မင်းတုန်းမင်းခေတ်နဲ့ မျက်မှောက်ခေတ် မြန်မာပြည် ဘာတွေတူသလဲ ၅ ချက်

- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မြန်မာနိုင်ငံမှာ ဘုရင်စနစ် မရှိတာ အနှစ်တရာကျော်ပါပြီ။ မင်းတုန်းမင်း နတ်ရွာစံတာလည်း အောက်တိုဘာလမှာ အနှစ် ၁၄ဝ ပြည့်ခဲ့ပါပြီ။
ဒါပေမဲ့ မင်းတုန်းမင်းခေတ် နိုင်ငံရေး အခြေအနေက လက်ရှိ မြန်မာ့နိုင်ငံရေးမှာထိ ဆက်ပြီး ရိုက်ခတ်တာတွေ ရှိနေပါတယ်။
ဒီထဲက တချို့အချက်တွေကတော့

မင်းတုန်းမင်းနဲ့ နန်းလျာပြဿနာ
မင်းတုန်းမင်းဟာ စိန်ခေါ်မှုတွေကြားက နန်းတက်လာရသူ ဖြစ်ပါတယ်။ သူ့နောင်တော် ပုဂံမင်းလက်ကနေ နန်းရတဲ့အချိန်မှာ သူ့သက်တော်က ၄၄ နှစ် ရှိနေပါပြီ။ သူ့နောင်တော်မှာ သားသမီး မထွန်းကား ပေမယ့် သူ့ကို နန်းလျာအဖြစ် မရွေးဘဲ လှိုင်မင်းသားကိုသာ ရွေးခဲ့ပါတယ်။ အဲဒီမင်းသားကလည်း နန်းလုပွဲမှာ ကျဆုံးခဲ့ပါတယ်။
မင်းတုန်းမင်း ဘုရင်ဖြစ်ချိန်မှာ သားတော်ကြီးတွေ အပြိုင်းအရိုင်း ရှိပေမယ့် နန်းတက်ရေးမှာ အဓိက ကူညီခဲ့တဲ့ ညီတော် ကနောင်မင်းသားကို အိမ်ရှေ့မင်း ရာထူး ပေးခဲ့ပါတယ်။ ဒီကိစ္စက သူ့ရဲ့ ဒါဇင်နဲ့ ချီတဲ့ သားတော်တွေကြားမှာ ပြောစရာ ဖြစ်လာခဲ့ပြီး နောက်ဆုံး မြင်ကွန်း မြင်းခုန်တိုင် ပုန်ကန်မှုနဲ့ ရင်ဆိုင်ရပြီး ကနောင်မင်းသား ကျဆုံးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, U sein Maung Oo
အဲဒီနောက် နန်းလျာဆက်ခံသူ မရွေးဘဲ ထားခဲ့ရာက မင်းတုန်းမင်း နတ်ရွာစံချိန်မှာ မင်းညီမင်းသား အများအပြား သုတ်သင်ခံရပြီး မှူးမတ်တွေနဲ့ ဆင်ဖြူမရှင် မိဘုရားကြီးတို့ လိုလားတဲ့ သီပေါ မင်းသားကို နန်းတင်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hulton Deutsch
အဲဒီနောက် ငယ်ရွယ်ပြီး အတွေ့အကြုံမရှိတဲ့ ဘုရင်သစ် လက်ထက်မှာ မြန်မာနိုင်ငံ တဝက်ကို သိမ်းထားတဲ့ ဗြိတိသျှနဲ့ မသင့်မတင့် ဖြစ်လာပြီး နောက်ဆုံး နိုင်ငံသိမ်းခံရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ဗြိတိန်အောက်မှာ အနှစ် ၆ဝ ကျော် တရာနီးပါး ကျရောက်ပြီးနောက် လွတ်လပ်ရေး ပြန်ရခဲ့ပေမယ့် နိုင်ငံတည်ဆောက်ရေးဟာ မပြည့်စုံခဲ့ဘူးလို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။ အဓိက ဖြစ်တဲ့ နိုင်ငံကို ပဲ့ကိုင်ပေးမယ့် ပဒေသရာဇ် လူတန်းစား ပျက်စီးသွားတာ၊ လူလတ်တန်းစား အားနည်းတာနဲ့ နိုင်ငံရေး အုပ်စုတွေ လူမျိုးစုတွေကြား နိုင်ငံရေး ကွဲပြားမှု များတာတွေကြောင့် နိုင်ငံဟာ ပြန်တည်ထောင်လို့ မဖြစ်အောင် နိုင်ငံရေးအရ မညီညွတ်ခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းလက်ထက် ပြန်ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပေမယ့် သူမရှိတဲ့နောက် အခြေအနေတွေ ပိုဆိုးသွားပြီး လွတ်လပ်ရေး ရတာနဲ့ ပြည်တွင်းစစ် စခဲ့ပါတယ်။ အဲဒီစစ်ကလည်း ခုထိ မချုပ်ငြိမ်းသေးပါဘူး။
မင်းတုန်းမင်းလိုပဲ မြန်မာခေါင်းဆောင် အဆက်ဆက်ကိုလည်း ဆက်ခံမယ့် ခေါင်းဆောင်လောင်း မထားတတ်တဲ့ အကျင့်ရှိသူတွေလို့ ဝေဖန်တာကို တွေ့ရပါတယ်။
မင်းတုန်းမင်းနဲ့ ပြုပြင်ရေး မအောင်မြင်မှု
မင်းတုန်းမင်းလက်ထက်မှာ စက်ရုံတွေ တည်ထောင်တာ၊ ရတနာပုံ နေပြည်တော် သတင်းစာ ထုတ်တာ နဲ့ ပညာတော်သင် အများအပြားကို အိန္ဒိယနဲ့ ဥရောပကို စေလွှတ်တာတွေ လုပ်ခဲ့တဲ့အတွက် ချီးကျူးခံရပါတယ်။
ဒါပေမဲ့ ဒီပြုပြင်ရေးတွေဟာ ကနောင်မင်းသား လုပ်ကြံခံရမှုနောက်ပိုင်း အရှိန်လျော့သွားတာ၊ လွှတ်တဲ့ပညာသင်တွေရဲ့ အရည်အသွေး မပြည့်ဝတာ၊ ပြန်လာပြီးနောက် လုပ်ပိုင်ခွင့် မရှိတာကြောင့် အစွမ်းမပြနိုင်ခဲ့တာကို တွေ့ရပါတယ်။
မင်းတုန်းမင်းဟာ ဝန်ထမ်းတွေကို လစာပေးတဲ့ စနစ်ထွင်တာ၊ အခွန်စနစ်ကို ပြင်တာနဲ့ ဒင်္ဂါးရိုက်နှိပ်ထုတ်တာလို ပြုပြင်ရေးတွေ အများအပြားကို စတင်ခဲ့ပါတယ်။
တဘက်မှာလည်း ဘုရင်ကြီးစိုးတဲ့ ကုန်သွယ်ရေးကို မဖျက်သိမ်းနိုင်တဲ့အတွက် စီးပွားရေး သိသိသာသာ မပြောင်းလဲတာကို တွေ့ရပါတယ်။
နောက်ပြီး ယူနန်ပြည်နယ်မှာ ပန်းသေး သူပုန်ထမှုကြီးကြောင့် တရုတ် မြန်မာ ကုန်သွယ်ရေး ဆယ်စုနှစ်နဲ့ချီ ရပ်ဆိုင်းသွားတာက မင်းတုန်းမင်းပိုင် မြန်မာပြည် အထက်ပိုင်းကို အများကြီး ထိခိုက်စေ ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hulton Deutsch
