မြန်မာ့တပ်မတော်ကို သင်တန်းပေးမှု ဗြိတိန် ဆိုင်းငံ့

တပ်မတော်
ဓာတ်ပုံ ပုံစာ, တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား မြင်ကွင်း

ရခိုင်မှာ ဖြစ်တဲ့ အကြမ်းဖက်မှုတွေကြောင့် မြန်မာ့ တပ်မတော်ကို ဗြိတိန်က သင်တန်းပေးမှုတွေ ဆိုင်းငံ့ထားမယ်လို့ ဗြိတိသျှ အစိုးရ ပြောခွင့်ရသူက ပြောပါတယ်။

ရခိုင်မှာ အကြမ်းဖက်မှုတွေ ဖြစ်နေတာကြောင့်ရယ် ၊ လူမှု ဒုက္ခဘေး ဖြစ်နေတာတွေရယ်နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပေါ် အကြီးအကျယ် စိုးရိမ်မိတယ် ၊ ဒါကြောင့် တပ်မတော်ကို ပေးနေတဲ့ ပညာရေး ဆိုင်ရာ သင်တန်းတွေကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

အခု လက်ရှိ အခြေအနေ ကနေ လက်ခံနိုင်လောက်တဲ့ နည်းလမ်း အဖြေရှာမှုတွေ ရတဲ့ အထိ ထောက်ပံ့မှုတွေကို ရပ်ဆိုင်းထားမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်မှာ အကြမ်းဖက်မှုတွေ ရပ်တန့် သွားအောင် ချက်ခြင်း အရေးယူမှု ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ တပ်မတော်ကို ပန်ကြားလိုပြီး အရပ်သားတွေ အားလုံးကို ကာကွယ်စောင့်ရှောက်မှု ပေးကာ လူသားချင်း စာနာမှု အကူအညီတွေ ပေးနိုင်ဖို့ ခွင့်ပြုပါလို့ ကြေညာချက်မှာ ရေးသားထားပါတယ်။

မြန်မာ့တပ်မတော် ကို သင်တန်းပေးနေတဲ့ အစီအစဉ် ဟာ ကြီးကြီးကျယ်ကျယ် မဟုတ်လှပေမဲ့ တနှစ် ကို ပေါင် ၃ သိန်း ခန့် အကုန်အကျခံတဲ့ အစီအစဉ် ဖြစ်ပါတယ်။

ဒီအစီအစဉ် ဟာ တိုက်ခိုက်ရေး ဆိုင်ရာ သင်တန်း မဟုတ်ပဲ၊ ပညာပေး သင်တန်း သာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ကတည်း က ဗြိတိသျှ လွှတ်တော် အမတ် ၁၅၇ ဦး က ဒီစစ်သင်တန်း ပို့ချမှု ကို ဆိုင်းငံ့ထားဖို့ အစိုးရ ကို တိုက်တွန်းကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ကလည်း ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဘောရစ်ဂျွန်ဆင် က ရိုဟင်ဂျာ တွေ အပေါ် တိုက်ခိုက်နေတာတွေ ရပ်တံ့ စေရေးမှာ မြန်မာ စစ်တပ် မှာသာ တာဝန်ရှိရုံ မကပဲ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လည်း ဦးဆောင်ဦးရွက် ပြုဖို့ လိုတယ် လို့ ကုလသမဂ္ဂ အစည်းအဝေး မှာ ပြောခဲ့ပါတယ်။