
နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းအောင် သမ္မတ အိုဘားမားရဲ့ အမျှော် အမြင်ကြီးမှု အတွက် ကျေးဇူးတင်
သမ္မတ အိုဘားမား ပြောခဲ့သလို (move forward) ရှေ့ကို ဆက်သွားမယ် ဆိုတဲ့ စကား အတိုင်း မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှု တွေကို ရှေ့ဆက် လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က မစ္စတာ အိုဘားမားနဲ့ တွေ့ဆုံစဉ်မှာ ပြောကြား လိုက်ပါတယ်။
သမ္မတ ဦးသိန်းစိန်က အမေရိကန် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းအောင် သမ္မတအိုဘားမားရဲ့ အမျှော် အမြင်ကြီးမှု၊ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ သံအမတ်ကြီးတို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အတွက် အားလုံးကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားပါတယ်။
နောက်ပြီး နှစ်နိုင်ငံ တန်းတူ ညီတူ ရှေ့ဆက် ဆက်ဆံသွားဖို့နဲ့ ဒီမိုကရေစီရေး အတွက် ပူးပေါင်းဆောင်ရွက်မယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
အမေရိကန် သမ္မတ အိုဘားမား ကလည်း အခုတွေ့ ဆုံမှုဟာ အပြုသဘော ဆောင်ပြီး၊ ရေရှည်သွားမယ့် နှစ်နိုင်ငံ ဆက်ဆံရေး အတွက် ပထမ ခြေလှမ်း ဖြစ်ကြောင်း ပြောကြားပါတယ်။
နှစ်နိုင်ငံ တိုးတက်ရေးဟာ ဒေသတွင်း တိုးတက်ရေး အတွက်ပါ အကျိုးရှိမှာဖြစ်တယ်လို့လည်း ပြောပါတယ်။
ကလေးစစ်သား ပပျောက်ရေး နဲ့ လူအများ သေစေနိုင်တဲ့ လက်နက် မပြန့်ပွားအောင် လုပ်တာကိုလည်း ကျေးဇူးတင်ကြောင်းနဲ့ အခုလို ကြိုဆိုမှု အတွက်လည်း အများကြီး ကျေးဇူးတင်ကြောင်း သမ္မတ အိုဘားမားက ပြောကြားပါတယ်။
အခု တခေါက်တင် မကဘဲ နောင်များမှာလည်း တွေ့ဆုံ နိုင်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာ အိုဘားမားက ပြောကြားသွားပါတယ်။
နိုဝင်ဘာ ၁၉ ရက်နေ့ မနက်မှာ မြန်မာနိုင်ငံကို သမိုင်းဝင် ခရီးအဖြစ် ရောက်ရှိလာတဲ့ အမေရိကန် သမ္မတ အိုဘားမားကို မြန်မာသမ္မတ ဦးသိန်းစိန်က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အတွင်း လက်ခံတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။












