မေ့လျော့နေကြတဲ့ မန္တလေးက မူလ အာဇာနည် ၁၇ ဦး

ဓာတ်ပုံ ရင်းမြစ်, Thierry Falise
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
အာဇာနည်နေ့လို့ နှစ်စဉ် ကျင်းပနေပေမယ့် အဲဒီထက် စောတဲ့ အာဇာနည် ၁၇ ဦးသေဆုံးမှုကိုတော့ လူတော်တော်များများ သတိမထားမိကြပါဘူး။
အဓိကက ဒီအာဇာနည်တွေဟာ အစိုးရအဖွဲ့ဝင်တွေ မဟုတ်သလို နိုင်ငံခေါင်းဆောင်တွေလည်း မဟုတ်ကြလို့ပါပဲ။
ဒါပေမဲ့ သူတို့ သေဆုံးရတဲ့ ကိစ္စကတော့ လူမသိ သူမသိ ဖြစ်သွားတာ မဟုတ်ဘဲ မန္တလေးမြို့လယ်ကောင်မှာ ထောင်နဲ့ချီတဲ့ လူအုပ်ထဲ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ပြီးတော့ မြန်မာနိုင်ငံမှာ အစုအပြုံလိုက် ပစ်ခတ် နှိမ်နင်းခံရတဲ့ ဆန္ဒပြပွဲတွေထဲမှာ ပထမဆုံး လူအသေ အပျောက်များတဲ့ ပွဲလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ullstein bild Dtl.
၁၃ဝဝ ပြည့်
ရန်ကုန်မှာ ဗိုလ်အောင်ကျော် ကျဆုံးပြီးတဲ့နောက် မန္တလေးမှာလည်း နိုင်ငံရေး လှုပ်ရှားခဲ့ပါတယ်။
မန္တလေးဟာ မြန်မာနိုင်ငံမှာ စာသင်သံဃာအများဆုံး ရှိတဲ့ မြို့ဖြစ်လို့ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ သူတို့ရဲ့ သြဇာက ကြီးပါတယ်။
အဲဒီ ၁၃ဝဝ ပြည့်အရေးတော်ပုံ ဖြစ်တဲ့နှစ်မှာပဲ မန္တလေးမှာ ရဟန်းပျို အဖွဲ့ချုပ်ကို တည်ထောင်ပြီး နိုင်ငံရေး လှုပ်ရှားမှုတွေ ကြီးထွားလာပါတယ်။
လူမျိုးခြား ဆိုင်တွေမှာ မဝယ်ဖို့၊ အမျိုးသမီးတွေ အင်္ကျီပါး မဝတ်ဖို့နဲ့ အမျိုးသားတွေ ဘိုဆံတောက်မထားဖို့ ရဟန်းပျိုတွေက လိုက်ပြီး လှုံ့ဆော်နေတာ ဖြစ်ပါတယ်။
အဲဒီနှစ်မှာပဲ စျေးချိုမှာ ဗြိတိသျှ အစိုးရရဲ့ ကန့်သတ်ပုဒ်မထုတ်မှုကို မကျေနပ်လို့ စျေးသပိတ်မှောက်ပြီး အိမ်တော်ရာ ဘုရားမှာ စျေးဖွင့်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu
ဒီလို မတည်ငြိမ်မှုတွေကြားက ရန်ကုန်မှာ ဖြစ်တဲ့ ဂယက်က မန္တလေးက ရောက်လာပြီး မန္တလေး သံဃာတချို့နဲ့ ကျောင်းသားတွေ အဖမ်းခံရပါတယ်။
ဖမ်းဆီးရာမှာ ဘုန်းကြီးကျောင်းထဲ ဖိနပ်စီးဝင်ဖမ်းတဲ့အတွက် မကျေနပ်တဲ့ မြို့လူထုနဲ့ သံဃာတွေက မြို့လုံးကျွတ် အစည်းအဝေးခေါ်ပြီး ကန့်ကွက်ပါတယ်။
နောက်တနေ့ တပို့တွဲ လဆုတ် ၇ ရက်မှာ အရေးပိုင်ရုံးကို စီတန်းလှည့်လည်ဖို့ ဆုံးဖြတ်ပြီး လှည့်လည်ရာကနေ ပစ်ခတ်ခံရပြီး အာဇာနည်တွေ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu
ပုဒ်မ ၁၄၄ ထုတ်ပြီး လူ ငါးယောက်ထက် ပိုမစုဝေးရ ထုတ်ပြန်ထားချိန်မှာ စီတန်းလှည့်လည်တဲ့အတွက် ဗြိတိသျှ အစိုးရဘက်ကလည်း အင်အားသုံး ဖြေရှင်းဖို့ ပြင်ဆင်ပါတယ်။
အရေးပိုင်ရုံးရှိရာ စီဗီလိုင်းကို အိမ်တော်ရာ ဘုရားကနေ ချီတက်လာတဲ့ လူစုကို ကျုံးထောင့်နားကနေ ပုလိပ်တွေနဲ့ စောင့်ပြီး ပြန်ခိုင်းပါတယ်။
သံဃာတွေက သူတို့မှာ လက်နက်မပါကြောင်း 'We are armless' ဆိုပြီး အင်္ဂလိပ်လို ပြန်ပြောတယ်လို့ အဲဒီအချိန်က ထုတ်တဲ့ စာနယ်ဇင်းတချို့မှာ ဖော်ပြပါတယ်။
မန္တလေးသား ဒေါက်တာမောင်မောင်ရဲ့ မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း စာအုပ်မှာတော့ ရှေ့မတက်ဖို့ တားတာကို သံဃာတွေဘက်က အတင်းတက်လာလို့ ပစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu
သူဌေးဝါဒ လုံချည်လေးနဲ့ ကျောင်းသူ
၂၆ ဘီလမ်းပေါ်မှာ သုံးကြိမ် ပစ်ခတ်တဲ့အတွက် စုစုပေါင်း ၁၅ ဦး ပွဲချင်းပြီး သေဆုံးပျံလွန်ကုန်ပြီး နောက် သံဃာတပါးနဲ့ လူတယောက် ထပ်မံအနိစ္စရောက်လို့ အားလုံး အာဇာနည် ၁၇ ဦးအဖြစ် စာရင်းတင် ကျန်ရှိပါတယ်။
ဒီလို စာရင်းမဝင်ဘဲ ပုန်းကွယ် ဆေးကုရင်း သေဆုံးသူတွေလည်း ရှိနိုင်တယ်လို့ အဲဒီခေတ်က နိုင်ငံရေးသမားတွေက ယူဆပါတယ်။
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ ဖြစ်လာမယ့် ရန်ကုန်က သမဂ္ဂခေါင်းဆောင် ကိုလှမောင်လည်း ကျည်ထိမှန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu
မိုးညှင်းဘက်က မလေးဆိုတဲ့ ကျောင်းသူလေးတယောက် သူဌေးဝါဒ လုံချည်လေးနဲ့ လမ်းပေါ်လဲနေတာကို သွားထူဖို့ ကြိုးစားတုန်း ပုလိပ်က လိုက်ဖမ်းလို့ ရှောင်ရတာနဲ့ နောက်တကြိမ်ပစ်ခတ်တာ အပါအဝင် အခြေအနေ ရှုပ်ထွေးနေတုန်း ကျောင်းသူကို ပြန်မတွေ့တာမျိုး ရှိခဲ့ကြောင်း ဒီပစ်ခတ်မှု ဖြစ်ချိန်မှာ မန္တလေး အမျိုးသားကျောင်းဆရာ ဖြစ်ခဲ့တဲ့ ပြည်ထဲရေး ဝန်ကြီးဟောင်း ဗိုလ်ခင်မောင် ကလေးက နောက်ပိုင်းမှာ ပြန်ပြောပြခဲ့ပါတယ်။
တချို့ သေဆုံးသူတွေ အလောင်းကို ဗြိတိသျှဘက်က ဖျောက်ဖျက်ပစ်တယ်လို့လည်း ယုံကြည်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu
ပစ်ခတ်မှု ဖြစ်ချိန်မှာ ရှေ့ဆုံးက သံဃာတွေ အရင်ထိမှန်လို့ သံဃာ ၇ ပါး ပျံလွန်ခဲ့ပါတယ်။
