ပေါ်ဦးသက်- ငြိမ်းချမ်းရေးကိုချစ်တဲ့ မော်ဒန်ပန်းချီဆရာ

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, ပေါ်ဦးသက်၊ လူထုဒေါ်အမာ၊ ပန်းချီ ဦးဘသက်၊ လူထုဦးလှနဲ့ ပန်းချီ ဦးအောင်ခင်
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

ပန်းချီဆရာ ပေါ်ဦးသက် ကွယ်လွန်တာ နှစ် ၃ဝ ရှိပါပြီ။ ပေါ်ဦးသက်ဟာ မြန်မာမော်ဒန်ပန်းချီလောကမှာ အစောဆုံး ရေပန်းစားတဲ့ ပန်းချီကျော်ဖြစ်ပြီး ခုထိ သူ့ပန်းချီကားတွေ ကမ္ဘာ့နေရာအနှံ့ကို ရောက်ရှိနေပါတယ်။

မြန်မာပြည်မှာ မော်ဒန်ပန်းချီကို ဗဂျီအောင်စိုးနဲ့ ဦးခင်မောင် (ဘဏ်)တို့က စတင်ခဲ့ပေမယ့် ပန်းချီကားစျေးကွက်မှာ ပထမဆုံးပေါက်ခဲ့သူက ပေါ်ဦးသက် ဖြစ်ပါတယ်။ မြန်မာပန်းချီကို ရိုးရာကနေ ခေတ်သစ်ကူးတဲ့ လှုပ်ရှားမှုမှာတော့ ဗဂျီအောင်စိုးနဲ့ ပေါ်ဦးသက်တို့ဟာ ဦးဘကြည်၊ ဦးအောင်ခင် စတဲ့ ပန်းချီကျော်တွေနဲ့အတူ ထင်ရှားခဲ့ပါတယ်။

မြန်မာနဲ့ ခေတ်သစ်ပန်းချီ

သရုပ်မှန် ရေးနည်းမဟုတ်တဲ့ လက်ရာနည်းတွေနဲ့ ရေးဆွဲတဲ့ ပန်းချီလှုပ်ရှားမှုတွေကို မော်ဒန်ပန်းချီလို့ သိမ်းကျုံးခေါ်လေ့ရှိပါတယ်။ အနောက်နိုင်ငံနည်းစနစ်နဲ့ မတူတဲ့ အရှေ့တိုင်းပန်းချီနည်း ခေတ်စားခဲ့တဲ့ မြန်မာပြည်မှာ ၂ဝ ရာစုထဲရောက်မှ အနောက်တိုင်းပုံစံ ပန်းချီရေးနည်းစနစ်တွေ ထွန်းကားလာပြီး မော်ဒန်ပန်းချီကိုတော့ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှ စပြီးတွေ့ရပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပုဂံ စူဠာမဏိက အစောပိုင်း မြန်မာပန်းချီ

အစဉ်အလာ မြန်မာပန်းချီရေးနည်းနဲ့ ဆွဲတဲ့ကားတွေကို ဗုဒ္ဓဘာသာကျောင်းကန်ဘုရားတွေရဲ့ လိုဏ်နံရံတွေမှာ အများအပြားတွေ့ရပြီး ပုဂံ၊ အင်းဝ၊ စစ်ကိုင်း စတဲ့ မြို့တော်ဟောင်းတွေနဲ့ ဖိုလ်ဝင်တောင်မှာ အများဆုံး တွေ့နိုင်ပါတယ်။ အိန္ဒိယ ဘင်္ဂလားဘက်က ပါလပန်းချီရေးနည်းက ဆင်းသက်လာတယ်ဆိုတဲ့ မြန်မာပန်းချီစနစ်မှာ ကောက်ကြောင်းရေး ဆေးပိန်းခြယ်တဲ့ စနစ်ကို ကျင့်သုံးပြီး တခြား အာရှပန်းချီတွေမှာလိုပဲ ရုပ်ပုံကို အပြားလိုက် ရေးခြယ်လေ့ရှိပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမရပူရ ကျောက်တော်ကြီးက အနောက်ဟန် နှောတဲ့ လက်ရာ

