နိုင်ငံရေးအားမပေးတဲ့ ရွှေကျင်ဂိုဏ်းနဲ့ မြန်မာဗုဒ္ဓဘာသာ

burma

ဓာတ်ပုံ ရင်းမြစ်, bhidethescene

ဓာတ်ပုံ ပုံစာ, မန်းတောင်ခြေမှာ သာသနာထွန်းကားမယ်လို့ ယုံကြည်ခဲ့ကြ
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

အင်ကြင်းခက်ကိုင်း ရွှေကျင်ဂိုဏ်း ဆိုတဲ့ မြန်မာသက္ကရာဇ် ၁၂၂၂ ခုနှစ် အေဒီ ၁၈၆ဝ က တည်ထောင်ခဲ့တဲ့ ရွှေကျင်ဂိုဏ်းကြီး သက်တမ်း နှစ် ၁၆ဝ ကျော်ခဲ့ပါပြီ။ ဂိုဏ်းကို ကြီးမှူးအုပ်ချုပ်တဲ့ သာသနာပိုင် စဉ်ဆက်မှာလည်း ဂိုဏ်းတည်ထောင်သူ ရွှေကျင်ဆရာတော်ကြီးကနေ ၁၅ ဆက်မြောက် ဝိဇ္ဇောတာရုံဆရာတော်ထိ ၁၆ ပါးတိတိ ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒီဂိုဏ်းကြီးဟာ မြန်မာပြည်က အစိုးရ အသိအမှတ်ပြုတဲ့ သံဃာဂိုဏ်းကြီး ၉ ဂိုဏ်းအနက် ဒုတိယသံဃာအများဆုံးဂိုဏ်းဖြစ်ပြီး သာသနာပိုင်သီးခြားရှိတဲ့ ဂိုဏ်းလည်း ဖြစ်ပါတယ်။ သံဃာအများဆုံးဖြစ်တဲ့ သုဓမ္မာ ဂိုဏ်းကြီး မှာတော့ ၁၉၃၉ က တောင်ခွင် ဆရာတော် ပျံတော်မူပြီးနောက် အစိုးရက သာသနာပိုင် သီးခြား မခန့်အပ်တော့ပါဘူး။ နောက်ပြီး ၁၉၈ဝ မှာ လမ်းစဉ်ပါတီအစိုးရ အစီအစဉ်နဲ့ ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေး ကြီးက သံဃာ့ မဟာနာယက အဆင့်ဆင့် တင်မြှောက်ပြီး ဥက္ကဋ္ဌ အဆက်ဆက် တင်မြှောက် အုပ်ချုပ်ခဲ့ပါတယ်။ ဒီသံဃာ့နာယကအဖွဲ့တွေမှာ ရွှေကျင်၊ ဒွာရ စတဲ့ ဂိုဏ်းငယ်တွေ ပါဝင် ပေမယ့် ဂိုဏ်းအလိုက် သာသနာပိုင် သီးခြား တင်မြှောက် တဲ့ အစဉ်အလာကို ထိန်းထားခဲ့ပါတယ်။

