊ အာသံပြည်တွေ ဗြိတိသျှအောက် ရောက်ပြီးနောက် နိုင်ငံလွတ်လပ်ရေးအတွက် စစ်ပညာနဲ့ တခြားခေတ်မီ စက်မှုပညာတွေ သင်မှဖြစ်မယ်ဆိုပြီး မန္တလေးက ဘုရင့်အစိုးရ ဆုံးဖြတ်ချက်နဲ့ ဒီလို စေလွှတ်သင်ကြားခဲ့ကြတာ ဖြစ်ပါတယ်။

burma
ဓာတ်ပုံ ပုံစာ, နိုင်ငံကို ခေတ်မီဖို့ ကြံခဲ့တဲ့ မင်းတုန်းမင်း

မန္တလေးခေတ်သားများ

မင်းတုန်းမင်းနဲ့ ညီတော် ကနောင်မင်းသား၊ ယောမင်းကြီး ဦးဖိုးလှိုင်၊ ကင်းဝန်မင်းကြီး စတဲ့ မြန်မာမှူးမတ်တွေရဲ့ ကြိုးစားမှုကို မန္တလေးခေတ် ခေတ်မီတိုးတက်ရေး ကြိုးပမ်းမှုတွေအဖြစ် အနောက်တိုင်း ပညာရှင်တွေက ဖော်ပြကြပါတယ်။

ဒါပေမဲ့ ဒီကြိုးပမ်းမှုတွေဟာ ထိုင်း၊ ဂျပန် နိုင်ငံတွေမှာလို မအောင်မြင်ဘဲ အရှုံးနဲ့ အဆုံးသတ်ခဲ့ရပါတယ်။

၁၈၅၆ ကတည်းက မြန်မာကျောင်းသားတွေကို ဗြိတိသျှ အိန္ဒိယ မြို့တော် ကာလကတ္တား (ကိုလ်ကာတား)ကို လွှတ်ပြီး အင်္ဂလိပ်စာနဲ့ အခြေခံပညာတွေကို သင်စေခဲ့ပါတယ်။ မန္တလေးမှာ အက်စ်ပီဂျီခေါ် သံတဲကျောင်းတော်ကို တည်ထောင်တာဟာ ၁၈၆၉ ကမှ ဖြစ်တဲ့အတွက် အနောက်တိုင်းပညာရေး အခြေခံမရှိတဲ့ ကျောင်းသားတွေကို စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ကို ဘာသာစာပေနဲ့ ယဉ်ကျေးမှု အခြေခံအတွက် အတုမရှိ စံကျောင်းဆရာတော်က သင်ကြားပေးတယ်လို့လည်း သိရပါတယ်။

ဒီကျောင်းသားတွေဟာ မောင်ရွှေဘင်၊ မောင်ရွှေအိုး၊ မောင်ပေါက်ကျိုင်း၊ မောင်ထွန်းအောင်နဲ့ မောင်ညွန့်တို့ ဖြစ်ပါတယ်။

အိန္ဒိယမှာ ဒိုဗီတန်ကောလိပ်ကျောင်းမှာ သူတို့ အင်္ဂလိပ်စာအပြင် သိပ္ပံနဲ့ ဝိဇ္ဇာပညာတွေ သင်ယူခဲ့ရတာပါ။

ဘာသာစကားအခက်အခဲတွေ ရင်ဆိုင်ရတဲ့ ကျောင်းသားတွေဟာ ဗြိတိသျှဘက်က လိုလိုချင်ချင် သင်မပေးတဲ့ အခက်အခဲကိုလည်း ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်ပြီး မှူးမတ်အရာရှိနဲ့ သူဌေးသူကြွယ်သားတွေကို နီးစပ်ရာ ခေါ်ယူစေလွှတ်တဲ့အတွက် ပညာအရည်အချင်းပိုင်းမှာ သိပ်မထူးချွန်သူတွေ ပါလာတယ်လို့လည်း သိရပါတယ်။

ဥရောပကိုဆက်

ဒီလို အခက်အခဲတွေကြားက မြန်မာကျောင်းသားတွေဟာ ပညာရေးကို ကြိုးစားသင်ယူကြတဲ့အတွက် ၁၈၅၉ မှာ သူတို့ထဲက သုံးယောက်ကို ပြင်သစ်ကို ထပ်ဆင့် စေလွှတ်နိုင်ခဲ့ပါတယ်။

