မန္တလေးက ပျောက်သွားတဲ့ ဦးရာဇတ်လမ်း၊ အမျိုးသားကောလိပ်က ဘီအေဘွဲ့ရတဲ့ အာဇာနည်

ဓာတ်ပုံ ရင်းမြစ်, BBC BURMESE
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့အတူ ကျဆုံးတဲ့ အာဇာနည်ခေါင်းဆောင်တွေထဲက ဦးရာဇတ်ကို မန္တလေး အမျိုးသား ကျောင်းအုပ်ကြီးအဖြစ် လူသိများပါတယ်။ ဗြိတိသျှခေတ်က အမျိုးသားကျောင်းတွေထဲမှာ ရန်ကုန် (မြို့မ) ၊ မန္တလေး၊ ပဲခူး၊ ရေနံချောင်း ဆိုတဲ့ နာမည်ကျော် ကျောင်းကြီးတွေရှိတဲ့အထဲမှာ သူနဲ့ စစ်တွေက ကျောင်းအုပ်ကြီး ဦးဇိုင်နုဒင်လောက်ပဲ မွတ်ဆလင်ကျောင်းအုပ်အနေနဲ့ ရှိခဲ့ပါတယ်။
ဦးရာဇတ် မွေးထုတ်ပေးခဲ့တဲ့ တပည့်တွေထဲ ဝန်ကြီးနဲ့ နိုင်ငံရေး ခေါင်းဆောင် တွေ၊ ပညာရှင်နဲ့ စာပေသမားတွေ ထင်ရှားခဲ့ကြသလို ဗိုလ်ချုပ်မှူးကြီးတယောက်နဲ့ ဒုတိယဗိုလ်မှူးချုပ်ကြီး တယောက်လည်း ပါတယ်လို့ သားဖြစ်သူ ဦးတင်မြင့် က ပြောပါတယ်။ ၁၉၈၈ စစ်အာဏာသိမ်းအစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စောမောင်နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးတို့က မန္တလေးအမျိုးသားကျောင်းထွက်တွေ ဖြစ်ကြပြီး လွတ်လပ်ရေးရပြီး ခေတ်အဆက်ဆက် မြန်မာအစိုးရ တွေထဲမှာ သူ့ကျောင်းထွက် ဝန်ကြီးတွေ ပါဝင်ခဲ့ကြပါတယ်။ အတွင်းဝန်ရုံးမှာ သူမကျဆုံးခင်က ထိုင်ခဲ့တဲ့ ရုံးခန်းမှာပဲ သူ့ကျောင်းထွက်၊ နဝတခေတ် စက်မှုဝန်ကြီး ဦးသန်းရွှေရုံးထိုင်ခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, AFP
နောက် ဦးရာဇတ်ဟာ သူများကျောင်းက အိုင်စီအက်ခေါ် ဗြိတိသျှအရာရှိ တယောက် မွေးထုတ်ရင် သူ့ကျောင်းကနေ သူပုန်ဆယ်ယောက်မွေးထုတ်ပေးမယ် ဆိုပြီး ကြုံးဝါးခဲ့တဲ့အတိုင်း နိုင်ငံရေးသမားနဲ့ တော်လှန်ရေး သမားတွေ ပေါ်ပေါက် လာအောင် အားပေးခဲ့သူ ဖြစ်တယ်လို့လည်း ဗကပတပ်နီသေနာပတိဟောင်း ဗိုလ်သိန်းတန်က ရေးပါတယ်။ နောက် ကျောင်းသား သမ္မတနိုင်ငံဆိုပြီး ကျောင်းမှာသမဂ္ဂကို ဖွဲ့စည်းပြီး ကျောင်းသား တွေ အစိုးရဖွဲ့ အုပ်ချုပ်ပြီး နိုင်ငံရေး လုပ်တတ်အောင် လေ့ကျင့်ပေးခဲ့ပါတယ်။ ခြောက်တန်းကနေ ဆယ်တန်းထိ ကျောင်းသားတွေကို မဲပုံးထောင်ဟောပြော ရွေးကောက်ပွဲ လုပ်ခိုင်းပြီး အစိုးရဖွဲ့ခိုင်းတဲ့နည်းနဲ့ ဒီမိုကရေစီ စနစ်နဲ့ ယဉ်ပါးအောင် လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu
ငြိမ်ကုပ်နေသူ မဟုတ်
သူဟာ အမျိုးသားကျောင်းအုပ်ကြီး ဖြစ်ပေမယ့် ပညာရေးနယ်ပယ်မှာသာ ငြိမ်ကုပ်နေခဲ့သူ မဟုတ်ပါဘူး။
ဒါကြောင့် ခွဲရေးတွဲရေးခေတ်ကတည်းက မန္တလေးခွဲရေးအသင်းမှာ လူကြီးအဖြစ် ဆောင်ရွက်ခဲ့ဖူးသလို (၂၁) ဦး နိုင်ငံရေး မှာလည်း ပါဝင်ခဲ့ပါတယ်။
နောက် ဒုတိယကမ္ဘာစစ် မဖြစ်ခင်ကတည်းက မန္တလေး စည်ပင်ရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် သုံးနှစ် ဆောင်ရွက်ခဲ့သလို မန္တလေး အပျော်တမ်း ရဲတပ်ဖွဲ့ ဥက္ကဋ္ဌဗိုလ်ချုပ်အဖြစ်လည်း ၁၉၃၂ ကတည်းက ထမ်းဆောင် ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Mandalay National School
ဒီရဲတပ်ဖွဲ့ဟာ မြန်မာပြည်ကို အိန္ဒိယက ခွဲထုတ်ပြီးနောက် တိုင်းပြည် ကာကွယ်ရေးအတွက် ထမ်းဆောင်နိုင်အောင် ဆိုပြီး ဆာမောင်ကြီး ခေါင်းဆောင် ဖွဲ့စည်းခဲ့တဲ့ အပျော်တမ်း တပ်ဖွဲ့ ဖြစ်ပါတယ်။ နောင်မှာ ဗမာ့တပ်မတော် ပေါ်လာတဲ့အခါ ဒီရဲတပ်သားတွေ တပ်မတော်ထဲ ဝင်ခဲ့ကြပါတယ်။ ဒီရဲတပ်ကို ဂုဏ်ပြုတဲ့အနေနဲ့ စစ်ပြီးခေတ်မှာလည်း ပုလိပ်အဖွဲ့ကို ရဲအဖွဲ့အဖြစ် အမည်ပြောင်းခဲ့ပါတယ်။
နောက် သူ့ကျောင်းသားတွေကို အင်္ဂလိပ်လက်ဝှေ့ထိုးနည်း သင်ဖို့လည်း အားပေးခဲ့ပါတယ်။ ဒီကျောင်းသားတွေထဲက ကျားဘငြိမ်းနဲ့ လက်ဝှေ့ချန်ပီယံ ဦးချစ်အုန်းတို့ ပေါ်ထွက်ခဲ့ပါတယ်။ နှစ်စဉ် ကျောင်းမှာ လက်ဝှေ့ပွဲ အကြီးအကျယ်လုပ်ပြီး အင်္ဂလိပ်စစ်တပ်နဲ့ ပုလိပ်ထဲက လက်ဝှေ့သမားတွေနဲ့ ထိုးသတ်စေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Family Archive
သူ့မျက်နှာနဲ့ မန္တလေးမြို့ပေါ်က အလှူရှင်တွေကလည်း ဆုဖလားတွေ ပေးကြပါတယ်။ ဒီလက်ဝှေ့ပွဲတွေဟာ ဗြိတိသျှကို လက်ရုံးနည်းနဲ့ ယှဉ်ပြိုင်လိုစိတ်ကို မွေးပေးခဲ့တဲ့ ပွဲတွေ ဖြစ်ပြီး စစ်ပြီးခေတ် မြန်မာလက်ဝှေ့ တခေတ်ဆန်းဖို့ အစပြု ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ၁၉၄၈ က လန်ဒန်အိုလံပစ်ကို မြန်မာပြည်က သွားပြိုင်ခဲ့တဲ့ လက်ဝှေ့သမား မျိုးသန့်က မန္တလေး အမျိုးသားကျောင်းတံဆိပ် ခြင်္သေ့ပုံကို ဆောင်ပြီး