ကုန်းဘောင်ခေတ်နှောင်းမှာ အနောက်တိုင်းနဲ့ ကူးလူးဆက်ဆံမှု များလာပြီးနောက် အနောက်တိုင်းပုံစံ အနီးအဝေး အလင်းအမှောင် ဆေးအနုအရင့်သွင်း စတဲ့ ရေးနည်းစနစ်တွေ စတင်ရောက်ရှိလာပြီး ၂ဝ ရာစုဦးမှာ ဦးမောင်မောင်ကြီးနဲ့ ဆရာအေးတို့ရဲ့ အနောက်တိုင်း သရုပ်မှန် ရေးနည်းနဲ့ ပုံတူရေးဆွဲမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

၁၉၂ဝ ကျော်မှာ ဦးဘဉာဏ်နဲ့ ဦးဘဇော်ကို လန်ဒန်က တော်ဝင်ပန်းချီကျောင်းကို ပို့လွှတ်ပြီးနောက် မြန်မာပန်းချီမှာ အနောက်တိုင်းသြဇာ ပိုဝင်လာပြီး ရှုခင်းပုံနဲ့ ပုံတူရေးဆွဲမှုတွေ ပိုထွန်းကားလာပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရတနာပုံမောင်စုရဲ့ ခေတ်စမ်းနန်းတွင်းပန်းချီ

ဦးငွေကိုင်၊ ဦးအုန်းလွင်၊ ဦးဘကြည် စတဲ့ မြန်မာပန်းချီကျော်တွေ ၁၉၃ဝ နဲ့ ၁၉၄ဝ ပြည့်လွန်နှစ်တွေမှာ ပေါ်ထွက်လာကြပြီး သူတို့လက်ရာတွေကို ခေတ်ပြိုင် စာနယ်ဇင်းတွေကတဆင့် ပြည်သူတွေဆီ ရောက်ရှိစေခဲ့ပါတယ်။ ဒီပုံကားတွေဟာ အရင်က အနောက်တိုင်းသားနဲ့ ငွေကြေးချမ်းသာသူ မြန်မာတစုသာ ခံစားနိုင်တဲ့အဆင့်ကနေ စာဖတ်သူတွေ မျက်မှောက်ကို ရောက်လာတဲ့အတွက် ပန်းချီလိုက်စားမှုလည်း ပိုကျယ်ပြန့်လာပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, ဗဂျီအောင်စိုး BAGYI AUNG SOE

ဓာတ်ပုံ ပုံစာ, ဗဂျီအောင်စိုးရဲ့ ရိုးရာနွယ်တဲ့ မော်ဒန်လက်ရာ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စိတ္တဇပန်းချီ

၁၉၅၃ မှာ အိန္ဒိယပြန် ဗဂျီအောင်စိုးက ရှုမဝမဂ္ဂဇင်းပါ ကြည်အေးရဲ့ စခန်းသာ ဝတ္ထုအတွက် ရေးဆွဲတဲ့ သရုပ်ဖော်ပုံက စပြီး စိတ္တဇခေါ် မော်ဒန်ပန်းချီ မြန်မာပြည်မှာ ကူးစက်လာပါတယ်။ ဒီပန်းချီရေးနည်းတွေဟာ အနောက်တိုင်းမှာ ဆယ်စုနှစ်တွေနဲ့ချီ စောပြီး ပေါ်ခဲ့ပေမယ့် မြန်မာပြည်ကို ရောက်လာချိန်မှာ ကြိုဆိုမှုနဲ့အတူ နားလည်ရခက်မှုကြောင့် ဝေဖန်သံတွေ ညံခဲ့ပါတယ်။ ဗဂျီအောင်စိုးအရင် မော်ဒန်ပန်းချီကို စမ်းသပ်နေတဲ့ မန္တလေးက ဦးခင်မောင် (ဘဏ်)နဲ့ သူ့တပည့်တွေ ဖြစ်တဲ့ ပေါ်ဦးသက်၊ (ဦး)ဝင်းဖေတို့ လည်း နောက်ပိုင်းမှာ ထင်ရှားလာပြီး ဒီထဲမှာ ပေါ်ဦးသက်က နာမည်အကြီးဆုံး ဖြစ်ခဲ့ပါတယ်။