ဒီထဲမှာ ပထမဆုံး မြန်မာအင်ဂျင်နီယာ ဖြစ်လာမယ့် ကျောက်မြောင်းအတွင်းဝန်လောင်းမောင်ရွှေအိုး ပါသလို စက်ရုံနဲ့ လက်နက်ခဲယမ်းပညာသင်မယ့် မောင်ထွန်းအောင်နဲ့ မောင်ညွန့်တို့လည်း ပါဝင်ပါတယ်။

ပြည်ပမှာ ပညာသင်တဲ့ ကျောင်းသားတွေရဲ့ထုံးစံ ဘာသာစကားနဲ့ရာသီဥတုအခက်အခဲအပြင် သူတို့ကို လက်ခံစောင့်ရှောက်တဲ့ ပြင်သစ်အိမ်ရှင်ရဲ့ ငွေကြေးမသမာမှုတွေ ကြုံခဲ့ရလို့ အိမ်က ထွက်ပြေးရတဲ့အထိ ဖြစ်ခဲ့ကြကြောင်း ကုန်းဘောင်ခေတ် မြန်မာသိပ္ပံပညာရှင်များအကြောင်း ပြုစုတဲ့ ဒေါက်တာမျိုးသန့်တင်က ရေးသားခဲ့ပါတယ်။

france

ဓာတ်ပုံ ရင်းမြစ်, ND

ဓာတ်ပုံ ပုံစာ, စောင်ဆီရာ စစ်ကျောင်းက ပြင်သစ်စစ်ဗိုလ်များ

၁၈၆၃ မှာ ပြင်သစ်နိုင်ငံ စောင်ဆီရာ စစ်ပညာသင်ကျောင်းမှာ စစ်ပညာ သွားသင်ယူခဲ့တဲ့ မောင်အောင်သူကတော့ အနောက်တိုင်းမှာ စစ်ပညာသင်ခွင့်ရတဲ့ ပထမဆုံးမြန်မာကျောင်းသားတယောက် ဖြစ်ပါတယ်။

နောက်ပိုင်းမှာ မြင်းဝန်ဦးအောင်သူ အဖြစ် ထင်ရှားပါတယ်။

ပြင်သစ်က ထိပ်တန်းအဆင့်ရှိတဲ့ စစ်ကျောင်းမှာ လက်နက်ခဲယမ်းအတတ်နဲ့တကွ စစ်မဟာဗျူဟာအတတ်၊ မြို့ပြအင်ဂျင်နီယာအတတ်တွေ သူသင်ခဲ့ပါတယ်။

သူ့အရင် နှစ်ပေါင်း ၂ဝဝ ကျော်က ရခိုင်မင်းသား ဒွန်မာတင်ခေါ် ငယိကို စပိန်ရေတပ်က ခေါ်ယူသင်ကြားတာ ရှိခဲ့ပေမယ့် အာရပ်ပင်လယ်ကွေ့မှာပဲ စစ်မှုထမ်းခဲ့တာ ဖြစ်ပါတယ်။

မှတ်တမ်းတခုမှာတော့ ပြင်သစ်က ပညာတော်သင်ကျွန်တော်မျိုးတွေကို တလကို နှစ်ရာစီပေးပြီး အီတလီမှာတော့ တလကို တရာစီ လစာပေးတယ်လို့ ဖော်ပြပါတယ်။

အိန္ဒိယမှာတော့ တလကို ၃၅ ကျပ်ကုန်တယ်လို့ ကထိက ဦးမောင်မောင်တင်က ရေးခဲ့ပါတယ်။

၁၈၆၆ မှာ နန်းတွင်းလုပ်ကြံမှုကြောင့် အိမ်ရှေ့စံ ကနောင်မင်းသား ကျဆုံးခဲ့ပေမယ့် စစ်ပညာသင်ကြားမှု၊ စစ်လက်နက်ထုတ်လုပ်မှုတွေ လျော့မသွားခဲ့ပါဘူး။

burma

ဓာတ်ပုံ ရင်းမြစ်, Roger Viollet Collection

ဓာတ်ပုံ ပုံစာ, ဦးခြိမ့်၊ ဦးရွှေအိုး၊ ကင်းဝန်မင်းကြီးနဲ့ ဦးရွှေဘင်တို့ မြန်မာသံအဖွဲ့ ပဲရစ်ရောက်ခိုက်

