ကင်းဝန်မင်းကြီး၊ သစ္စာဖောက်လား ကယ်တင်သူလား

- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
ကင်းဝန်မင်းကြီး ဦးကောင်းကို ပါတော်မူ ကိစ္စနဲ့ တွဲပြီး သိကြပါတယ်။
သူ့ကို ၁၈၂၂ က မွေးခဲ့တာမို့ အသက် ၂ဝဝ ပြည့်ခါနီးပေမယ့် သူ သစ္စာဖောက်သလား မြန်မာပြည်ကို သွေးထွက်သံယိုဘေးက ကယ်ခဲ့တာလား ဆိုတာ ခုထိ ငြင်းနေကြဆဲ ဖြစ်ပါတယ်။
ဇွန်လ ၃ဝ မှာ သူဆုံးတာလည်း နှစ် ၁၁ဝ ပြည့်ပါပြီ။

ဓာတ်ပုံ ရင်းမြစ်, DEA / BIBLIOTECA AMBROSIANA
ဦးကောင်းဟာ ပါတော်မူ အရေး အပြင် မြန်မာပြည် ပြုပြင်ရေး၊ အနောက်တိုင်းနဲ့ ဆက်ဆံရေးတိုးမြှင့်ရေး၊ သီပေါမင်း နန်းတက်ရေး ကိစ္စတွေမှာ အဓိကရ ပါခဲ့တဲ့အပြင် ကနေ့ထိ တရားရုံးတွေမှာ လက်ကိုင် ပြုနေတဲ့ မြန်မာ ထုံးတမ်း ဓမ္မသတ်တွေကို ပြုစုခဲ့သူ ဖြစ်ပါတယ်။
နောက်ပြီး လန်ဒန်သွား နေ့စဉ်မှတ်တမ်းနဲ့ ပြင်သစ်နိုင်ငံသွားမှတ်တမ်း၊ နေမိရကန် စတဲ့ ပျို့ကဗျာ တေးတွေကို စပ်ဆိုခဲ့တဲ့ ပညာရှင်လည်း ဖြစ်ပါတယ်။

ဦးကောင်းကို ချင်းတွင်းမြစ် အနောက်ဘက်က ရွာကလေးမှာ မွေးခဲ့ပေမယ့် ပညာအရည်အချင်းကြောင့် နန်းတွင်းမှာ နေရာရလာခဲ့ပါတယ်။
ငယ်နာမည် မောင်ချင်းက မောင်ကောင်းလို့ ပေးခဲ့သူက သူ့သခင် မင်းတုန်းမင်းကြီး ဖြစ်ပါတယ်။
မင်းတုန်းမင်း ကိုယ်တိုင် ပုဂံမင်း မိဘုရားဟောင်း တပါးနဲ့ ဦးကောင်းကို နေရာချပေးခဲ့ပါတယ်။
ကနောင် မင်းသားကြီး၊ ဦးဘိုးလှိုင် စတဲ့ ပြုပြင်ရေး လိုလားတဲ့ အုပ်စုနဲ့ အဖွဲ့ကျ ခဲ့ပါတယ်။
မင်းသားကြီး လုပ်ကြံခံရပြီးနောက် နန်းတွင်း ပုန်ကန်မှုတွေ နှိမ်နင်းရာကနေ ဦးကောင်း နာမည်ရလာပါတယ်။
ကင်းနဲ့ အကောက်စခန်းတွေကို စစ်ရတဲ့ ကင်းဝန်ရာထူးလည်း ရလာပါတယ်။

၁၈၇၁ မှာ အင်္ဂလန်၊ ပြင်သစ် စတဲ့ အနောက်နိုင်ငံတွေနဲ့ သံတမန် ရေး ဆွေးနွေးဖို့ စေလွှတ်ခံရပြီးနောက် ဝန်ကြီး ဖြစ်လာပါတယ်။
ဥရောပရောက်ပြီးနောက် မြန်မာပြည် ခေတ်နောက်ကျ ကျန်နေတာကို တွေ့လာတဲ့ အတွက် ပြုပြင်ဖို့ သူကြိုးစားခဲ့ပါတယ်။
