အစ္စလာမ်ဘာသာဝင် ပထမမြန်မာ ကာတွန်းဆရာနဲ့ ရုပ်ရှင်မင်းသား

ဓာတ်ပုံ ရင်းမြစ်, Anadolu Agency
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
ရွှေရိုးဘကလေးလို့ သိကြတဲ့ ကာတွန်း ဦးဘကလေးဟာ မြန်မာပြည်ရဲ့ ပထမဆုံး ကာတွန်းဆရာကြီး ဖြစ်သလို အောင်မြင်တဲ့ ရုပ်ရှင် သရုပ်ဆောင်လည်း ဖြစ်ခဲ့ပါတယ်။ ဦးရွှေရိုးကလို့ ကျော်ကြားတဲ့ အကကို ထွင်ခဲ့သူအဖြစ် သိကြတဲ့ ကာတွန်းဆရာကြီး ရွှေတလေးဟာ မွတ်ဆလင် လူနည်းစုထဲက လာသူဖြစ်ပေမယ့် မြန်မာဗုဒ္ဓဘာသာတွေ ထုတ်ဝေတဲ့ သတင်းစာတွေရဲ့ ပင်တိုင်ကာတွန်းဆရာကြီး ဖြစ်ခဲ့သလို မြန်မာအနုပညာနဲ့ စီးပွားရေး မိသားစု ကြီးတစုရဲ့ သမက်လည်း ဖြစ်ခဲ့ပါတယ်။ ကောလိပ်ကျောင်းထွက် ခေတ်ပညာတတ်ဖြစ်ပေမယ့် ရွှေတလေးလက်ရာတွေဟာ တောသူတောင်သားတွေ၊ ဘုန်းကြီးတွေလည်း ကြိုက်တဲ့ မြန်မာကာတွန်းတွေ ဖြစ်တယ်လို့လည်း နှောင်းခေတ် သုတေသီတွေက မှတ်ချက်ပြုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu
ဦးဘကလေး ကာတွန်းရေးခဲ့တဲ့ သက်တမ်းက အနှစ် ၂ဝ ကျော်ပြီး ၁၉၁၅ ကနေ ၁၉၃ဝ ကျော် မြန်မာနိုင်ငံရေး ဖွံ့ဖြိုးလာချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ နောက်ပြီး အနောက်တိုင်းရဲ့ သိမ်းပိုက်မှုကို ခံရတဲ့ အရှေ့နိုင်ငံတွေမှာ သာသနာပြုနဲ့ နယ်ချဲ့အစိုးရတွေရဲ့ ဝါဒဖြန့်အဖြစ် သုံးခဲ့တဲ့ စာပုံနှိပ်ပညာနဲ့ စာနယ်ဇင်း အတတ်ကို အမျိုးသားရေး ဝါဒဖြန့်ဖို့ တန်ပြန်သုံးခဲ့တဲ့ တိုင်းရင်းမီဒီယာတွေ ပေါ်ထွန်းလာချိန်မှာ ရွှေတလေး၊ ရွှေဥဒေါင်း၊ ပီမိုးနင်း၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီးစတဲ့ ပညာတတ် စာရေးဆရာနဲ့ အနုပညာသမားတွေ အများအပြား ပေါ်ထွက်ခဲ့ပါတယ်။ ဒီလူတွေရဲ့ လက်ရာစာပေတွေဟာ နယ်ချဲ့ ဆန့်ကျင် ရေး၊ နိုင်ငံခြားဆန့်ကျင်ရေးတွေ ရှိသလို အမျိုးသားစည်းလုံးရေးနဲ့ ခေတ်မီတိုးတက်ရေးကို လှုံ့ဆော်တာတွေလည်း ရှိပါတယ်။ ဒီပညာတတ် အများစုဟာ ဆိုင်ရာတိုင်းပြည်တွေက လူမျိုးဘာသာ အုပ်စုကြီးတွေထဲက ဖြစ်လေ့ရှိပေမယ့် ရွှေတလေးလို လူနည်းစုထဲက ထိုးထွက်ပေါက်ရောက်လာသူလည်း ရှိပါ တယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu
ဘကြီးမေတ္တာတုံး၏ အာဒါသမုခဒီပနီ
၁၉၁၅ ရန်ကုန်ကောလိပ်မဂ္ဂဇင်းမှာ ပါတဲ့ မြို့အုပ်အိပ်မက် ကာတွန်းနဲ့ ပွဲထွက်ခဲ့တဲ့ ရွှေတလေးဟာ ၁၉၁၇ က စထုတ်တဲ့ သူရိယမဂ္ဂဇင်းစင်မြင့်ကနေ နိုင်ငံ သိ ဖြစ်လာခဲ့ပါတယ်။ ၁၉၁၁ က စတင်ထုတ်ဝေတဲ့ သူရိယရက်ခြားသတင်းစာဟာ အဲဒီခေတ်က နိုင်ငံရေးအရ ရှေ့အရောက်ဆုံး ဖြစ်တဲ့ ဝိုင်အမ်ဘီအေ လူငယ်စုရဲ့ အသံကို ထင်ဟပ်တဲ့ သတင်းစာဖြစ်လို့ နာမည်ကြီးပါတယ်။ ဒါကြောင့် မြန်မာပြည်ရဲ့ အစောဆုံးမဂ္ဂဇင်းတစောင်ဖြစ်တဲ့ သူရိယရဲ့ စင်မြင့်ကနေ ရွှေဥဒေါင်းရဲ့ စုံထောက်မောင်စံရှား၊ ဒဂုန်ရွှေမျှားရဲ့ ချင်းဗိုလ်မောင်တက်တူ ဝတ္ထုတိုတွေအပြင် ရွှေတလေး ကာတွန်းဆွဲပြီး သခင်ကိုယ်တော်မှိုင်း မဖြစ် သေးတဲ့ မစ္စတာမောင်မှိုင်းလေးချိုးရေးတဲ့ ဘကြီးမေတ္တာတုံးကဏ္ဍတို့ ထင်ရှားလာကြပါတယ်။
ပေါ်ခါစက ကာတွန်လို့ ခေါ်ခဲ့ကြတဲ့ ကာတွန်းဆွဲပညာဟာ ဟာသကို ကြိုက်တဲ့ မြန်မာစာဖတ်ပရိသတ်နဲ့ ကိုက်ပေမယ့် ကာတွန်းရုပ်ပြောင်ပုံတွေကိုတော့ ခေါင်းကြီးကိုယ်သေး ပြိတ္တာလေးတွေနဲ့ တူတယ်ဆိုပြီး လူကြီးပိုင်းက မနှစ်ခြိုက်ကြပါဘူး။ ဒါပေမဲ့ မစ္စတာမောင်မှိုင်းရဲ့ ကဗျာစာသားနဲ့ တွဲဖက်လိုက်တဲ့ အခါမှာ ကာတွန်းဟာ မြန်မာတွေရဲ့ သည်းခြေကြိုက် ဖြစ်သွားပြီး လူမှုရေး၊ နိုင်ငံရေး အရေးပေါင်းစုံမှာ ဗြိတိသျှအစိုးရကို ထိုးနှက်ပြောင်လှောင်စရာ လက်နက်ကောင်းကြီး ဖြစ်လာပါတယ်။ နောက်ပြီး ဗြိတိသျှ ခွင့်ပြုတဲ့ ဒီမိုကရေစီကြိုးဝိုင်းကလည်း ပြင်သစ်၊ ဒတ်ချ်၊ ဘယ်လ်ဂျီယံ၊ ဂျာမနီ စတဲ့ တခြား ကိုလိုနီအင်ပါယာတွေမှာ ခွင့်ပြုတဲ့ ဒီမိုကရေစီထက် ပိုလွတ်လပ်ကျယ်ပြန့်တဲ့အတွက် ရွှေတလေးလို မြန်မာကာတွန်းဆရာအတွက် ကံထောက်ကူတကွက် ဖြစ်သွားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu
ဒါပေမဲ့လည်း ရွှေတလေးရဲ့ ဖိနပ်ကာတွန်းကြောင့် သူရိယအယ်ဒီတာ ဦးဘဘေကို ပုလိပ်မင်းကြီး ရှက်တယ်လ်ဝပ်က ခေါ်ဆဲတဲ့အတွက် ဦးဘဘေက ပြန်ဆဲပြီး ပုလိပ်မင်းကြီးကို မျဉ်းလုံးနဲ့ ရိုက်ဖို့ ရွယ်တဲ့အထိ ဖြစ်ခဲ့ကြောင်း ချစ်ကြည်ရေး ကြည်ညွန့်ရဲ့ သမိုင်းဝင် သူရိယ၊ မြန်မာ့အလင်းနှင့် မြန်မာ့ နိုင်ငံရေး စာအုပ်မှာ ပါရှိပါတယ်။ နောက် နိုင်ငံရေးအကွဲအပြဲတွေအကြား သူ့ကာတွန်းတွေကို ကြိုက်သူ မကြိုက်သူတွေ ကွဲပြားကြပါတယ်။ ဒါကို ရွှေတလေးက သူ့ကာတွန်းဟာ မှန်လိုပဲ အဖြစ်မှန်ကို ပြရုံသက်သက်ဆိုပြီး စာချိုးနဲ့ ပြန်ကြားပါတယ်။
ရွှေတလေးရဲ့ ကာတွန်းတွေမှာ မြန်မာပြည်သူတွေရဲ့ သဘောကို အမြဲထင်ဟပ်တဲ့အတွက် လူကြိုက်များတယ်ဆိုပြီး ဇဝန၊ လူထုဒေါ်အမာ စတဲ့ သူ့အကြောင်း ရေးခြယ်သူများက မှတ်ချက်ချကြပါတယ်။ နောက် ရွှေတလေးကာတွန်းဟာ ရုပ်ပြောင်ပုံတူကောင်းခြင်း၊ ကာတွန်းကောင်းခြင်း၊ စာလုံး အားရှိခြင်း၊ ဟာသအရည်ရွှမ်းခြင်းနဲ့ စိတ်ကူးကောင်းခြင်းဆိုတဲ့ ကောင်းဂုဏ်တွေနဲ့ညီတယ်လို့လည်း လူထုဒေါ်အမာက ရေးပါတယ်။ ဒါကြောင့် မြန်မာ ပြည်မှာ ပထမဆုံး ကာတွန်းဆရာက မာတင်ဂျုံး ဖြစ်ပေမယ့် သူ့ကိုပဲ မြန်မာကာတွန်းဖခင်ကြီးအဖြစ် နှောင်းလူတွေက သတ်မှတ်ခဲ့သလို ဦးဘဂျမ်း၊ ဦးဟိန်စွန်း၊ ဦးဖေသိန်း၊ ဦးစိန်၊ ဦးဘထွေး စတဲ့ သူ့နောက်က ကာတွန်းအကျော်တွေထိ သူ့ရဲ့ကာတွန်းသြဇာက လွှမ်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu
ကမ္ဘာကြည့် ကြည့်သူ
ရွှေတလေးကို ကမ္ဘာသိစေတဲ့ ကာတွန်းတကွက်ကတော့ နံငယ်ပိုင်းနဲ့ ဂန္ဒီစတိုင် ခေါ် လန်ကွတ်တီ ကာတွန်း ဖြစ်ပါတယ်။ ၁၉၃၁ မှာ အိန္ဒိယ လွတ်လပ်ရေး ခေါင်းဆောင် ကြီး မဟတ္တမ ဂန္ဒီ ဗြိတိန်ကို လွတ်လပ်ရေးအတွက် သွားအရေးဆိုရာမှာ ဘယ်လိုအဝတ်အစား ဝတ်မလဲ၊ ဝတ်ရိုးဝတ်စဉ် ရိုးရာ ဒိုတီနဲ့ သွားမလား မေးခွန်းထုတ်နေကြတဲ့အချိန်မှာ ဆွဲတဲ့ကာတွန်းဖြစ်ပြီး သူ့တပည့် ဦးဟိန်စွန်းက ရန်ကုန်တိုင်း သတင်းစာဖြတ်ပိုင်းကို လေယာဉ်စာနဲ့ လန်ဒန်ပို့လိုက်ရာ ကနေ ရီဗျူးအော့ရီဗျူးဂျာနယ်မှာ မျက်နှာဖုံးက အပြည့်ပါလာပြီး ပေါက်သွားခဲ့တဲ့ အင်္ဂလိပ်ဘာသာနဲ့ ကာတွန်းတကွက် ဖြစ်ပါတယ်။