thai

ဓာတ်ပုံ ရင်းမြစ်, STR

ဓာတ်ပုံ ပုံစာ, ဓမ္မယုတ်ဂိုဏ်းက လက်ရှိ ထိုင်းသံဃရာဇာနဲ့ ထိုင်းဘုရင်

သာသနာသစ်လှိုင်း

ရွှေကျင်ဂိုဏ်း ထူထောင်ချိန်ဟာ ထိုင်းနိုင်ငံမှာ မောင်းကွတ်ဘုရင် ရဟန်းဘဝက ထူထောင်တဲ့ ဝိနည်းတင်းကျပ်တဲ့ ဓမ္မာယုတ်ဂိုဏ်းထူထောင်ချိန်နဲ့ တိုက်ဆိုင်နေသလို မြန်မာပြည်မှာလည်း ငှက်တွင်းဂိုဏ်း၊ ဒွာရဂိုဏ်း စတဲ့ ဝိနည်း တင်းကျပ်ပြီး ပဋိပတ်အလုပ် အားပေးတဲ့ ဂိုဏ်းသစ်တွေ ပေါ်ချိန်နဲ့ မရှေးမနှောင်း ဖြစ်ပါတယ်။ ဒီလိုဂိုဏ်းသစ်တွေ ပေါ်လာတာဟာ အရှေ့တောင်အာရှ နိုင်ငံတွေကို အနောက်နိုင်ငံတွေ နယ်ချဲ့သိမ်းပိုက်မှုကို ယဉ်ကျေးမှုပိုင်းမှာ ခုခံတွန်းလှန်တဲ့ပုံစံဆိုပြီး ဗုဒ္ဓဘာသာ ပညာရှင်တွေက ရေးသားကြပါတယ်။ ဒေသတွင်းမှာ လူအများ ကိုးကွယ်တဲ့ ဘာသာအယူဝါဒတွေကို သန့်စင်ရေးနဲ့သာ အပြင်က ဝင်လာတဲ့ အင်အားကြီးရန်သူကို စိတ်ဓာတ်ပိုင်း အရ ခုခံနိုင်မယ်လို့ ယူဆကြတဲ့အတွက် ဗုဒ္ဓဘာသာ သာမက မလေးကျွန်းဆွယ်နဲ့ အင်ဒိုနီးရှားဘက်က အစ္စလာမ် ဘာသာဝင်တွေကြားမှာလည်း ကိုလိုနီခေတ် နိုးကြားရေး လှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။

ဒါကြောင့် မင်းတုန်းမင်းခေတ်မှာ ပဉ္စမသင်္ဂါယနာတင်တာနဲ့ ပိဋကတ်ကျောက်စာတွေ ရေးထိုးတာ အပါအဝင် ဗုဒ္ဓဘာသာကို အားပေးချီးမြှင့်မှုတွေ အကြီးအကျယ်လုပ်ခဲ့ပြီး ခရစ်ယာန်နဲ့ အစ္စလာမ် ဘာသာဝင်တွေ၊ ဗြဟ္မဏ ပုဏ္ဏားတွေကိုလည်း စောင့်ရှောက်ကူညီခဲ့ပါတယ်။ ဒီလို ဗုဒ္ဓဘာသာအားပေးချိန်ဟာ ရန်ကုန်နဲ့ မြန်မာပြည်အောက်ပိုင်းမှာ ခရစ်ယာန်သာသနာပြုကျောင်းတွေ ၊ ဗြိတိသျှအစိုးရဖွင့်တဲ့ ကျောင်းတွေ ပေါ်လာချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အောက်ပိုင်းက ခေတ်မီကျောင်းတွေက ပေးတဲ့ ပညာရေးမှာ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင် စတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းသင်ရိုးတွေမှာ မပါတဲ့ စာပေတွေ ပါဝင်ပါတယ်။ ဒီခေတ်မီပညာရေးဟာ ဘုရင့်နေပြည်တော်ထိ ရောက်လာပြီး သံတဲကျောင်းတော်မှာ ဘုရင့်သားတော်တွေ စေလွှတ်ပြီး ခရစ်ယာန်ဘုန်းတော်ကြီး ဆရာမတ်ဆီက သင်ကြားစေခဲ့ပါတယ်။ ဒါကြောင့် လွတ်လပ် နေသေးတဲ့ နိုင်ငံအထက်ပိုင်းက ဘုန်းကြီးကျောင်းတွေက ဒီပညာရေးအသစ်ကို တန်ပြန်ဖို့ ဗုဒ္ဓစာပေကျမ်းဂန်သင်ကြားရေးကို အားထုတ်လုပ်လာပါတယ်။ ဒါကြောင့် မင်းတုန်းမင်းခေတ် မန္တလေးဒေသဟာ မြန်မာနိုင်ငံ ဗုဒ္ဓစာပေသင်ကြားရေးရဲ့ ဗဟို ဌာနကြီး ဖြစ်သလို ယခုထိလည်း ဒီနေရာကို ယူထားဆဲ ဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Print Collector

