ဘုရင့်နောင်သားကိုမြှုပ်တဲ့ဘုရားနဲ့ ထိုင်းမြောက်ပိုင်းက မြန်မာအငွေ့

ဓာတ်ပုံ ရင်းမြစ်, Michael Freeman
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
လန်နာလို့ လူသိများတဲ့ ထိုင်းမြောက်ပိုင်းက ချင်းမိုင်ခေါ် ဇင်းမယ်ဒေသဟာ ရှမ်းယွန်းလူမျိုးတွေ ကြီးစိုးခဲ့တဲ့နယ်မြေ ဖြစ်ပြီး ဘုရင့်နောင် လက်ထက်က စလို့ မြန်မာအောက်ကို အနှစ် ၂ဝဝ ကျော် ကျရောက်ခဲ့ပါတယ်။
နောက်ဆုံး ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်မှာ မြန်မာအောက်က အပြီးလွတ်မြောက်ပြီး ဘန်ကောက်က ထိုင်းဘုရင်တွေအောက် ကျရောက်သွားပါတယ်။
ဇင်းမယ်၊ လမ်ပန်း၊ လဖုံးစတဲ့ မြို့တွေမှာ မြန်မာပုံစံ ဘုရားကျောင်းကန်တွေ ခုချိန်ထိ ရှိနေပါတယ်။
ကိုလိုနီခေတ်မှာ အဲဒီဘက်ကို သွားပြီး သစ်လုပ်ငန်းလုပ်ကြတဲ့ ရှမ်း မြန်မာ ပအိုဝ်း စတဲ့ မြန်မာပြည်ဘက်က လူတွေ တည်ထားခဲ့တဲ့ စေတီဘုရားတွေနဲ့ လူနေအိမ်တွေလည်း ခုထိ ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, David Longstreath
ဟရိဘုဉ္ဇ မွန်နိုင်ငံကို တိုက်ခိုက်ပြီး အခြေချဝင်လာတဲ့ ထိုင်းရှမ်းတွေတည်တဲ့ ဇင်းမယ်ဟာ ခေတ်ပြိုင် ပင်းယ၊ အင်းဝ နိုင်ငံတွေနဲ့ ကုန်သွယ်ရေးအဆက်အသွယ် ရှိပြီး လက်ရှိ ကယားပြည်ကို ဖြတ်တဲ့လမ်းကို သုံးတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Olaf Protze
ဒီလမ်းကနေပြီး ပင်းယမှာ တည်တဲ့ စည်းခုံဘုရားထီးတင်ပွဲကို ဇင်းမယ်မင်းတက်ရောက်ခဲ့ကြောင်းလည်း စာရေးဆရာကြီး ဇေယျက ဆောင်းပါးရေးခဲ့ပါတယ်။
ထိုင်းမြောက်ပိုင်းက မြို့ရွာတွေမှာ ပုဂံပုံစံစေတီ တည်တာတွေလည်း ရှိခဲ့ပြီး အခုထိ တွေ့မြင်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, John S Lander
ဘုရင့်နောင် ထိုင်းမြောက်ပိုင်းကို သိမ်းပိုက်ပြီးနောက် ကျန်ခဲ့တဲ့အထဲမှာ ပထမဆုံး တွေ့ရတာက ဘုရင့်နောင်ရဲ့သားတော် နော်ရထာစောရဲ့ ရုပ်ကြွင်းကို မြှုပ်နှံထားတယ်ဆိုတဲ့ ၁၆၁၃ ခုတည် ဇင်းမယ်က ဝပ်ကူတောင်းကျောင်း ဖြစ်ပါတယ်။
ဖရုံသီးပုံ စေတီမှာ သူ့ရုပ်ကြွင်းထည့်သွင်းမြှုပ်ထားတယ် ဆိုတဲ့ နော်ရထာစောဟာ ဇင်းမယ်ဒေသမှာ ညောင်ရမ်းခေတ်တလျှောက် အုပ်ချုပ်ခဲ့တဲ့ မြန်မာဘုရင်ခံတွေရဲ့အစလည်း ဖြစ်ပါတယ်။
အခုတော့ ဒီကျောင်းကို ရှမ်းလူမျိုး ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်တဲ့နေရာအဖြစ် သိကြပြီး ဇင်းမယ်မြို့ဟောင်းထဲမှာ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Eye Ubiquitous
သူတို့ဇနီးမောင်နှံဟာ ရတုကဗျာစပ်ဆိုရာမှာ ထင်ရှားခဲ့ပြီး ဇင်းမယ်မိဘုရား စပ်တဲ့ရတုတွေမှာ ဇင်းမယ်ဘုရားစေတီတွေအကြောင်း အများအပြား ပါရှိပါတယ်။
သခင့်အရည်၊ သွန်းရုပ်ကြည်သို့၊ မြရည်တူနိုး၊ ခေါင်ထိပ်မိုးကို၊
တန်ခိုးပြင်းရှိန်၊ နေနှယ်ထိန်သား၊"ဗြသိန်"သုံးလူ့၊ သဗ္ဗညုဝယ်
တောင်းဆုပန်ထွာ၊စေတနာဖြင့်
စတဲ့ ဇင်းမယ်ဘုရင် နော်ရထာစောရဲ့ ကျေးစေရတုဟာ ဖရာ့ဆင်ခေါ် ဗြသိန်ရုပ်ပွားတော်ကို ရည်စူးစပ်တာပါ။