နောက်က ချီတက်လာတဲ့ ကျောင်းသားအုပ်နဲ့ စျေးချိုဘက် ဆင်းလာတဲ့ ပုလိပ်တွေ ထပ်ရင်ဆိုင်မိပြီး နှစ်ကြိမ် ထပ်မံပစ်ခတ်တဲ့ အတွက် လူ ၁ဝ ယောက် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီအချိန်က ပစ်တဲ့ ကျည်ဆံဟာ စျေးချိုကို ကျော်ပြီး အိမ်တော်ရာ ဘုရားဘက်က လူကို ထိမှန်တာမျိုးတွေ ရှိခဲ့ကြောင်း ကိုယ်တွေ့ကြုံခဲ့တဲ့ ရဲမင်းကြီး ဦးဘအေးက သူ့ဘဝမှတ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။
ဒီပစ်ခတ်မှုကို တာဝန်ယူရတဲ့ မန္တလေး ရာဇဝတ်ဝန် အင်္ဂလိပ်လူမျိုးကတော့ စိတ်အကြီးအကျယ်ထိခိုက်ပြီး အင်္ဂလန်ကို ပြန်ပို့လိုက်ရတယ်လို့လည်း ဆိုပါတယ်။
လူစုခွဲရာမှာ မိုးပေါ်ထောင်မပစ်ရဘဲ လူကို ဒဏ်ရာရရုံ ခြေထောက်ကို ပစ်ခတ်ဖို့ ညွှန်ကြားပေမယ့် ဘာကြောင့် ထိမှန်သေဆုံးတာတွေ ဖြစ်တယ်ဆိုတာတော့ သူက ရှင်းပြမသွားပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Ludu
အညတြ အာဇာနည်တွေ
ဒီဖြစ်ရပ်မှာ သေဆုံးသူတွေဟာ သံဃာတွေ၊ ဘုန်းကြီးကျောင်းသားနဲ့ လူကျောင်းသားတွေ၊ အရပ်သားတွေ ဖြစ်ကြပြီး လူသိများသူတွေ မဟုတ်ကြပါဘူး။
ရခိုင်နဲ့ သထုံကနေ မြစ်ကြီးနားထိ နယ်ပယ်စုံသလို တောင်သူ၊ ပွဲစား၊ သတင်းစာရောင်းသူ၊ သံဖြူဆရာနဲ့ ပစ်ခတ်ခံရတဲ့နားက တရုတ်ကပြား လူငယ်အထိ စုံလင်ပါတယ်။
ဒီထဲက ၁၂ နှစ်အရွယ် သတ္တမတန်းကျောင်းသား မောင်တင်အောင် သေဆုံးတဲ့ ကိစ္စကတော့ လူပြောများခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu
မန္တလေး ထွန်းလှဟိုတယ်ကို ဖွင့်ခဲ့တဲ့ ဦးထွန်းလှရဲ့ သားကြီးမောင်တင်အောင် မကွယ်လွန်မီမှာ မိုက်တော့မယ်၊ အရေးတော်ပုံ အောင်ပါစေ၊ စည်းကမ်းသေဝပ်ကြပါ ညီညွတ်ကြပါ ဆိုပြီး ရေးသား မှာကြားသွားခဲ့တယ်လို့လည်း မန္တလေး သမဂ္ဂ ခေါင်းဆောင် ကိုမောင်ကိုက ပြန်ပြောင်းပြောပြခဲ့ပါတယ်။
နောက် ကျဆုံးတဲ့ ကျောင်းသား ကိုလှမောင်ကတော့ ဒဏ်ရာကို လက်နဲ့ဖိရင်း တိုင်းပြည်နဲ့အမျိုးအတွက် နောက်မဆုတ်ဘဲ ရှေ့တက်ကြဖို့ ဟစ်အော်သွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu
ဒီကျောင်းသားနဲ့ သံဃာတွေ ကျဆုံးခဲ့မှုကြောင့် ဒေါက်တာဘမော်ရဲ့ ညွန့်ပေါင်း အစိုးရ ပြုတ်ကျခဲ့ပါတယ်။
နောက်ပိုင်း လွတ်လပ်ရေး လှုပ်ရှားမှုတွေမှာလည်း ကျောင်းသားနဲ့ သံဃာတွေ အများအပြား ပူးပေါင်း ပါဝင်ကြတာကို တွေ့ရပါတယ်။
မန္တလေး ရဟန်းပျို အဖွဲ့က သံဃာတွေဟာ စစ်အတွင်းမှာလည်း မဟာမုနိ ရုပ်ရှင်တော်ကို အလုယက်မခံရအောင် ကာကွယ်ပေးသလို လွတ်လပ်ရေး ရပြီးနောက် မန္တလေးကို ကရင်လက်နက်ကိုင်တွေ သိမ်းထားချိန်မှာလည်း ပြန်တိုက်တဲ့ အစိုးရတပ်တွေကို ဆွမ်းခံကျွေးပြီး ကူညီခဲ့တယ်လို့ ဗိုလ်မှူးချုပ်အောင်ကြီးက နောင်မှာ အမှတ်တရ ရေးခဲ့ပါတယ်။
