ကြက်ဥခေါက်နည်းကအစ သင်ပေးတဲ့ကျောင်းနဲ့ ကျောင်းသမီးကလေးများ

- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ မတ်လကုန်မှာ မန္တလေးမြို့ကို ဂျပန်လက်က မဟာမိတ် တပ်တွေ ပြန်သိမ်းနိုင်ပေမယ့် မြို့ပေါ်က ကျောင်းတွေ ချက်ချင်းပြန်မဖွင့်နိုင်သေးပါဘူး။ စစ်အတွင်း ကျောင်းသုံးနှစ်ကျော် ပိတ်ခဲ့တဲ့ အတွက် ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေးလည်း ပျက်ပြားပြီး စစ်အပြီးမှာလည်း စီးပွားရေးနဲ့ ပြန်လည်ထူထောင်ရေး အခက်အခဲတွေကြောင့် ပညာရေးထိခိုက်နစ်နာမှုတွေ ရှိခဲ့ပါတယ်။
ဒီအချိန်မှာ အထက်အညာဒေသ ရွှေဘိုနယ်က ရွာတရွာမှာ စစ်ပြေးနေကြတဲ့ ကျောင်းဆရာမတစု မန္တလေးကို ပြန်လာဖို့ ကြိုးစားကြပါတယ်။ သူတို့က မန္တလေးမြို့ပေါ်က နာမည်ကြီး ခရစ်ယာန်သာသနာပြု အမျိုးသမီး ကျောင်းတကျောင်းက ဆရာမတွေ ဖြစ်ကြသလို အိမ်ထောင်မရှိတဲ့ အပျိုကြီးတွေ များကြပါတယ်။ စစ်ပြီးစဖြစ်လို့ ဆက်သွယ်ရေးခက်ခဲလို့ မန္တလေး ပြန်မရ ဖြစ်နေတာပါ။

ဓာတ်ပုံ ရင်းမြစ်, UniversalImagesGroup
ဂျစ်ကားနဲ့ဆင်း
မူးမြစ်ကမ်းပေါ်က မူးသာရွာမှာ နေကြတဲ့ ဆရာမတွေဟာ ရွှေဘိုက ဗြိတိသျှတပ်အရာရှိတွေကို အကူအညီတောင်းပြီး ရတဲ့ ထရပ်ကားနှစ်စီးနဲ့ ဂျစ်ကားတစီးပေါ်မှာ စားစရာ သုံးလစာတင်ပြီး သူတို့ မန္တလေး ဆင်းလာ ကြပါတယ်။ ၁၉၄၅၊ မေလ ၇ ရက်နေ့မှာပါ။
မန္တလေးရောက်တော့ သူတို့စာသင်ခဲ့တဲ့ အေဘီအမ်ခေါ် အမေရိကန်ဘက်ပတစ် သာသနာပြုကျောင်းကြီးကို မဟာမိတ်တပ်တွေသိမ်းထားတာကို တွေ့ရပါတယ်။ ကျောင်းဝင်းထဲမှာလည်း စစ်ပြေးတွေ ခိုလှုံနေကြသလို ဗုံးဒဏ်ခံရတဲ့ အဆောက်အဦတွေနဲ့ ပျက်စီးထိခိုက်နေပါတယ်။
ကျောင်းဝင်းထဲမှာ ခိုလှုံနေသူတွေအတွက် ယာယီကျောင်း ဖွင့်ထားတဲ့အတွက် အဲဒီကျောင်းမှာ လုပ်ခွင့်ရဖို့ ဆိုင်ရာကို သွားပြောပေမယ့် အလုပ်ရှိရင်ခေါ်မယ်လို့ပဲ အကြောင်းပြန်ခဲ့ပါတယ်။ နေ့တိုင်း စိတ်မလျှော့ဘဲ သွားပြောရင်း နောက်ဆုံး လခမယူဘဲ စေတနာ့ဝန်ထမ်းလုပ်ရင် ရမယ်ဆိုပြီး အလုပ်ရခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ABM 75th