ဓာတ်ပုံ ပုံစာ, သုဓမ္မာ သာသနာပိုင် တောင်တော်ဆရာတော်နဲ့ ဗြိတိသျှစစ်ဗိုလ်ချုပ်တွေ့

ရွှေကျင်နဲ့ သုဓမ္မာ

မင်းတုန်းမင်းခေတ် မန္တလေးသာသနာမှာ ထင်ရှားတဲ့ ဆရာတော်တွေ ဒါဇင်နဲ့ချီ ရှိခဲ့ပါတယ်။ ဒီဆရာတော်အများစုဟာ ပရိယတ္တိစာပေသင်ကြားရေးမှာ အားသန်ပြီး သုဓမ္မာဇရပ်တော်မှာ ရုံးစိုက်တဲ့ သာသနာပိုင်ရုံးရဲ့ အဖွဲ့ဝင် ဆရာတော်ကြီးတွေ ဖြစ်ကြပါတယ်။ ဒီဆရာတော်တွေဟာ ဘုရင်ကိုးကွယ်ခံ ဆရာတော်ကြီးတွေ ဖြစ်တဲ့အတွက် ကျမ်းဂန်တတ်မြောက်ရေးသားမှုမှာ ပြိုင်ဘက်ကင်းကြပြီး နောက်ပါ စာလိုက်သံဃာလည်း များပါ တယ်။ နောက်ပြီး ဘုရင်၊ မိဘုရားနဲ့ မင်းညီမင်းသားတွေ၊ မှူးမတ်တွေ နန်းတော်ရှေ့မှာ ဆောက်လုပ်လှူဒါန်းတဲ့ မှန်စီရွှေချ ကျောင်းကြီးတွေမှာ သီတင်းသုံးကြတဲ့ ဆရာတော်တွေ ဖြစ်ပါတယ်။ ဒါကြောင့် အရှိန်အဝါ ကြီးပြီး ရိုးရိုးဘွဲ့တံဆိပ်မရတဲ့ သံဃာတွေအပေါ်မှာ သြဇာညောင်းပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Pictures from History

ဓာတ်ပုံ ပုံစာ, ၁၉ ရာစုက မြန်မာဘုန်းကြီးကျောင်း ပညာရေး

ရွှေကျင်ဆရာတော်ကတော့ ဘုရင်ကိုးကွယ်ခံ ဆရာတော်ဖြစ်ပေမယ့် သုဓမ္မာဝင် ဆရာတော်ကြီးတွေနဲ့ တဘာသာ ကွဲပါတယ်။ တောရဆောက်တည်တာကို အားပေးပြီး ရွှေမြို့တော်က ခမ်းကြီးနားကြီး ကျောင်းတွေမှာ သီတင်းသုံးရတာကို မနှစ်သက်ပါဘူး။ ဒါကြောင့် သူ့ကို သုဓမ္မာဆရာတော်တွေဆီ ကြွလာဖို့ စာထုတ်တဲ့အခါ မကြွဘဲ နေရာကနေ ရွှေကျင်ဂိုဏ်းဆိုပြီး သီးခြား ဖြစ်လာပါတယ်။ မန္တလေးတောင်ခြေက ရွှေကျင်တိုက် ငါးတိုက်က အစပြုတဲ့ ရွှေကျင်ဂိုဏ်းဟာ မင်းတုန်းမင်းနဲ့ သားတော် သီပေါမင်းတို့ စောင့်ရှောက်ကိုးကွယ်မှုနဲ့ မြန်မာပြည်အထက်ပိုင်းတွင်မက အောက်ပိုင်းနဲ့ သီဟိုဠ်၊ ထိုင်းအထိ ပြန့်ပွားထွန်းကားခဲ့ပါတယ်။ နိုင်ငံ အောက်ပိုင်းမှာတော့ ပဲခူးတောဂိုဏ်းလို့ ထင်ရှားတဲ့ ဘုန်းတော်ကြီး ဦးသီလရဲ့ ဂိုဏ်းနဲ့ ပေါင်းမိပြီး ဝိနည်းလိုက်စားတဲ့ဂိုဏ်းဖြစ်လာပါတယ်။ ဒီရွှေကျင်သံဃာတွေဟာ ဆေးလိပ်မသောက်ကြတဲ့အတွက် တခြားသံဃာ တွေထက် သက်တော်ရှည်တယ်လို့ ယုံကြည်ကြပါတယ်။ ရွှေကျင်သာသနာပိုင်တွေထဲမှာ သက်တော်ရာကျော်တဲ့ သာသနာပိုင် သုံးပါး ပေါ်ထွန်းခဲ့ပြီး ကိုးဆယ်ကျော် သာသနာပိုင်နဲ့ တွဲဘက်သာသနာပိုင်တွေလည်း ရှိခဲ့ပါတယ်။