၁၈၆၉ မှာတော့ မောင်မြဲနဲ့ မောင်တရုပ်ဖြူ တို့ကို ဗြိတိန်မှာ စေလွှတ်ပြီး စစ်ပညာသင်စေခဲ့ပါတယ်။

မောင်တရုပ်ဖြူကို အပျော်အပါး လိုက်စားလို့ ပညာသင်ပေါ့လျော့တယ်ဆိုပြီး ကင်းဝန်မင်းကြီးက ရေးသားခဲ့ပါတယ်။

မှတ်တမ်းတွေအရလည်း ဗြိတိန်မှာ နေရာတကျမသင်ရလို့ အီတလီသွားပြီး ရေကြောင်း၊ ကြည်းကြောင်း ပညာတွေ သင်တဲ့ မောင်တရုပ်ဖြူ အပါအဝင် ကျောင်းသား လေးယောက်ကို တိုးတက်အောင်မြင်မှုမရှိလို့ ၁၈၇၄ မှာ ပြန်ခေါ်ခဲ့ပါတယ်။

ပထမသုတ် ပညာသင်တွေ စေလွှတ်ပြီးနောက် အိန္ဒိယနဲ့ ဥရောပကို ဆက်လက် စေလွှတ်ခဲ့ရာမှာ သီပေါမင်း လက်ထက်မှာတင် ပညာတော်သင် ၃၂ ယောက် ရှိတယ်လို့လည်း သိရပါတယ်။ ဒီလို စေလွှတ်တဲ့ ပညာသင်တွေနဲ့ အမြောက်သေနတ်စက်ရုံ လေးရုံ၊ ဒင်္ဂါး၊ ရက်ကန်း၊ ဆန်ကြိတ်စက်နဲ့ လွှစက်နဲ့ သင်္ဘောကျင်းတွေအပါအဝင် စက်ရုံငါးဆယ်ကျော်ကို တည်ဆောက်ခဲ့ပါတယ်။

၁၈၆၉ မှာ အိန္ဒိယကို ပညာသင်လူ ၂ဝ နဲ့ ၁၈၇၆ မှာ လေးယောက် စေလွှတ်တယ်လို့လည်း ပုရပိုက်မှတ်တမ်းအရ သိရပါတယ်။

ဒီပညာသင်တွေဟာ ကာလကတ္တားက ကောင်စီပူ သေနတ်လုပ်စက်ရုံနဲ့ ဖို့ဝီလျံလက်နက်တိုက်တွေမှာ သေနတ်အမြာက် စတဲ့ လက်နက်နဲ့ဆိုင်တဲ့ ပညာတွေကို ပြင်ဆင်လုပ်ကိုင်နိုင်တဲ့အထိ ရယူ တတ်မြောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, MHRJ

ဓာတ်ပုံ ပုံစာ, အီတလီရောက် မြန်မာပညာသင်တယောက်

ပြန်မလာတဲ့ ပညာတော်သင်များ

ထူးခြားတာက အီတလီရောက် ပညာသင်တွေ ဖြစ်ပါတယ်။

၁၈၇၆ မှာ အီတလီမှာ အထက်တန်းကျောင်းတက်ခဲ့တဲ့ ဒီလူငယ်တွေဟာ မြောင်လှမြို့စား ဦးခြိမ့် သံအဖွဲ့နဲ့အတူ လိုက်ပါသွားသူတွေပါ။ ရေကြောင်းနဲ့ မြင်းတပ်ကို လေ့ကျင့်ပေးတဲ့ ကျောင်းတွေမှာ သူတို့ပညာသင်ခဲ့ကြပါတယ်။

အီတလီမှာ စစ်ပညာသင်ကြား ပြီးဆုံးပေမယ့် ဒီငါးယောက်ထဲက တယောက်ပဲ မြန်မာပြည် ပြန်လာခဲ့ပါတယ်။

၁၈၈၅ မှာ မန္တလေးကျပြီးနောက် သူတို့ကို ပြန်လာဖို့၊ ဗြိတိသျှတပ်မှာ ဆက်အမှုထမ်းဖို့ ဗြိတိသျှ အာဏာပိုင်တွေက ကမ်းလှမ်းခဲ့ပါတယ်။

