မြဝတီမင်းကြီး ဦးစ၊ ယိုးဒယားသီချင်းကို မြန်မာဆန်စေသူ

ဓာတ်ပုံ ရင်းမြစ်, Roger Viollet Collection
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
ဦးစကို စစ်သည်စာဆို၊ ကုန်းဘောင်ခေတ် မဟာဂီတလောကရဲ့ ဥသျှောင်တပါးအဖြစ် လူသိများလှပါတယ်။ ဘီသိုဗင်၊ မိုးဇတ် စတဲ့ ဥရောပ ဂန္ထဝင် ခန်းဆောင်ဂီတစာဆိုကြီးတွေလိုပဲ မြန်မာပြည် ဂီတ လောကမှာလည်း ဂန္ထဝင်ကဝိကြီးတပါး ဖြစ်တဲ့ ဦးစဟာ ထိုင်းနိုင်ငံက ယိုးဒယားတေးတွေကို မြန်မာ့ဂီတလောကထဲ သွတ်သွင်းရာမှာ ဦးဆောင်ပါဝင်ခဲ့သူ အဖြစ်လည်း ထင်ရှားပါတယ်။ နောက် ဦးစဟာ အုပ်ချုပ်ရေး၊ စစ်ရေးမှာ အစွမ်းပြခဲ့တဲ့ ဗိုလ်ချုပ် ဝန်ကြီးတပါးလည်း ဖြစ်ခဲ့ပါတယ်။ သူ စားခဲ့တဲ့ မြဝတီမြို့ကတော့ မကွေးတိုင်း သရက်ခရိုင်မှာ ရွာအဖြစ် ကျန်ရှိနေပါတယ်။
သီချင်းဘုရင် အီနောင်ရှင်
ဦးစကို မြန်မာ့မဟာဂီတမှာ သီချင်းဘက်က ထိပ်တန်းအရောက်ဆုံးဆိုပြီး လူထုဒေါ်အမာစတဲ့ အနုပညာသမိုင်းရေးဆရာတွေက စာဖွဲ့ကြပါတယ်။ ဘုံပျံနေနန်း၊ မှိုင်းပြာမှုန်ဝေ၊ ကုန်းဘောင်ပရမေ နဲ့ အထူးထူးငယ်နှင့် ဆိုတဲ့ မင်းကြီးရဲ့ ပတ်ပျိုးကြီးလေးပုဒ်ကိုလည်း မဟာဂီတရဲ့ ထိပ်ဆုံးက သီချင်းကြီး တွေအဖြစ် ဆရာစဉ်ဆက် သတ်မှတ် ပြီး လေးလေးစားစား တီးမှုတ်သီဆိုကြတာ ဖြစ်ပါတယ်။ နောက်ပြီး မြဝတီမင်းကြီးရဲ့ စာဆိုသက် ဟာ အသက် ၂ဝ ကျော် အရွယ်ကနေ ၇ဝ ကျော်ထိ အနှစ် ၅ဝ ကျော် ရှည်ကြာခဲ့ပြီး ကုန်းဘောင်ခေတ်လယ်ပိုင်းမှာ အထူးထင်ရှားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, DEA / BIBLIOTECA AMBROSIANA
သူ့ရဲ့ ဂီတခရီးအစမှာ ဘိုးတော်ဘုရားသားတော် အိမ်ရှေ့မင်း အမိန့်နဲ့ ယိုးဒယားတေးတွေ ရေးစပ်တာ၊ အီနောင်ဇာတ် ကို ပြန်ဆိုတာတွေက အထူးထင်ရှား ပါတယ်။ ဒီလိုရေးစပ်ရာမှာ မူရင်းတေးသွားရဲ့ အနှစ်သာရလည်း မပျက်ဘဲ မြန်မာဆန်အောင် ပြောင်းယူရုံသာမက စာပေအရလည်း ဂန္ထဝင်မြောက်တဲ့ တေးသစ်တွေ ရခဲ့ပါတယ်။ ဒါကြောင့် ဦးစဟာ မြန်မာ့ယဉ်ကျေးမှုမှာ ထိုင်းအနုပညာတွေ သွတ်သွင်းပြီး ကြွယ်ဝအောင် တန်ဆာဆင်ခဲ့သူ အဖြစ် လေးစား ခံခဲ့ရပါတယ်။