ပြီးတော့ နိုင်ငံမှာ မိုးခေါင်ပြီး သရောကြီးခိုင်းတယ် ဆိုတဲ့ စားနပ်ရိက္ခာ ရှားပါးမှုကပ်တွေ ဆိုက်လို့ ပြည်သူ အများအပြား ဗြိတိသျှပိုင် အောက်မြန်မာပြည်ကို ရွှေ့ပြောင်းကုန်ကြပါတယ်။
အဲဒီမှာ စူးအက်တူးမြောင်း ပွင့်ပြီးနောက် စပါးအကြီးအကျယ် စိုက်ပျိုးလာလို့ လယ်ယာလုပ်သား အများအပြား လိုအပ်နေချိန် ဖြစ်ပါတယ်။
ဒီအချက်တွေ ပေါင်းစုပြီး မင်းတုန်းမင်းလက်ထက် မြန်မာပြည် စီးပွားရေး ခေတ်မီရေးတွေဟာ ထင်သလောက် မအောင်မြင်ဘဲ နောက်ဆုံးမှာ ခေတ်နောက်ကျတဲ့ နိုင်ငံ အဖြစ် ဇာတ်သိမ်းခဲ့ရပါတယ်။
အဲဒီနောက် ဗြိတိသျှ လက်ထက်မှာ အတော် ဖွံ့ဖြိုးတိုးတက်လာပေမယ့် လွတ်လပ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ တံခါးပိတ် စီးပွားရေး စနစ်နဲ့ ရင်ဆိုင်ရပြီး ဖွံ့ဖြိုးခေတ်မီမှုမှာလည်း မင်းတုန်းမင်း လက်ထက်က ဖြစ်သလို ခေတ်နောက်ကျတဲ့ ဘဝ ပြန်ရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြုပြင်ရေး ဆိုတာတွေဟာ နှစ်နှစ် သုံးနှစ်ထက် ပိုမခံဘူးဆိုတဲ့ မှတ်ချက်မျိုးကိုလည်း ပညာရှင် အသိုင်းအဝိုင်းတွေမှာ ကြားရပါတယ်။
ဦးနု စစ်တပ်လက်က အာဏာပြန်ရပြီး နှစ်နှစ်အကြာမှာ အာဏာပြန်သိမ်းခံရတာမျိုးနဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ အရှိန်ရပြီးသား ပြုပြင်ရေးတွေ ပြန်နောက်ဆုတ်တယ်လို့ အယူဆခံရတဲ့ ကိစ္စတွေမှာ မင်းတုန်း သီပေါလက်ထက် ပြုပြင်ရေးနဲ့ နှိုင်းယှဉ်ပြောကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, U Sein Maung Oo
မင်းတုန်းမင်းနဲ့ မိဘုရားများ၊ ကျားမတန်းတူ မဖြစ်တဲ့ နိုင်ငံ
ကုန်းဘောင်ခေတ်မှာ မိဘုရားအများဆုံးက ဘိုးတော်ဘုရားနဲ့ မင်းတုန်းမင်းတို့ ဖြစ်ကြပါတယ်။ နှစ်ပါးစလုံးမှာ မိဘုရား အပါး ၅ဝ လောက် ရှိသလို ကိုယ်လုပ်မောင်းမတွေလည်း များပါတယ်။ မင်းတုန်းမင်းမှာ စုစုပေါင်း မိဖုရား ၄၅ ပါး က သားတော် ၅၅ ပါး၊ သမီးတော် ၅၃ ပါး၊ ပေါင်း ၁၀၈ ပါး ရှိတယ်လို့လည်း စာရင်းတခုက ဆိုပါတယ်။
ဒေဝီ ဘွဲ့ခံ မိဖုရားလတ်၊ ဟေသီ ဘွဲ့ခံ မိဖုရားငယ်၊ ဝတီ ဘွဲ့ခံ ကိုယ်လုပ်တော်ကြီး၊ သီရီ ဘွဲ့ခံ ကိုယ်လုပ်တော်လတ်၊ မင်းတပ် ဘွဲ့ခံ ကိုယ်လုပ်တော်ငယ် စတဲ့ အဆင့် အမျိုးမျိုး ရှိတယ်လို့လည်း သိရပါတယ်။