ဒါကို မောင်ဘအိုပဲ ပြန်လာပြီး ကျန်တဲ့သူတွေက အီတလီစစ်တပ်မှာ အမှုထမ်းရင်း ဆက်လက်နေထိုင်ခဲ့ကြပါတယ်။ ပြန်လာသူ မောင်ဘအိုဟာ ဗြိတိသျှကို ဆန့်ကျင်တိုက်ခိုက်ရာမှာ ပါခဲ့ပြီး အဖမ်းခံခဲ့ရတယ်လို့လည်း ဒေါက်တာခင်လှဟန်ရဲ့ ဆောင်းပါးတပုဒ်မှာ ဖော်ပြပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Bo Bo/ BBC Burmese

ဓာတ်ပုံ ပုံစာ, ဦးအို ရေးမှတ်ခဲ့တဲ့ ပူတကေစပိန်အီတာလျံသွားမှတ်တမ်းမူ

မြန်မာသံတော်ကြီး ဦးခြိမ့်ရဲ့ ပူတကေစပိန်အီတာလျံသွားမှတ်တမ်း ဟာ ဦးဘအိုရဲ့ အဆက်အနွယ်တွေကတဆင့် ဗန်းမော်မြို့ကနေ ပြန်ပြီး ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြန်မလာသူတွေမှာ မြန်မာပြည်က လူချမ်းသာ သားတွေလည်း ပါပါတယ်။ စစ်ပညာသင် မောင်အုံးပွင့်ရဲ့ ဖခင်ဟာ ဆင်တွေ ပိုင်သူဖြစ်ပါတယ်။ မောင်အုံးပွင့်ကတော့ အီတလီက ပြန်မလာဘဲ ၁၉ဝ၅ မှာ ကွယ်လွန် သွားခဲ့ပါတယ်။

အီတာလျံ စစ်အရာရှိတွေ အထက်မြန်မာပြည်ကို လာပြီး လက်နက်နဲ့ တခြားစက်ရုံတွေမှာ လုပ်ကိုင်ကြသလို မြန်မာစစ်တပ်မှာလည်း သင်ပြပေးကြပါတယ်။

ဧရာဝတီမြစ်ကမ်းတလျောက်က မြန်မာခံတပ်တွေကို ပြင်သစ်နဲ့ အီတာလျံအင်ဂျင်နီယာတွေ အကူအညီနဲ့ တည်ဆောက်ခဲ့တာပါ။

မင်းတုန်းမင်းက သူ့ဆီကို စာချုပ်ချုပ်ဖို့လာတဲ့ အီတာလျံ ရေတပ်ဗိုလ် ရပ်ကလဲယားကို စက်ကိရိယာ၊ သေနတ်လုပ်ကိရိယာ၊ ကျောက်မီးသွေးတူးစက်တွေ လိုချင်ကြောင်း မိန့်ပါတယ်။ ကျသင့်တန်ဖိုးကို ငွေနဲ့ ကျောက်သံပတ္တမြား၊ ကျွန်းသစ်၊ ရှားစေးစတဲ့ ကုန်တွေနဲ့ ချေမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Print Collector

ဓာတ်ပုံ ပုံစာ, ဧရာဝတီမြစ်ကမ်းပေါ်က မင်းလှခံတပ်

ထူးခြားတဲ့ ဦးမြဲ

ဘုရင်ခေတ်မြန်မာပညာတော်သင် အများစုဟာ ဥရောပထိ ရောက်ပေါက်ခဲ့ကြသူတွေ ဖြစ်တဲ့အတွက် အနောက်နိုင်ငံတွေရဲ့ လက်နက်အစွမ်းကို သိကြသူတွေ ဖြစ်ပါတယ်။

ဒါကြောင့် ၁၈၈၅ တတိယ အင်္ဂလိပ်မြန်မာစစ်မှာ စေ့စပ်ပြေငြိမ်းရေးကို အလေးသာတဲ့ ကင်းဝန်မင်းကြီးအုပ်စုနဲ့ သူတို့နီးစပ်ကြပါတယ်။