လက်ဝှေ့ပွဲမှာ ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။ နောက် ၁၉၆ဝ ထိ အိုလံပစ်ပွဲတွေ မှာလည်း ချစ်အုန်း၊ ကျားဘငြိမ်း၊ စံလှ၊ သန်းထွန်းစတဲ့ မန္တလေးအမျိုးသားကျောင်းထွက်တွေပဲ သွားရောက် ပြီး မြန်မာပြည်အတွက် လက်ဝှေ့ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

သူ့ကျောင်းမှာ မိန်းကလေးတွေကိုပါ လက်ဝှေ့သင်ပေးခဲ့တယ်လို့လည်း စစ်ပြီးခေတ်မှာ ရွှေမန်းမယ်ဘွဲ့ကို ရခဲ့တဲ့ ရွှေမန်းတင်လှက ရေးပါတယ်။
အဗ္ဗဒူ မောင်မောင်ကြီး
ဦးရာဇတ်ကို မြန်မာမွတ်ဆလင် ရဲအရာရှိနဲ့ ဗုဒ္ဓဘာသာမိခင်ကနေ မွေးဖွားပြီး မောင်နှမတွေထဲမှာ သူပဲ ဖခင်ဘက်လိုက်ပြီး မွတ်ဆလင်ဖြစ်ခဲ့တာပါ။ မြန်မာနာမည် မောင်မောင်ကြီးဆိုပြီး ရှိပေမယ့် ဖခင် ပေးထားတဲ့ အဗ္ဗဒူ ရာဇတ်ဆိုတဲ့ နာမည်ပဲ တွင်ခဲ့ပါတယ်။ ရဇက်၊ ရာဇက်စတဲ့ စာလုံးပေါင်း မူကွဲတွေလည်း ရှိလို့ မန္တလေးတက္ကသိုလ်က သူ့ကို ဂုဏ်ပြုတဲ့ အဆောက်အဦးကို ရာဇက်ခန်းမဆောင်လို့ အမည်မှည့်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu Archive
ငယ်စဉ်ကတည်းက စာပေထူးချွန်ပြီး မျိုးချစ်စိတ် ထက်သန်သူလည်း ဖြစ်လို့ ၁၉၂ဝ ပထမကျောင်းသားသပိတ်မှာ ဘီအေအထက်တန်းက ပါဝင်ခဲ့ပါတယ်။ တခြား သပိတ်မှောက် ဗုဒ္ဓဘာသာကျောင်းသားတွေနဲ့အတူ ဦးရာဇတ် ရွှေတိဂုံ ဇရပ်တွေမှာ သပိတ်စခန်းချခဲ့ပါတယ်။
နောက် သပိတ်နောက်ဆက်တွဲ ဖွင့်တဲ့ အမျိုးသားကောလိပ်မှာလည်း တက်ကာ ဘီအေဘွဲ့ယူခဲ့လို့ သူဘွဲ့ကို B.A (Nat) ဆိုပြီး ရေးလေ့ရှိပါတယ်။ သူနဲ့ ဘွဲ့အတူရခဲ့သူတွေထဲမှာ အမျိုးသားပညာဝန် ဦးဖိုးလတ်နဲ့ ဦးစိုးဝင်း တို့ပါသလို ကမ္ပည်း ကျောက်စာဝန် ဖြစ်လာတဲ့ ဦးလူဖေဝင်းလည်း ပါတယ်လို့ အမျိုးသားနေ့နှင့် အမျိုးသားပညာရေး လှုပ်ရှားမှုသမိုင်းအကျဉ်း မှာ ပါရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
သူ့ဖခင်အဆက်အသွယ်နဲ့ ပုလိပ်ဌာနမှာ အလုပ်ကောင်းကောင်းရနိုင်ပေမယ့် အမျိုးသား ကျောင်းဆရာအဖြစ် ဘဝကို မြှုပ်နှံခဲ့ပါတယ်။ မန္တလေးအမျိုးသား ကျောင်းဆရာ အဖြစ်သာမက ကျားမပူးတွဲသင်တဲ့ မွတ်ဆလင် အမျိုးသား ကျောင်းတွေ မန္တလေးနဲ့ရွှေဘိုမှာ ပေါ်ပေါက်အောင် ကူညီခဲ့ပါတယ်။