ပေါ်ဦးသက်ဟာ ဗဂျီအောင်စိုးနဲ့ သူ့ရှေ့က ဦးဘကြည်လိုပဲ မြန်မာ့ရိုးရာနဲ့ ခေတ်သစ်နည်းတွေ ပေါင်းစပ်ရေးရာမှာ ထင်ရှားပေမယ့် သူတို့နဲ့ မတူတာက ပေါ်ဦးသက်ရဲ့ ပါးစပ်ပြဲပြဲ လူရုပ်ကလေးတွေနဲ့ ကာတွန်းဆန်ဆန် ရေးခြယ်မှုတွေ ဖြစ်ပါတယ်။ ပေါ်ဦးသက်ရဲ့ ရိုးရာပုံပြင် သရုပ်ဖော်ပုံတွေက ပြည်သူလူထုရဲ့ အသည်းနှလုံးကို ဆုပ်ကိုင်နိုင်ခဲ့တယ်လို့လည်း စင်္ကာပူ နန်ယန်းနည်းပညာတက္ကသိုလ်က အနုပညာဒီဇိုင်း တွဲဖက်ပါမောက္ခ ရင်ကာက မှတ်ချက်ချပါတယ်။ ဦးအောင်စိုးလို မော်ဒန်ဘက်ကို ပြင်းပြင်းထန်ထန် ဖောက်မထွက်ဘဲ ရိုးရာနဲ့ လိုက်ဖက်အောင်လည်း ပေါ်ဦးသက် ရေးခြယ်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, ပေါ်ဦးသက်ရဲ့ သူတော်ကာတွန်း

မော်ဒန်ကာတွန်း

ပေါ်ဦးသက်နဲ့ ဝင်းဖေတို့ဟာ ၁၉၆ဝ ကျော်မှာ မန္တလေးက ထုတ်တဲ့ လူထုသတင်းစာရဲ့ ပင်တိုင် ကာတွန်းဆရာတွေလည်း ဖြစ်တာမို့ ဒီကာတွန်းတွေကနေလည်း ခေတ်သစ်ပန်းချီရေးနည်းတွေကို ဖြန့်ဝေခဲ့ပါတယ်။ အထူးသဖြင့် ပေါ်ဦးသက်ရဲ့ သူတော်ကာတွန်းကို နားမလည်သူတွေများပြီး ခေတ်ပြိုင် အနောက်တိုင်း စာနယ်ဇင်းကာတွန်းတွေနဲ့ လက်ရာယှဉ်နိုင်တဲ့အဆင့် ဖြစ်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, ပေါ်ဦးသက်ရဲ့ ပြောင်မြောက်တဲ့ သတင်းစာကာတွန်း