ဝိနည်းအရာမှာ သံသယနဲ့ တခြားသံဃာတွေကို ကြည့်ရှုတတ်လို့ ရွှေကျင်သံဃာတွေ တသီးတခြားဖြစ်လာကြတယ်လို့လည်း သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းက ရွှေကျင်နိကာယသမိုင်းချုပ်မှာ ရေးပါတယ်။ မင်းတုန်းမင်းရဲ့ သာသနာသန့်ရှင်းရေးမှာ ရွှေကျင်ရဲ့ ဆရာရင်း သီးလုံးဆရာတော်ကြွမလာနိုင်တဲ့အတွက် ရှမ်းကလေးကျွန်းဆရာတော်နဲ့ စတင်ခဲ့ပြီး ရွှေကျင်က ဆက်လက်ဖော်ဆောင်တယ်လို့လည်း သူက ယူဆပါတယ်။ ရွှေကျင်ဆရာတော်ရဲ့ သိဿကောဝါဒကျမ်းအပါအဝင် ဆုံးမစာတွေကို ရွှေကျင်ဂိုဏ်းဝင်တွေကြား ခုထိ လက်စွဲပြုနေကြသလို ဝိနည်းစာပြန်ပွဲတွေ ကျင်းပကြပါတယ်။ ၁၉၄၈ က စပြီး ဂိုဏ်းဝင်သံဃာတိုင်း မှတ်ပုံတင်ပုံစံ သာသနာ့သုဒ္ဓိစာအုပ် ကိုင်ကြရပါတယ်။

ရွှေကျင်ဟာ သုဓမ္မာက သီးခြားဖြစ်ပေမယ့် သီပေါမင်းလက်ထက်မှာ သုဓမ္မာက တောင်တော်ဆရာတော်နဲ့ အတူ ရွှေကျင်ဆရာတော်ကို သာသနာပိုင် ပူးတွဲ ခန့်အပ်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Bo Bo BBC Burmese

ဓာတ်ပုံ ပုံစာ, မဟာဝိသုဒ္ဓါရုံတိုက်သစ် အလယ်ကျောင်းကြီး

မဟာဝိသုဒ္ဓါရုံနဲ့ သံဃာ့သမဂ္ဂီ

၁၈၉၄ မှာ ရွှေကျင်ဆရာတော် ပျံလွန်ပြီးနောက် တပည့်အကြီးဆုံးဖြစ်တဲ့ မဟာဝိသုဒ္ဓါရုံဆရာတော် သာသနာပိုင် ဖြစ်လာပါတယ်။ မဟာဝိသုဒ္ဓါရုံဆရာတော် ဥုးဝိသုဒ္ဓါစာရ လက်ထက် ၁၉ဝ၃ မှာ မန္တလေးအရှေ့ပြင် မဟာ ဝိသုဒ္ဓါရုံ အင်းခန်းတိုက် ကနေ အနောက်ပြင်ကို ရွှေ့ပြီး တိုက်သစ်တည်ပါတယ်။ အဲဒီအချိန်က စပြီး မဟာဝိသုဒ္ဓါရုံတိုက်သစ်ဟာ ရွှေကျင်ဂိုဏ်းရဲ့ ဗဟိုဌာနချုပ် ဖြစ်လာပြီး ရွှေကျင်သာသနာပိုင် အစဉ်အဆက်ကိုလည်း ရွှေကျင်နဲ့ မဟာဝိသုဒ္ဓါရုံ ဆရာတော် တွေရဲ့ တပည့်ကြီးတွေထဲက တင်မြှောက်ခဲ့ကြပါတယ်။ ဒီထဲက ထင်ရှားသူတွေက တွဲဘက်သာသနာပိုင် အဘယာရာမဆရာတော်နဲ့ သာသနာပိုင် စံကင်းဆရာတော်၊ မြောင်းမြ ဆရာတော်တွေ ဖြစ်ကြပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, အစောပိုင်း ရွှေကျင်ကျမ်းတစောင်