၁၉၄၅ ဇူလိုင်မှ အလုပ်ရပေမယ့်လည်း စစ်မဖြစ်ခင်က ကျောင်းထဲမှာနေခဲ့ကြတဲ့ ဆရာမတွေဟာ ခုတော့ နေစရာအခန်းမရကြပါဘူး။ ဒါကြောင့် ဆွေမျိုးနဲ့ အသိမိတ်ဆွေတွေဆီမှာ ခိုကပ်နေကြပြီး ၁၉၄၆ မတ်လထိ စာသင်ပေးခဲ့ကြရပါတယ်။
ဆရာမဒေါ်မြိုင်နဲ့ ဒေါ်လှဝင်းက မဟာမုနိဘုရားကြီးအောက်ကျင်းကနေ ညွန့်ပေါင်းဈေးနားက အေဘီအမ်ကျောင်းကို ရှစ်ပြကိုးပြ ခြေကျင်လျှောက်ပြီး နေ့တိုင်းလာရတာပါ။
ဆရာမ ဒေါ်သင်းထုံတို့ ညီအစ်မကတော့ မန္တလေးဆေးရုံကြီးထဲက သူနာပြုဆရာမကြီး ဒေါ်စောကြံဆီမှာ နေကြပါတယ်။ ဒီလိုနဲ့ အမေရိကန် ကျောင်းအုပ်ဆရာမကြီး ပြန်ရောက်လာပြီးနောက် ၁၉၄၆ မေလကျမှ ကျောင်းကို တရားဝင် ပြန်ဖွင့်နိုင်ခဲ့ပါတယ်။
စစ်ပြီးစက မန္တလေးမှာ အစိုးရကျောင်းအများစု မီးလောင်ပျက်စီးပြီး သာသနာပြုကျောင်းတချို့လည်း ဗုံးကျ ပျက်စီးခဲ့ပါတယ်။ ၁၉၄၈ လွတ်လပ်ရေး ရချိန်အထိ မြို့မှာ ပျက်စီးမှု ၉ဝ ရာခိုင်နှုန်းကို ပြန်မထူထောင်နိုင်သေးဘူးလို့လည်း လူထု ဦးလှရဲ့ မန္တလေးမြို့၏ည စာအုပ်မှာ ပါရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ABM 75th
အစ်မကြီးများ
ဒေါ်သင်းထုံ၊ ဒေါ်မြိုင်စတဲ့ ဆရာမကြီးတွေဟာ အဲဒီအချိန်မှာ လုပ်သက် အနှစ် ၂ဝ ကျော် ၃ဝ နီးပါးရှိတဲ့ ဆရာမတွေ ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်လည်း အေဘီအမ်ကျောင်းမှာ စာသင်ခဲ့ကြဖူးသူတွေ များပါတယ်။ အဲဒီ ဆရာမကြီးတွေကို ကျောင်းသူတွေက ဆရာမအစား အစ်မကြီးလို့ ခေါ်ကြပါတယ်။ သီပေါမင်း ပါတော်မူစ ၁၈၈၇ ခုနှစ်မှာ ဒီကျောင်းကို ယောက်ျားလေးကျောင်းနဲ့အတူ တွဲပြီး စဖွင့်ချိန်မှာ ဒေါ်သာဝနဲ့ ဒေါ်မြစ်ဆိုတဲ့ ဆရာမတွေက ကျောင်းသား ကျောင်းသူ တွေကို မောင်လေးညီမလေးတွေလို သဘောထား သင်ကြား လာကြလို့ ကလေးတွေကလည်း သူတို့ကို အစ်မကြီးတွေအဖြစ် ခေါ်ဝေါ်သုံးစွဲခဲ့ကြပါတယ်။
အဲဒီလို ဆရာမကို အစ်မကြီး ခေါ်တဲ့ ထုံးစံဟာလည်း ကျောင်းသက် အနှစ် ၁၃ဝ ကျော်တဲ့အထိ အထက (၁၃) ဆိုပြီး အစိုးရကျောင်းဖြစ်နေတဲ့ အေဘီအမ် ကျောင်းဟောင်းမှာ ကျန်နေပါသေးတယ်။ မန္တလေးမြို့ တောင်ပြင်မှာ ပြကွက်ကြီး တခုလုံးနီးပါး ဖွင့်ထားတဲ့ ကျောင်းကြီး ဖြစ်ပါတယ်။