ဥရောပ မှာ ပညာရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး ဆိုင်ရာ ဌာနတွေကို သူသွားလေ့လာခဲ့တာတွေကိုလည်း နေ့စဉ်မှတ်တမ်းတွေမှာ ဖတ်နိုင်ပါတယ်။
ဒီမှတ်တမ်းတွေဟာ နေပြည်တော်က ဘုရင်နဲ့ မှူးမတ်တွေ ဖတ်ဖို့ ဖြစ်သလို အရေးအသားနဲ့ အကြောင်းအရာ စိတ်ဝင်စားစရာ ကောင်းမှုကြောင့် ပြည်သူတွေကြားထိ နာမည်ကြီးခဲ့ပါတယ်။
အထူးသဖြင့် ဒီမှတ်တမ်းမှာပါတဲ့ သိုင်းကရုလိုက်ရပါသည်၊ ဘောသို့သွားသည်၊ ရီစက်ဘရှန်း၊ အမ်ဘက်ဇဒါ စတဲ့ သိုးဆောင်း စကားလုံးတွေကလည်း မြန်မာစာမှာ ပြောစမှတ် ကျန်ခဲ့ပါတယ်။
မင်းတုန်းမင်း နောက်ပိုင်းနှစ်တွေမှာ သေနတ်ဝန် လယ်ကိုင်းမြို့စား အဖြစ်လည်း နန်းတွင်းမှာ သြဇာညောင်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hulton Archive
မင်းတုန်းမင်းကြီး နတ်ရွာစံချိန်မှာ သူနဲ့ ဆင်ဖြူမရှင် မိဘုရားတို့ ပူးပေါင်းပြီး သီပေါမင်းသားကို နန်းတင်ဖို့ ကြံတယ်လို့ အစဉ်အဆက် ရေးသားခဲ့ကြပါတယ်။
လက်ရုံးရည် ထက်တဲ့ မင်းသားကြီးတွေ တက်လာရင် ထိန်းရခက်မှာစိုးလို့ မင်းသားငယ်ကို တင်တယ် ဆိုပေမယ့် မိဘုရားကလည်း ထက်တဲ့အတွက် သူတို့ ကြိုးမဆွဲနိုင်ဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။
နန်းတွင်းမှာ ရှေးရိုးဆန်တဲ့ တိုင်တားမင်းကြီးလို အုပ်စုတွေကလည်း မြန်မာ နိုင်ငံ တဝက်မက သိမ်းထားတဲ့ ဗြိတိသျှ ကို မလိုလား ဆန့်ကျင်စိတ် ရှိပါတယ်။
သူတို့နဲ့ မိဘုရား စုဘုရားလတ် ပေါင်းမိပြီး ကင်းဝန်မင်းကြီး အာဏာကျလာတယ်လို့ ဆိုကြပါတယ်။
ဒါကြောင့် ဝန်ကြီး အဖွဲ့ ဖွဲ့ပြီး အုပ်ချုပ်တာ၊ ဌာနတွေ ပြုပြင်တာ စတဲ့ ကင်းဝန်မင်းကြီးရဲ့ ဆောင်ရွက်ချက်တွေဟာ သဲထဲရေသွန် ဖြစ်ခဲ့ပါတယ်။
၁၄ ဌာန ပြုပြင်ရေး အစိုးရရဲ့ အကြီးအချုပ် အဖြစ် ဘုရင့်ပွဲတော်အုပ်ရ မင်းကြီး မဟာသက်တော်ရှည် ရာထူးကိုတော့ ကင်းဝန်မင်းကြီး ရခဲ့ပါတယ်။
၁၈၈၃ မှာတော့ ငွေဝယ်ကျွန် စနစ်ကို ဖျက်ဖို့ အစိုးရ အစီအစဉ်နဲ့ ကလေး လူကြီး တထောင်ကျော်ကို ရွေးနုတ်ပြီး သူတို့ ဆန္ဒအရ သာသနာဘောင် သွင်းပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hulton Deutsch
နောက်ဆုံး ဘုံဘေဘားမား သစ်ကိစ္စနဲ့ တတိယ အင်္ဂလိပ် မြန်မာစစ် ဖြစ်ရာမှာတော့ မတိုက်ဖို့ ကြိုးစားတဲ့ ကင်းဝန်မင်းကြီး အုပ်စု အရေးနိမ့်ပြီး ဗြိတိသျှတပ်တွေ မန္တလေးနားထိ ရောက်လာပါတယ်။
ဒီတပ်တွေနဲ့ တိုက်ရင် ရှုံးမှာ သိလို့ လက်နက်ချဖို့ ကင်းဝန် အမိန့်ပေးတဲ့အတွက် နိုင်ငံ ကျွန်ဖြစ်တယ် ဆိုပြီး ပြောစမှတ် ရှိခဲ့ပါတယ်။
ဒါကလည်း သီပေါမင်း ဆန္ဒအရ သတ္တဝါတွေ မသေပျက်ရအောင် အင်္ဂလိပ်တို့ ဆန္ဒရှိတာ ကျေအေးဖို့ လုပ်ဆောင်တာလို့ မြန်မာ့စွယ်စုံကျမ်းက ဖော်ပြပါတယ်။
တဘက်ကလည်း သူဒီလို မညွှန်ကြားရင် မန္တလေး တမြို့လုံး ပြာပုံ ဖြစ်ပြီး ယဉ်ကျေးမှုနဲ့ အထွေထွေ ပျက်စီးမှုက ဒီထက် ဆိုးနိုင်တယ်လို့ ထောက်ပြ ကြပါတယ်။
တခါ သီပေါမင်းကို လွတ်ရာထွက်ပြီး ပြန်ခုခံဖို့ သူက အကြံပေးတာကို ဆင်ဖြူမရှင် မမာတာနဲ့ သမီးတော်တွေ ငယ်သေးတာ အကြောင်းပြပြီး သီပေါမင်းက ငြင်းခဲ့တယ်လို့ စွယ်စုံကျမ်းမှာ ဖော်ပြပါတယ်။
နောက် ပါတော်မူစမှာ ကနောင်မင်းသားရဲ့ သားတော် ထိပ်တင်ကိုယ်တော်စိုးကို ကင်းဝန်မင်းကြီး လိုက်ရှာပြီး နန်းတင်ဖို့ ကြိုးစားတာကို မင်းသားက ငြင်းခဲ့တယ် ဆိုတဲ့ စကားလည်း ရှိခဲ့ပါတယ်။
မြန်မာပြည် သိမ်းစမှာ တရုတ်က မြန်မာဆီက ၁ဝ နှစ်တကြိမ်ဆက်တဲ့ ပဏ္ဏာတောင်းတာမျိုးလို ကိစ္စတွေ ရှိလာတဲ့အတွက် ပြင်သစ်၊ တရုတ်နဲ့ ထိစပ်တဲ့ အထက်မြန်မာပြည်မှာ အလောင်းဘုရားရဲ့ မုဆိုးဆက်ထဲက မင်းတပါး ပြန်တင်ပြီး ကြိုးကိုင်ဖို့ ဗြိတိသျှ ဘက်က စဉ်းစားခဲ့တာ ဖြစ်ပါတယ်။
အစောဆုံး ညောင်ရမ်းခေတ်ကတည်းက မြန်မာနဲ့တရုတ် အပြန်အလှန် လက်ဆောင်ဖလှယ်တာတွေ ရှိခဲ့ပြီး ယိုးဒယား၊ ဗီယက်နမ်၊ ကိုရီးယား စတဲ့ ပတ်လည်က နိုင်ငံတွေကလည်း တရုတ်ဧကရာဇ်ကို လက်ဆောင်တွေ ပို့တဲ့ ထုံးစံ ရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hulton Deutsch
