မြန်မာနဲ့သံဃာ ၊ သံဃာတွေ ဘာကြောင့် အစိုးရကို အဆက်ဖြတ်သလဲ

burma

ဓာတ်ပုံ ရင်းမြစ်, Thierry Falise

ဓာတ်ပုံ ပုံစာ, သပိတ်မှောက် ချီတက်လာတဲ့ သံဃာတန်းကြီး
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

သံဃာ့အရေးအခင်းကို လူသိများပေမယ့် ဒီအရေးအခင်း ဖြစ်စေတဲ့ ကံဆောင်မှုအကြောင်း သိသူနည်းပါတယ်။

ပတ္တနိက္ကုဇ္ဇနကံလို့ ခေါ်တဲ့ ဒီကံဟာ ဝဍ္ဎလိစ္ဆဝီ က ခုနစ်နှစ်သားနဲ့ ရဟန္တာ ဖြစ်တဲ့ ရှင်ဒဗ္ဗကို စွပ်စွဲပြောဆိုတာကို ဗုဒ္ဓဘုရားရှင်က သိလို့ သတ်မှတ်ခဲ့တဲ့ ကံဆောင်မှု ဖြစ်ပါတယ်။

ရဟန်းသံဃာတွေကို စွပ်စွဲ ပြောဆိုတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ ဂိုဏ်းခွဲတာ စတဲ့ အပြစ်တွေကို ကျူးလွန်သူတွေကို ဒီသပိတ်ကံဆောင်ပြီး မဆက်ဆံဖို့ ဘုရားက သတ်မှတ်ခဲ့တာပါ။

သံဃာတွေ လာဘ်မရအောင်၊ အကျိုးမဲ့ ဘေးရန်ဖြစ်အောင် ၊ နေမြဲကျောင်း မနေရအောင် လုပ်တာ ၊ ဆဲရေးကြိမ်းမောင်းတာ ၊ ဘုရားတရား သံဃာကျေးဇူးမဲ့ ဆိုတာ စတဲ့ ပြစ်မှု ရှိသူတွေကို သံဃာတွေက မပတ်သက် မဆက်ဆံဘဲ ကြဉ်တဲ့ ပြစ်ဒဏ် ဖြစ်ပါတယ်။

ဒီကံနဲ့ဆိုင်ရာ ကမ္မဝါစာကို ဖတ်ပြီး ကံဆောင်ရတာပါ။

ဗီဒီယို ပုံစာ, ရွှေဝါရောင် ၁၀ နှစ်ပြည့် ပြန်ပြောင်းပြောပြ

ဒီကံဆောင်ခံရသူတွေက အပြစ်ကို ဝန်ချ တောင်းပန်ရင် အပြစ်က ကင်းလွတ်ခွင့် ရှိပါတယ်။

ဝန်ချရင်လည်း သုံးကြိမ်တောင်းပန်မှ ခွင့်လွှတ်တာ ဖြစ်ပါတယ်။

ဒီကံကို အကျင့်သိက္ခာ မစောင့်စည်းတဲ့ ရဟန်းတွေကို ပြောဆိုသူတွေအပေါ်မှာ မဆောင်စေဘဲ ကျင့်ဝတ်နဲ့ ပြည့်စုံတဲ့ သံဃာကို စော်ကားကျူးလွန်မှ နောင်ယဉ်ကျေး စောင့်စည်းမှု ရှိအောင် သပိတ် မှောက်ဖို့ ဆရာစဉ်ဆက်က ဆိုထုံးရှိတယ် လို့လည်း ညောင်လေးပင်တောရ ဆရာတော်ရဲ့ ဝိနည်းစူဠဝါအရသာ စာအုပ်မှာ ဖော်ပြပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Thierry Falise

ဓာတ်ပုံ ပုံစာ, လိုက်ပါဝန်းရံပေးကြတဲ့ အားပေးထောက်ခံသူတွေ

သပိတ်မှောက်တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူး

မြန်မာ နိုင်ငံမှာ ဒီသပိတ်ကံဆောင်တာဟာ အရင်က ထင်ထင်ရှားရှား မရှိခဲ့ပေမယ့် ဒေသအလိုက် သံဃာတွေက လူပုဂ္ဂိုလ်တွေကို အဆက်အဆံမပြုဘဲ သပိတ်မှောက်တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးပါတယ်။