အဲဒီခေတ်က မော်လမြိုင်က မော်တင်လိန်းကျောင်းနဲ့ မန္တလေး အေဘီအမ်ကျောင်းတို့ဟာ ကျောင်းသူတွေကို ထိန်းရာမှာ စည်းကမ်းကောင်းပြီး အောင်ချက်ကောင်းတဲ့ကျောင်းတွေ ဖြစ်တယ်ဆိုပြီး အေဘီအမ် ကျောင်းသူ ဟောင်း လူထု ဒေါ်အမာက ကျွန်မတို့ငယ်ငယ်က စာအုပ်မှာ ရေးပါတယ်။ ဒီကျောင်းကို ငယ်ကတည်းက ရောက်လာပြီး ဒီကပဲ (၁ဝ) တန်းအောင်တယ်ဆိုရင် အဲဒီကျောင်းသူဟာ ထဘီဝတ်တာ၊ လက်ကိုင်ပုဝါ ခါးကြား ညှပ်တာ၊ ပုခုံးထားတာကအစ ခရစ်ယာန်ဆရာမကြီးတွေဂိုက် တပုံစံတည်းဖြစ်ပြီး တသွေးတမွေး ဖြစ်သွားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ABM 75th
နောက် အေဘီအမ်ကျောင်းတွေမှာ အချက်အပြုတ်နဲ့ အချုပ်အလုပ်လည်း သင်ပေးတယ်လို့ အေဘီအမ်မှာ ဘော်ဒါနေခဲ့ဖူးတဲ့ စာရေးဆရာမ ဒေါ်ရီကြိန်က သံသရာခရီးသည် စာအုပ်မှာ ရေးပါတယ်။ အမျိုးသမီးပညာဝန် မစ္စဝိုက်ဇမ်ရေးတဲ့ ကျန်းမာရေးနဲ့ အိမ်တွင်းစီးပွားရေး စာအုပ်ကိုလည်း သူတို့ သင်ကြားကြရပါတယ်။ ဒါကြောင့် ကြက်ဥဘဲဥ ခေါက်တာ ဈေးမှာ အသီးအရွက်ဝယ်တာကအစ သူတို့ကျောင်းထွက်တွေက စနစ်ကျတယ်ဆိုပြီး ဒေါ်ရီကြိန်က ဆိုပါတယ်။
အိမ်တွင်းမှုတွေအပြင် အားကစားမှာလည်း ဘတ်စကတ်ဘော၊ ကြက်တောင်၊ ဘော်လီဘော ကစားကွင်းတွေရှိသလို ဂီတပညာလည်း သင်ပေးပါတယ်။ နောက် ၁၉၂၁ ကတည်းက ကျောင်းမှာ ကင်းထောက်အဖွဲ့ ရှိပါတယ်။ အေဘီအမ်က အစ်မကြီး ဒေါ်သာဝဟာ အင်္ဂလိပ်စောင်းတီးနည်းကို ၁၈၉ဝ ကျော်ကတည်းက အမေရိကန်ကနေ သင်ယူခဲ့တဲ့ အစောဆုံး မြန်မာအမျိုးသမီး ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu Collection
စည်းကမ်းကြီးရာမှာလည်း တခါက စည်းဝေးခန်းမမှာ ဒေါ်ရီကြိန် ပြတင်းပေါက်ကို ဖွင့်ပြီး ချိတ်မချိတ်ခဲ့လို့ အစ်မကြီး ဒေါ်သင်းထုံက ခေါ်ဆုံးမပါတယ်။ တံခါးပိတ်လျှင် ချိတ်ချပါမည်ရှင့်၊ တံခါးဖွင့်လျှင် ချိတ်ချိတ်ပါမည်ရှင် ဆိုပြီး အစ်မကြီးထုံက သူ့ကို ဆယ်ခေါက် လက်ပိုက်ဆိုခိုင်းတာပါ။ အိပ်ရာနေရာသပ်ရပ်အောင် ထားရတဲ့အပြင် အဝတ်လဲခန်းမှာ သနပ်ခါးတစက်မှ မကျရပါဘူး။ ညနေခင်း အဝတ်ရုပ်ဖို့ ခေါင်းလောင်း ထိုးချိန် မှာ မရုပ်မိရင်လည်း ဆရာမက သိမ်းသွားပြီး တကျပ်နဲ့ ပြန်ရွေးရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ABM 75th