နောက်ပြီး ၁၈၈၆ ခုနှစ် မန္တလေးကို အိန္ဒိယ ဘုရင်ခံချုပ် လာချိန်မှာ သံချက်ဝန် စတဲ့ မှူးမတ်တွေ စုပြီး စစ်အပြီးမှာ ကတိစကား ရှိတဲ့အတိုင်း နန်းကို ပြန်ပေးဖို့ စာသွင်းကြတာလည်း ရှိပါတယ်။
ကင်းဝန်မင်းကြီးနဲ့ ဗြိတိသျှ တို့ ဘယ်လို စေ့စပ်ခဲ့သလဲ ဆိုတာ သေချာ မသိနိုင်တော့ပါဘူး။
မြန်မာနိုင်ငံကတော့ ကိုလိုနီဘဝ ရောက်ခဲ့တဲ့အပြင် အထက်မြန်မာနိုင်ငံ တလွှားမှာ ဆူပူ အုံကြွခဲ့လို့ ၁ဝ နှစ်လောက် ထိန်းမရ ဖြစ်ခဲ့ပါတယ်။
မင်းအုပ်ချုပ်ရေးကို ဖျက်သိမ်းလို့ မြန်မာ မင်းမျိုးနဲ့ မှူးမတ်တွေ သြဇာကျပြီး နိုင်ငံမှာ ခေါင်းဆောင်သူမဲ့လို့ မြန်မာ့နိုင်ငံရေးမှာ လူလတ်တန်းစားတွေ ကြီးစိုးပြီး အကြမ်းပတမ်း ဖြစ်ရပ်တွေ များတယ်၊ ခုထိ မတည်ငြိမ်နိုင်ဘူးလို့ ထောက်ပြတဲ့ ပညာရှင်တွေ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hulton Deutsch
ကင်းဝန်မင်းကြီးကတော့ တက်လာတဲ့ အုပ်ချုပ်သူတွေနဲ့ ဆက်လက်ပူးပေါင်းပြီး ပုန်ကန်သူတွေ လက်နက်စွန့်အောင် ကမ်းလှမ်းတာတွေ လုပ်ပေးခဲ့ပါတယ်။
ဒီကူညီမှုတွေကြောင့် ဝိတိုရိယ ဘုရင်မ နန်းသက် ရွှေရတုမှာ အိန္ဒိယ တာရာဘွဲ့ ချီးမြှင့် ခံရသလို ၁၈၉၇ မှာ မြန်မာနိုင်ငံ လက်ထောက် ဘုရင်ခံရဲ့ အတိုင်ပင်ခံ အဖွဲ့ ဖွဲ့ရာမှာလည်း သူ့ကို မင်းတိုင်ပင် အမတ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Print Collector
ဒီကာလမှာ သူ့ရဲ့ အထင်ရှားဆုံး ဆောင်ရွက်မှုကတော့ ဗုဒ္ဓဘာသာ မြန်မာထုံးတမ်း ဥပဒေတွေကို စုစည်းပြီး ဓမ္မသတ် ပေါင်းချုပ်ကြီး တည်းဖြတ်ပေးခဲ့တာပါ။
ဒီဓမ္မသတ်တွေကို ခုထိ မြန်မာ တရားရုံးတွေမှာ အသုံးပြုနေရဆဲ ဖြစ်ပါတယ်။

ကင်းဝန်မင်းကြီး ပြုစုတဲ့ စာပေ လက်ရာထဲမှာ နေမိရကန်ဟာလည်း ထင်ရှားပါတယ်။