မဟာဝိသုဒ္ဓါရုံဆရာတော်ဟာ သူနဲ့ခေတ်ပြိုင် လယ်တီနဲ့ မန်လည်ဆရာတော်တွေလို လူထုသာသနာရေးလှုပ်ရှားမှုတွေ မများပေမယ့် စာပေကျမ်းဂန်သင်ကြားပို့ချရာမှာနဲ့ ပြုစုရာမှာ ထင်ရှားပါတယ်။ ရဟန်းတော်တွေကို ငွေကြေးမကပ်လှူဖို့ မင်းတုန်းမင်းကို ဆုံးမတဲ့ ဒေါင်းမေတ္တာစာ နဲ့ ပရမတ္ထသရူပဘေဒနီ စတဲ့ ကျမ်းတွေ ပြုခဲ့တဲ့ မဟာဝိသုဒ္ဓါရုံ ဆရာတော်ဆီမှာ ပြည်တွင်းပြည်ပက တပည့်သံဃာအများအပြား စာဝါလိုက်ခဲ့ကြပြီး ဒီထဲမှာ လယ်တီပဏ္ဍိတဦးမောင်ကြီးလည်း ပါဝင်ပါတယ်။

မဟာဝိသုဒ္ဓါရုံဆရာတော်ကို ၁၉၁၅ မှာ ဗြိတိသျှအစိုးရက အဂ္ဂမဟာပဏ္ဍိတဘွဲ့ကို လယ်တီဆရာတော်နဲ့အတူ ဦးဦးဖျားဖျား ဆက်ကပ်ခဲ့ပေမယ့် သုဓမ္မာ သာသနာပိုင်ရှေ့မှာ ဘွဲ့ဆက်ကပ်မှာ ဖြစ်တဲ့အတွက် မဟာဝိသုဒ္ဓါရုံ ဆရာတော် မတက်ရောက်ခဲ့ပါဘူး။ ဒီအတွက် ဒုတိယကမ္ဘာစစ်မဖြစ်ခင်က ရွှေကျင်ဆရာတော်တွေကို အဂ္ဂမဟာပဏ္ဍိတဘွဲ့မကပ်ဖို့ သုဓမ္မာဘက်က စီစဉ်ထားရှိခဲ့ကြောင်း တွဲဘက်သာသနာပိုင် မတ္တရာ သူဌေးကျောင်း ဆရာတော်ပြုစုတဲ့ ရွှေကျင်ဂိုဏ်းသမိုင်းမှာ ပါရှိပါတယ်။

ရွှေကျင်ဆရာတော် ထားခဲ့တဲ့ ဂိုဏ်းစည်းကမ်းတွေကို ဆရာတော်အစဉ်အဆက် ဆက်လက်စောင့်ရှောက်တဲ့အတွက် တတိယသာသနာပိုင် ဒီပဲယင်း ဆရာတော်လက်ထက် ၁၉၂ဝ မှာ ကျင်းပတဲ့ ရွှေကျင်ဂိုဏ်း ပထမ အစည်း အဝေးကြီးက ရဟန်းတော်တွေ သံဃာ့သမဂ္ဂီစတဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ မပါဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သုဓမ္မာသာသနာပိုင်ရဲ့သြဇာလွှမ်းမိုးမှုကိုလည်း မခံဖို့ အဲဒီအစည်းအဝေးမှာ ဆုံးဖြတ်ပါတယ်။ တတိယမြောက် ရွှေကျင် သာသနာပိုင်နေရာအတွက် နိုင်ငံအောက်ပိုင်းမှာ ကျိုက္ကဆံဆရာတော်နဲ့ အထက်ပိုင်းမှာ ဒီပဲယင်းဆရာတော်တွေကို ပူးတွဲ ခန့်အပ်ခဲ့ပါတယ်။ စတုတ္ထ သာသနာပိုင်နေရာက စပြီး တနိုင်ငံလုံးအတွက် တပါးကိုပဲ ခန့်အပ်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, မတ္တရာသူဌေးကျောင်း၊ ဝိသုဒ္ဓါရုံတိုက်သစ်