နာမည်ကျော်တွေထွက်
အသင်အပြနဲ့ စည်းကမ်းမှာ နာမည်ကြီးလို့လည်း အဲဒီခေတ်က နာမည်ကြီး အမျိုးသမီးတွေ မန္တလေးအေဘီအမ်က ထွက်ခဲ့ပါတယ်။ မြန်မာမထဲမှာ ပထမဆုံး ကားမောင်းတဲ့ ဒေါ်မှီနဲ့ ဒေါ်မိမိလို အမျိုးသမီး ပညာဝန်နဲ့ ပညာအုပ်တွေ၊ ဒေါ်သိန်းနု၊ ခြင်းကြားမမကြီး၊ ဒေါ်ခင်ရီတို့လို ဝန်ကြီးနဲ့ မင်းကြီးကတော်၊ တရားသူကြီးချုပ်ကတော်တွေ ထင်ရှားခဲ့ပါတယ်။
နောက် မာလာ၊ စောမုံညင်း၊ ဘားမားဒိုင်ဂျက် ဒေါ်ခင်စီစတဲ့ စာပေသမားတွေ ထွက်တဲ့အပြင် ပထမဆုံးကချင်ကောလိပ်ကျောင်းသူ ဒေါ်ထုရော်လို တောင်ပေါ်သူ ပညာတတ်တွေ အဲဒီကျောင်းက ထွက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ABM 75th
အစောဆုံးတကျောင်း
အေဘီအမ်ဟာ စစ်ပြီးခေတ်မှာ မြန်မာဘက်ပတစ်သာသာနာပြု ဘီဘီအမ်ကျောင်း ဖြစ်သွားပြီးနောက် ပြည်သူပိုင် သိမ်းခံရပေမယ့် အထက်မြန်မာပြည်မှာ အစောဆုံး အမျိုးသမီးကျောင်းတကျောင်းအဖြစ် ထင်ရှား ခဲ့ပါတယ်။ အခုတော့ ကျားမ ပူးတွဲသင်တဲ့ ကျောင်း ဖြစ်နေပါပြီ။
မန္တလေးကို ဗြိတိသျှသိမ်းပြီးနောက် ဘုရင်ခေတ်ကတည်းက ရှိတဲ့ စိန့်ဂျိုးဇက်ကွန်ဗင့်ကို ၁၈၉၅ မှာ ပြန်ဖွင့်ပါတယ်။ အဲဒီမတိုင်ခင်ကလည်း ဝက်စလီမိန်းကလေးကျောင်းနဲ့ အေဘီအမ်ကျောင်းတို့ကို ၁၈၈၇ မှာ ဖွင့်ပါတယ်။ အေဘီအမ်ကို ဖွင့်ခါစက မိန်းကလေးတွေ စာသင်လေ့မရှိလို့ မယ်မြ၊ မယ်ဇွန်း၊ မယ်ရှင်၊ မယ်ဟန်၊ ရွှေညီမဆိုတဲ့ ကျောင်းသမီးငါးယောက်နဲ့ စခဲ့ရတယ်လို့ ၁၉၆၂ မှာ ထုတ်တဲ့ အေဘီအမ် စိန်ရတုစာစောင်မှာ ဖော်ပြပါတယ်။ အဲဒီခေတ်က ကျောင်းသူကို ကျောင်းသမီးလို့ ခေါ်ပြီး ဆရာမတွေက အောက်ပြည်ကလာသူတွေ ဖြစ်ကြပါတယ်။ ကျောင်းအုပ်ကြီးတွေကတော့ အမေရိကန်တွေ ဖြစ်ပြီး သူတို့နာမည်ရှေ့မှာ မမတပ်ပြီး ခေါ်ကြရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Southeast Asian Studies at MUIC
