
အာဆီယံ-အိန္ဒိယ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်
အိန္ဒိယ နိုင်ငံမှာ ဒီဇင်ဘာ ၂၀ နဲ့ ၂၁ ရက် နေ့တွေက ၂ရက်တာ ကျင်းပခဲ့တဲ့ အိန္ဒိယ အာဆီယံ အစည်းအဝေး ကြီးကတော့ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံး သွားပါပြီ။
ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တာ ကတော့ အာဆီယံ ဒေသတွင်း ကုန်းတွင်း ကုန်သွယ်မှု ချောမွေ့ စေဖို့အတွက် အိန္ဒိယ-မြန်မာ-ထိုင်း ၄ လမ်းသွား ကားလမ်းကြီးကို အမြန်ဆုံး အကောင်ထည် ဖေါ်နိုင်အောင် ပူးပေါင်း လုပ်ဆောင် သွားမယ်လို့ အကြမ်း သဘောတူ ခဲ့ကြပါတယ်။
နောက်ပြီးတော့ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စတွေ မှာတော့ အိန္ဒိယ အနေနဲ့ မြန်မာက ပုဂံနယ်မြေ အပါအ၀င် ကမ္ဘောဒီယားက အန်ကောဝတ် နဲ့ အာဆီယံ နိုင်ငံတွေရဲ့ ရှေးဟောင်း နယ်မြေတွေမှာ ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းတွေအတွက် အကူညီတွေ ထပ်ပေးဖို့ သဘောတူခဲ့တယ်လို့သိရပါတယ်။
စိတ်ဝင် စားစရာ ကောင်းတာ ကတော့ ပင်လယ် ရေကြောင်း ဆက်သွယ်ရေး၊ ပင်လယ် ရေကြောင်း ဆိုင်ရာ လုံခြုံရေး၊ ပင်လယ် ဓားပြရန် ကာကွယ်ရေး၊ ကယ်ဆယ်ရေး၊ ပင်လယ်ပြင်မှာ ငါးဖမ်းတဲ့ ကိစ္စတွေနဲ့ ပင်လယ် ရေကြောင်းဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး စတာတွေကို အရင်ကထက် တိုးပြီး လုပ်ကြဖို့ သဘောတူခဲ့ ကြပါတယ်။ အပြီးသတ် သဘောတူ စာချုပ်တွေ ဘယ်တော့ ချုပ်ဆိုနိုင်မယ် ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။
ဒီဆွေးနွေးပွဲရဲ့ အပိတ် မိန့်ခွန်းမှာတော့ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက အာဆီယံ-အိန္ဒိယ လွတ်လပ်စွာ ကူးသန်း ရောင်း၀ယ်ရေး စာချုပ် ချုပ်ဆိုနိုင်ဖို့ အပြီးသတ် ဆွေးနွေး ခဲ့နိုင်ပြီလို့ ပြောပါတယ်။
အာဆီယံ-အိန္ဒိယ ကုန်သွယ်ရေး ပမာဏ ကိုတော့ ၂၀၁၅ မှာ အမေရိကန် ဒေါ်လာ သန်း ၁၀၀ အထိ ရောက်အောင်လုပ်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။
နောက်ပြီးတော့ အင်ဒိုနီးရှားက စခဲ့တဲ့ အာဆီယံ-အိန္ဒိယ ရင်းနှီး ချစ်ကြည်ရေး ၈ နိုင်ငံဖြတ်ပြီး ကီလိုမီတာ ၈ထောင်ကျော် မောင်းခဲ့တဲ့ ကားမောင်းပွဲကို ဒေလီမှာ အဆုံးသတ်ပြီး အလံချ အခမ်းအနား ကိုလည်း ကနေ့မှာ လုပ်ခဲ့ ပါသေးတယ်။
ဒီအာဆီယံ- အိန္ဒိယ အစည်းအဝေးကို တက်ရောက် လာခဲ့တဲ့ မြန်မာ သမ္မတ ဦးသိန်းစိန် ကတော့ အစည်းအဝေး အပြီးမှာ မွန်ဘိုင်းမြို့ကို သွားခဲ့ပါတယ်။
အခု သမ္မတ ဦးသိန်းစိန် ရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ် အတွင်းမှာ ဒေလီရောက် မြန်မာတွေက ကန့်ကွက်တဲ့ အနေနဲ့ လက်ပံတောင်းတောင် အကြမ်းဖက်မှု မှတ်တမ်းတွေကို ဓါတ်ပုံပြပွဲလို လုပ်ပြီးတော့ သူမလာခင် ကတည်းကနေ ဒီနေ့ထိ ၅ ရက်တိုင်တိုင် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။