အီနောင်ဟာ ဣန္ဒာဝုဓခေါ် သိကြားမင်းပေးတဲ့ လက်နက်ပိုင်ရှင် ဂျားဗားမင်းသားနဲ့ ပွတ်စပါးမင်းသမီးတို့ရဲ့ အချစ်ဇာတ်လမ်းဖြစ်ပြီး မလေး ယဉ်ကျေးမှုမှာ ပန်ဂျီဇာတ်အဖြစ် သိကြပါတယ်။ ပန်ဂျီကို ပန်းရည် ဆိုပြီး မြန်မာမှုပြုခဲ့သလို ဣန္ဒာဝုဓကို ထိုင်းကတဆင့်ရတဲ့ မြန်မာတွေကလည်း ထိုင်းလို အီနောင်လို့ လိုက်ခေါ်ခဲ့ကြပါတယ်။ ပွတ်စပါးကတော့ ထိုင်းမှာ ဘူဆာဘာ ဖြစ်ပါတယ်။ ဒါကြောင့် အီနောင်ဇာတ်ကို မြန်မာမှာ ကရာမှာ မလေး ဆန်ဆန် မုတ်ဆိတ်ကျင်စွယ်တပ်ကသလို ထိုင်းဆန်ဆန် လက်အိပ်စွပ် လက်သည်းတပ်ကတာတွေ ရှိခဲ့ပါတယ်။ နောက်ပြီး ဇာတ်အိမ်တည်တဲ့ နိုင်ငံတွေရဲ့ နာမည်ကလည်း ဒါဟာ၊ ကူရေပန် စတဲ့ ဂျားဗား ကျွန်းပေါ် က အင်ဒို၊ မလေး၊ ဟိန္ဒူ တိုင်းပြည်ဟောင်းတွေ ဖြစ်ပါတယ်။
မြန်မာပြည်မှာ ပထမအီနောင်မင်းသားဟာ ထိုင်းက ပါလာတဲ့ မောင်လှိုင်းဖြစ်ပြီး နန်းတွင်း မှာ မောင်မောင်လှိုင်းဆိုပြီး လူကြိုက်များခဲ့ပါတယ်။ သူနေပုံ ထိုင်ပုံ ပျော့ပျောင်းလို့လည်း လိုက်အတုခိုးရပါတယ်။ မင်းတုန်းနဲ့ သီပေါမင်းခေတ်တွေမှာတော့ ကိုစံတုတ်နဲ့ မယင်းတော်တို့ အီနောင်ဇာတ်ကတာ ခေတ်စား ပါတယ်။ မင်းမိန်းမပိုင်းမှာ လူချစ်လူခင်ပေါလွန်းလို့ ကိုစံတုတ် နန်းတော်ပေါ်ကို ဆုတော်ခံဝင်ရင် မျက်နှာကို ပုဝါအုပ် ခစား ရကြောင်း ပြောစမှတ် ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Future Publishing
တခါ ဦးစ ရေးခဲ့တဲ့တေးတွေဟာ ကုန်းဘောင်ခေတ် နိုင်ငံရေးနဲ့ သူ့ဘဝအတက်အကျအချိန်တွေကိုလည်း ထင်ဟပ်နေပါတယ်။ ယိုးဒယားမင်းသမီး နှင်းနုတို့ အကူအညီနဲ့ ဖော်ကွာဝေး၊ လွမ်းပိုအောင်၊ လေပြည်ဆော်သွင်းမြူး၊ အို လျှံညီးလင်း၊ စက်လည်း ပျော်ပါနိုင် စတဲ့ ယိုးဒယားတေးတွေစပြီး ပြန်ဆို ရေးဖွဲ့ချိန်ဟာ ဘိုးတော်ဘုရား လက်ထက် ကုန်းဘောင်နိုင်ငံ ဘုန်းမီးနေလတောက်ပချိန်၊ သူ့ဘဝတက်လမ်းတွေ့ချိန် ဖြစ်ပြီး ဘကြီးတော်ဘုရား စောင်းတီးသင်ဖို့ စုံသာမြိုင်လယ် သီချင်းခံ ရေးစပ်ချိန်နဲ့ ဆင်ဖြူမရှင်ဖြစ်လာမယ့် လောကမြတ်စွာ မင်းသမီးနားထွင်းပွဲအတွက် စိန်ကြောင်နီလာ ပတ်ပျိုး ရေးစပ်ရတဲ့ အချိန် တွေကတော့ သူ့ဘဝ အတွက် အအောင်မြင်ဆုံးအချိန် ဖြစ်ပါတယ်။ နောက် သူ့ဘဝ သေဘေးက လွတ်ဖို့ အချုပ်ထဲကနေ ကုန်းဘောင်ပရမေ၊ ကုန်းဘောင်နေမင်း ဘုန်းတော်ဘွဲ့ ပတ်ပျိုးတွေ ရေးပြီး သာယာဝတီမင်းဆီ ဆက်ခဲ့ရပြန်ပါတယ်။ နောက်ဆုံး သာယာဝတီမင်း ရန်ကုန်ကို စုန်ဆင်းပြီး တနင်္သာရီကို သိမ်းထားတဲ့ ဗြိတိသျှကို အင်အားပြချိန်မှာ စိန်ခြယ်ညီးလင်း ဥက္ကလာပမွန်သံ ပတ်ပျိုးကို ၇၄ နှစ်အရွယ်မှာ ဦးစ စပ်ဆိုခဲ့ပါတယ်။