ပထမဆုံး မန္တလေးအေဘီအမ်ကျောင်းအုပ် မမရဿဗင်ဟာ ကျောင်းဖွင့်ပြီး တနှစ်ကျော်မှာ ကွယ်လွန်လို့ မင်းမျိုးတွေကို မြှုပ်နှံတဲ့ သင်္ချိုင်းတော်မှာ ဂူသွင်းခဲ့ကြပါတယ်။ နောက်ကျောင်းအုပ်တွေ လက်ထက်မှာ ကျောင်းသူ အရေအတွက် တိုးပွားလာပြီး ၅ဝ ပြည့်တဲ့နေ့မှာ အုန်းထမင်းနဲ့ ကြက်သားဟင်းကျွေးပြီး အမှတ်တရ ကျောင်းပိတ်ပေးပါတယ်။
ဒုတိယ ကမ္ဘာစစ် ဖြစ်ချိန်မှာတော့ ကျောင်းအုပ်မမဝိုင်လီဟာ မြန်မာတွေကို ချစ်လို့ မြန်မာပြည်ထဲမှာ နေခဲ့ဖို့ ကြံပေမယ့် ဝိုင်းတိုက်တွန်းကြလို့ ၁၉၄၂ ဖေဖော်ဝါရီမှာ ထွက်သွားရပါတယ်။ ကျောင်းမှာ ၃၅ နှစ်တိုင် ကျောင်းအုပ်လုပ်သွားတဲ့ မမသဲယားကတော့ မန္တလေးကို ကရင်နဲ့ ကွန်မြူနစ်စတဲ့ ရောင်စုံတပ်တွေ သိမ်းထားတဲ့ ၁၉၄၉ မှာ ကျောင်းအတွင်း လာခိုလှုံကြသူတွေကို သက်စွန့်ကြိုးပမ်း ကာကွယ် ပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myanma Institute of Christian Theology - MICT
ဒီလို ဆရာမအဆက်ဆက် ကြိုးစားမှုနဲ့ အမေရိကန်အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေကြောင့် ကျောင်းဟာ စစ်မဖြစ်ခင်မှာ ကျောင်းသူ သုံးထောင်ကျော်ကို သင်ကြားပေးခဲ့ပြီး ဖြစ်ပါတယ်။ အလှူရှင်တွေ ဆောက်တဲ့ ကျောင်းဆောင်ကြီးတွေ ကလည်း အနှစ်တရာကျော် တည်တံ့ဆဲ ဖြစ်ပါတယ်။ ဒီထဲမှာ အင်ဒီယားနားပြည်နယ်က ဆင်းရဲသားအမျိုးသမီးတွေ လှူတဲ့ ဒေါ်လာ ခုနစ်ထောင်နဲ့ ဆောက်တဲ့ အင်ဒီယားနားဆောင်၊ ဆရာဝန်မကြီး ဒေါ်စောဆ အမေရိကန်က အပြန်မှာ အတ်တလန်ဒစ်ဒေသက အမျိုးသမီးတွေ လှူလိုက်တဲ့ငွေနဲ့ ဆောက်တဲ့ အက်တလန်ဒစ်အဆောင်တွေပါပါတယ်။ ခုတော့ ဒီအဆောင်တွေကို မြန်မာနာမည်တွေ ပေးထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Nyi Lynn Seck
အဆောင်တွေကြားမှာ အုတ်ခင်း အုတ်မိုး လူသွားစင်္ကြံတွေနဲ့ ဆက်ထားတဲ့အပြင် စာသင်ခန်းတခန်းမှာ ကျောင်းသူ အစိတ်သုံးဆယ်ပဲ ထားတဲ့အတွက် အခန်းတွေ ကျယ်တယ်လို့လည်း အင်္ဂလိပ်ခေတ်မှာ တက်ခဲ့ရတဲ့ လူထုဒေါ်အမာက ရေးပါတယ်။ နောက် ကျောင်းသူတိုင်းကို ဆရာမက အချိန်မရွေး လာကြည့်လို့ ရအောင် ခုံတွေခြားထားတာပါ။
နမူနာနဲ့သာသနာပြု