သူ့ညီတော် ကနောင်မင်းနဲ့တကွ သားတော်တွေမှာလည်း အလားတူ ကြင်ယာ မြောက်သား များကြပါတယ်။ မှူးမတ်တွေနဲ့ အရပ်သားထဲမှာလည်း ဇနီးအများအပြား ယူတဲ့ အကျင့်ဟာ ကြီးစိုးခဲ့လို့ မြန်မာဥပဒေမှာ မယားပြိုင် ဆိုတဲ့ စကား ထွန်းကားခဲ့ပါတယ်။
အငယ်အနှောင်းယူတဲ့ ဓလေ့ကို ဦးသိန်းစိန် သမ္မတ ဖြစ်တဲ့ကာလမှာမှ ဥပဒေနဲ့ တရားဝင် တားမြစ်နိုင်ပေမယ့် မပျောက်ကွယ်တာကိုလည်း တွေ့နေရပါတယ်။
မင်းတုန်းမင်းလိုပဲ အိမ်ထောင်များတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ နိုင်ငံ အကြီးအကဲတွေလည်း ရှိခဲ့သလို ဆင်းရဲတဲ့ အမျိုးသမီးကလေးတွေကို စောင့်ရှောက်ဖို့ အငယ်အနှောင်း ထားသင့်တယ် ဆိုတဲ့ အယူအဆမျိုးကိုလည်း လွတ်လပ်ရေး ရပြီးနောက်ပိုင်း အထက်လွှာ လောကမှာ ဆွေးနွေးခဲ့ကြပါတယ်။
မင်းတုန်းမင်းခေတ်က နိုင်ငံ စည်းရုံးရေးအနေနဲ့ ဒေသခေါင်းဆောင်တွေရဲ့ ဆွေမျိုးထဲက အမျိုးသမီးတွေကို လက်ထပ်ရတာတွေ ရှိပေမယ့် နောက်ပိုင်းခေတ်မှာတော့ အာဏာနဲ့ ကြွယ်ဝမှုကိုပြတဲ့သဘော အငယ်အနှောင်းယူကြတာကို တွေ့ရပါတယ်။
ဒါကို မကျေနပ်တဲ့ အမျိုးသမီးတွေဘက်က တုံ့ပြန် ပြောဆိုတဲ့ အခါမှာလည်း အရေးနိမ့်တာကို တွေ့ရပါတယ်။ အိမ်ထောင်ရေး ဖောက်ပြန်ရင်လည်း အမျိုးသားကို အမျိုးသမီးထက် ပိုပြီး ခွင့်လွှတ် တတ်ကြပါတယ်။
အိမ်ထောင်ရေး မညီမျှမှု အပြင် အမျိုးသမီးတွေကို ရာထူးကြီးတွေ ခန့်ထားရေး၊ လုပ်ငန်းခွင်မှာ တန်းတူ အခွင့်အရေး ရှိရေး အပါအဝင် လူမှုအဖွဲ့အစည်းအတွင်းက အမျိုးသမီးတွေရဲ့ နေရာ ပိုမိုရရှိရေးအတွက် အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှု တွေကို ၂ဝ ရာစု တလျှောက်မှာ တွေ့ခဲ့ရပေမယ့် စစ်တပ် အုပ်ချုပ်ရေး ကာလတွေမှာ ထင်သလောက် မအောင်မြင်ခဲ့တာကိုလည်း တွေ့ရပါတယ်။
မြန်မာနိုင်ငံဟာ တောင်အာရှ နိုင်ငံတွေမှာလောက် အမျိုးသမီး ဖိနှိပ်မှု မများပေမယ့် ဘုန်းကံယုံကြည်မှုနဲ့ ယောက်ျားက မိန်းမထက် မြတ်တယ် စတဲ့ အယူအဆတွေကြောင့် ကျားမတန်းတူရေးမှာ မင်းတုန်းမင်း ခေတ်ကလိုပဲ မညီမျှသေးတာကို တွေ့ရပါတယ်။