ဦးစဟာ ကြိုး၊ တမ်းချင်း၊ တျာချင်း၊ သင်္ဘောလွှင့်ချင်း၊ မီးခွက်ကချင်း၊ အန်ချင်း၊ နတ်ယိုင်သံ လဲ့ချင်း စတဲ့ သီချင်းမျိုးစုံကို စပ်နိုင်တဲ့ တေးပါရဂူကြီး ဖြစ်သလို ပတ်ပျိုးချည်း ၆၉ ပုဒ် ရေးခဲ့ကြောင်း သိရပါတယ်။ အရင်က ကြိုးနဲ့ တျာချင်း၊ ရတု၊ သီချင်းခံ စတဲ့ တေးမျိုးတွေသာ ရှိတဲ့ မြန်မာ့ဂီတလောက မှာ ယိုးဒယားနဲ့ ပတ်ပျိုးကို စတင်စပ်ဆိုသူတွေအဖြစ် သူနဲ့ ခေတ်ပြိုင်တစု မော်ကွန်းတင်ခံခဲ့ရပါတယ်။ မြဝတီသံဆန်း ဆိုတဲ့စာနဲ့အညီ သံဆန်းဘုရင် ဖြစ်ပါတယ်။
သူစပ်တဲ့ သီချင်းတွေထဲမှာ ဘုံဆောင်မြင့် ဖောင်လားကြိုး၊ ဂန္ဓမာတောင် နတ်ပန်းဘွဲ့၊ စိန်ခြယ်ခြူးသန်း နဲ့ သာဆန်းရဂုံဗွေ ပတ်ပျိုးများ၊ ထောင်ရောင်နေ နဲ့ ထူးမခြားနား သီချင်းခံများဟာ အထူးထင်ရှားပါတယ်။ ထူးမခြားနားကို သူရေးတယ် မရေးဘူး ဝိဝါဒကွဲကြတာတွေလည်း ရှိပါတယ်။
ဒီလို တေးစပ်ရာမှာ သီချင်းကြီးသီချင်းခံ ဆိုတဲ့အတိုင်း ခက်ခဲနက်နဲအောင် ရေးဖွဲ့ခဲ့ပါတယ်။ ဥပမာ ကုန်းဘောင်ပရမေထဲက လေးရောင်ခြည်လျှံလန်း၊ နတ်နန်းတည့် ဝေယံလယ် ဆိုတဲ့စာသားကို တီးတဲ့အခါမှာ လေးရောင်ခြည်၊ လျှံလန်းနဲ့ နတ်နန်းတည့် ဝေယံလယ် နေရာတွေမှာ တီးလုံးတဖြတ်စီ ဝင်အောင် တီးနိုင်တဲ့အထိ ဦးစက အသေးစိတ် သေချာ ရေးသား စပ်ဆိုခဲ့တာပါ။ စာနဲ့အတီးလိုက်ဖက်အောင်၊ စာသားအစ ပါးစပ် ဟချိန်မှာ စောင်းက အဖွင့်တီးနိုင်အောင်ထိ အသွားကို စပ်ဟပ် စီစဉ်ခဲ့ပါတယ်။ သီချင်း တပိုဒ်ထဲမှာ စောင်းသံနှစ်မျိုးပြောင်းတီးရတဲ့အထိ ခက်ခဲအောင်လည်း သူရေးစပ် တတ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Universal History Archive
စစ်သည်ဝန်ကြီး
ဦးစကို စစ်သားစာဆိုကြီးအဖြစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း တပ်မတော်ပိုင်းက ပွဲထုတ်သုံးခဲ့ပါတယ်။ သူ့ကို ဂုဏ်ပြုတဲ့ မြဝတီမဂ္ဂဇင်း ကို ၁၉၅၂ က စပြီး စိတ်ဓာတ်စစ်ဆင်ရေးဌာနက ထုတ်ခဲ့ပါတယ်။ တကယ်လည်း ဦးစဟာ အိမ်ရှေ့မင်းသားအဖနှစ်ပါးကို အမှုထမ်းရာကနေ အဆင့်ဆင့်ရာထူးတွေ တက်ပြီး ဝန်ကြီး ဖြစ်ခဲ့ပါတယ်။ ဘိုးတော်နဲ့ ဘကြီးတော်လက်ထက် ပထမအင်္ဂလိပ်မြန်မာစစ်မဖြစ်ခင်နဲ့ စစ်အတွင်းမှာ မဏိပူရနဲ့ ရခိုင် စစ်မျက်နှာ တွေမှာ မြန်မာတပ်တွေကို ခေါင်းဆောင်တိုက်ခဲ့တဲ့ မင်းကြီးမဟာသီဟသူရဘွဲ့ခံ စစ်ဗိုလ်ချုပ်လည်း ဖြစ်ပါတယ်။ ဘင်္ဂလားစစ်မျက်နှာမှာ ဗြိတိသျှတွေကို ရင်ဆိုင် ရစဉ်က ပန်းဝါတိုက်ပွဲကို သူ အောင်နိုင်ခဲ့ပြီး မဟာဗန္ဓုလ ရန်ကုန်ကို ခုခံဖို့ ဆုတ်ခွာချိန်မှာ မြောက်ဦးကနေ ခုခံခဲ့ရပါတယ်။