ဒီကျောင်းမှာ သင်ပြသွားကြတဲ့ ဆရာမကြီးတွေဟာ ခရစ်ယာန်တွေဖြစ်ပေမယ့် မျိုးချစ်စိတ်ရှိသူတွေလို့လည်း ဒေါ်ရီကြိန်က အမှတ်တရ ရေးသားခဲ့ပါတယ်။ ကျောင်းမှာ ခရစ်ယာန် ကျမ်းစာသင်တာ၊ ဘုရားရှိခိုးတာတွေ ရှိပေမယ့် တခြား ဘာသာ သင်ချိန်မှာတော့ အမျိုးသားရေး ဘာသာရေး မစွက်ဘဲ စည်းကမ်းရှိဖို့ အရေးပေး သင်ကြားတယ်လို့လည်း ဆိုပါတယ်။ ခရစ်ယာန်ကျောင်းဖြစ်ပေမယ့် မြန်မာစာ သင်ရိုးမှာတော့ သာသနာ လျှောက်နဲ့ ဆွမ်းတော်ကြီးစာတမ်း၊ ဝိဇယ ပြဇာတ်၊ တောင်ဖီလာဆရာတော်ရဲ့ လင်္ကာတွေကို သင်ကြရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ABM 75th
ဒီအစ်မကြီးတွေဟာ အနေအထိုင် သပ်ရပ်ပြီး စိတ်ကောင်းထားရှိတဲ့နည်းနဲ့ပဲ သာသနာပြု သွားသူတွေ ဖြစ်တယ်လို့လည်း ဒေါ်ရီကြိန်က ဆိုပါတယ်။ ဒီဆရာမကြီးတွေရဲ့ အနေအထိုင် စိတ်ထားနဲ့ သည်းခံမှုတွေကို လိုက်နာပြီး ၁၉၅ဝ ကျော်က ရှမ်းပြည်နယ်မှာ လူထု ပညာရေးမှူးအဖြစ် ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ဒေါ်ရီကြိန် အောင်မြင်ခဲ့ပါတယ်။
အေဘီအမ်ဆရာမတွေထဲက အစ်မကြီး မပိုးညွန့်ဟာ ဘတ်စကားမပေါ်ခင်က ပဲလှော်ကြော်ရောင်းလို့ရတဲ့ငွေကို စုပြီး မြင်းရထားဝယ်ကာ ကျောင်းတက်မယ့် ကျောင်းသူတွေကို အိမ်ထိလိုက်ခေါ်ပေးတယ်လို့ သိရပါတယ်။ ၁၉၄၅ မှာ ကျောင်းပြန်ဖွင့်နိုင်ဖို့ ရွှေဘိုက ဆင်းလာတဲ့ အစ်မကြီးထုံကတော့ မြန်မာဘုရင်ခေတ်က ဗိုလ်တပ်ရေးမင်း သင်းအုပ်ဆရာကြီး ဦးကျော်ငြာရဲ့သမီး ဖြစ်ပါတယ်။ ဘော်ဒါမှာ ကျောင်းအိပ်ကျောင်းစားနေတဲ့ ညကျောင်းသမီးတွေကို ညီမကလေး တွေသဖွယ် ပဲ့ပြင်ဆုံးမသွားတယ်လို့လည်း ကျောင်းစိန်ရတုစာစောင်က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ABM 75th
ဒီလို ဆရာမကြီးတွေရဲ့ သွန်သင်မှုကြောင့် ထဘီပြင်ဝတ်တာကအစ သေသပ်အောင် နေတတ်ထိုင်တတ်ခဲ့တယ်လို့ လူထုဒေါ်အမာက ရေးသားခဲ့ပါတယ်။ ဒီကျောင်းက မိန်းကလေးတွေကို အင်္ဂလိပ်၊ အမေရိကန်ကို အထင်ကြီးအောင် လုပ်ပေးတယ် ဆိုပေမယ့် စည်းကမ်းနဲ့ ပညာကို တန်ဖိုးထားတတ်အောင် သင်ပေးခဲ့တဲ့ ကျောင်းလည်း ဖြစ်ပါတယ်။