ဒီထဲမှာ စစ်တိုက်ရေးဘက်က တိုင်တားမင်းကြီးရဲ့သမက် ကျောက်မြောင်းအတွင်းဝန်ကိုယ်တိုင် ပါပါတယ်။

ဒီထဲမှာ ပြင်သစ် မြန်မာ လျှို့ဝှက်စာချုပ်ကို စာရေးတယောက်က အင်္ဂလိပ်ဘက် ခိုးကူးပေးလိုက်လို့ အင်္ဂလိပ်က မြန်မာပြည်ကို တိုက်ဖို့ အကြောင်းရှာတယ်ဆိုတဲ့ ဆိုရိုးရှိခဲ့ပါတယ်။

ဒီစာရေးနာမည်ကိုလည်း နိုင်ငံခြားရေးဌာန စာရေးကြီး ဖြစ်တဲ့ မောင်မြဲကို စွပ်စွဲကြပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Dr Myo Thant Tin

ဓာတ်ပုံ ပုံစာ, ဒီပဲယင်းဝန်ထောက် ဦးမြဲ

တကယ်က မောင်မြဲဟာ လန်ဒန်မြို့နားက ဝူးလစ်လက်နက်တိုက်မှာ စစ်ပညာသင်ခဲ့သူ ဖြစ်သလို ဗြိတိန်မှာ မြန်မာသံအမတ်အဖြစ် တနှစ်နေခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

ဗြိတိသျှ မြန်မာပြည်ကို သိမ်းပြီးနောက် ဆရာဖြစ်သူ ကင်းဝန်မင်းကြီးနဲ့အတူ အုပ်ချုပ်ရေးမှာ ဝင်ပြီး ကူညီခဲ့လို့ ဒီပဲယင်း ဝန်ထောက် ရာထူးရခဲ့ပါတယ်။

အိန္ဒိယနဲ့ မြန်မာပြည် လွှတ်တော်အမတ်အဖြစ်လည်း ဆောင်ရွက်ခဲ့ပြီး မြန်မာပြည်ကို အိန္ဒိယက ခွဲပေးဖို့၊ တက္ကသိုလ်သီးသန့်ထားပေးဖို့၊ လူခွန်တွေ လျှော့ချပေးဖို့ စတာတွေ တောင်းဆိုခဲ့ပါတယ်။

၁၉၂၁ ဂျီစီဘီအေ နဝမ ကွန်ဖရင့် မန္တလေးမှာ ကျင်းပတဲ့အခါ အသက် ၈ဝ နားနီးနေတဲ့ ဦးမြဲက သဘာပတိလုပ်ပြီး မိန့်ခွန်းပြောပါတယ်။

အဲဒီနောက် သူ့နာမည် ပြန်ကြီးလာပြီး သူ့ကို သူလျှိုအဖြစ် မိဘုရားဟောင်း စုဘုရားလတ်က စွပ်စွဲတာတွေ ဖြစ်ခဲ့တယ်လို့ သခင်ကိုယ်တော်မှိုင်းကတဆင့် ပြောကြားခဲ့တဲ့ အချက်တွေကို အခြေခံပြီး မြန်မာစာရေးဆရာတွေက ရေးကြပါတယ်။

uk

ဓာတ်ပုံ ရင်းမြစ်, Hulton Archive

ဓာတ်ပုံ ပုံစာ, ဝူးလစ်မှာ သွန်းတဲ့အမြောက်များ

စာချုပ်ပေါက်ကြားမှုက တကယ်ဖြစ်ခဲ့ပေမယ့် ဗြိတိန်မှာ စစ်ပညာသင်နေစဉ်အတွင်း မြန်မာအစိုးရအတွက် အထောက်တော်အဖြစ်ပါ ဆောင်ရွက်ခဲ့တဲ့ ဦးမြဲက ဗြိတိသျှလူဖြစ်ခဲ့သလားဆိုတာကတော့ ဆက်လက်ရှာဖွေရမယ့် အကြောင်းကိစ္စ ဖြစ်ပါတယ်။

သူ ကျောင်းသားအဖြစ် ဗြိတိန်မှာ ရှိစဉ် ဦးရွှေအိုး လက်နက်ဝယ်ဖို့ ရောက်လာလို့ သူတို့ဆက်မိကြပါတယ်။ ဒါကို ဗြိတိသျှအစိုးရက သတိထားမိပြီး သူတို့အကြောင်း မြန်မာဘက်ကို တောင်းဆို မေးမြန်းတာတွေ ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