မင်းတုန်းမင်းနဲ့ ဘာသာရေး
မင်းတုန်းမင်းကို ဘာသာတရား ကိုင်းရှိုင်းသူ၊ အရက်သေစာနဲ့ သားကြီးငါးကြီးစားတာကို ပိတ်ပင်သူလို့ လူသိများပါတယ်။ သူ့လက်ထက်မှာ မန္တလေး မြို့ပေါ်မှာ ဘုန်းတော်ကြီးတွေ ထောင်သောင်းချီ ရှိပြီး ဘုရင်က အများကြီး ထောက်ပံ့တာကို တွေ့ရပါတယ်။
ဒါပေမဲ့ မင်းတုန်းမင်းဟာ တခြားဘာသာတွေကိုလည်း မနှိမ့်မချ ထောက်ပံ့တာတွေ ရှိပါတယ်။ မင်းညီမင်းသားတွေကို ခရစ်ယာန်ဘုန်းတော်ကြီးဆီ စေလွှတ်ပြီး ခေတ်ပညာတွေ သင်စေတာမျိုး ရှိသလို ဘာသာမတူသူတွေအတွက် ဗလီနဲ့ ဘုရားကျောင်းတွေ ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။
ဒါပေမဲ့ ဘာသာရေး အစွန်းရောက်လို့ သူမြင်တဲ့ ဓာတ်ဆရာ ဦးပိုကို နှိပ်ကွပ်တာလိုမျိုး မင်းတုန်းမင်း သည်းမခံခဲ့တာတွေလည်း ရှိပါတယ်။
မင်းတုန်းမင်းဟာ သာသနာရေး ဆိုင်ရာ အလှူအတန်းတွေ များလွန်းလို့ နိုင်ငံဘဏ္ဍာကုန်တယ်ဆိုပြီး ဝေဖန်သူတွေလည်း ရှိပါတယ်။
ဒါပေမဲ့ ဒါတွေကို သူ သဒ္ဓါတရားသက်သက် လုပ်တာထက် နိုင်ငံ စည်းလုံးရေးအတွက် မြန်မာ နိုင်ငံတဝက်ကို သိမ်းထားတဲ့ ဗြိတိသျှတွေကို အနုနည်းနဲ့ ဆန့်ကျင် စည်းရုံးတာလို့ သမိုင်းပညာရှင်တွေက ယူဆကြပါတယ်။
ဗုဒ္ဓဘာသာ အများစု ဖြစ်တဲ့ မြန်မာပြည်သားတွေကလည်း မင်းတုန်းမင်းရဲ့ ကုသိုလ်တွေအတွက် ဂုဏ်ယူကြပါတယ်။ ဒါကြောင့် ဗြိတိသျှ အောက်မြန်မာပြည်ရဲ့ မြို့တော် ရန်ကုန်မြို့က ရွှေတိဂုံစေတီကို ထီးတင်စေတာမျိုးထိ မင်းတုန်းမင်းရဲ့ ကုသိုလ်တွေက ခြေလှမ်းကြီးပါတယ်။
တဘက်မှာလည်း မင်းတုန်းမင်းခေတ်မှာ အလှူဒါန အားကြီးပေမယ့် ကျင့်ဝတ် ပရိပတ္တိဘက်မှာတော့ ထူးထူးခြားခြား မတိုးတက်ဘူးလို့ ဒေါက်တာသန်းထွန်းလို သမိုင်းပညာရှင်တွေက မှတ်ချက် ပြုပါတယ်။
သံဃာဘက်မှာ ဝိနည်းယိုယွင်းတာတွေ ရှိလို့ ရဟန်းတော်တွေကို ထိန်းချုပ်ဖို့ ရှမ်းကလေးကျွန်း ဆရာတော် စတဲ့ ဆရာတော် တချို့ ကြိုးစားခဲ့ပေမယ့် မပေါက်ရောက်ခဲ့တာကို တွေ့ရပါတယ်။
ဒီနေရာမှာတော့ ဘိုးတော်ဘုရားက သံဃာကို ထိန်းချုပ်မှုမှာ မင်းတုန်းမင်းထက် ပိုပြီး သြဇာရှိပါတယ်။