ပုဂံခေတ်က စူဠာမဏိ ဘုရားတည်ရာ အရပ်မှာ ချောက်ဖို့စေတဲ့ နရပတိစည်သူမင်းကို ပံ့သကူ မထေရ်က ပြည်သူတွေ မပင်ပန်းရအောင် မလုပ်ဖို့ တားမြစ်ပါတယ်။

ဘုရင်လှူတဲ့ ဆွမ်းကို မထေရ်က ဘုဉ်းမပေးတော့ ဘုရင်က သူ့ပြည်သူလှူတဲ့ဆွမ်းကို လက်ခံလည်း သူ့ဆွမ်းပဲလို့ ဆိုတဲ့အတွက် နိုင်ငံက ထွက်သွားရာမှာ လိုက်ပြီး တောင်းပန်ခေါ်ရတယ် ဆိုပြီး ရာဇဝင်မှာ ပါရှိပါတယ်။

သံဃာတွေက အုပ်ချုပ်သူမင်းတွေကို ဆိုဆုံးမတာ၊ မေတ္တာစာသွင်းပြီး မေတ္တာရပ်ခံတာ၊ သေဒဏ်ကျသူကို ကယ်တာ စတဲ့ အစဉ်အလာလည်း မြန်မာသမိုင်းတလျှောက်မှာ ရှိပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Thierry Falise

ဓာတ်ပုံ ပုံစာ, မိုးရေထဲ ဆုတောင်းနေကြတဲ့ သံဃာတွေ

ဗြိတိသျှ ခေတ်နဲ့ လွတ်လပ်ပြီးခေတ်မှာတော့ သံဃာအချို့ကို သံဃာနဲ့လူဝတ်ကြောင်တွေက သပိတ်မှောက် ကံဆောင်တာတွေ ရှိပါတယ်။

သံဃာတွေဘက်က မှောက်တာကို ပကာသနိယကံပြုတယ်လို့ ခေါ်ဆိုပြီး လူတွေဘက်က သံဃာကို မှောက်တာကိုတော့ အပ္ပသာဒပဝေသနကံလို့ ခေါ်ပါတယ်။

ဘိက္ခူနီ သာသနာကို ပြန်ထူထောင်ချင်တဲ့ ရှင်အာဒိစ္စဝံသကို ၁၉၃၅ မှာ မှောက်ခဲ့ပြီး လူသေလူဖြစ် စာအုပ်ရေးတဲ့ တောင်တွင်းကြီး ရှင်ဥက္ကဋ္ဌကို ၁၉၆၃ က မှောက်ခဲ့တာပါ။

ရှင်အာဒိစ္စက လူထွက်ပြီး ဆရာကြီး ဦးအောင်မြတ်ထွဋ် အဖြစ် လူဝတ်လဲသွားခဲ့ပြီး တောင်တွင်းကြီးဆရာတော်ကိုတော့ ပျံတော်မူပြီးနောက်မှ သံဃာ့ ဝိနိစ္ဆယခုံရုံး ဖွဲ့ပြီး ဝါဒကို ဖျက်သိမ်းစေခဲ့ပါတယ်။

ရှင်ဥက္ကဋ္ဌကို သပိတ်မှောက်ရာမှာ တော်လှန်ရေးကောင်စီရဲ့ အညမည လမ်းစဉ်ကို ရေးဆွဲသူ ဆိုပြီး ပထစ ထောက်ခံတဲ့ ဆရာတော်တစုက ခေါင်းဆောင် မှောက်တယ်လို့ အဆိုရှိပါတယ်။

burma
ဓာတ်ပုံ ပုံစာ, ပထမဆုံး သပိတ်မှောက်ခံရတဲ့ ဆရာတော်
burma

ဓာတ်ပုံ ရင်းမြစ်, U Aung Mon

ဓာတ်ပုံ ပုံစာ, ရှင်အာဒိစ္စဝံသကို ဂျူဘလီဟောအစည်းအဝေးကြီးနဲ့ ရှုတ်ချ
burma

ဓာတ်ပုံ ရင်းမြစ်, U Aung Mon

ဓာတ်ပုံ ပုံစာ, တောင်တွင်းဆရာတော်ကို ကံဆောင်သပိတ်မှောက်မှတ်တမ်း

ကျောက်သင်္ဘောနဲ့ တခြား ဝါဒတွေကိုတော့ ခုံရုံးဖွဲ့ စစ်ဆေး ဆုံးဖြတ်တာတွေပဲ ရှိခဲ့ပြီး သပိတ်မှောက်တာ မရှိခဲ့ပါဘူး။