ပေါ်ဦးသက်တို့ ကာတွန်းရေးစက နားမလည်လို့ မလှလို့ ဆိုပြီး ဝေဖန်သံတွေ ညံခဲ့ပေမယ့် နောက်ပိုင်းမှာ တစတစလက်ခံလာပြီး လူကြိုက်များလာပါတယ်။ ပေါ်ဦးသက်နဲ့ ဝင်းဖေဟာ နိုင်ငံရေးအရ လူထုသတင်းစာပိုင်ရှင်တွေနဲ့ မတူညီပေမယ့် လွတ်လပ်စွာ ရေးဆွဲခွင့်ပြုထားတဲ့အတွက် သူတို့ကာတွန်းကို တွင်တွင်ကြီး သုံးပေးခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၆၂ မှာ အာဏာသိမ်းပြီး တက်လာတဲ့ စစ်အစိုးရက ခဏခဏသတိပေးခံရလို့ ပေါ်ဦးသက်နဲ့ ဝင်းဖေရဲ့ ကလောင်တွေ ထင်သလို မကွန့်နိုင်တော့ဘဲ ကာတွန်းသက်လည်း တိုခဲ့ရပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, ပေါ်ဦးသက်ရဲ့ ရွှေတိဂုံ

မန္တလေးက ပေါ်ဦးသက်

နာမည်ကျော် ဂီတဆရာမြို့မငြိမ်းရဲ့သမက်အဖြစ် လူသိများတဲ့ ပေါ်ဦးသက်ဟာ မန္တလေးသားဖြစ်ပြီး ဒုတိယကမ္ဘာစစ်ပြီးစက ဗုံးစမှန်လို့ ညာဘက်လက်ဖြတ်ခဲ့ရပါတယ်။ ဆယ်ကျော်သက်ကတည်းက ပန်းချီပညာသင်ပေးခဲ့တဲ့ ဆရာအရင်း ဦးဘသက်ကို ဂုဏ်ပြုတဲ့အနေနဲ့ ငယ်နာမည်နောက်က တလုံးတိုးပြီး ပေါ်ဦးသက်ဖြစ်လာခဲ့သလို သူငယ်ချင်း ဝင်းဖေနဲ့အတူတွဲပြီးတော့လည်း ပန်းချီ၊ ကာတွန်းအကျော်တွေအဖြစ် ၁၉၆ဝ ကျော်မှာ ထင်ရှားလာခဲ့ပါတယ်။ ဦးဘသက်ဆီက သရုပ်မှန်ရေးနည်းနဲ့ ဦးခင်မောင် (ဘဏ်)ဆီက မော်ဒန်ပန်းချီရေးနည်းသင်ယူခဲ့ကြတဲ့ ပေါ်ဦးသက်နဲ့ ဝင်းဖေတို့ရဲ့ လက်ရာတွေဟာ သူတို့ဆရာတွေနဲ့မတူဘဲ တမူကွဲထွက်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပေါ်ဦးသက်ရဲ့ သင်ဆရာ ဒွန်ကင်းမန်းရဲ့လက်ရာ

၁၉၅၉ လောက်က ပေါ်ဦးသက်နဲ့ ဝင်းဖေတို့ အမေရိကန်ပြန်ကြားရေးရဲ့ အကူအညီနဲ့ အနုပညာကျော် ကျောင်းမှာ စာပေးစာယူသင်တန်းတက်ခဲ့ရပါတယ်။ အဲဒီက ပန်းချီဆရာနဲ့ ပုံဆွဲဆရာ နော်မန်ရော့က်ဝဲလ်နဲ့ ဒွန်ကင်းမန်းစသူတွေရဲ့ သြဇာတွေ သူတို့လက်ရာတွေမှာ ထင်ဟပ်ခဲ့တယ်ဆိုပြီး အမေရိကန် ပန်းချီသုံးသပ်သူ အင်ဒရူးရန်းနာ့ဒ်ရဲ့ မြန်မာ့ပန်းချီသမိုင်းစာအုပ်မှာ မှတ်ချက်ပေးပါတယ်။ အထူးသဖြင့် ဒွန်ကင်းမန်းရဲ့ အရောင်တောက်တောက်နဲ့ ခြယ်သမှုသြဇာက ပေါ်ဦးသက်ရဲ့ လက်ရာတွေကို အရင် ဦးဘဉာဏ်နဲ့ တပည့်တွေ ဆွဲလေ့ရှိတဲ့ အရောင်မှိုင်းမှိုင်း တည်တည်ငြိမ်ငြိမ်ရေးနည်းက ခွဲထွက်လာစေခဲ့ပါတယ်။