ဓာတ်ပုံ ရင်းမြစ်, Atid Kiattisaksiri
ဇင်းမယ်ကို စပ်ဆိုတဲ့ ကဗျာတွေ မြန်မာစာပေမှာ အများအပြား ရှိခဲ့ပြီး စာဆို ပထမနဝဒေးရဲ့ ဗြသိန်ဘုရား၊ ဗြကျော်ဘုရားတိုင် ရတုတွေဟာလည်း ထင်ရှားပါတယ်။
နောင်တို့နေသည် ဇင်းမယ်ပြည်သို့ သာကြည်ရွှင်ပြော ရောက်စေသော စတဲ့ ဇင်းမယ်ဘုရားတိုင် ရတုတွေ ရှိသလို တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ စစ်မှာယွန်းမ နှမလေး မယ့်ထက်လှကို ရမလားတော် စတဲ့ စစ်မှာတမူ အိုင်ချင်းကဗျာကလည်း မြန်မာအထက်တန်း သင်ရိုးမှာ ပါလို့ လူသိများပါတယ်။

ဓာတ်ပုံ ရင်းမြစ်, VW Pics
ဇင်းမယ်ဒေသမှာ မြန်မာနဲ့ဆိုင်တဲ့ ဓလေ့အထောက်အထားတွေ ရှိတဲ့အနက် အရှေ့မြောက်ပိုင်း လာအိုနယ်စပ် နန်းမြို့က ဘုရားတဆူမှာ ၁၉ ရာစုကုန်က ဒေသခံ ပန်းချီဆရာတွေ ဆွဲတဲ့ပုံမှာ မြန်မာပုံတွေ ပါတာ တွေ့ရပါတယ်။ နန်းမြို့ကို မြန်မာရာဇဝင်တွေမှာ အနန်း၊ မုန်းနန်းလို့ သုံးနှုန်းပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Paul F Miller
ဇင်းမယ်မြို့တဝိုက်မှာလည်း ပအိုဝ်း၊ ရှမ်းစတဲ့ မြန်မာနွယ်ဖွားတွေ တည်တဲ့ စေတီကျောင်းကန်တွေကို ခုခေတ်ထိ တွေ့ရပြီး နောက်ထပ် ရွှေ့ပြောင်းဝင်လာတဲ့ လူမျိုးစု အလုပ်သမားတွေ ကိုးကွယ် ဆည်းကပ်နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, John S Lander
မြန်မာအစားအသောက် ယဉ်ကျေးမှုတွေ ဇင်းမယ်ဘက်မှာ သုံးဆောင်နေတာတွေလည်း ရှိပါတယ်။
ခေါက်ဆွိုင်ခေါ် အုန်းနို့ခေါက်ဆွဲကို ရှမ်းပြည်ဘက်ကနေ ထိုင်းလူမျိုးတွေ ရရှိတယ်လို့လည်း ဆိုသလို ဟန်းလေးခေါ် ဝက်သားဟင်းလေးကိုလည်း ဇင်းမယ်ဒေသမှာပဲ တွေ့ရပါတယ်။
မြန်မာပြည်မှာ လူသိများတဲ့ ဇင်းမယ်လုံချည်ရက်နည်းဟာလည်း ဒီဒေသကနေ စခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, John S Lander
လမ်ပန်း
မြန်မာရာဇဝင်တွေမှာ လကွန်းလို့ ရေးခဲ့တဲ့ လမ်ပန်းမြို့ဟာ ၁၉ ရာစုနှောင်းပိုင်းမှာ သစ်လုပ်ငန်းနဲ့ ထင်ရှားလာပြီး မြန်မာ ကုန်သည်တွေ အများအပြား အခြေချ နေထိုင်ခဲ့ကြပါတယ်။
သံလွင်မြစ်ကြောင်းအတိုင်း မယ်ဟောင်ဆောင်ကနေ မော်လမြိုင်ထိ သစ်တင်ပို့တဲ့ လုပ်ငန်းပိုင်ရှင် မြန်မာလူမျိုးတွေလည်း လမ်ပန်းဘက်မှာ ဘုရားစေတီတွေ တည်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Michael Freeman