အာသံ၊ မဏိပူရနဲ့ ရခိုင်မှာ မြန်မာနဲ့ ဆင်နွှဲခဲ့တဲ့ စစ်ပွဲအတွင်း နယ်ခံတွေကို မြန်မာတပ်တွေဘက်က ဖိနှိပ်ညှဉ်းပန်းတာတွေရှိခဲ့တယ်ဆိုပြီး ဒေသခံတွေနဲ့ ဗြိတိသျှမှတ်တမ်းတွေမှာ ဖော်ပြပါတယ်။ ပထမ အင်္ဂလိပ်စစ် ပြီးနောက် ကဘော်ချိုင့်ဝှမ်းကို မြန်မာဘက်က ပြန်ရအောင်လည်း ဦးစ ကြိုးပမ်းခဲ့ပါတယ်။
နောက် ဘကြီးတော်လက်ထက်မှာ လွှတ်တော်ဝန်ကြီးအဖြစ် ဆောင်ရွက်စဉ် သာယာဝတီမင်းသားပုန်ကန်မှုမှာ ငခင်ငယ် ဆိုပြီး ငယ်မည်သုံးပြီး စာထုတ်တဲ့အတွက် သာယာဝတီ အမျက်ရှပြီး သူနန်းရတဲ့အခါမှာ ဦးစကို ဖမ်းပြီး နှစ်နှစ် အကျဉ်းချခဲ့ပါတယ်။ နောက် ရွှေဘိုနားက ကျောက်မြောင်းမှာ နန်းစံနေတုန်း လမ်းပြင်ရတဲ့ အဖွဲ့မှာ ဦးစပါလာတာကို တွေ့တဲ့အတွက် သာယာဝတီမင်း သမီးတော် စုဘုရားကြီးက ခမည်းတော်ဆီ ဘုန်းတော် ဘွဲ့ရေး ဆက်သဖို့ တိုက်တွန်းလို့ ပြန်လွတ်လာခဲ့ပါတယ်။ နောက် မင်းတုန်းမင်းခေတ် အသက် ၈၇ နှစ်အရွယ်ကျမှ ရွှေဘိုမှာ ဦးစ အနိစ္စရောက်ပါတယ်။ သူရေးသားခဲ့သမျှကို မင်းတုန်းမင်းအမိန့်နဲ့ စုဆောင်း စေခဲ့တဲ့အတွက် မြဝတီစာစုအဖြစ် ကျန်ရစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hulton Archive
ဉာဏ်သစ်လောင်းချိန်
မြဝတီမင်းကြီးတို့ စာဆိုတဲ့ခေတ်ဟာ ကုန်းဘောင်ခေတ်ရဲ့ ဉာဏ်သစ်လောင်းချိန်ဆိုပြီး မြန်မာ့စွယ်စုံကျမ်းက ရေးပါတယ်။ ကုန်းဘောင်အစောပိုင်းကာလ စစ်ချီတက်သိမ်းပိုက်မှုတွေအပြီး ဘိုးတော်ဘုရားလက်ထက်မှာ ပြန်လည်ထူထောင်ရေးတွေ လုပ်ခဲ့ပါတယ်။ စစ်တမ်းကောက်တာ၊ ဒင်္ဂါးထုတ်တာတွေ အပြင် ဘာသာရေးဝိဝါဒကွဲတာတွေလည်း အဆုံးသတ်စေခဲ့ပါတယ်။ နောက် အိန္ဒိယက သက္ကတ၊ ဟင်ဒီ၊ နဂရီဘာသာတွေနဲ့ ရှိတဲ့ ဆေးကျမ်း၊ ဗေဒင်ကျမ်း တွေကို မြန်မာပြန်စေပါတယ်။ နောက် ထိုင်းက ခေါ်လာတဲ့ ပညာရှင် မင်းညီမင်းသား မင်းသမီးတွေကို မေးမြန်းပြီး ရာမ၊ အီနောင်၊ကေသာသီရိ နဲ့ သင်္ခပတ္တ ဇာတ်တွေကို ပြန်ဆိုစေသလို ထိုင်း အနုပညာနဲ့ ယဉ်ကျေးမှုတွေကို ပျံ့နှံ့စေပါတယ်။ အနောက်တိုင်းက စွယ်စုံကျမ်းပြန်ဆိုမှုနဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန် ပြုမှုတွေလည်း မက္ခရာမင်းသားနဲ့ တခြား ပညာရှိတွေ အစပျိုးခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Indianapolis Museum of Art at Newfields