ရန်ကုန်က ခင်မောင်ရင်၊ စန်းမြင့်စတဲ့ လူငယ်ပန်းချီဆရာတွေနဲ့ တွဲပြီး ပြပွဲတွေ ပြခဲ့သလို သူတို့ရဲ့ ကနဦး မော်ဒန်ပန်းချီကားတွေကို ရန်ကုန်ပညာတတ်လောကနဲ့ သံရုံးလောကက အားပေးခဲ့ကြပါတယ်။ ၁၉၆၃ နိုဝင်ဘာလမှ အမေရိကန်သံရုံးက စီစဉ် ကျင်းပပေးတဲ့ ပေါ်ဦးသက်ရဲ့ ပထမဆုံး တကိုယ်တော်ပြပွဲမှာ အကြီးအကျယ်အောင်မြင်သွားခဲ့ပြီး သူ့ရဲ့ ရွှေခေတ်အစ ဖြစ်ခဲ့ပါတယ်။

ဒီလိုအောင်မြင်ခဲ့ပေမယ့် သူတို့လက်ရာတွေကို ပြည်သူနဲ့မနီးစပ်ဘူးဆိုပြီး ဝေဖန်ကြတဲ့ လက်ဝဲသမားနဲ့ ကာတွန်းဆရာတွေရဲ့ တိုက်ခိုက်မှုကို မော်ဒန်သမားတွေ ၁၉၈၈ လွန်ထိ ကြုံခဲ့ရကြောင်း မသိင်္ဂီနဲ့ ဆန်နီညိမ်းတို့ရေးတဲ့ ဝင်းဖေ၊ ပေါ်ဦးသက်၊ ခင်မောင်ရင် စာအုပ်မှာ ပါရှိပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Tin Maung Lwin

ဓာတ်ပုံ ပုံစာ, ပေါ်ဦးသက်ရဲ့ ချစ်စဖွယ် ကလေးများပုံရိပ်

ပေါ်ဦးသက်ဟာ အင်ပရက်ရှင်နစ်ဇင်၊ အိပ်စပရက်ရှင်နစ်ဇင်၊ ကျုဗစ်ဇင်နဲ့ ဒြပ်မဲ့ စတဲ့ ပန်းချီရေးနည်းစုံကို စမ်းသပ်ရေးဆွဲခဲ့ပြီး အအောင်မြင်ဆုံးကတော့ ကာတွန်းဆန်ဆန် ရေးတဲ့ ရေဆေးကားတွေ ဖြစ်ပါတယ်။ ဒီကားတွေကို သူ့ဝမ်းရေးအတွက် ရေးခဲ့ရလို့ ပေါ်ဦးသက် ဂုဏ်မယူခဲ့ပေမယ့် သူ့နိုင်ငံသားတွေရဲ့ ဘဝသရုပ်မှန်ကို ဖော်ကျူးတဲ့ လက်ရာတွေလို့ စာရေးဆရာ မသိင်္ဂီက ပေါ်ဦးသက်၊ ဘဝနဲ့ ဖန်တီးမှုစာအုပ်မှာ မှတ်ချက်ချပါတယ်။ သူ့ရဲ့ ထင်ရှားတဲ့ ပန်းချီလက်ရာတွေထဲမှာ ရွှေတိဂုံ၊ တောင်ပြာကြီးနဲ့ ပန်းဖြူပင်၊ အာရှဆိပ်ကမ်း စတဲ့ကားတွေပါသလို သရုပ်ဖော်ပုံတွေလည်းပါပါတယ်။ လူထုဦးလှရဲ့ လူမျိုးစုပုံပြင်စာအုပ်မျက်နှာဖုံးတွေနဲ့ အတွင်းသရုပ်ဖော်တွေ သူရေးဆွဲခဲ့သလို ခင်မျိုးချစ်နဲ့ ဒေါက်တာထင်အောင်တို့ အင်္ဂလိပ်လို ပြုစုတဲ့ မြန်မာပုံပြင်စာအုပ်အဖုံးတွေကြောင့်လည်း ပြည်ပမှာ သူနာမည်ကြီးခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, ပေါ်ဦးသက်နဲ့ ဇနီး ဒေါ်တင်ကြည်

