
ဘီဘီစီ အင်္ဂလိပ်ပိုင်းနဲ့ တွေ့ဆုံ ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်
မြန်မာ သမ္မတ ဦးသိန်းစိန်ကို ဘီဘီစီ အင်္ဂလိပ်ပိုင်းက တွေ့ဆုံ မေးမြန်း ခဲ့ပါတယ်။
အဲဒီ တွေ့ဆုံ မေးမြန်းခန်းမှာ သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ ပြည်သူလူထုက အနာဂတ် မြန်မာ နိုင်ငံရဲ့ သမ္မတ အဖြစ် မြင်ချင် ကြတယ် ဆိုရင် သူ့အနေနဲ့ လက်မခံ နိုင်စရာ မရှိဘူးလို့ ဘီဘီစီ အင်္ဂလိပ်ပိုင်း ကိုပြောပါတယ်။
မြန်မာ နိုင်ငံ မှာအာဏာရှင် စနစ်ကနေ ဒီမိုကရေစီ စနစ်ကို ကူးပြောင်း မှုတွေ လုပ်လာ နိုင်ခဲ့တာဟာလည်း မြန်မာ ပြည်သူတွေရဲ့ လိုချင် တောင့်တမှု တွေကြောင့် သာဖြစ်တယ်လို့လည်း ပြောပါတယ်။
လွန်ခဲ့တဲ့ ၂ ရက်ကျော်က ဦးသိန်းစိန်က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာ နိုင်ငံက ပြုပြင် ပြောင်းလဲမှု တွေဟာ နောက်ပြန်လှည့်လို့ မရတဲ့ ပြောင်းလဲမှုတွေ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ အရင်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ချထား ခဲ့တဲ့ စစ်အစိုးရရဲ့ အဖွဲ့ဝင် တဦး ဖြစ်ခဲ့ပေမယ့် အခုတော့ သူဟာ မြန်မာ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု တွေကို ဦးဆောင်သူ တဦး ဖြစ်လာခဲ့တယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။