လက်နက်ဝယ်ရေး

၁၈၇ဝ နဲ့ ၁၈၇၁ နှစ်တွေမှာ ပြင်သစ်က မြန်မာကျောင်းသား မောင်မြူ၊ မောင်အောင်သူနဲ့ ဦးရွှေဘင်တို့ လန်ဒန်ရောက်လာပြီး လက်နက်ခဲယမ်းမီးကျောက် လုပ်နည်းနဲ့ သံစေတမန်စေ ပညာတွေ လာသင်တယ်လို့ ဆိုပါတယ်။

ဒီကျောင်းသားတွေဟာ မြန်မာဘုရင်အတွက် လက်နက်ကိရိယာတွေ ရှာဖွေ ဝယ်ယူပို့ပေးရသူတွေလည်း ဖြစ်ပါတယ်။

ပန်းတဉ်းဝန် ဦးရွှေဘင် ၁၈၆၇ မှာ ပြင်သစ်ကို စက်ကိရိယာအဝယ်သွားရင်း ဗြိတိန်ကို ဝင်ဖို့ကိစ္စမှာလည်း လက်နက်ဝယ်ဖို့လာတယ်လို့ ယူဆလို့ အပိတ်ခံခဲ့ရဖူးပါတယ်။

ဗြိတိသျှပိုင် အောက်မြန်မာပြည်ကို ဖြတ်ပြီး လက်နက်တင်သွင်းခွင့်အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့တွေ ဗြိတိန်ကို စေလွှတ်ခဲ့ရာမှာ ဗြိတိသျှ အစိုးရနဲ့ တွေ့ခွင့်ရခဲ့တဲ့အခါတွေ ရှိသလို ငြင်းပယ်ခံရတာတွေ ရှိခဲ့ပါတယ်။

ဒီခရီးစဉ်တွေကို ပြည်ပမှာ ပညာသင်ခဲ့တဲ့ မြန်မာပညာတော်သင်ဟောင်းတွေကို ခေါင်းဆောင် စေလွှတ်ခဲ့ပြီး ၁၈၇၂ ခရီးမှာတော့ ကင်းဝန်မင်းကြီးကိုယ်တိုင် ခေါင်းဆောင်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, DE AGOSTINI PICTURE LIBRARY

ဓာတ်ပုံ ပုံစာ, လွတ်လပ်ခေတ်မီရေး အားထုတ်ခဲ့ကြတဲ့ သံအဖွဲ့တဖွဲ့

ပါတော်မူအလွန်

၁၈၈၅ ပါတော်မူချိန်မှာ ပြင်သစ်မှာ ရှိတဲ့ မြန်မာကျောင်းသားတွေ ပြန်နိုင်ရေးအတွက် မြန်မာသံအမတ် ဦးမြူက ဗြိတိသျှနဲ့ စေ့စပ်ပြောဆိုခဲ့ရပါတယ်။

ဗြိတိသျှ ကျူးကျော်မှုကို တုံ့ပြန်ဖို့ တခြားဥရောပနိုင်ငံအစိုးရတွေဆီကို သူက အကူအညီတောင်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

မန္တလေးမှာလည်း ဗြိတိသျှဆီ လက်နက်ချဖို့ ကိစ္စတွေကို ကျောက်မြောင်းအတွင်းဝန် ဦးရွှေအိုးနဲ့ ဝက်မစွတ်ဝန်ထောက်တို့ ကိုယ်တိုင် ဗိုလ်ချုပ်ပရင်ဒါဂတ်ဆီ တွေ့ဆုံအကြောင်းကြားခဲ့ရပါတယ်။

ဒီဥရောပပြန်တွေကို အနောက်တိုင်းဆန်သူတွေလို့ မြန်မာပြည်က ရှေးရိုးသမားတွေက သတ်မှတ်ကြပါတယ်။

ဒါပေမဲ့ ဗြိတိသျှခေတ်မှာ ဦးမြဲကလွဲပြီး ဦးမြူအပါအဝင် မြန်မာပညာသင်တွေဟာ ဗြိတိသျှအောက်မှာ သမာဓိမြို့ဝန်အဆင့်လောက်ပဲ ထမ်းဆောင်ကြတာတွေ့ရပါတယ်။

