
သမ္မတရဲ့ အမေရိကန် ခရီးစဉ် အတွင်း ဘီဘီစီက တွေ့ဆုံ မေးမြန်းခဲ့
သမ္မတ ဦးသိန်းစိန်က သတင်း မီဒီယာတွေ အပေါ် နားလည်မှု ရှိလာတာကို ဝမ်းမြောက် မိကြောင်း ဘီဘီစီ Hard Talk အစီအစဉ် တင်ဆက်သူ သတင်းထောက် စတီဗင် ဆက်ကာ က ပြောပါတယ်။
အမေရိကန် ပြည်ထောင်စု ခရီးစဉ် အတွင်း သမ္မတကို ကိုယ်တိုင် မေးမြန်း ခဲ့တဲ့ စတီဗင် ဆက်ကာက သူနဲ့ မေးမြန်းခန်း နဲ့ ပတ်သက်ပြီး အပြု သဘော တုံ့ပြန်ချက်တွေ အများကြီး ရခဲ့တယ်လို့ ပြောပါတယ်။
မြန်မာ သမ္မတက Hard Talk အစီအစဉ်နဲ့ မေးမြန်းခန်း လုပ်ပြီးတဲ့နောက် ဘယ်သတင်း မီဒီယာကိုမှ မကြောက် တော့ဘူးလို့ ပြောတာဟာလည်း မြန်မာ့ ဒီမိုကရေစီ အပြောင်း အလဲမှာ တွေ့လာရတဲ့ အပြောင်း အလဲ တစ်ခုလို့ သူမြင်ကြောင်း စတီဗင် ဆက်ကာက ပြောပါတယ်။
Hard Talk အစီအစဉ်မှာ စတီဗင် ဆက်ကာရဲ့ မေးခွန်း တွေက ခက်ခဲပြီး သူ့ အနေနဲ့ ခက်ခက် ခဲခဲ ဖြေလိုက်ရတယ်လို့ သမ္မတက ပြောပေမဲ့ ကိုယ်တိုင် မေးခဲ့သူ မစ္စတာ ဆက်ကာ ကတော့ သူ့ အနေနဲ့ မြန်မာ ပြည်သူတွေ သိချင်မယ့် သိသင့် သိထိုက်တဲ့ မေးခွန်းတွေကိုသာ မေးခဲ့တာ ဖြစ်ပြီး သမ္မတကိုမှ ပိုခက်တဲ့ မေးခွန်းတွေ ရွေးပြီး မမေးခဲ့ပါဘူးလို့ ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်က တနင်္ဂနွေနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းထောက် တွေနဲ့ သတင်းစာ ရှင်းလင်းပွဲမှာ Hard Talk ဆိုတာ သိခဲ့ရင် သူ ငြင်းကောင်း ငြင်းခဲ့မှာလို့ ပြောခဲ့ ပါတယ်။
စတီဗင် ဆက်ကာ ကလည်း သမ္မတ ဘေးက အကြံပေးသူ တွေက တချို့ မေးခွန်း တွေကို မကြိုက်ရင် သမ္မတကို မဖြေခိုင်းဘူး လို့ ပြောတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဘီဘီစီ အနေနဲ့ ဒီလို မလုပ်နိုင်ကြောင်းနဲ့ မေးသင့် မေးထိုက်တာ တွေကို မေးမယ်၊ သမ္မတ ဘက်ကလည်း ဖြေနိုင်တာကို ဖြေချင်သလို ဖြေပါလို့ ပြောခဲ့ပြီးမှ မေးမြန်း ခဲ့တာ ဖြစ်ပြီး သမ္မတကလည်း သူ့ မေးခွန်းတိုင်းကို ဖြေခဲ့ တယ်လို့ စတီဗင် ဆက်ကာက ပြောပါတယ်။
သမ္မတက ဟာသဉာဏ် ရှိတာကို စတီဗင် ဆက်ကာက သတိပြုမိပါတယ်။
စစ်အစိုးရ ခေါင်းဆောင် တစ်ယောက်က ဘီဘီစီရဲ့ Hard Talk လို အစီအစဉ်မှာ အမေးခံမယ် ဆိုတာ တချို့က လုံးဝ မျှော်လင့် မထားကြဘူးလို့ သူက ဆိုပါတယ်။
အခုလို Hard Talk မှာ သမ္မတ ဦးသိန်းစိန် ပါဝင် ခဲ့တာဟာ နိုင်ငံ အတွက်လည်း ကောင်းသလို သူ့ အတွက်လည်း ကောင်းတယ်၊ ကမ္ဘာက ကြားချင်နေသူတွေ အတွက်လည်း ကောင်းတယ်လို့ပြောဆိုပြီး ဒီအစီအစဉ်မှာ မေးမြန်းခွင့် ရတဲ့ သူ့ အနေနဲ့လည်း ဝမ်းသာ မိတယ်လို့ စတီဗင် ဆက်ကာ က ပြောပါတယ်။