အဘွားအတွက် ငွေသုံးဆယ်

ဓာတ်ပုံ ရင်းမြစ်, Ludu Archive
ပညာရေးနဲ့ နိုင်ငံလွတ်လပ်ရေးနဲ့ အဆင့်မြင့်ရေးကို ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်သူ ဖြစ်လို့ ပညာမသင်နိုင်သူတွေကို ကူညီတဲ့အကျင့်ဟာလည်း ငယ်စဉ်ကတည်းက ရှိတယ်လို့ သူ့နှမ ဒေါ်သိန်းသိန်းက ပြန်ပြောင်း ရေးပြခဲ့ပါတယ်။ ဆရာ ဖြစ်လာ တဲ့အခါမှာလည်း ကျောင်းနေဖို့ အခက်အခဲရှိတဲ့ တပည့်တယောက်ကို ကျောင်းလခ စိုက်ပေးရုံသာမက တပည့်ရဲ့အဘွားဖြစ်သူအတွက်ပါ တလငွေသုံးဆယ် စရိတ် ထောက်ခဲ့ပါတယ်။ ဒါကြောင့် သူ့ကျောင်းဟာ ကျောင်းသားများ ပေမယ့် ကျောင်းလခ မပေးနိုင်သူ အများဆုံးကျောင်းလည်း ဖြစ်တယ်လို့ တပည့်ဖြစ်သူ လူထုဒေါ်အမာက ရေးပါတယ်။ ကျောင်းကဆင်းရဲသလို ကျောင်းအုပ်ကြီးနဲ့ ဆရာဆရာမတွေလည်း ကြွေးနဲ့မကင်း ဆင်းရဲခဲ့ကြပါတယ်။
ဒီလို စေတနာထားတဲ့အတွက်လည်း ဗုဒ္ဓဘာသာရဟန်းတော်တွေ အများဆုံးရှိတဲ့ မန္တလေးမြို့က သူ့ကို မြို့ခေါင်းဆောင်တယောက်လို အစဉ်အဆက် သဘောထား ခဲ့ကြပါတယ်။ ရဟန်းတော်တွေ သူ့ကျောင်းကို ဝင်ပြီး ပညာသင်ခွင့်ပြုခဲ့တဲ့ ဦးရာဇတ်ရဲ့ ခေတ်မီမှုကလည်း ယနေ့ထက်ထိ လိုက်မီသူ ရှားပါတယ်။ နာမည်ကျော် ဓမ္မကထိက အနီးစခန်းဆရာတော်ဟာလည်း ဦးရာဇတ်တပည့်တွေထဲက တပါး ဖြစ်ပါတယ်။
တခါ သူ့ကျောင်းမှာ စာသင်တဲ့ တပည့်တွေကိုလည်း မနက်တိုင်း ဗုဒ္ဓဘာသာ ဘုရားစာတွေ ရွတ်ဆိုစေပါတယ်။ ဘုရားမရှိခိုးတဲ့ ဗုဒ္ဓဘာသာဝင် တပည့်တွေကို အိမ်သာထဲထိ လိုက်ဖမ်းပြီး ကြိမ်လုံးနဲ့ ရိုက်တာပါ။

ဓာတ်ပုံ ရင်းမြစ်, Archive
နောက် သူ့ကျောင်းသားတွေကို အင်္ဂလိပ်စာတတ်စေချင်တဲ့အတွက် ကျောင်းမှာ အင်္ဂလိပ်လို ပြောတဲ့အကျင့် လုပ်ပေးပါတယ်။ မြန်မာလို ပြောမိသူကို သော့ခလောက် ကိုင်ခိုင်းပြီး အဲဒီသူက မြန်မာလို ပြောသူ နောက်တယောက်တွေ့ရင် လွှဲပေးတဲ့ စနစ် လုပ်တာပါ။ ညနေအထိ အဲဒီသော့ခလောက်ကိုင်ထားရသူကို ခေါ်ရိုက်တဲ့အတွက် တပည့်တွေက မြန်မာလို မပြောမိအောင် သတိထားပြီး အင်္ဂလိပ်စာ ကြိုးစားအောင် လုပ်ပေးခဲ့ပါတယ်။ ဒီလိုလေ့ကျင့်ပေးခဲ့တဲ့ ကျေးဇူးကို သံအမတ်ဖြစ်မှ ပိုပြီး နားလည် သိတတ်လာတယ်လို့လည်း တပည့်ဟောင်း သခင်ချန်ထွန်းက ပြန်ရေးပြခဲ့ပါတယ်။