ဓာတ်ပုံ ပုံစာ, သက်တော်ရာကျော်တဲ့ စံကင်းဆရာတော်

ဆိုရှယ်လစ်နဲ့ သံဃာ့မဟာနာယကခေတ်

ဆရာတော် စဉ်ဆက် အုပ်ချုပ်လာခဲ့တဲ့ ရွှေကျင်ဂိုဏ်းကြီးဟာ ခေတ်အဆက်ဆက်ဖြတ်သန်းလာခဲ့ပြီး လွတ်လပ်ရေးခေတ်ကို ရောက်လာပါတယ်။ ဂိုဏ်းအဓိပတိ နဝမသာသနာပိုင် စံကင်းဆရာတော်ကြီးကိုလည်း မစိုးရိမ်ဆရာတော်၊ ဒွါရ သာသနာပိုင် ဆရာတော်တွေနဲ့အတူ ဖဆပလအစိုးရက အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ ပထမဆုံး ဆက်ကပ်ခဲ့ပါတယ်။ ၁၉၆၁ နိုင်ငံတော်ဘာသာလှုပ်ရှားမှုမှာတော့ နိုင်ငံရေးက ကင်းကင်းနေလေ့ရှိတဲ့ ရွှေကျင်သာသနာပိုင်က ထောက်ခံကြောင်းနဲ့ ထောက်ခံဖို့ အားပေးတဲ့ စာထုတ်ခဲ့ပါတယ်။

တခြားဘက်မှာတော့ ရွှေကျင်ဂိုဏ်းဝင် တက်ကြွတဲ့ ပြုပြင်ရေး ဆရာတော်တွေ ပေါ်ထွက်ခဲ့ရာမှာ အမရပူရ မဟာဂန္ဓာရုံဆရာတော် ထင်ရှားပါတယ်။ အနာဂတ်သာသနာရေးတွေမှာ စစ်တပ်ကို အားကိုးကြောင်း၊ သာသနာနဲ့ စစ်တပ်ကို တိုင်းပြည်က လေးစားကြောင်း ရေးတဲ့ အနာဂတ်သာသနာရေးကျမ်း နဲ့ စစ်တပ်တရားတော် တွေကို ပြုစုဟောကြားခဲ့သူ ဖြစ်ပါတယ်။ လွတ်လပ်ပြီးခေတ် နိုင်ငံမှာ စစ်ဘေးဒဏ်ကြောင့် စာရိတ္တနဲ့ ဘာသာရေးမှာ လျော့ရဲလာတာကို ထိန်းကွပ်ဖို့ ဘာသာရေးဘက်က ချဉ်းကပ်ခဲ့တာ ဖြစ်ပါတယ်။ ဗမာမှုဆန်းသစ်ရေးဘက်ကို ပြန်လည်လာကြတဲ့အတွက် လွတ်လပ်ပြီးခေတ်မှာ ရှေးရိုးဆန်တဲ့ ရွှေကျင်ဂိုဏ်းကို လူကြိုက် များကြောင်းလည်း သမိုင်းပါမောက္ခဒေါက်တာသန်းထွန်းရဲ့ History of Shwegyin Nikāya in Burma မှာ ပါရှိပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Bettmann