မင်းတုန်းမင်းကတော့ နိုင်ငံတဝက်ကို ခြေကန် အုပ်ချုပ်နေရသူမို့ ဒီလို အာဏာစက်မပြင်းတာလည်း ဖြစ်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Universal History Archive
နောက်ပိုင်းခေတ်တွေမှာလည်း တက်လာတဲ့ နိုင်ငံရေး ခေါင်းဆောင် အများစုဟာ မင်းတုန်းမင်းလိုပဲ သံဃာတွေကို ထိပ်ကထားပြီး စည်းရုံးလှုံ့ဆော်တာတွေ ရှိခဲ့ပါတယ်။
နိုင်ငံရေးနဲ့ ဘာသာရေး ခြားနားဖို့ ကြိုးစားတဲ့ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်က အနည်းအကျဉ်းပဲ ရှိပါတယ်။
ဒါကြောင့် သံဃာတွေကို ကျင့်ဝတ်အရ ထိန်းချုပ်ဖို့ ကြိုးစားရာမှာ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလို ဘုရင် အစိုးရက ထိရောက်အောင် ထိန်းချုပ်တာမျိုး မြန်မာနိုင်ငံမှာ အမြဲ မတွေ့ရဘူးလို့ ဗုဒ္ဓဘာသာ ပညာရှင် တချို့က ယူဆပါတယ်။
မင်းတုန်းမင်းလက်ထက်ကလိုပဲ အမဲသားကို ပိတ်ပင်တာလည်း လွတ်လပ်ရေး ရစက ရှိခဲ့ပါတယ်။ အဲဒီအချိန်က အကြောင်းပြကတော့ စစ်အတွင်းမှာ နွားအသေအပျောက်များလို့ စိုက်ပျိုးရေး လိုအပ်ချက် ရှိလို့လို့ ဆိုပါတယ်။ ဘာသာရေး အတွက် အမဲသား ရှောင်တဲ့ လှုပ်ရှားမှုကတော့ မင်းတုန်းမင်းခေတ် မန္တလေးမှာ ပညာသင်ခဲ့တဲ့ လယ်တီဆရာတော် လက်ထက်မှာ ကြီးထွားခဲ့တာကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Independent Picture Service
မင်းတုန်းမင်းနဲ့ ချောင်ပိတ်မိတဲ့ ကမ္ဘာ့နိုင်ငံရေး
မင်းတုန်းမင်းလက်ထက်မှာ မြန်မာနိုင်ငံကို တိုင်းတပါး အုပ်ချုပ်မှုအောက် မကျအောင် ကြိုးစားခဲ့ပါတယ်။ အနောက်တိုင်းသားတွေနဲ့ ပြေလည်အောင် အမျိုးမျိုး သည်းခံဆက်ဆံတာ၊ ပြည်ပကို သံအဖွဲ့ စေလွှတ်တာတွေ လုပ်ခဲ့ပါတယ်။
အလားတူ အဲဒီအချိန်က ကမ္ဘာတလွှားမှာလည်း လွတ်လပ်ပြီး ခေတ်နောက်ကျတဲ့ နိုင်ငံတွေမှာ ဘုရင်မင်းဆက် မပြတ်သွားရေးအတွက် ကြိုးစားတဲ့ ကျားကန်ခဲ့ကြတာကို တွေ့ပါတယ်။
ထိုင်းမှာဆိုရင် စာချုပ်စာတမ်းတွေနဲ့ နယ်လွန် တရားစီရင်ခွင့်တောင်းတာ၊ နိုင်ငံ နယ်မြေ ၃ ပုံ ၁ ပုံထိ ဖဲ့ယူတာတွေ ခံရပေမယ့် အချုပ်အခြာ မကျဆုံးရေးအတွက် အများကြီး လိုက်လျော သည်းခံခဲ့ပါတယ်။