စည်းကမ်းကြီးတာနဲ့အမျှ တပည့်တွေကို ကူညီသူလည်း ဖြစ်ပါတယ်။ သူ စည်ပင်လူကြီးဖြစ်တဲ့အခိုက် ကျောင်းသားမိဘတယောက် ကန်ထရိုက်အလုပ်ကို အိန္ဒိယသားတယောက်နဲ့ ယှဉ်ပြိုင်ရတဲ့အခါမှာ မြန်မာကို ပိုပေးထိုက်ပါတယ်ဆိုပြီး ကျောင်းသားမိဘဘက်က ထောက်ခံစာရေးပေးခဲ့ပါတယ်။ ကျောင်းပြေးသူတွေကို လိုက်ဖမ်းတာ၊ ရိုက်တာတွေ လုပ်ပေမယ့် ကျောင်းမတက်ချင်တဲ့ ကျောင်းသားလေးတွေကို ကလေးစိတ်ပညာ နည်းနဲ့ ကျောင်းတက်ချင်အောင် ချော့မော့ ပြုပြင်ပေးတတ်တယ် လို့လည်း တပည့်ဟောင်း ဦးမောင်မောင်မြက ဆိုပါတယ်။
ဦးရာဇတ်ဟာ မင်းတုန်းမင်းမြေးတော်နဲ့ အရေးပိုင်သားကနေ ဆင်းရဲသား သားသမီးအဆုံး တပည့်တွေရဲ့ ချစ်ခင်လေးစားမှုကို ရခဲ့တဲ့ ကျောင်းဆရာကြီး ဖြစ်ပါတယ်။
ဂျပန်ဖမ်း
စစ်အတွင်းမှာ ဦးရာဇတ် ဂျပန် ဖမ်းဆီးတာ ခံခဲ့ရပါတယ်။ စစ်ကျောင်းမှာ ကျောင်းအုပ်လုပ်ဖို့ ဗိုလ်ချုပ်အောင်ဆန်းက ခေါ်တာကို မသင်္ကာဖြစ်ပြီး ဂျပန်က ဖမ်းဆီးခဲ့တာလို့ သားဖြစ်သူ ဦးတင်မြင့်က ပြောပါတယ်။ ဗိုလ်ချုပ်လှမ်းခေါ်တဲ့နေ့က နေ့ကောင်းရက်သာမဟုတ်လို့ မလိုက်ပါနဲ့ဆိုပြီး ဆရာတယောက်က တားမြစ်လို့ လိုက်မသွားဘဲ နောက်နေ့မှ လိုက်ဖို့လုပ်လို့ အဖမ်းခံရတာလို့လည်း ဆိုပါတယ်။
ရွှေဘိုထောင်မှာ ချုပ်ထားတုန်း သူ့ကို ဗိုလ်မှူးကြီး ခင်ညို ခေါင်းဆောင်တဲ့ တပ်ထဲက တပည့်တွေက ကယ်ဖို့ လုပ်ပါတယ်။ သူက သူနဲ့အတူ အဖမ်းခံရသူတွေ အားလုံးကို ကယ်မှ လိုက်မယ်ဆိုပြီး ငြင်းပယ်ခဲ့ပါတယ်။
ဒီလို ခေါင်းဆောင် အရည်အချင်းနဲ့ ပြည့်ဝမှုတွေကြောင့် သူနဲ့အယူအဆမတူသူ တပည့်တွေက သူ့ကိုလေးစားကြတာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးစ သူ မန္တလေး ဖဆပလ ဥက္ကဋ္ဌ ဖြစ်ချိန်က အလံနီကွန်မြူနစ် ခေါင်းဆောင် သခင်ရန်ခြွေကို အစိုးရက မန္တလေးထောင်မှာ အဖမ်းခံခဲ့ရပါတယ်။ သခင်ရန်ခြွေက ထောင်ခေါင်မိုးပေါ်တက်ပြီး ဖဆပလ ခေါင်းဆောင်တွေကို ဆဲဆိုပေမယ့် ဦးရာဇတ် နာမည်မပါဘူးလို့ ဆိုပါတယ်။ အကြောင်းက သူတို့ကို တော်လှန်ရေးစိတ် သွင်းပေးခဲ့တဲ့ ဆရာကြီး ဖြစ်လို့ မဆဲတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bo Bo/ BBC Burmese
မြန်မာတွေထက်သာသေးတယ်နဲ့ နိုးကြားရေး
