
ဘရူနိုင်း နိုင်ငံ ကနေ ချစ်ကြည်ရေး ခရီး ပြန်လာ အပြီး၊ အခုလို ကြေညာလိုက်တာ ဖြစ်
မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ သြစတြေးလျ နိုင်ငံနဲ့ နယူးဇီလန် နိုင်ငံတို့ကို ချစ်ကြည်ရေး သွားရောက်မယ့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်တယ် လို့ သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။
အကြောင်း မညီညွတ်တဲ့အတွက် ခရီးစဉ် ရွှေ့ဆိုင်း လိုက်တာ ဖြစ်ပြီး အဆင်ပြေမယ့် အချိန်ကို သက်ဆိုင်ရာ နိုင်ငံများနဲ့ ပြန်လည် ညှိနှိုင်း စီစဉ်သွားမယ်လို့ အဲဒီ အင်တာနက် ကြေညာချက် ထဲမှာ ဖေါ်ပြထားပါတယ်။
သြစတြေးလျနိုင်ငံက မြန်မာ့ ရေးရာရုံး ညွှန်ကြားရေးမှူး ဒေါက်တာ မြင့်ချို ကတော့ ပြည်တွင်း လူထုရဲ့ မကျေနပ်မှု ဆန္ဒပြမှုတွေ အများကြီး ဖြစ်လာမှာ စိုးတဲ့အတွက် ပြည်တွင်းကို အာရုံစိုက်ဖို့ ခရီးစဉ် ရွှေ့ဆိုင်းလိုက်တာ ဖြစ်နိုင်ကြောင်း ပြောပါတယ်။
ပထမ အစီအစဉ် အရ သမ္မတ ဦးသိန်းစိန်ဟာ ရှေ့သီတင်းပတ်ထဲ သြစတြေးလျကို သွားရောက်ဖို့ စီစဉ် ထားတာ ဖြစ်တယ်လို့ တရုတ်သတင်း ရှင်ဝှာက ပြောပါတယ်။
ဇွန်လတုန်း ကတော့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Bob Carr ဟာ မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိလာပြီး၊ တိုင်းပြည်ရဲ့ ပြုပြင် ပြောင်းလဲရေး ကြိုးပမ်းချက်တွေကို လာရောက် ကြည့်ရှုခဲ့ပါတယ်။
နယူးဇီလန် ဝန်ကြီးချုပ် ဂျွန်ကီးလည်း ပြီးခဲ့တဲ့ အပတ်က မြန်မာ နိုင်ငံကို ရောက်လာခဲ့ပြီး ဦးသိန်းစိန် လာရောက်ဖို့ တရားဝင် ဖိတ်ကြားခဲ့ပါတယ်။