ဓာတ်ပုံ ပုံစာ, နိုင်ငံရေးတက်ကြွတဲ့ သံဃာထုကို ထိန်းချုပ်

ဒါပေမဲ့ ၁၉၆၂ နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲမှာတော့ စစ်တပ်က ဘာသာရေး ဦးစားမပေးဘဲ ဆိုရှယ်လစ်လက်ဝဲလမ်းကို လိုက်လာပါတယ်။ နိုင်ငံမှာ သြဇာကြီးတဲ့ သံဃာထုကို ထိန်းချုပ်ဖို့လည်း အာဏာ သိမ်းထား တဲ့ စစ်တပ်က စိုင်းပြင်းလာပါတယ်။ ၁၉၆၅ မှာ မန္တလေးတောင်ပြင်အဓိကရုဏ်းဖြစ်ပြီး ရဟန်းပျို၊ ရဟန်းငယ် စတဲ့ သံဃာအဖွဲ့အစည်းတွေ ဖိနှိပ်ခံရပါတယ်။ အဲဒီနှစ်မှာ ကျင်းပတဲ့ မှော်ဘီသံဃာ့အစည်းအဝေးမှာလည်း သံဃာဂိုဏ်းတွေ ပေါင်းစည်းဖို့ ဖိအားပေးတာတွေ ရှိလာပါတယ်။ ဒီအကျပ်အတည်းတွေကြားက ရွှေကျင်ဂိုဏ်းခေါင်းဆောင်တွေဟာ ဂိုဏ်းစည်းကမ်းနဲ့ သီးခြားတည်ရှိမှုကို အထိမခံဘဲ ထိန်းသိမ်းခဲ့ပါတယ်။

၁၉၈ဝ မှာ ကျင်းပတဲ့ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးမှာ ၁၂ ဆက်မြောက် သာသနာပိုင် ဖြစ်လာမယ့် ရွှေဟင်္သာဆရာတော် အမှူးပြုတဲ့ ရွှေကျင်ဂိုဏ်းကိုယ်စားလှယ်တွေက တနိုင်ငံလုံးက သံဃာထုအတွက် စည်းကမ်းဥပဒေ ရေးဆွဲရာမှာ မပါဝင်ကြောင်း ငြင်းဆိုခဲ့ကြတယ်လို့ တွဲဘက် သာသနာပိုင် ပိုက်ကျုံး ဆရာတော်က ရွှေကျင်ဂိုဏ်းအစဉ်အလာသမိုင်း စာအုပ်မှာ မှတ်တမ်းတင်ခဲ့ပါတယ်။ ရွှေကျင်ဂိုဏ်းမှာ အစဉ် အဆက်လိုက်နာလာတဲ့ ဥပဒေတွေကြောင့် ဒီလို အသစ် ဆွဲစရာ မလိုကြောင်းလည်း အကြောင်းပြကြပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, သီတဂူဆရာတော်နှင့်သီတဂူသတင်းများ

ဓာတ်ပုံ ပုံစာ, ဓမ္မကထိကအကျော် သီတဂူဆရာတော်

ရွှေကျင်နဲ့ လူမှုနိုင်ငံရေး

၁၉၈၈ နောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းတွေမှာလည်း ရွှေကျင်ဂိုဏ်းက မပတ်သက်ဘဲ လက်ရှောင်နေလေ့ရှိပါတယ်။ ဒါပေမဲ့လည်း ရွှေကျင်ဆရာတော်တွေထဲက နိုင်ငံရေးကိစ္စတွေမှာ ပတ်သက်သူတွေလည်း ရှိခဲ့ ပါတယ်။ ၁၉၈၈ လှုပ်ရှားမှုအတွင်း သပိတ်အိုင်သီတဂူဆရာတော်ရဲ့ မင်းကျင့်တရားဆယ်ပါး တရားတော် နာမည်ကြီးခဲ့သလို ၂ဝဝ၇ ရွှေဝါရောင်အရေးအခင်းမှာလည်း တွဲဘက်သာသနာပိုင် ပဲခူးကြခတ်ဝိုင်းဆရာတော်က သားသုံးသားရှင်းလင်းရေး သြဝါဒပေးတယ်ဆိုပြီး သတင်းထွက်ခဲ့ပါတယ်။