အစိုးရကို သပိတ်မှောက်

အစိုးရကို သပိတ်မှောက် ကံဆောင်တာကတော့ ၁၉၉ဝ မှာ ရှစ်လေးလုံး လှုပ်ရှားမှု နှစ်နှစ်မြောက် အဖြစ် မန္တလေး လူထုစာအုပ်တိုက်ရှေ့ ဆွမ်းလောင်းပွဲမှာ ပစ်ခတ် နှိမ်နင်းတာကို အကြောင်းပြုပြီး စမှောက်ခဲ့ပါတယ်။

အဲဒီအချိန်က တိပိဋက ဆရာတော် ဦးသုမင်္ဂလနဲ့ အင်းစိန် ရွာမဆရာတော် အပါအဝင် ထင်ရှားတဲ့ ဆရာတော်ကြီး တချို့ ထောင်ချခံရသလို ကျောင်းတိုက်တွေကို စီးနင်း ဖမ်းဆီးတာတွေ ဖြစ်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, myanmarnet.net

ဓာတ်ပုံ ပုံစာ, တိပိဋက ဆရာတော် ဦးသုမင်္ဂလ

တရားဝင် တောင်းပန်တာ မရှိတဲ့အတွက် အဲဒီအချိန်က မှောက်ခဲ့တဲ့ ကံကို မလှန်သေးဘူးလို့ အယူရှိတဲ့ သံဃာတချို့ ရှိသလို ဆိုင်ရာ အစိုးရက သံဃာ့မဟာနာယက ဆရာတော်တွေကို တောင်းပန်ခဲ့လို့ ဒီကံကျေပျောက်တယ်လို့ မှတ်ယူသူတွေ လည်း ရှိတယ်လို့ သာသနာရေး သမိုင်းတွေကို ပြုစုတဲ့ ဦးအောင်မွန်က ရှင်းပြပါတယ်။

ဒါပေမဲ့ ၂ဝဝ၇ သံဃာ့အရေးအခင်းမှာတော့ ပခုက္ကူ သံဃာတချို့ကို ရိုက်နှက်တာကအစ နောက်ပိုင်း ဆန္ဒပြ သံဃာတွေကို ပစ်ခတ် နှိမ်နင်းတာတွေမှာ ထပ်ဆင့် ကျူးလွန်မှုတွေကြောင့် အဲဒီအချိန်က အစိုးရကို ပတ္တနိကုဇ္ဇနကံဆောင်ဖို့ သံဃာတော် တချို့က စီစဉ်ခဲ့ကြပါတယ်။

ဒါပေမယ့် အရင်က ဆောင်ထားတဲ့ ကံက မပြယ်သေးဘူးလို့ ယူဆမှုတွေလည်းရှိလို့ ဒီကံတွေကို ထပ်ဆောင့်သင့်သလားဆိုတာ မေးခွန်းတွေ ရှိခဲ့ပါတယ်။ အစိုးရတာဝန်ရှိသူတွေ ဘက်က ကျေလည် အောင် တောင်းပန်ခဲ့သလား ဆိုတာတွေ ကလည်း ရှုပ်ထွေးစရာ ဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, သံဃာနဲ့ လုံထိန်းတွေ ရင်ဆိုင်တွေ့

နောက် ဗုဒ္ဓဘုရားရှင် လက်ထက်က သံဃာ့ဂိုဏ်းတွေ ကွဲပြားတာ မရှိလို့ သံဃာတပါးကို စော်ကားရင် ဂိုဏ်းမတူတဲ့ သံဃာတွေကိုပါ သက်ရောက်သလား၊ ပူးပေါင်း သပိတ်မှောက်သင့်သလား ဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