ပေါ်ဦးသက်ရဲ့ လူသားဘဝ

သူ့ယောက္ခမ မြို့မငြိမ်းလိုပဲ မြန်မာမှု သဘောတရားတွေမှာ ပိုင်နိုင်တဲ့ ပေါ်ဦးသက်ဟာ မြန်မာရှေးရိုးပန်းချီ၊ အနောက်တိုင်း သရုပ်မှန်နဲ့ မော်ဒန်ပန်းချီနည်းတွေကြား အနုပညာတောက်စားခဲ့သူဖြစ်လို့ သူ့ခေတ်သူ့အခါကတည်းက နာမည်ကျော် လူကြိုက်များတဲ့ အနုပညာရှင် ဖြစ်ပါတယ်။ သူ့ရဲ့ အပေါင်းအသင်း မိတ်ဆွေတွေကြားမှာလည်း သူ့ရဲ့ ရိုးရှင်းတဲ့ နေမှုစရိုက်ကို သဘောကျနှစ်ခြိုက်သူ များပါတယ်။ ဒါကြောင့် ရန်ကုန်မှာ ခင်မောင်ရင်နဲ့တွဲပြီး အေအိုင် ဗိသုကာရုံးခန်းမှာ သူတို့မော်ဒန်တခေတ်ထူထောင်ခဲ့ကြသလို ၁၉၇ဝ ကျော်မှာတော့ ဗိုလ်မှူးကြီးဟောင်း ဓမ္မိကဦးဘသန်းရဲ့ အကူအညီနဲ့ လောကနတ် ပန်းချီပြခန်းကို ပေါ်ဦးသက်တို့ ထူထောင်ခဲ့ကြပါတယ်။ ခန်းမနာမည်ကို ငြိမ်းချမ်းရေးအတွက် ရည်စူးပြီး လောကနတ် နာမည်ကို သုံးခဲ့ကြောင်း ပေါ်ဦးသက်က အမှတ်တရ ရေးခဲ့ပါတယ်။

ပေါ်ဦးသက်ဟာ ဘဝကို လက်တဘက်တည်းနဲ့ ထူထောင်လာခဲ့ရသူဖြစ်လို့ အရှုံးမပေး ဇွဲနပဲနဲ့ တည်ဆောက်နိုင်ခဲ့သူဖြစ်ပါတယ်။ သူ့ဘဝနှောင်းပိုင်းမှာတော့ စျာန်သမထအလုပ်ကို လေးလေးနက်နက် လိုက်စားခဲ့တယ်လို့လည်း သူ့မိသားစုနဲ့ အပေါင်းအသင်းများက အမှတ်တရ ရေးကြပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေကို ဆွေမျိုးထက် သံယောဇဉ်ကြီးသူလို့လည်း သူနဲ့ ငယ်စဉ်ကတည်းက အတွဲညီခဲ့တဲ့ မြန်မာမှု ဦးအေးမြင့်က အမှတ်တရရေးပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, ပေါ်ဦးသက်ဆွဲတဲ့ ညီပုလေး ပုံတူ