ဦးစဟာ နိုင်ငံခြားသားတွေနဲ့ ခင်မင်ပြီး ထိုင်း၊ ဟင်ဒီ၊ ကသည်း၊ နဂရီ၊ အင်္ဂလိပ်ဘာသာတွေ တတ်ကျွမ်းသလို အာဗေးမာရီယာ ကက်သလစ်ဘုရား သီချင်းကို မှီးပြီး အထူးထူးငယ်နှင့် ပတ်ပျိုးကြီးကို ရေးစပ်ခဲ့ပါတယ်။ ဒီလို ဘာသာစုံ ကျွမ်းကျင်နှံ့စပ်တဲ့အတွက် သူရေးတဲ့ သီချင်းတွေမှာ အိန္ဒိယသံ၊ ကသည်းသံ၊ တရုတ်သံ၊ မွန်သံ၊ အင်္ဂလိပ်သံတွေ ပါတာ ဖြစ်ပါတယ်။ နောက် မြန်မာသီချင်းလောကမှာ ဒီလို တေးသံသစ်တွေ ဝင်လာတာဟာ မြန်မာ ဘုရင်နိုင်ငံ သိမ်းပိုက်ခဲ့တဲ့ နယ်မြေတွေနဲ့ ထိစပ်လာတဲ့ ယဉ်ကျေးမှုတွေရဲ့ ရိုက်ခတ်မှုလည်း ဖြစ်ပါတယ်။
တခါ မြဝတီမင်းကြီးကို ငြိမ်းချမ်းရေး မြတ်နိုးသူ၊ စစ်မက်ဖြစ်ပွားတာကို မလိုလားသူအဖြစ်လည်း ဟင်နရီဘားနေးနဲ့ တခြား ခေတ်ပြိုင် အနောက်တိုင်း မှတ်တမ်းတွေမှာ ဖော်ပြကြပါတယ်။ ဦးစဟာ အဲဒီခေတ် မြန်မာနိုင်ငံမှာ အထက်မြက်ဆုံး ပုဂ္ဂိုလ်တယောက်ဆိုပြီး သူနဲ့ ခင်မင်ရင်းနှီးတဲ့ ခရစ်ယာန် သာသနာပြု ဆရာ ယုဒသန်က မှတ်ချက်ချခဲ့ပါတယ်။ ဦးစဟာ လောကမှာ ဘုရားတဆူတည်းရှိတယ်ဆိုတဲ့အမြင်ရှိသူလို့လည်း ယုဒသန်က ဆိုပါတယ်။
ပန်းဝါတိုက်ပွဲမှာ မြန်မာတပ်ထက် အင်အားငါးရာသာတဲ့ အင်္ဂလိပ်တပ်ကို နိုင်ခဲ့ပေမယ့် သုံ့ပန်း တွေကို မညှဉ်းဆဲခဲ့ကြောင်း ဦးစက အနောက်တိုင်းသား တွေကို ရှင်းပြခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, elifranssens
မင်းကြီးနဲ့အတူ စာဆိုဘက်တွေထဲမှာ ပြင်စည်မင်းသား မောင်နဂါးဟာ ထင်ရှားပါတယ်။ ဘိုးတော်ဘုရားရဲ့သားတော် မင်းသားကြီးဟာ ဦးစနဲ့ သက်တူ ရွယ်တူဖြစ်ပြီး ယိုးဒယား ၁၂ ခန်းလို့ခေါ်တဲ့ သီချင်းတွေကို အတူတူ ပြန်ဆိုခဲ့ကြပါတယ်။ သူတို့နှစ်ယောက် တယောက်ရေးတဲ့သီချင်း တယောက်က စာသားဖြည့်တာ၊ အသံထည့်တာတွေ ရှိခဲ့ကြောင်း ဒဂုန်ခင်ခင်လေးနဲ့ တခြား ပညာရှင်တွေက ရေးသားခဲ့ကြပါတယ်။ ဦးစက ယိုးဒယား နှဲသွား၊ ပြင်စည်က ကြေးသွားတွေကို မူတည်စပ်ဆိုခဲ့တယ်လို့လည်း ဒဂုန်ခင်ခင်လေး ရေးခဲ့ပါတယ်။