တရုတ်နိုင်ငံမှာတော့ နိုင်ငံကို ဖရဲသီးလို ပိုင်းစိတ်ပြီး သြဇာခံ နယ်မြေတွေ ခွဲယူကြပေမယ့် လွတ်လပ်ရေး မဆုံးဖို့ ကာကွယ်ခဲ့ပါတယ်။ တရုတ်မင်းဆက် ပြတ်သွားသည့်တိုင် တက်လာတဲ့ သမ္မတ အစိုးရက လွတ်လပ်ရေးကို ဆက်ထိန်းခဲ့ပါတယ်။
အီဂျစ်နဲ့ အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ ကိုရီးယား စတဲ့ နိုင်ငံတွေမှာတော့ မြန်မာလိုပဲ လွတ်လပ်ရေး ကျားကန် မထားနိုင်ဘဲ ပြည်ပ အုပ်စိုးမှုကို ကျရောက်ခဲ့တာကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hulton Deutsch
မြန်မာက ပြင်သစ်နဲ့ နီးစပ်ဖို့ ကြိုးစားလို့ ဗြိတိသျှ သိမ်းပိုက်တာ ခံရတယ်လို့ ဆိုကြပေမယ့် ခေတ်မီပြောင်းလဲရေး နောက်ကျမှု၊ နန်းတွင်း မညီညွတ်မှု၊ ကုန်းတွင်းပိတ် နိုင်ငံ ဖြစ်မှု စတဲ့ အချက်တွေကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းဟာ အနှေးအမြန် ဆိုသလို ပြည်ပ အုပ်စိုးမှုအောက် ရောက်မှာသာ ဖြစ်တယ်လို့လည်း ပညာရှင်တချို့က ထောက်ပြပါတယ်။
လွတ်လပ်ပြီး နောက်ပိုင်းမှာလည်း မြန်မာနိုင်ငံဟာ ကွန်မြူနစ် စနစ်ကျင့်သုံးတဲ့ တရုတ်နိုင်ငံနဲ့ အနောက်အုပ်စု သြဇာခံ နိုင်ငံတွေကြား အာဏာချိန်ခွင်ပေါ် တက်ထိုင်မိတဲ့ အနေအထားမျိုး ကြုံတွေ့ ခဲ့ပါတယ်။
မင်းတုန်းမင်းခေတ်က အတွေ့အကြုံတွေကြောင့် ကြားနေ နိုင်ငံ အဖြစ် နိုင်ငံ လွတ်လပ်ရေးကို ခေါင်းဆောင်အဆက်ဆက် ကြိုးစား ကာကွယ်ခဲ့ကြပါတယ်။
ဒါပေမဲ့ တရုတ် သြဇာခံ ကွန်မြူနစ်တပ်တွေ တိုက်ခိုက်မှု၊ အမေရိကန် သြဇာခံ တရုတ်ဖြူတပ်တွေ ကျူးကျော်မှုတွေကိုတော့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒါတွေရဲ့ အကျိုးဆက် အဖြစ် တပ်ကို ကြီးထွားအောင် ချဲ့ရင်း နောက်ဆုံး တပ်က အာဏာကို လက်မလွှတ်တဲ့ အနေအထားကို ခုထိ ကြုံတွေ့နေရပါတယ်။
မင်းတုန်းမင်းခေတ် နန်းတွင်းမှာ ပြင်သစ်လူ အင်္ဂလိပ်လူ စသဖြင့် ကွဲပြားကြသလို လွတ်လပ်ပြီး နောက်ပိုင်းကနေ ခုထိ မြန်မာ့နိုင်ငံရေးမှာ အမေရိကန် နောက်လိုက် ရုရှားနဲ့ တရုတ် နောက်လိုက် ဆိုသလို နိုင်ငံရေး အုပ်စု အချင်းချင်း စွပ်စွဲ ပုတ်ခတ်တာတွေ ရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Print Collector