ရွှေတလေးဟာ ကာတွန်းပညာနဲ့ ပတ်သက်ပြီး ပြည်ပကာတွန်းဆရာတွေရဲ့ လက်ရာကို အမြဲဆည်းပူးခဲ့သူ ဖြစ်ပါတယ်။ သူစဆွဲတုန်းက သင်ပေးမယ့်သူ မရှိဘဲ အမေရိကန်က စာအုပ်မှာဖတ်ပြီး ကာတွန်းဆွဲကြည့်ခဲ့သလို ဖီလ်မေနဲ့ ဒေးဗစ်လိုးဆိုတဲ့ ဗြိတိသျှကာတွန်းဆရာတွေရဲ့ လက်ရာတွေကိုလည်း သူကြိုက်ပါတယ်။ ဒေးလီးစကတ်ချ်သတင်းစာက မက်မဲနပ်စ်ရဲ့ အဖေ့ကို ကြီးပြင်းအောင် မွေးရခြင်း ကာတွန်းကိုလည်း သူအမြဲဖတ်တယ်လို့ ဒေါ်အမာ က ရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu
နောက် ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်တွေကြား ရွှေတလေးကြီး ခြေကျင်လျှောက်သွားတတ်သလို ညနေတိုင်း ရပ်ကွက်တကာကို လန်ချားနဲ့ လျှောက်သွား ပြီး လူတွေကို လေ့လာပါတယ်။ ဥပုသ်နေ့လို လူစည်တဲ့ နေ့တွေမှာတော့ ရွှေတိဂုံဘုရားပေါ်မှာ ဘုရားလာဖူးတဲ့ သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ သူတောင်းစားနဲ့ လူမျိုးစုံကို သွားကြည့်တတ်ပါတယ်။ ဒါကြောင့် သူ့ကာတွန်းတွေဟာ အပြင်က လူတွေနဲ့ မခြား သရုပ်ပါပြီး အားရှိတာ ဖြစ်ပါတယ်။ လူမျိုးစုံစွာ ရွှေဂုံမှာ ဆိုပြီး သူဆွဲခဲ့တဲ့ ကာတွန်းကဏ္ဍမှာတော့ ရန်ကုန်မြို့ပေါ် လမ်းတွေပေါ်မှာ လျှောက်သွားပြီး အသက်မွေးရတဲ့ လူမျိုးစုံ ဆင်းရဲသား တွေ ဘဝကို စုတ်ချက်နိုင်နိုင်နဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu
မြန်မာအဆွေသမက်
ဦးဘကလေးဟာ မြန်မာအဆွေခေါ် အေဝမ်းကုမ္ပဏီကြီးရဲ့ ပိုင်ရှင် သူဌေး ဦးဘညွန့်သမီး ဒေါ်ခင်ခင်နဲ့ အကြောင်းပါပါတယ်။ ဘာသာမတူသူ နှစ်ယောက် ဘာသာရေး ဆွေးနွေးငြင်းခုံရင်း ချစ်ကြိုက်သွားကြတာလို့ လူထုဒေါ်အမာက ရွှေရိုးဘကလေး စာအုပ်မှာ ရေးပါတယ်။ ဘာသာမတူတဲ့အတွက် အတား အဆီးတွေကြားက ယူရတာ ဖြစ်ပြီး ဦးဘကလေးက ဒေါ်ခင်ခင်ကို ခိုးပြေးတာလို့ သိရပါတယ်။ အင်းစိန်မှာ ရှိတဲ့ သူ့ဦးလေး သင်းအုပ်ဆရာ သမီးနဲ့ ယူထားသူဆီ ခိုးပြေးပြီး ဘုရားကျောင်းမှာ သုံးရက်ပုန်းနေကြတယ်လို့ ဆိုပါတယ်။ နောက် ပြန်ရှာပြီး ပေးစားတဲ့အခါမှာလည်း ဒေါ်ခင်ခင် ဘာသာ မပြောင်းသလို လင်မယားနှစ်ယောက် မြန်မာအဆွေတိုက်မှာပဲ နေကြပါတယ်။ မန္တလေးတောင်ပေါ် သူ့ယောက္ခမ ပြာသာဒ်ဆောက်လှူရာမှာ အလှူ ထည့်ဝင်ကြဖို့ ကုန်တိုက်အားပေးသူတွေကို အလှူခံတဲ့ ကြော်ငြာပုံကိုလည်း ဦးဘကလေးက ဆွဲပေးတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu
မြန်မာအဆွေက မူလကုန်တိုက်အပြင် ဒဂုန်မဂ္ဂဇင်းနဲ့ ရုပ်ရှင်ထုတ်လုပ်ရေးဘက် လှည့်လာတဲ့အခါမှာ မောင်ညီပု၊ မောင်မောင်စိုး၊ မောင်တင်မောင် ဆိုတဲ့ သားတွေ ရုပ်ရှင်မင်းသားအဖြစ် အောင်မြင်ခဲ့သလို သမက် ဦးဘကလေးလည်း မင်းသားနဲ့ ဟာသဇာတ်လိုက်အဖြစ် ကျော်ကြား ခဲ့ပါတယ်။ သူ့ဇနီး ဒေါ်ခင်ခင်လည်း ပထမဆုံး မြန်မာအမျိုးသမီး ရုပ်ရှင်ဓာတ်ပုံဆရာအဖြစ် ထင်ရှားခဲ့ပါတယ်။ ဦးဘကလေးကတော့ ဦးရွှေရိုးအကလို့ နာမည်ကြီးတဲ့ သင်္ကြန်အကကို ၁၉၂၃ က ရိုက်တဲ့ တောမြိုင်စွန်းက လွမ်းအောင်ဖန် ဇာတ်ကားမှာ စတင်ဖြေဖျော်သူအဖြစ် လူသိများခဲ့ပြီး မြန်မာပြည်ရဲ့ ချာလီ ချက်ပလင်အဖြစ်လည်း တင်စားမှတ်ယူခဲ့ကြပါတယ်။
မြန်မာပြည်ရဲ့ ဒုတိယပေအရှည်ဆုံးနဲ့ လေးကြိမ်ခွဲပြရတဲ့ အသံတိတ်ကားကြီး ဖြစ်တဲ့ ၁၉၂၅ က မှိုင်းဝေဝေမှာတော့ အဘိုးကြီး၊ ဘုန်းကြီးကျောင်းသား၊ ဆွံ့အသူနဲ့ မင်းသားရဲ့ သူငယ်ချင်း သုံးကိုယ်ခွဲပြီး ဦးဘကလေး ပါဝင်ရာမှာလည်း သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ချီးကျူးခဲ့ကြပါတယ်။ ၁၉၂၈ နဲ့ ၁၉၂၉ က သူကိုယ်တိုင် ဇာတ်ညွှန်း၊ ဒါရိုက်တာနဲ့ မင်းသားအဖြစ် သရုပ်ဆောင် ရိုက်ကူး ခဲ့တဲ့ ကြင်စဦး နဲ့ ဝေလွင်လွင် ကားတွေမှာတော့ အလွမ်းသရုပ်ကို ပိုင်နိုင်သူအဖြစ် ဦးဘကလေး မော်ကွန်းထိုး ကျန်ရစ်ခဲ့ပါတယ်။ သူသေဆုံးပြီး ခုနစ်နှစ်ကြာမှ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုကို မြန်မာအစိုးရက ချီးမြှင့်တာဖြစ်တဲ့အတွက် ရွှေစင်ရုပ်တွေ သူရမသွားခဲ့ပေမယ့် ရွှေရိုးဘကလေးဆိုတဲ့ နာမည်တလုံးကို တော့ မြန်မာရုပ်ရှင်သမိုင်းမှာ ချန်ရစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu
ကာတွန်းအမြင်
ရွှေရိုးဦးဘကလေးဟာ နိုင်ငံရေးဆောင်ရွက်ခဲ့သူ မဟုတ်ပေမယ့် သူဆွဲတဲ့ ကာတွန်းတွေမှာ နိုင်ငံရေးကာတွန်းတွေ အများကြီးပါပါတယ်။ သူ့ကို ကာတွန်း အပ်သူ ပြောတဲ့အကြောင်းတိုင်းကို သူမဆွဲပေမယ့် ဗန္ဓုလဂျာနယ်မှာ အယ်ဒီတာ ဦးဘိုးမင်းကို အားနာပြီး ဆွဲပေးခဲ့တဲ့ တကွက်နှစ်ကွက် ရှိတယ်လို့လည်း သိရ ပါတယ်။ မြန်မာပြည်မှာ အရေးကြီးတဲ့ လယ်သမားကိစ္စကို သေချာလေ့လာသူဖြစ်တဲ့အတွက် ရွှေတလေးရဲ့ ကာတွန်းတွေမှာ လယ်သမားတွေဘဝကို စာနာရေးဆွဲတဲ့ ကာတွန်းတွေ အများအပြားပါသလို ညစ်ပတ်တဲ့ နိုင်ငံရေးကလိမ်ကကျစ်သမားတွေကို ရှုတ်ချတဲ့ ကာတွန်းတွေလည်း မနည်းမနော ရှိပါတယ်။ ဒီနိုင်ငံရေးကာတွန်းတွေကြောင့် ဗြိတိသျှအစိုးရကရော ဘုန်းကြီးတွေကပါ ကြိမ်းမောင်း ခြိမ်းခြောက်တာတွေ ခံခဲ့ရပေမယ့် သူ အရေးမစိုက် ခဲ့ပါဘူး။
နောက်ပြီး ရွှေတလေးဟာ မွတ်ဆလင်ဖြစ်ပေမယ့် မြန်မာပြည်ကို အိန္ဒိယက ခွဲထုတ်ရေးနဲ့ လွတ်လပ်ရေးယူရေးတွေကို ထောက်ခံအားပေးခဲ့သူ ဖြစ်ပါ တယ်။ သူ့ကာတွန်းတွေမှာ ငွေတိုးချေးတဲ့ ချစ်တီးတွေနဲ့ အိန္ဒိယနဲ့ နိုင်ငံခြားအရင်းရှင်တွေရဲ့ အမြတ်ထုတ်ပုံတွေကို ဖော်ညွှန်းတတ်ပေမယ့် ဘာသာလူမျိုး ကွဲပြားမှုကို ထိုးနှက်တိုက်ခိုက်တဲ့ စစ်ပြီးခေတ်က ကာတွန်းတွေလို မကြမ်းတမ်းတာကို တွေ့ရပါတယ်။ နောက်ပြီး လူမျိုးစုံ ရောပြွမ်းနေတဲ့ ရန်ကုန် မြို့ပြက လူနေမှုတွေကိုလည်း ကာတွန်းကနေ သူဖွဲ့နွဲ့ခဲ့ပါတယ်။ တခါ မျိုးချစ်စိတ်နဲ့ ပတ်သက်ပြီး တခြားလူမျိုးနဲ့ လှည့်ရန်တိုက်တဲ့ မျိုးချစ်စိတ်၊ မနာလိုဝန်တို စိတ်တွေကိုလည်း ရွှေတလေး ကဲ့ရဲ့ခဲ့ပါတယ်။ ၁၉၂ဝ နဲ့ ၁၉၃၆ ကျောင်းသားသပိတ်တွေမှာလည်း တက်တက်ကြွကြွ ကလောင်နဲ့ ဝန်းရံခဲ့တဲ့ အနုပညာရှင် ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu
အမျိုးသမီးရေးနဲ့ ပတ်သက်ရင်တော့ ရွှေတလေးဟာ တခြား ယောက်ျားကာတွန်းသမားတွေလိုပဲ အမျိုးသမီးတွေရဲ့ ခေတ်မီမှုနဲ့ ဝတ်ဆင်မှုဖက်ရှင်အသစ် တွေကို ရယ်စရာလို မြင်တတ်ပါတယ်။ ပြီးတော့ ရွှေတလေးဟာ တလင်တမယားစနစ်ကို မထောက်ခံဘဲ ထောက်ပံ့နိုင်ရင် ဇနီးအငယ်အနှောင်းထားတာကို လက်ခံတဲ့ ဆောင်းပါး ရေးခဲ့တယ်လို့ သိရပါတယ်။