သူ အသက် ၂၃ နှစ်အရွယ်မှာ ရွှေတောင်မင်း အမိန့်နဲ့ ယိုးဒယားတေးတွေ ပြန်ဆိုတဲ့ အဖွဲ့မှာ သူနဲ့အတူ ရွှေတိုက်စိုး ဦးတိုး၊ သခင်မင်းမိ၊ တောင်ငူမြို့စား စတဲ့ စာဆိုတွေ ပါခဲ့ပါတယ်။
ဦးစဆီမှာ စောင်းတီး သင်ခဲ့သူတွေထဲ အနောက်နန်းမတော် မမြကလေးလို့ ထင်ရှားတဲ့ သာယာဝတီမင်းရဲ့ စာဆိုမိဘုရားကြီးပါသလို စောင်းပညာမှာ တဘက်ကမ်းခတ်တတ်သူအဖြစ် ကျော်ကြားတဲ့ ဦးဖူးခေါင်လည်း ပါပါတယ်။
စာဆိုကျော် မြဝတီမင်းကြီးနဲ့ မင်းတုန်းမင်းခေတ် စောင်းအကျော် ဒေဝဣန္ဒာမောင်မောင်ကြီး၊ ကိုလိုနီခေတ် ဆိုင်းဘုရား စိန်ဗေဒါတို့ သုံးယောက်ကို မဟာဂီတလောကမှာ ဘယ်ခေတ်မှ ထပ်မပေါ်နိုင်တဲ့ ကြီးသုံးကြီးအဖြစ် ယူဆကြကြောင်း လူထုဒေါ်အမာရဲ့ မြန်မာ့မဟာဂီတ စာအုပ်မှာ ပါရှိပါတယ်။ ဦးစဟာ သဘင်ဝန်ဦးသော်နဲ့ တိုင်ပင်ပြီး ရုပ်သေးသဘင်ကို တီထွင်ခဲ့တယ်လို့လည်း အဆိုရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, DEA / G. DAGLI ORTI
ဦးစရဲ့ လူသားဆန်မှု
မြဝတီဝန်ကြီးဟာ ယိုးဒယားတေးတွေ ပြန်ဆိုပြုစုချိန်မှာ ယိုးဒယား ဇာတ်မင်းသမီး နှင်းနုကို နှစ်သက်ခဲ့ပြီး အင်းမတု နှင်းနုရွှေနှစ်ကဲ့ စိမ်းလေပစ်အား၊ သည်ညဉ့်ကြီးလယ် ဘယ့်နှယ်ပြန်ပါရမယ်၊ ကင်းရန်ကများ ဆိုပြီး စာစပ်တာတွေ ရှိခဲ့ပါတယ်။ နောက် သူ့ရဲ့ ဒုတိယဇနီးဖြစ်လာမယ့် စစ်ကိုင်းဘက်က မယ်နှောင်းကို လွမ်းလို့ စပ်တဲ့ လွမ်းဓလေ့ ပတ်ပျိုးပါ လကိုမြင် ကြယ်စင်မဟုတ်ဘူး စာသားနဲ့ ပတ်သက်ပြီး မဟာဂီတ ပညာသည်တွေကြား အဓိပ္ပာယ် အယူအဆ မျိုးစုံ ငြင်းခုံခဲ့ကြပါတယ်။
သူ့အနုပညာကို ချစ်မြတ်နိုးတဲ့ နန်းတွင်းလောကကလည်း သူ့ကို စစ ဆိုပြီး နာမည် အဖျားဆွတ် ခေါ်ခဲ့ပါတယ်။ မင်းတုန်းမင်းရဲ့ အလယ်နန်းမတော် ဆင်ဖြူမရှင် မိဘုရားကြီး ဖြစ်လာမယ့် မင်းသမီးကလေး ငယ်စဉ် ကလည်း ဦးစကို တွေ့ရင် ရင်ခွင်ပေါ်တက်ပြီး လေးငါးရက် ရှိပြီ၊ စစကို မတွေ့ရ၊ ဘယ်ကို သွားနေတုံး၊ လွမ်းလိုက်ထာ လို့ ပြောရင်း ဖက်လှဲတကင်း နှုတ်ဆက်တတ်ပါတယ်။ ဒီအခါ ဦးစကလည်း သည်လိုသာ လာရိတွန်းမှဖြင့်၊ ကျွန်းချည့်မယ် ဇေယျာခွန်ချင်၊ ကိုးပြည်ထောင်ရှင့်၊ ရာမင်းဖျား နှစ်ပါးလွန်ကြည်လင်လှတယ်၊ ဘုန်းပြင်ရှိဘူး ဆိုပြီး တေးဖွဲ့ဆိုခဲ့ပါတယ်။