စစ်ပြီးခေတ်မှာလည်း ဗြိတိသျှလိုလားတဲ့ ဆာပေါ်ထွန်းအစိုးရက သူ့ကို အထက်ဗမာပြည် က ကွန်မြူနစ်ခေါင်းဆောင်လို့ စွပ်စွဲခဲ့ပါတယ်။ ဗိုလ်မှူးဗထူးတိုက်တွန်းမှုကြောင့် ဗြိတိသျှပြန်ဝင်စမှာပဲ မန္တလေးဖဆပလဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် ခဲ့သလို ဆရာတော်ကြီးတွေ လက်မှတ်ထိုးပြီး ဦးရာဇတ်ကို ဝန်ကြီးခန့်ပါ ဆိုကာ ဗိုလ်ချုပ်အောင်ဆန်းဆီ စာပို့တိုက်တွန်းတာတွေလည်း ဖြစ်ခဲ့ပါတယ်။ မြသိန်းတန်ဆရာတော်ကို လက်မှတ်ထိုးပေးဖို့ မြို့ခံတွေက လျှောက်တဲ့အခါ မင်းတို့ ဆရာကြီးက ကုလားကြီးပဲလို့ ဆိုပါတယ်။ ကုလားဆိုပေမယ့် မြန်မာတွေထက်သာသေးတယ်ဆိုပြီး နိုင်ငံရေးဝါရင့်ဆရာတော် ရွှေမျက်မှန်ဦးဝိဇယက ပြန်မိန့်ကာ ထိုးခိုင်းခဲ့တယ်လို့ ဦးရာဇတ်ရဲ့ တပည့် အရှေ့တိုင်းနို့ဆီ ဦးစောလှက ရေးသား ခဲ့ပါတယ်။
အဲဒီခေတ်က မြန်မာနိုင်ငံမှာ အိန္ဒိယက တင်သွင်းလာတဲ့ အလုပ်သမားတွေကြောင့် လူမျိုးရေးတင်းမာမှုတွေ ရှိခဲ့သလို နောက်ဆက်တွဲ ဘာသာရေး ကွဲပြားမှုတွေလည်း ရှိပါတယ်။ ဒါကြောင့် အစ္စလာမ်ဘာသာဝင် တောင်အာရှသွေး မကင်းသူ တွေဟာ သူတို့ကိုယ်သူတို့ မြန်မာလို့ လူများစု ဗုဒ္ဓဘာသာဝင်တွေက လက်ခံလာအောင် ကြိုးစားကြကြောင်း၊ ဒီအတွက် သူတို့ကိုယ်သူတို့ တိုင်းရင်းသားပိုဆန်အောင် ကြိုးစားတာ၊ အိန္ဒိယ အသွင်အပြင်ကို ဖျောက်ဖျက်တာတွေ လုပ်ကြ ကြောင်း၊ ဒီလို ရည်ရွယ်ချက်နဲ့ ထူထောင်တဲ့ ဗမာမွတ်ဆလင် နိုးကြားရေးအသင်း၊ ဗမာမွတ်ဆလင် ကွန်ဂရက် စတဲ့ အဖွဲ့တွေဟာ သူတို့တွေရဲ့ မြန်မာတွေနဲ့ တသွေး တသားတည်းဖြစ်ကြောင်း ပြနိုင်ဖို့ ကြိုးစားအားထုတ်မှုတွေဖြစ်ကြောင်း စင်္ကာပူ အမျိုးသား တက္ကသိုလ် အရှေ့တောင်အာရှ လေ့လာရေးဌာနက လက်ထောက်ပါမောက္ခ ဒေါက်တာ ညီညီကျော်က သုံးသပ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Family Archive
ဒါကြောင့် ဦးရာဇတ် ဥက္ကဋ္ဌလုပ်ခဲ့တဲ့ ဗမာမွတ်ဆလင်နိုးကြားရေးအဖွဲ့ချုပ်က သူတို့ကို ဇေဒဘာရီလို့ ခေါ်တာကို တားမြစ်ပေးဖို့ အဲဒီအချိန်က ဂဠုန်ဦးစောအစိုးရကို တောင်းဆိုတာဖြစ်ခဲ့သလို ဗမာမွတ်ဆလင်တွေ လူနည်းစုအဖြစ်မနေဘဲ လူများစုနဲ့ ပူးပေါင်းဖို့ ဦးရာဇတ်က မဲပေး ဆုံးဖြတ်ခဲ့တာတွေ ဖြစ်ခဲ့ပါတယ်။ ဗမာပြည်မှာ အယူဝါဒကွဲပြားခြင်းကြောင့် လူမျိုးရဲ့စည်းလုံးမှု၊ တိုင်းပြည်တိုးတက်ချမ်းသာမှုကို မပျက်စီးရာဆိုတဲ့ ရမည်းသင်း ယင်းတော်မှာ ၁၉၄၁ က ကျင်းပတဲ့ ဗမာမွတ်စလင် ကွန်ဖရင့်မှာ ဦးရာဇတ် မိန့်ကြားခဲ့တဲ့အတိုင်း ငါကားသူနဲ့မတူ၊ သီးခြားလူမျိုး ဆိုတဲ့စိတ်ထားကို တိုင်းပြည်နဲ့လူမျိုးအတွက် ဖိနှိပ်သွားကြတာပါ။
နောက် ဦးရာဇတ်ရဲ့ အမျိုးသားကျောင်းဟာ မြန်မာပြည်မှာ စစ်ကြီးမဖြစ်ခင်ကတည်းက တို့ဗမာသီချင်းကို မနက်တိုင်း ဘင်ခရာတီးပြီး ဆိုရတဲ့ တခုတည်းသော ကျောင်းဖြစ်ပါတယ်။ သူမရှိတဲ့နောက် ဒီသီချင်းကို နိုင်ငံတော်သီချင်းအဖြစ် ပြောင်းလဲပြီး တိုင်းပြည်ပြုလွှတ်တော်မှာ ပထမဆုံး သီဆိုဖို့ စတိုင်ပေးခဲ့သူကလည်း ဦးရာဇတ်ရဲ့ တပည့်ရင်း အမျိုးသားကျောင်းဆရာဟောင်း ဗိုလ်ခင်မောင်ကလေးဖြစ်ပါတယ်။
မန္တလေးတက္ကသိုလ်

ဓာတ်ပုံ ရင်းမြစ်, Archive
မြန်မာပြည် ပညာရေးမှာ အညာက အနှစ် ၆ဝ၊ ၈ဝ လောက် နောက်ကျနေရာက တိုးထွက်နိုင်အောင် ဦးရာဇတ် ပညာရေးဝန်ကြီး ဖြစ်ချိန်မှာ ဘက်ဂျက်တိုးချပေးပြီး မန္တလေးမှာ တက္ကသိုလ်တခုဖွင့်နိုင်အောင် အခက်အခဲတွေကြားက ကြိုးစား ခဲ့ပါတယ်။
နောက် ကျောင်းအုပ်လုပ်သူဟာ အထက်ပိုင်းက လူတွေရဲ့အကြောင်း နားလည်တဲ့သူဖြစ်ရမယ် ဆိုပြီး လန်ဒန်က ဓာတုဗေဒ မဟာဘွဲ့ယူလာတဲ့ စစ်ကိုင်းသား ဦးကိုလေးကို ခန့်အပ်ခဲ့ပါတယ်။ အထက်ပိုင်းက လူတွေကို ပညာတော်သင် စေလွှတ်ပြီး ပညာရေးကို တိုးချဲ့ဖို့ သူကြံစည်ခဲ့ပေမယ့် လုပ်ကြံခံရတဲ့အတွက် ထင်သလောက် မပေါက်ခဲ့ပါဘူး။ သူ့အမျိုးသားကျောင်းထွက်တွေထဲက ဆန်စပါးပညာရှင် ဒေါက်တာ ကောင်းဇံ၊ ဒေါက်တာကျော်ရင်၊ ဓာတုဗေဒက ဒေါက်တာ ခင်မောင်၊ ပါဠိပါမောက္ခအမ်အေဒေါ်အုန်းနဲ့ ဒေါ်တင်လှစတဲ့ နိုင်ငံခြားပြန်တွေ ပညာရှင်တွေ ထွက်ခဲ့သလို တရားရုံးချုပ်ရှေ့နေကြီး ဦးမြစိန်လို ဥပဒေပညာရှင်လည်း ပေါ်ထွန်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu Archive
သူဝါသနာပါတဲ့ ပါဠိသင်ကြားရေးမှာတော့ တက္ကသိုလ် အနေနဲ့ ဖြစ်မြောက်အောင် သူကြိုးပမ်းချင်ခဲ့ပါတယ်။ ပါဠိတက္ကသိုလ်ပေါ်ထွန်းရေးအတွက် ပထမကျော် ဦးကြီးဖေ၊ မန္တလေးဦးဘမှီ စတဲ့ ပညာရှိတွေနဲ့ ကော်မတီဖွဲ့ တိုင်ပင်နေတုန်း သူကွယ်လွန်ခဲ့တာပါ။