ဓာတ်ပုံ ရင်းမြစ်, AGF
ဒီထဲက တချို့ကျောင်းတွေမှာ မြန်မာသံဃာတွေ သီတင်းသုံးတာ ရှိသေးသလို မော်လမြိုင်၊ မန္တလေးစတဲ့ မြို့တွေက သွန်းလုပ်ပင့်ဆောင်ထားတဲ့ ရုပ်ပွားဆင်းတုတွေလည်း ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Michael Freeman
မြန်မာသစ်ကုန်သည်တွေအိမ်တွေကို ပြတိုက်လုပ် ပြသတာလည်း ရှိပါတယ်။
ဇင်းမယ်ဗိသုကာအိမ်တွေမှာ မြန်မာပုံစံ ဝရန်တာတွေနဲ့ သစ်ပေါပေါသုံးပြီး ဆောက်ထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, John S Lander

ဓာတ်ပုံ ရင်းမြစ်, John S Lander
ဒီသစ်ကုန်သည်တွေဟာ ၁၉၄၂ မှာ ဘီအိုင်အေ ဗမာ့ကာကွယ်ရေးတပ်မတော် မြန်မာပြည်တွင်း ချီတက်ရာမှာ လူအင်အားစုပေးတာ၊ ငွေအားနဲ့ကူတာတွေ လုပ်ခဲ့ကြပါတယ်။
ဇင်းမယ် လမ်ပန်းမှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ထိန်ဝင်း သူလျှိုလုပ်ငန်းတွေ လုပ်ပြီး ပြည်တွင်းဝင်ဖို့ စီစဉ်ခဲ့သလို ဒုတိယကမ္ဘာစစ်အပြီး လမ်ပန်းမှာပဲ တီဘီရောဂါနဲ့ ဗိုလ်ထိန်ဝင်း ကွယ်လွန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Brent Lewin
ဓားခေါ်လက်နက်ကို အရှေ့တောင်အာရှမှာ နာမည်ဆင်ဆင် ခေါ်ကြတာတွေ့ရပြီး မြန်မာမှာ ဓား၊ ထိုင်းမှာ ဒါ့ဘ်၊ နာဂနဲ့ အာသံမှာ ဒေါင်စသဖြင့် ခေါ်ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Peter Charlesworth
မယ်ဟောင်ဆောင်
သံလွင်မြစ်ကမ်း မြန်မာနယ်စပ်မှာ ရှိတဲ့ မယ်ဟောင်ဆောင်မှာ သစ်လုပ်ငန်း အစဉ်အဆက်လုပ်ကိုင်ခဲ့လို့ မြန်မာပြည်နဲ့ အဆက်အဆံ ရှိသလိုပဲ ရှမ်း၊ ကရင်၊ ကယန်း စတဲ့ လူမျိုးပေါင်းစုံလည်း နှစ်နိုင်ငံမှာ အနှံ့အပြား ကျယ်ပြန့်စွာ နေကြတာ တွေ့ရပါတယ်။
အနှစ် ၇ဝ ကြာနေတဲ့ မြန်မာပြည်တွင်းစစ်ကြောင့် လူမျိုးစုတွေ ထိုင်းနယ်စပ်မှာ လာခိုလှုံရာမှာလည်း ဒုက္ခသည်စခန်းကြီးတွေ ရှိလာပါတယ်။
လူမျိုးစု တောင်ပေါ်သားတွေနေရာကို ကမ္ဘာလှည့်ခရီးသွားတွေ လာသလိုပဲ မယ်ဟောင်ဆောင်က ရှမ်းလူမျိုးတွေရဲ့ ရိုးရာ ပွဲလမ်းတွေကိုလည်း နှစ်ခြိုက်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ben Davies

ဓာတ်ပုံ ရင်းမြစ်, Atid Kiattisaksiri
မြန်မာနိုင်ငံမှာ ဒုတိယကမ္ဘာစစ်နဲ့ ပြည်တွင်းစစ်ဒဏ်တွေ ခံလိုက်ရလို့ ရှေးဟောင်းစေတီကျောင်းကန်တွေ ပျောက်ပျက်ကုန်ပေမယ့် မြန်မာလက်ရာတချို့ကို ထိုင်းမြောက်ပိုင်းမှာ ခုထိ ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။