သူနဲ့ စာဆိုဘက် မင်းကြီးကတော် ခင်ဆုံကိုတော့ ဦးစက စာဖွဲ့ ကျီစယ်တတ်ပါတယ်။ လဲ့လဲ့ကြီးညို၊ သည်ကိုယ်မှာ ဆည်မတန့်နိုင်ဘု၊ နွေးရန်အပြု၊ စောရွှေညို မယုံမပုံရသည်မို့ သောကတောင်ထု ဆိုပြီး ခင်ဆုံကို သူက စာချိုးတဲ့အတွက် ဟိုကလည်း သက်ကျားကြီး၊ ခုတောင် သည်စိတ်မျိုး မကုန်သေးဘူး ဆိုပြီး ခွန်းတုံ့ပြန်ခဲ့ပါတယ်။ သူ့အိမ်ကို သရက်သီးလာရောင်းတဲ့ ကသည်းမငယ်နှစ်ယောက်ကို ကြည့်ပြီး ဦးစ စပ်တဲ့ အို သရက်သီးမယ်၊ ချဉ်မနှောပါမှ ငွေကျောကို ကိုင်မိမယ်၊ မျိုးနွယ်မှာ မိတ်ကယ်ပါထင့်၊ မိလိတ်ဆာဗျည်း၊ တခါနှစ်ခါ ကြိမ်ရအောင်၊ တို့အိမ်ကို ပျော်တော်စုခဲ့၊ ဟိန်းဒုပစ္စည်း ဆိုတဲ့ တေးကလည်း ထင်ရှားပါတယ်။
ဦးစဟာ စစ်ချီရင်း တွေ့တဲ့ တောအလှ တောင်အလှတွေကိုလည်း စာဖွဲ့တတ်ပါတယ်။ ဒီနေရာမှာတော့ သူ့ရှေ့က နဝဒေးကြီးနဲ့ နတ်ရှင်နောင် စတဲ့ စစ်သည် စာဆိုတွေနဲ့ နီးစပ်ပါတယ်။ ဒါကြောင့် မြောက်ဦးနားက စကားတောင်ဘွဲ့၊ ကသည်းနယ်စပ်က ကျောက်ဆစ်ကုန်းဘွဲ့ စတဲ့ ကဗျာအလှတွေ ကျန်ရစ်ခဲ့ ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, duncan1890
အီနောင်ဇာတ်သိမ်း ကုန်းဘောင်မီးငြိမ်း
ဦးစတို့ ပျိုးထောင်ခဲ့တဲ့ မဟာဂီတနဲ့ သဘင်လောကကြီးဟာ မင်းတုန်းမင်းလက်ထက်မှာ အစွမ်းကုန်ထွန်းတောက်ခဲ့ပြီး စောင်းကြိုးကို ခုနစ်ကြိုးကနေ ၁၃ ကြိုးထိ တပ်တီးကြတယ်လို့ သိရပါတယ်။ ၁၈၈၅ ခုနှစ် သီပေါမင်း ပါတော်မူပြီးနောက် နန်းတွင်းက ရာမနဲ့ အီနောင် ဇာတ်အဖွဲ့သားတွေ အစည်းပြေ ကုန်ကြသလို မဟာဂီတပညာရှင်တွေလည်း တိမ်မြုပ်ကုန်ကြပါတယ်။ ရာမဇာတ်တော်သားတွေ အောက်ပြည်ကို စုန်ဆင်း သွားပြီး ဖျာပုံနဲ့ ရန်ကုန် ရေကျော်ဘက်မှာ ရာမဇာတ်အဖွဲ့တွေ ပေါ်လာခဲ့ပါတယ်။ အီနောင်ဇာတ်သားတွေကတော့ မြစ်သားဘက်မှာ လယ်ပြန်စိုက်ကြပါတယ်။ နောက် နန်းတွင်း အရာရှိဟောင်းတွေက ဇာတ်အဖွဲ့သား တွေကို ပြန်စုစည်းပြီး ဇာတ်ပြန်ကနိုင်ဖို့ ထောက်ပံ့ပါတယ်။ တောင်ခွင်မင်းကြီး ကတော် အကူအညီနဲ့ ၄၅ ရက်က တာမျိုးတွေ လုပ်ခဲ့ပေမယ့် ပုံမှန်ကနိုင်ဖို့ မလွယ်တဲ့အတွက် ကိုစံတုတ်တို့ ဇာတ်ခေါင်းကွဲခဲ့ပါတယ်။ မဟာဂီတသား တချို့ကိုတော့ သီပေါစော်ဘွားက ခေါ်ယူ ထောက်ပံ့ထားခဲ့ပါတယ်။