နန်းတွင်းသူတွေ နန်းဆောင်ထဲမှာ အဝတ်ကိုယ်ကျွတ် နေပုံ ထိုင်ပုံ အဖွဲ့ သရုပ်ပါမှုကြောင့် မောင်ကောင်းဟာ ဥပဓိ တည်တည်ကြီးနဲ့ ဒါမျိုး ဖွဲ့တတ်သလားလို့ မင်းတုန်း ရှင်ဘုရင်က မှတ်ချက်ချရတယ်လို့ ဆိုပါတယ်။
ကင်းဝန်မင်းကြီး အနိစ္စရောက်ချိန်မှာတော့ ဗြိတိသျှ အစိုးရက အမြောက်ပစ်ဖောက် ဂုဏ်ပြုတာ၊ ရုံးပိတ်ပေးတာ စတဲ့ ဂုဏ်ပြုတာတွေ လုပ်ပေးခဲ့ပေမယ့် နိုင်ငံသားတွေ စိတ်ထဲမှာတော့ သစ္စာဖောက်အဖြစ် ယူဆမှုက ကျန်ရစ်ခဲ့ပါတယ်။
ဒါကြောင့် သူရှိစဉ်အခါကပဲ ဆီးဘန်းနီ ဆရာတော် စတဲ့ ပညာရှိတွေရဲ့ မှားမိုက်လှစွာ၊ ကိုယ့်မှီရာကို၊ ကိုယ်သာဖျက်ဆီး၊ ဖိကာစီးသည်၊ မှူးကြီးမတ်ငယ်၊ မာလောနွယ်တို့၊ ဝှက်ကွယ်လှည့်ဝိုက်၊ သူ့ဘက်လိုက်၍၊ စရိုက်စောင်းငဲ့၊ သစ္စာမဲ့ကြောင့် စတဲ့ ပါတော်မူ တမ်းချင်း ကဗျာတွေ ပေါ်ထွက်ခဲ့တာပါ။
ကင်းဝန်မင်းကြီးနဲ့ ပါတော်မူ အရေးဟာ မြန်မာနိုင်ငံရေးမှာ သဘောထား အတင်းအပျော့ ပဋိပက္ခရဲ့ ရှေ့ပြေး နမူနာ အဖြစ်လည်း ပြသနိုင်ပါတယ်။
အီဂျစ်၊ အာဖဂန်၊ လာအို၊ ကမ္ဘောဒီးယား စတဲ့ ဘုရင် နိုင်ငံတွေ ဥရောပ ကိုလိုနီ အောက် တနန်းပြီး တနန်း ကျဆုံးနေချိန်မှာ မြန်မာကလည်း ကမ္ဘာ့ရေစီးအတိုင်း ပါတော်မူတဲ့ ဇာတ်မှာ ကင်းဝန်မင်းကြီး အရှုံးဘက်က ဇာတ်ဖြည့်ခဲ့ရတယ်လို့ပဲ ပြောနိုင်ပါတယ်။
အိမ်နီးချင်း ယိုးဒယားနဲ့ တရုတ်မှာလည်း နန်းမစွန့်ရဖို့ စာချုပ်အမျိုးမျိုးနဲ့ အညံ့ခံနေရချိန် ဖြစ်သလို နယ်မြေတွေ ခွဲဝေခံနေရတဲ့ အချိန် ဖြစ်ပါတယ်။
အင်္ဂလိပ်နဲ့ ပြေလည်အောင် ကြိုးစားရင်း အင်္ဂလိပ်လူ ဖြစ်သွားတယ်လို့လည်း ဆိုကြပါတယ်။
သူ့တပည့် ဦးမြဲကိုတော့ ပြင်သစ်နဲ့ လျှို့ဝှက် စာချုပ်ကို ဗြိတိသျှလက် ပေးတဲ့သူလို့ စုဘုရားလတ်က စွပ်စွဲခဲ့ပါတယ်။
နိုင်ငံရေး မညီညွတ် ကွဲပြဲမှုကြောင့် ပါတော်မူသလား၊ ကွဲပြဲမှုကို ပြင်ပ အင်အားစုတွေကပဲ မီးထိုးခဲ့သလားတော့ မသိနိုင်ပါ။

ဓာတ်ပုံ ရင်းမြစ်, DEA / G. WRIGHT