ဒါပေမဲ့ သံဃာတွေကို စော်ကားကျူးလွန်မှုနဲ့ အစိုးရကို ကံဆောင် သပိတ်မှောက်တာတွေက ၂ဝဝ၇ နောက်ပိုင်းမှာလည်း ဆက်ပြီး ပြုလုပ်တာကို တွေ့ရပါတယ်။

သံဃာ့တပ်ပေါင်းစုနဲ့ သာသနာ့ ဦးသျှောင် အဖွဲ့ စတဲ့ အစိုးရကို ဆန့်ကျင်တဲ့ သံဃာအဖွဲ့အစည်းတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

အစဉ်အလာ လှုပ်ရှားမှုတွေမှာ တွေ့ခဲ့သလို လူဝတ်ကြောင်တွေရဲ့ လှုပ်ရှားမှုကို သံဃာတွေက ထောက်ခံတာ မဟုတ်ဘဲ သံဃာတွေရဲ့ လှုပ်ရှားမှုကို လူထုက ကူညီစောင့်ရှောက်တာကို ထူးထူးခြားခြား တွေ့ရပါတယ်။

ဗီဒီယို ပုံစာ, Burma VJ သတင်းအဖွဲ့ ရွှေဝါရောင် အရေးအခင်း အကြောင်း ဗီဒီယို မှတ်တမ်း တင်

ရွှေဝါရောင် တော်လှန်ရေးလို့လည်း လူသိများတဲ့အတွက် ဒီလှုပ်ရှားမှုဟာ တခြား အရောင်နာမည်ခံတဲ့ လှုပ်ရှားမှုတွေလို ပြည်ပ သြဇာခံတဲ့ လှုပ်ရှားမှုလို့ စွပ်စွဲတာတွေ ရှိခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, သံဃာတွေ ဆန္ဒပြမှု ဖြိုခွဲခံခဲ့ရ
burma

ဓာတ်ပုံ ရင်းမြစ်, Thierry Falise

ဓာတ်ပုံ ပုံစာ, သံဃာရဲ့ကျောက ဒဏ်ရာ
burma

ဓာတ်ပုံ ရင်းမြစ်, STR

ဓာတ်ပုံ ပုံစာ, ဝင်စီးခံရတဲ့ ဘုန်းကြီးကျောင်းတနေရာ

ရွှေဝါရောင် လှုပ်ရှားမှု ပြီးနောက်ပိုင်း အခြေခံ ဥပဒေသစ် ပေါ်ပေါက်တာ၊ ရွေးကောက်ပွဲ လုပ်တာ စတဲ့ နိုင်ငံရေး အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့သလို မဘသ လှုပ်ရှားမှုလို အမျိုးသားရေး လှုပ်ရှားမှုဆန်တဲ့ သံဃာ အဖွဲ့အစည်းတွေ လည်း ပေါ်လာခဲ့ပါတယ်။

တကယ်က မြန်မာ့ နိုင်ငံရေး လှုပ်ရှားမှုမှာ သံဃာတွေရဲ့ ပါဝင်မှု ကဏ္ဍက ဘုရင်ခေတ်က မင်းနဲ့ဆရာတော် ဆက်ဆံရေးလိုပဲ ချန်ထားလို့ မရတဲ့ ကဏ္ဍ ဖြစ်ပါတယ်။

သမိုင်းတလျောက် သံဃာ့သမဂ္ဂီ၊ ရဟန်းပျိုအဖွဲ့ချုပ် စတဲ့ သံဃာနိုင်ငံရေး အဖွဲ့အစည်းတွေ ပေါ်ခဲ့သလို ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ဖြစ်မြောက်ရေးလို ကိစ္စတွေမှာ သံဃာတွေရဲ့ လှုပ်ရှားမှုက ကြီးမားခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Thierry Falise

ဓာတ်ပုံ ပုံစာ, သံဃာတွေကို ရှိခိုးကြိုဆို

အစိုးရ အဆက်ဆက် ကြိုးစားခဲ့

ဒါကြောင့် သံဃာတွေကို ထိန်းချုပ်ဖို့ အစိုးရ အဆက်ဆက်က ကြိုးစားခဲ့သလို သံဃာတွေကလည်း အစိုးရရဲ့ ဘာသာရေး မူဝါဒတွေမှာ သြဇာလွှမ်းနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ဦးနုလက်ထက်မှာ သံဃာတွေ သြဝါဒနဲ့ ဆဋ္ဌသင်္ဂါယနာတင်တာ၊ ပါဠိတက္ကသိုလ်တွေ ဖွင့်တာ အပါအဝင် ချီးမြှင့်ထောက်ပံ့မှုတွေ လုပ်ခဲ့ပေမယ့် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ဆိုရှယ်လစ် မူတွေအရ သူ့လက်ထက်မှာ ဒီလို ချီးမြှင့်တာတွေ လျှော့ချခဲ့ပါတယ်။