လွတ်လပ်ရေးရပြီးနောက်မှာ ပါဠိတက္ကသိုလ် နာမည်ခံ ကျောင်းတွေ အများအပြား ပေါ်ခဲ့ပေါ်မယ့် သူဖြစ်စေချင်တဲ့ စနစ်တကျ ခေတ်မီနည်းနဲ့ ပါဠိသင်တဲ့ကျောင်းတွေ မဟုတ်ပါဘူး။ ၁၉၈ဝ ကျော်က အစပြုပြီး မင်းကွန်း တိပိဋကဆရာတော် အမှူးပြုပြီး ရန်ကုန်နဲ့ မန္တလေးမှာ ဖွင့်ခဲ့တဲ့ သာသနာ့တက္ကသိုလ်တွေက သူစိတ်ကူးခဲ့တဲ့ ပါဠိတက္ကသိုလ် စီမံကိန်းရဲ့ အဆက် ဖြစ်လာခဲ့ပါတယ်။
အမျိုးသားစီမံကိန်း ဝန်ကြီးအဖြစ် သူတာဝန်ယူရင်း စစ်ပြီးခေတ် ပြန်လည်ထူထောင်ရေး အတွက် ဆိုရန်တိုဗီလာညီလာခံကျင်းပရေးနဲ့တကွ စာရင်းအင်းနဲ့ ဆိုင်ရာ အဖွဲ့အစည်းတွေ ပေါ်ပေါက်အောင် ကြိုးပမ်းတာတွေလည်း လုပ်ခဲ့ပါတယ်။
ရာဇတ်လမ်း

ဓာတ်ပုံ ရင်းမြစ်, SAI AUNG MAIN
မန္တလေးမှာ တချိန်က ရာဇတ်လမ်းဆိုပြီး ရှိခဲ့တာကို သိသူနည်းသွားပြီ ဖြစ်ပါတယ်။ (၈၄) လမ်းကို အောင်ဆန်းလမ်း၊ ဦးရာဇတ်နေခဲ့တဲ့ အမျိုးသားကျောင်းအနောက်ဘက်က (၈၁) လမ်းကို ရာဇတ်လမ်းဆိုပြီး သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလမ်းနာမည် မန္တလေးမှာ တိမ်ကောသွားပေမယ့် ပျဉ်းမနားနဲ့ မြောက်ဒဂုံ၊ သန်လျင်မြို့တွေမှာ ဦးရာဇတ်လမ်းတွေ တွေ့ရကြောင်း သားဖြစ်သူ ဦးတင်မြင့်က ပြောပါတယ်။
ဦးရာဇတ်ဟာ သူများလက်ချက်နဲ့ သေနိုင်တဲ့ ဇာတာပါလာမှန်း သူကိုယ်တိုင် တွက်ချက်သိပေမယ့် နိုင်ငံအတွက် သူလုပ်သင့်တာတွေကို စွမ်းစွမ်းတမံ လုပ်သွားသူ ဖြစ်ပါတယ်။ လွတ်လပ်ရေးရရင် စာပြန်သင်မယ်ဆိုတဲ့ သူ့အိပ်မက်လည်း မဖြစ်မြောက်ခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Aung Myint Oo
သူ့တသက်မှာ အိမ်ပိုင်ရယ်လို့ မရှိဘဲ ငှားနေခဲ့ရသူဖြစ်လို့ သူကွယ်လွန်ချိန်မှာ ရတဲ့ အသက်ကြေးနဲ့ မိသားစု အိမ်ဝယ်ခဲ့ရတာ ဖြစ်ပါတယ်။ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုတွေအတွက် ဘီအိုစီ ကုမ္ပဏီက ကော်မရှင်စား ပေးတဲ့ မန္တလေး (၈၄) လမ်း၊ (၃၃) နဲ့ (၃၄) လမ်းကြားက ဒေါ်ခင်ခင် ဓာတ်ဆီဆိုင်ကိုလည်း ပြည်သူပိုင် သိမ်းခံခဲ့ရပြီး ဒေါ်ခင်ခင် သက်ရှိထင်ရှားရှိချိန်မှာသာ တလငွေတထောင်ပေးဖို့ ဗိုလ်ချုပ်ကြီးနေဝင်းက စီစဉ်ခဲ့တယ်လို့လည်း သားဖြစ်သူ ဦးတင်မြင့်က ပြောပါတယ်။









