
သမ္မတ ဦးသိန်းစိန် လာအိုနိုင်ငံကို ရောက်ရှိ
မြန်မာသမ္မတ ဦးသိန်းစိန်ဟာ နိုဝင်ဘာလ ၅ ရက်ကနေ နှစ်ရက်ကြာ ကျင်းပမယ့် အာရှ ဥရောပ ထိပ်သီးဆွေးနွေးပွဲကို တက်ဖို့ လာအိုနိုင်ငံ ဗီယန်ကျင်း မြို့တော်ကို တနင်္ဂနွေနေ့တုန်းက ရောက်ရှိနေပါတယ်။
ကမ္ဘာ့တိုက်ကြီး ၂ တိုက်က နိုင်ငံပေါင်း ၅၁ နိုင်ငံ ပါဝင်တက်ရောက်ကြတဲ့ ဒီဆွေးဆွေးပွဲမှာ မြန်မာဘက်ကလည်း စီးပွားရေး ရင်းနှီးမြှပ်နှံမှုနဲ့ အကူအညီပေးရေး ကိစ္စတွေ ဆွေးနွေးဖို့ ရှိတယ်လို့ သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။
သမ္မတအနေနဲ့ ဒီထိပ်သီးဆွေးနွေးပွဲ မတိုင်ခင်ကပဲ မြန်မာနိုင်ငံက နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ဥပဒေကို လက်မှတ်ထိုး အတည်ပြုခဲ့တဲ့အတွက် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေကို ဖိတ်ခေါ်နိုင်မှာ ဖြစ်ကြောင်း သူက ပြောပါတယ်။
သမ္မတ အနေနဲ့ နှစ်နိုင်ငံချင်း ဖြစ်စေ ဥရောပခေါင်းဆောင်တွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြမယ်လို့ မျှော်လင့် ကြောင်းလည်း သူက ပြောပါတယ်။
ဒီအစည်းအဝေးမှာ ငြိမ်းချမ်းရေးအကြောင်း ဆွေးနွေးကြဖို့ ရှိပေမယ့် မြန်မာနိုင်ငံက ရခိုင်ပဋိပက္ခ အကြောင်းကိုတော့ အစည်းအဝေးကြီးမှာ ဆွေးနွေးဖို့ မရှိကြောင်း၊ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စဟာ ပြည်တွင်းရေး ကိစ္စသာဖြစ်တယ်လို့ မြန်မာဘက်က ပြောထားတဲ့အကြောင်း ဦးဇော်ဌေးက ပြောပါတယ်။