သီတဂူဆရာတော်လက်ထက်ကစပြီး ရွှေကျင်ဆရာတော်တွေရဲ့ လူမှုရေးလှုပ်ရှားမှုတွေ အစပြုလာပါတယ်။ အရင်က ပရိယတ်၊ ပဋိပတ်အလုပ်ကိုသာ အားစိုက်ခဲ့တဲ့ ရွှေကျင်ဂိုဏ်းဟာ ထိုင်းသံဃာတွေလို ဆေးရုံတည်၊ ကျောင်းဆောက် ပရဟိတအကူအညီတွေနဲ့ လူမှုဗုဒ္ဓဘာသာလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပါတယ်။ ဒါကလည်း ရှေးရိုးဆန်တဲ့ ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီးတွေ လူမှုရေးအလုပ်လုပ်ပြီး သာသနာပြုတာနဲ့ ဆင်တယ်လို့ မြန်မာလူ့အဖွဲ့အစည်းအကြောင်း လေ့လာနေတဲ့ ပါရဂူသင်တန်းသားတယောက်က မှတ်ချက်ချပါတယ်။ အစဉ်အဆက် စာပေပို့ချမှုနဲ့ တိုက်တာအုပ်ထိန်းမှုမှာ နာမည်ကြီးတဲ့ ရွှေကျင်ဂိုဏ်းဟာ ပါမောက္ခချုပ်ဆရာတော်လို အဟောအပြောကျော်တဲ့ ဆရာတော်တွေ ပေါ်ထွန်းလာပါတယ်။

၁၉၂ဝ တုန်းက နိုင်ငံရေးလှုပ်ရှားမှုတွေမှာ သံဃာတွေ မပါဝင်ဖို့ တားမြစ်ခဲ့တဲ့ ရွှေကျင်ဂိုဏ်းဟာ သီတဂူဆရာတော် လက်ထက်မှာ နိုင်ငံရေးမှာ သြဇာကြီးလာရုံသာမက ချိန်ခွင်ညှိဖို့ ကြိုးစားလာတာကိုလည်း တွေ့ရ ပါတယ်။ မဟာဂန္ဓာရုံ ဆရာတော်လို စစ်တပ်ကို အားကိုးကြောင်း သီတဂူဆရာတော် ဟောလေ့ရှိပေမယ့် စစ်တပ်ကို လူဆန့်ကျင်မှုများတဲ့ ၂ဝ၂၁ အာဏာသိမ်းပွဲနောက်ပိုင်းမှာတော့ သီတဂူဆရာတော်ကို ဝေဖန်သူတွေ များလာခဲ့ပြီး မဘသလှုပ်ရှားမှုနဲ့ သူနဲ့အဆက်အစပ်ကို ထောက်ပြလာကြပါတယ်။

ဒီလို နိုင်ငံရေး လူမှုရေးတွေနဲ့ ပိုထိစပ်လာပေမယ့် အညိုရင့်ရောင် သင်္ကန်းကို ရုံဆဲ ရွှေကျင်သံဃာတွေဟာ မင်းတုန်းမင်းခေတ် ပထမရွှေကျင်ဆရာတော်ခေတ်ကလို တောထွက်ဝိပဿနာအားထုတ်တဲ့ အစဉ်အလာ ပြန်ထူထောင် လာမလား ဆိုတာကတော့ မသိရပါဘူး။ မြန်မာပြည်မှာ သံဃာအင်အားအများဆုံး မဟုတ်ပေမယ့် သံဃာ ငါးသောင်းကျော်နဲ့ ဒုတိယအများဆုံးဖြစ်ပြီး သြဇာကြီးတဲ့ သံဃာဂိုဏ်းတခုအနေနဲ့ ရွှေကျင်ဂိုဏ်းရဲ့ ကဏ္ဍက နောက်ဆယ်စုနှစ်တွေမှာ ဆက်ပြီး အရေးပါနေဖို့လည်း ရှိပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Igor Bilic

ဓာတ်ပုံ ပုံစာ, ကမ္ဘာကျော် မဟာဂန္ဓာရုံကျောင်း