ဝံသာနုလှုပ်ရှားမှုမှာ အမျိုးသားတွေရဲ့ ဗိုလ်ဆံတောက်တွေကို အတင်းကတုံးလိုက်တုံးပေးတဲ့ လှုပ်ရှားမှုမျိုးကိုတော့ သူက ကာတွန်းနဲ့ လှောင်ပါ တယ်။ ပကာသနကြွားဝါမှု၊ ငွေနောက်လိုက်မှု စတာတွေကို လှောင်ပြောင်တဲ့ ကာတွန်းတွေကိုလည်း ခေတ်အဆက်ဆက်က ကာတွန်းနဲ့ သရော်စာသမားတွေလိုပဲ သူရေးဆွဲခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu
ရွှေရိုးအမွေ
၁၉၄၅ က စိတ်ဝေဒနာနဲ့ ချို့ချို့တဲ့တဲ့ ကွယ်လွန်ခဲ့ရတဲ့ ဦးဘကလေးဟာ သူဌေးသမက်ဘဝမှာရော၊ ဒေါ်ခင်ခင်နဲ့ ကွဲပြီးနောက်မှာရော အနေအထိုင် အမူအရာ မပြောင်းဘူးလို့ ဆိုပါတယ်။ ဒုတိယဇနီးအဖြစ် အိန္ဒိယ ဘုရင်ခံချုပ် ကောင်စီဝင်နဲ့ ဝိုင်အမ်ဘီအေ ဥက္ကဋ္ဌဖြစ်ခဲ့တဲ့ အရေးပိုင် ဦးဖေရဲ့သမီး ကစ်တီခင်ထားနဲ့ လက်ထပ်ခဲ့ပေမယ့်လည်း သူဆင်းရဲသလို ဒေါ်ခင်ထားလည်း ဆင်းရဲခဲ့ပါတယ်။ ဦးဘကလေးမရှိတဲ့နောက် ပုသိမ်ကန်ကြီးထောင့်ကနေ ရန်ကုန်ပြန်လာတဲ့ ဒေါ်ခင်ထားကို မိတ်ဆွေတွေက ခင်ပွန်းသည်ရဲ့ ကြော်ငြာကာတွန်းတွေ သုံးနေတဲ့ လုပ်ငန်းတွေဆီက ငွေတောင်းပေးကြပါတယ်။ အဲဒီမှာ အိန်အန်တောင်ခေါ် ကျားဘမ်းပရုပ်ဆီက ငွေကိုပဲ ဒေါ်ခင်ထား လက်ခံပြီး မြန်မာလုပ်ငန်းတွေဆီက ငွေကို မယူဘူးလို့ ဆိုပါတယ်။ သူ့ခေတ်က ရွှေရိုးနာမည်နဲ့ ပုဆိုးဆင်၊ ခေါင်းလိမ်းဆီ၊ မျက်နှာချေ၊ တေဆေး စတာတွေ ပေါ်ခဲ့ပေမယ့် သူအကျိုးမခံစားခဲ့ရဘူးလို့လည်း သိရပါတယ်။
ရွှေရိုးဘကလေး၊ ပီမိုးနင်း၊ ဇေယျ ၊ ဆရာဟန် စတဲ့ ခေတ်ပြိုင် စာပေ၊ ဂီတနဲ့ အနုပညာရှင်တွေဟာ ဘာသာရေး ဆွေးနွေးဘက်တွေ ဖြစ်သလို အရက် သောက်ဘက်တွေလည်း ဖြစ်တယ်လို့ လူထုဒေါ်အမာက ရေးပါတယ်။ ပီမိုးနင်းနဲ့ ဦးဘကလေး လေးည မိုးအလင်း တရားဆွေးနွေးပြီးမှ နှစ်ယောက်လုံး ဘဝင်ကျသွားခဲ့တာပါ။ လောင်ချိုင် အရက်ဆိုင်မှာ တယောက်နဲ့ တယောက် ဆရာခေါ်ပြီး အရက်မူးကြတာလည်း ဒီပုဂ္ဂိုလ်ကြီးတွေပဲ ဖြစ်ကြပါတယ်။ လက်ရှိ မြန်မာဝတ္ထုနဲ့ ကာတွန်းဟာလည်း ၁၉၁ဝ ကျော်က ဒီကလောင်ရှင်ကြီးတွေရဲ့ လက်ဖျားက စီးဆင်းလာတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu








