
ရတနာဂီရိကို သွားခဲ့တဲ့ သမ္မတ ဦးသိန်းစိန်
အိန္ဒိယ နိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ - အိန္ဒိယ ဆွေးနွေး ဖော်ဆောင်မှု ၁၀ နှစ်ပြည့် အခမ်း အနားကိုတက်ရောက်ရင်း သမ္မတဦးသိန်းစိန် ဟာ ရတနာဂီရိ အရပ်က ကုန်းဘောင်မင်းဆက် ရဲ့နောက်ဆုံး ဘုရင် သီပေါမင်းရဲ့ နန်းတော်နဲ့ အုတ်ဂူကိုလည်း သွားရောက်ခဲ့ပါတယ်။
အရင်တုန်းက မြန်မာ ခေါင်းဆောင်တွေ မသွားရောက် ခဲ့တဲ့ ရတနာ ဂီရိ အရပ်ကို မြန်မာ ခေါင်းဆောင် တဦးအဖြစ် ပထမဆုံး သွားရောက် ခဲ့တာ ဖြစ်ပါတယ်။
ဒီခရီးစဉ် မှာ လိုက်ပါခဲ့တဲ့ ယဉ်ကျေးမှု ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးသန်းဆွေကို ဘီဘီစီ က ဆက်သွယ်မေးကြည့်တော့ သမ္မတ ဦးသိန်းစိန် လာမယ် ဆိုလို့ ၂ လလောက် ကြိုတင်ပြီး နိုင်ငံခြားရေး ဒုတိယ ဝန်ကြီးက အဲဒီကို သွားလို့ ပြင်ဆင် ထားခဲ့တဲ့ အတွက် အားလုံး သပ်သပ်ရပ်ရပ် ဖြစ်နေတဲ့ အကြောင်း ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်က အုတ်ဂူမှာ လွမ်းသူ့ ပန်းခွေ တွေလည်း ချခဲ့ပြီး နန်းတော်ကိုလည်း သွားရောက် ကြည့်ရှုခဲ့ သလို ဧည့်သည်တော် မှတ်တမ်း စာအုပ် မှာလည်း လက်မှတ် ရေးထိုး ခဲ့တဲ့ အကြောင်းပြောပါတယ်။
နောက်ပိုင်းမှာ သမ္မတ ဦးသိန်းစိန်က သီပေါမင်းရဲ့ မြစ် ၅ ယောက်ကိုလည်း အစိုးရ ဧည့်ဂေဟာမှာ တွေ့ဆုံ ခဲ့ပြီး ဒေါ်လာ ၁၀၀ စီ ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် သီပေါမင်းရဲ့ အရိုးအိုးကို ပြန်သယ်ယူမဲ့ ကိစ္စကိုတော့ မဆွေးနွေး ဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။
အခုလို သွားရောက် နိုင်ခဲ့တာကလည်း မျိုးချစ်စိတ်နဲ့ တကူးတက သွားခဲ့တာ ဖြစ်တယ်လို့ ပြောပြ သွားခဲ့ပါတယ်။