၁၉၆၂ နောက်ပိုင်းမှာတော့ ရဟန်းပျိုအပါအဝင် သံဃာ့အဖွဲ့အစည်းတွေ တားမြစ် ကန့်သတ်ခံရတာ၊ ပိတ်ပင်ဖမ်းဆီးတာတွေ ရှိလာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu
ဒီလှုပ်ရှားမှုကို ပစ်ခတ်ဖြိုခွဲမှုကြောင့် အရင်က ဆန္ဒပြမှုတွေမှာ လူတယောက်တလေသာ သေဆုံးတဲ့ ဖြိုခွင်းမှုမျိုး မဟုတ်တော့ဘဲ ဖြိုခွင်းမှု ပုံစံ တဆင့်တက်လာတာ ဖြစ်ပါတယ်။
ဒီမတိုင်ခင်က ရန်ကုန်မှာ အိန္ဒိယ ဗမာ အဓိကရုဏ်းအတွင်းမှာလည်း အလားတူ ရိုက်နှက် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး လူအသေအပျောက် များခဲ့ပါတယ်။
အဓိကရုဏ်း ဖြိုခွဲမှု ပုံစံမျိုး ဆန္ဒပြပွဲမှာ ကျင့်သုံးခဲ့လို့ ဒီလို အသေအပျောက်များတာ ဖြစ်ပါတယ်။
၁၉၆၂ က ဆဲဗင်းဇူလိုင် လှုပ်ရှားမှုမှာတော့ မန္တလေး အာဇာနည် ၁၇ ဦး ပစ်ခတ်မှုလိုမျိုး ပစ်ခတ်တာတွေ ပြန်ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu
၂၆ ဘီလမ်းကို အာဇာနည်လမ်းလို့ သတ်မှတ်ခဲ့ပေမယ့် နဝတ အစိုးရခေတ်မှာ ဘုရင့်နောင်လမ်းလို့ ပြောင်းလဲခဲ့ပါတယ်။
လွတ်လပ်ရေးရပြီးနောက် သူကြွယ်ကုန်းမှာ ဆောက်ခဲ့တဲ့ အာဇာနည်ဗိမာန်ကိုလည်း အဝင်အထွက်ခွင့်မပြုဘဲ ထားခဲ့ပါတယ်။
၁၉၈၈ အရေးအခင်း နောက်ပိုင်း မန္တလေး စာသင်တိုက်ကြီးတွေက သံဃာတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
ဒီလို နှိပ်ကွပ်ခဲ့ပေမယ့် ၂ဝဝ၇ သံဃာ့အရေးအခင်းမှာတော့ မန္တလေးနဲ့ မြန်မာနိုင်ငံအရပ်ရပ်က သံဃာလှုပ်ရှားသူတွေ ပြန်လည် ခေါင်းထောင်လာတာကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, U Ba Aye
အာဇာနည် သရဲ
ဒီအဓိကရုဏ်း နောက်ဆက်တွဲ ဇာတ်လမ်းတပုဒ်ကိုလည်း ဦးဘအေးရဲ့ မှတ်တမ်းမှာ တွေ့ရပါတယ်။
သူတို့မိသားစု ငှားနေတဲ့ မန္တလေး အရှေ့ပြင်က အိမ်မှာ ပုဏ္ဏကတိုက်သလို ဖြစ်လို့ ဘုန်းကြီးတပါးပင့်ပြီး သရဲကို ခေါ်မေးခိုင်းရာမှာ ဒီပစ်ခတ်မှုမှာ သေဆုံးခဲ့သူ တယောက်က ဝင်ပူးပြောတယ်လို့ ဆိုပါတယ်။
မန္တလေးတောင်ခြေက ထနောင်းပင်မှာ ခိုကပ်နေရတဲ့ ဒီအာဇာနည် သရဲက ဦးဘအေးနေတဲ့ အိမ်ရှင်ကို မကျေနပ်လို့ ဒီလို ပုဏ္ဏကတိုက်တာလို့ ဆိုပါတယ်။
ဦးဘအေးဟာ ၁၉၄၇ မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ဝန်ကြီးများ ကျဆုံးမှုမှာလည်း စုံစမ်းစစ်ဆေးရတဲ့ ရဲအရာရှိကြီးတယောက် ဖြစ်လာခဲ့ပါတယ်။