နောက်ပြီး သာသနာရေးဘွဲ့တံဆိပ်ကပ်တာတွေလည်း ၁၉၇၈ လောက်ထိ မပေးဘဲ ဆိုင်းငံ့ခဲ့ပါတယ်။

ဒါ့အပြင် သံဃာ့မှတ်ပုံတင်ကိုင်ဖို့ အပါအဝင် သံဃာ့အဖွဲ့အစည်းတခုတည်း ဖြစ်ရေးအတွက် ၁၉၆၅ မှာ မှော်ဘီ သံဃာ့အစည်းအဝေးကြီး ကျင်းပခဲ့ပေမယ့် အစည်းအဝေး မပြီးခင်မှာပဲ မန္တလေးမှာ သံဃာ့အရေးအခင်း ဖြစ်ပြီး မအောင်မမြင် ဖြစ်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၁၉၈၈ က ဒေါ်အောင်ဆန်းစုကြည် တရားပွဲလာ သံဃာပရိသတ်

နောက်ဆုံး ၁၉၈ဝ ကျမှ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကျင်းပပြီး သံဃာထုကို သံဃာ့မဟာနာယကအဆင့်ဆင့်နဲ့ အုပ်ချုပ်တဲ့ စနစ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ၁၉၈၈ အရေးအခင်းကာလအတွင်းမှာတော့ မန္တလေးမှာ သံဃာတွေ ကြီးစိုးတဲ့ အုပ်ချုပ်ရေး ဖြစ်ခဲ့သလို နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေမှာလည်း သံဃာတွေ ပါဝင်ခဲ့ကြပါတယ်။

အဲဒီနောက် တက်လာတဲ့ စစ်အစိုးရလက်ထက် သံဃာတွေကို သိမ်းသွင်းဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘဲ ကံဆောင် သပိတ်မှောက်မှု နှစ်ကြိမ်နဲ့ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။

ပထမအကြိမ်မှာ ကြီးမားတဲ့ ရိုက်ခတ်ချက် မရှိပေမယ့် ဒုတိယအကြိမ်မှာတော့ ဆန္ဒပြပွဲတွေကနေ ကမ္ဘာထိ သိသွားခဲ့ပါတယ်။

သပိတ်မှောက်တဲ့ သင်္ကေတအဖြစ် သပိတ်ကိုင်ဆောင်တဲ့ သံဃာတွေရဲ့ပုံတွေနဲ့ သံဃာတန်းကြီး မေတ္တာပို့ လှည့်လည်တဲ့ ပုံရိပ်တွေကြောင့် မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှု အရှိန် ပိုကြီးသွားခဲ့ပြီး ပြုပြင်ရေးတွေ လုပ်ဖို့ လမ်းစ ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့လည်း မူလဆောင်ခဲ့တဲ့ ပတ္တနိက္ကုဇ္ဇနကံတွေက လူပုဂ္ဂိုလ်ကိုပဲ မူတည်ဆောင်ခဲ့ရင် အစိုးရအပြောင်းအလဲ တွေနဲ့အတူ ပျောက်ပျက်သွားသလား၊ ဒါမှမဟုတ် အစိုးရနဲ့ သံဃာတွေအနေနဲ့ ခံယူ သပိတ်မှောက်ခဲ့သလား ဆိုတာတော့ မသိရသေးပါဘူး။

အခု တက်ရောက်နေတဲ့ ဒီမိုကရေစီ အစိုးရ ဆိုတာကလည်း ဒီကိစ္စကို ပြောဆို မှတ်ချက်ပေးတာ မရှိသေးတာ တွေ့ရပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Thierry Falise

ဓာတ်ပုံ ပုံစာ, သပိတ်ကိုင်ဆောင်ထားတဲ့ သံဃာများ