သူနဲ့ ခင်မင်တဲ့သူတွေထဲ စာရေးဆရာ ကဗျာဆရာနဲ့ တက္ကသိုလ်ပညာရှင်တွေ အများအပြား ပါဝင်သလို ဘုန်းတော်ကြီးတွေလည်း ပါပါတယ်။ မန္တလေးက တင်မိုး၊ မောင်စွမ်းရည်စတဲ့ ကဗျာဆရာတွေနဲ့ ရန်ကုန်က ဇော်ဂျီ၊ မင်းသုဝဏ်၊ နန္ဒာသိန်းဇံ စတဲ့ စာရေးဆရာတွေဟာ ပေါ်ဦးသက်ရဲ့ အနုပညာရောင်းရင်းနဲ့ ဆရာသမားတွေ ဖြစ်ကြပါတယ်။ မောင်ဒီ၊ ညီပုလေး၊ အော်ပီကျယ်စတဲ့ အနုသမား စာသမားတွေအတွက်တော့ ပေါ်ဦးသက်ဟာ ဖော်ရွေမျှဝေလိုတဲ့ ဆရာသဖွယ် အစ်ကိုကြီးဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, ပေါ်ဦးသက်ရဲ့ သင်္ကြန် သတင်းစာမျက်နှာဖုံး

ဒါကြောင့် သူကွယ်လွန်ချိန်မှာ နိုင်ငံနဲ့ချီတဲ့ ဆုံးရှုံးမှုအဖြစ် သူ့ရဲ့ အရင်းနှီးဆုံး ငယ်ပေါင်းအနုပညာသမား ဝင်းဖေက မှတ်ချက်ချခဲ့ပါတယ်။ သူ့ကို မိဘလို စောင့်ရှောက်ခဲ့တဲ့ လူထုဒေါ်အမာကတော့ ပေါ်ဦးသက်လိုလူမျိုးဟာ ဟောတယောက် ဟောတယောက်ဆိုသလို ပေါ်လာတဲ့သူမျိုးမဟုတ်ဘူးဆိုပြီး အလွမ်းစာဖွဲ့ပါတယ်။ သူမကွယ်လွန်ခင်က မန္တလေး နန်းရှေ့က သူ့နေအိမ်ကို ပန်းချီရိပ်သာအဖြစ် ဖွင့်လှစ်ပြီး ပန်းချီအနုပညာသမားတွေကို ထောက်ပံ့ဖို့ စီစဉ်ခဲ့တဲ့ သူ့စိတ်ကူးကတော့ ခုထိ မဖော်ဆောင်နိုင်သေးပါဘူး။ သူ့လက်ရာ ပန်းချီကားတွေကတော့ ကမ္ဘာအရပ်ရပ်မှာ ဒေါ်လာ သောင်းဂဏန်းထိ ပေးဝယ်နေကြပြီ ဖြစ်ပါတယ်။

သူ့မိသားစုအတွက်တော့ အမေရိကန်ဂျင်းဘောင်းဘီကို စတစ်ကော်လာရှပ်အင်္ကျီ၊ သံမဏိဆွဲပြား၊ ဘုန်းကြီးဆောင်းထီးနဲ့ တွဲဖက် ဝတ်စားတတ်တဲ့ သူတို့ဖခင်ကို မေ့နိုင်ကြမှာ မဟုတ်ဘူးလို့ ကျော်ရင်မြင့်ရဲ့ ပေါ်ဦးသက်မိသားစု စာအုပ်မှာ ဖော်ပြထားပါတယ်။ သူနဲ့ ဗဂျီအောင်စိုးတို့ ဖောက်ခဲ့တဲ့လမ်းမှာ လျှောက်နေကြတဲ့ မြန်မာခေတ်ပြိုင်လူငယ်ပန်းချီဆရာတွေရဲ့ လက်ရာတွေကိုလည်း ကမ္ဘာအနှံ့က ပန်းချီပြခန်းတွေနဲ့ ဧည့်ခန်းဆောင်တွေမှာ တဆောင်တယောင် ချိတ်ဆွဲနေကြပြီဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Wikipaedia

ဓာတ်ပုံ ပုံစာ, ကိုယ်ရေးပုံတူနဲ့ ပေါ်ဦးသက်