တကယ်က မြန်မာပြည်ကို ဗြိတိသျှမသိမ်းဖြစ်ခဲ့ရင် ဒီပုဂ္ဂိုလ်တွေဟာ ဆယ်နှစ်ကျော်အတွင်းမှာ ဝန်ကြီးတွေ ဖြစ်လာပြီး မြန်မာပြည် ခေတ်မီရေးကို ဘုရင်စနစ်အောက်မှာ ဆောင်ရွက်ကြရမယ့်သူတွေ ဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Dr Myo Thant Tin

ဓာတ်ပုံ ပုံစာ, သံချက်ဝန်ထောက် ဦးမြူ

နောက် ပြည်ပ ပညာသင်စေလွှတ်ခံရတဲ့ ကျောင်းသားတွေထဲမှာ စာပေ ဝါသနာပါကြသူတွေ ပါပါတယ်။

ဦးရွှေဘင် လန်ဒန်က အပြန်ခရီးတခုမှာ စာအုပ်ဝယ်နေလို့ နောက်ကျနေတဲ့အတွက် ဒိုဗာမြို့က ဧည့်ခံပွဲကို မတက်နိုင်ခဲ့ပါဘူး။

ဦးရွှေဘင်ဟာ ၁၈၅၉ မှာ အမြောက်ပစ်နည်းကျမ်း ကို ပြန်ဆိုခဲ့သလို အင်္ဂလိပ်မြင်းများ အကြောင်းကိုလည်း ရေးပါတယ်။ လက်တွေ့ကွန်ပါရေးနည်းနဲ့ ဘဏ်လုပ်ငန်း အကြောင်းတွေကိုလည်း သူပြုစုပါတယ်။

ယောမင်းကြီးဦးဖိုးလှိုင်သမက် ကာလကတ္တားမှာ ဘွဲ့ရပြီး ပြန်လာတဲ့ ရွှေပြည်မောင်မောင်ကလေးဟာလည်း အိမ်မှာ ပြင်သစ်နဲ့ အင်္ဂလိပ်စာအုပ်တွေ ထားရှိဖတ်ရှုသူ ဖြစ်ပြီး မန္တလေးမှာ ကောလိပ်ကျောင်း ဖွင့်ပေးဖို့ နှိုးဆော်ခဲ့ပါတယ်။

ဦးရွှေအိုးက ဖန်ချက်ပညာနဲ့ ဓာတုဗေဒကျမ်းတွေကိုရေးသလို ဦးရွှေအိုးသားဖြစ်သူ ကျောက်မြောင်းခင်မောင်ကြီးက မြန်မာပြည်မှာ အရင်းကျမ်းကို ပထမဆုံး ပြန်ဆိုခဲ့ပါတယ်။

ဂျပန်ပြည်မှာ မေဂျီပြုပြင်ရေးနဲ့ ထိုင်းက မောင်းကွတ်ပြုပြင်ရေး ခေတ်တွေမှာ ပြည်ပကို ပညာတော်သင်တွေ စေလွှတ်ပြီး နိုင်ငံခေတ်မီရေးတွေ ကြိုးပမ်းခဲ့ကြပါတယ်။

သူတို့နိုင်ငံတွေက မင်းညီမင်းသားတွေ ကိုယ်တိုင် ပြည်ပမှာ ထွက်ပြီး သင်ယူခဲ့ကြတဲ့အတွက် ပြုပြင်ရေးတွေ ပိုမိုအင်အားရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ ကနောင်မင်းသားလုပ်ကြံမှုနောက်ပိုင်း နန်းတွင်းရေး ရှုပ်ထွေးပြီး သီပေါမင်းနန်းတက်စမှာ မင်းသားအများအပြား သတ်ဖြတ်ခံရတာတွေ ဖြစ်ခဲ့ပါတယ်။

ပင်လယ်ထွက်ပေါက်ကို ဗြိတိသျှလက်မှာ အပ်ထားရလို့ မြန်မာပြည် ပြုပြင်ရေး နှောင့်နှေးခဲ့ရတယ်လို့လည်း ဆိုကြပါတယ်။