နောက်ပိုင်းမှာ အီနောင်နဲ့ ရာမဇာတ်တော်တွေကို စုစည်းပုံနှိပ်တာတွေ လုပ်ခဲ့ပေမယ့် တီးကွက်နဲ့ ကကွက်တွေ တိမ်မြုပ်ကုန်ပါတယ်။ လွတ်လပ်ရေး ရပြီးနောက် ရာမကို နိုင်ငံတော်ဇာတ်အနေနဲ့ ပြန်လည်ပွဲထုတ်တာတွေ ရှိခဲ့ပေမယ့် အီနောင်ကတော့ ဟန်လောက်သာ ကျန်ပြီး အပြည့်အစုံ ကဖို့ ခက်ခဲ သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း အီနောင်ဇာတ်ထွက် ယိုးဒယားနဲ့ ပတ်ပျိုးတွေကတော့ မဟာဂီတပညာရှင် အဆက်ဆက်ရဲ့ ထိန်းသိမ်းမှုနဲ့ အတော် စုံစုံလင်လင် ကျန်ရစ်ခဲ့ပါတယ်။ မဟာဂီတဂိုဏ်းတွေ ကွဲပြားမှုကြောင့် သီချင်းစာသားနဲ့ ရေးသူ ဝိဝါဒကွဲတာတွေကလည်း ပါတော်မူပြီးနောက် တောက်လျှောက် ရှိနေခဲ့ပါတယ်။ ဒီအတွက် ဦးမောင်မောင်လတ်၊ ဒီးဒုတ်ဦးဘချို၊ ဦးပြုံးချို စတဲ့ ပညာရှင်တွေအပြင် နောက်ဆုံး နိုင်ငံတော်မူအဖြစ် မဟာဂီတကျမ်းကြီး တစောင်ကိုလည်း ယဉ်ကျေးမှုဌာနအကူအညီနဲ့ ၁၉၅၃ ကတည်းက ကြိုးပမ်းထုတ်ဝေခဲ့ကြပါတယ်။
ဒဂုန်ခင်ခင်လေးလက်ဝယ်မှာ ရှိတဲ့ မြဝတီမင်းကြီးရေးတဲ့ စာတွေကို သူကိုယ်တိုင် စုဆောင်းထားခဲ့တဲ့ စာစုကိုလည်း မြဝတီစာစုနှင့်သီခြင်းစု အဖြစ် ၁၉၆၇ မှာ ထုတ်ဝေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, THET AUNG
မင်းကြီးအနွယ်အဆက်များ
မြဝတီမင်းကြီးက တိုက်ရိုက်ဆင်းသက်တဲ့ အဆက်အနွယ်အဖြစ် သားတော်သူ မြဝတီပုံနှိပ်စက်ပိုင်ရှင် ဦးမောင်ကလေးနဲ့ မြေးတော်သူ ငှက်တွင်း ဆရာတော်ကြီးတို့ မင်းတုန်းမင်းခေတ်မှာ ထင်ရှားခဲ့ကြပါတယ်။ ငှက်တွင်း ဆရာတော် ဟာ စတုဘုမ္မိကမဂ္ဂင်ဂိုဏ်းကို စတင်တည်ထောင်သူ အဖြစ် မြန်မာနိုင်ငံရဲ့ ဗုဒ္ဓ သာသနာဝင်မှာ ထင်ရှားပါတယ်။
မင်းကြီးနှမ ဒေါ်လုံမနဲ့ ပြင်သစ်အမေရိကန်အမျိုးသားတို့ ပေါင်းဖက်ရာက ဆင်းသက်တဲ့ မြေးတော်သူ နန်းတွင်းအပျိုတော် ဒေါ်ခင်ဦးဇွန်းကတော့ ရန်ကုန်တက္ကသိုလ် ယုဒသန် ကောလိပ်က ပါဠိပါမောက္ခနဲ့ တက္ကသိုလ် အမတ် ဦးထွန်းဖေရဲ့ဇနီး ဖြစ်လာပါတယ်။ သူတို့သားသမီးတွေထဲက ပထမဆုံး မြန်မာအမျိုးသမီး တက္ကသိုလ် ကောင်စီဝင် ဖြစ်တဲ့ ဒေါ်မြသိန်း၊ ပထမဆုံး သိပ္ပံဘွဲ့ရ မြန်မာအမျိုးသမီး ဒေါ်လှသိန်းနဲ့ ဗြိတိသျှလေသူရဲ ဦးတင်သိန်းတို့ဟာ မင်းကြီးရဲ့ မြစ်တော်စပ် ပါတယ်။ အဲဒီနောက် ထပ်မံ ပေါက်ဖွား လာတဲ့ အထဲက နဝတခေတ်မှာ ရှေ့နေချုပ်ဖြစ်တဲ့ ဒေါက်တာထွန်းရှင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ခေတ်က ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့ ဦးမင်းသူရဲ့ဇနီး ဒေါ်လွင်မေသိန်း တို့ဟာ ဦးစရဲ့ တီတွေ ဖြစ်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NurPhoto








