မိုးဒေဝါနဲ့ စောမြအေးကြည်၊ အချစ်အတွက် သီချင်းစပ်သူ

ဓာတ်ပုံ ရင်းမြစ်, Ven Sasana
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မိုးဒေဝါပတ်ပျိုးကို မိုးကို အကြောင်းပြပြီး ခြေများတဲ့ ခင်ပွန်းကို ရန်ထောင်တဲ့ သီချင်းလို့ ပြောစမှတ်ရှိပါတယ်။ တကယ်ပဲ မိုးဒေဝါ ပတ်ပျိုးကို ရေးစပ်သူရဲ့ ဘဝဟာ အချစ်ကြောင့် ဆူးခင်းတဲ့လမ်းကို လျှောက်ခဲ့ရပါတယ်။
၁၉၁၄ ခုနှစ် မိုးတွင်းကာလမှာ မိုးဒေဝါကို ဖန်တီးခဲ့တဲ့ ဒေါ်စောမြအေးကြည်ကို မဟာဂီတမိခင်ကြီးအဖြစ် လူအများက လေးစားကြသလို ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် ဘီအေဘွဲ့နဲ့ အစိုးရက ပေးတဲ့ အလင်္ကာကျော်စွာဘွဲ့တွေ ရသူအဖြစ်လည်း ကျော်ကြားပါတယ်။
သူ့ဘဝအစမှာ မဟာဂီတအဆိုသင် ကျောင်းသူကလေး မအေးကြည် ဘဝနဲ့ သီပေါစော်ဘွားဆီ ဆက်သခံခဲ့ရပါတယ်။ အဲဒီနောက် ၁၇ နှစ်သမီးမှာ စော်ဘွားက သိမ်းပိုက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Keystone-France
သီပေါစော်ဘွား မိသားစုဟာ မြန်မာနန်းတွင်းနဲ့ နီးစပ်သူတွေ ဖြစ်လို့ မြန်မာအဆိုအတီးနဲ့ သဘင်မှုတွေကို လိုက်စားပါတယ်။ သီပေါမင်း မရှိတဲ့နောက် ကျန်နေခဲ့တဲ့ နန်းတွင်းက အနုပညာသည်တွေကို သီပေါကို ခေါ်ပြီး ထောက်ပံ့ထားပါတယ်။
ဒါကြောင့် နာမည်ကြီး အနုပညာရှင်တွေ ပေါတဲ့ သီပေါဟော်မှာ ဂီတပညာတွေကို ကျကျနန သင်ခဲ့ရပါတယ်။
ဒါကြောင့် ၂၂ နှစ်သမီးနဲ့ နာမည်ကျော် မိုးဒေဝါ ပတ်ပျိုးကို ရေးစပ်ပြီး စော်ဘွား ချီးမြှင့်တဲ့ သီရိဥက္ကဌ်ဝတီဘွဲ့နဲ့အတူ စောမြအေးကြည်လို့ ထင်ရှားလာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kaung Htet Kyaw
ဟော်ထဲမှာ နေရတဲ့ဘဝက ချမ်းသာပေမယ့် အပြိုင်အဆိုင်တွေ များပါတယ်။ စော်ဘွားရဲ့ အချစ်ကို ရဖို့ ကတော်မယား ၄ဝ လောက်နဲ့ ပြိုင်ရပါတယ်။ ပြိုင်တာတွေ များလွန်းလို့ မဟာဒေဝီကိုယ်တိုင် ရသေ့မ ဝတ်သွားတဲ့ အတွက် ရသေ့မယ်ဘုရားလို့ပဲ ခေါ်ကြပါတယ်။
ဒါပေမဲ့ သူ့ထက် အနှစ် ၂ဝ ကြီးတဲ့ စော်ဘွား ဆာစောချယ်က သွားလေရာမှာ စောမြအေးကြည်ကို အမြဲခေါ်လေ့ရှိသလို ကလေးလိုလည်း နောက်ပြောင်တတ်ပါတယ်။ နေမကောင်းလို့ သူ့ကို ခေါ်မသွားတဲ့ တခေါက်မှာတော့ စောမြအေးကြည် စော်ဘွားကို စိတ်ကောက်ပြီး မိုးဒေဝါကို ရေးပါတယ်။
ယောက်ျားတွေအချစ်ကို စောင့်မျှော်ရတဲ့ မိန်းမဘဝကို မိုးကို မျှော်ရတဲ့အဖြစ်နဲ့ နှိုင်းပြီး စပ်ဆိုထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူနဲ့ စောင်းတီးကောင်းတဲ့ စောမြဂွမ်းတို့ကို စော်ဘွားက အထူးချစ်ခင်ပြီး သူသေရင် ဒီနှစ်ယောက်ကို ခေါင်းထဲထည့်မြှုပ်လိုက်ကြလို့တောင် ပြောဖူးတယ်လို့ ဒေါ်စောမြအေးကြည်ကို လူထုဒေါ်အမာ မေးပြီး ရေးတဲ့ မြန်မာ့မဟာဂီတ စာအုပ်မှာ ဖော်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Shan Yoma E library
နောက်တခါလည်း စော်ဘွားက ဟော်အောက်ဆင်းပြီး မယားတွေနဲ့ ပျော်နေချိန်မှာ ဟော်ပေါ်မှာ အိပ်မရတဲ့ ဒေါ်စောမြအေးကြည်က လမင်းသော်တာ ပတ်ပျိုးကို ရေးပါတယ်။ ဒီတခါ စော်ဘွားကို ဆိုပြတော့လည်း ဒါ ငါ့ကို မခံချင်လို့ ရေးတာ မဟုတ်လား၊ ဝေဿန္တရာက မယားပါလှူတယ်၊ ငါက မယားပါ လှူပစ်မယ်လို့ စော်ဘွားက သူ့ကို စပါတယ်။
မယားမကြိုက်တဲ့သူကိုတော့ မလှူပါနဲ့ ဆိုပြီး ဒေါ်စောမြအေးကြည်က ပြန်ခနဲ့ပါတယ်။
စော်ဘွားစိတ်ကောက်ပြီး ရေးတဲ့ ဒီပတ်ပျိုးနှစ်ပုဒ်စလုံးဟာ မြန်မာဂီတမှာ နောက်ဆုံးစပ်တဲ့ သီချင်းကြီးတွေအဖြစ် အထင်အရှား ကျန်ရစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu
ဒီလိုနဲ့ ဟော်ထဲမှာ နေရင်း တရက် ရန်ကုန်က လာတဲ့ ပသီမောင်တင်ဆိုတဲ့ သူ့ထက်ငယ်တဲ့ ဂီတသမားတယောက်နဲ့ တွေ့ပါတယ်။ သူတို့ချင်း ဂီတအကြောင်း ဆွေးနွေးရာက ရင်းနှီးသွားကြပါတယ်။ ဒါကို မလိုတဲ့ စော်ဘွားကတော် တချို့က တိုင်လို့ သူတို့ ချောင်းအဖမ်းခံရပါတယ်။
စော်ဘွားဆီ ခေါ်သွားတော့ စောမြအေးကြည်ကို ဆံပင် လေးကွက်ကျားရိတ်ပြီး နှစ်ယောက်စလုံးကို ဘူတာရုံကို ပို့ခိုင်းလိုက်ပါတယ်။
မင်းတို့ သိပ်ကံကောင်းတယ်၊ စော်ဘွားကြီးက သဘောကောင်းတယ်လို့လည်း ဘူတာကို လိုက်ပို့တဲ့ စော်ဘွား အမှုထမ်းတယောက်က သူတို့ကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Jean-Michel COUREAU
ရကန်ဦးတင်နဲ့ လိုက်သွားတဲ့ ဒေါ်စောမြအေးကြည်ဟာ ဘဝကို အစကပြန်စပြီး ရုန်းကန်ခဲ့ပါတယ်။ ရန်ကုန်မှာ ဒီးဒုတ်ဦးဘချိုက ခေါ်လို့ မဟာဂီတသီချင်းကြီးတွေ ထိန်းသိမ်းရေး ဘက်မှာ ကူညီခဲ့ပါတယ်။ ပန်တျာကျောင်း နည်းပြလုပ်သလို ပုဇွန်တောင်က အိမ်ကလေးမှာလည်း ဂီတသင်ပေးပါတယ်။
သူ့တပည့်ထဲက အထင်ရှားဆုံးကတော့ အဆိုတော် ဒေါ်တင်တင်မြ ဖြစ်ပါတယ်။ သူ့ရဲ့ နှောင်းကာလ ဘဝ မြင်ကွင်းကို ဒဂုန်တာရာက မယ့်ရင်တွင်း ဆိုပြီး ဝတ္ထုတိုတပုဒ် ရေးခဲ့ပါတယ်။
အသက်ကြီးရင့်ချိန်မှာ အဆိုတော်ငယ်တွေက အလေးမထားတာ ခံရတဲ့ ရှေးရိုးအဆိုတော်ကြီးရဲ့ ဘဝ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, tokyojazzsite.com
ဒေါ်စောမြအေးကြည်ကို သမိုင်းကော်မရှင်က ဂီတသုတေသနတာဝန် ပေးပေမယ့် သူ့ကို အစိုးရက မခိုင်းဘူးဆိုပြီး ခံစားခဲ့ရပါတယ်။
သူ့မှာ ဝေမျှချင်တဲ့ ပညာတွေ ရှိသေးလို့ မသေခင်မှာ ပေးသွားချင်တယ် ဆိုပြီး လူထုဒေါ်အမာကို ဖွင့်ဟပြောသွားခဲ့ပါတယ်။
သူသေချိန်မှာ မဟာဂီတပညာရှင်ကြီးတွေ ထုံးစံအတိုင်း သူ့လက်နှစ်ဘက်နဲ့ နှုတ်ခမ်းကို ရွှေချ သင်္ဂြိုဟ်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Tin Tin Mya
ဦးတင်နဲ့ လိုက်သွားတဲ့အတွက် သူ့ကို လူတွေက မလေးမစား မဆက်ဆံခဲ့ကြဘဲ သခင်မ အဖြစ် သဘင်အသိုင်းအဝိုင်းမှာ ဆက်ပြီး ခေါ်ဆိုသူတွေလည်း ရှိပါတယ်။ ဒီထဲက တယောက်ကတော့ ဇာတ်မင်းသားကြီး ဦးဘိုးစိန် ဖြစ်ပါတယ်။
ဒေါ်စောမြအေးကြည်ရဲ့ မိုးဒေဝါကို မလှရွှေ ဓာတ်ပြားသွင်းပြီးနောက်မှာတော့ နိုင်ငံအနှံ့ ကျော်ကြားသွားခဲ့ပါတယ်။
ဒေါ်စောမြအေးကြည် ဇာတ်လမ်းဖြစ်ပြီးနောက်မှာလည်း နောက်တက်တဲ့ သီပေါ မဟာဒေဝီအသစ်နဲ့ ဇာတ်မင်းသား စံပယ်တင်တို့ လိုက်ပြေးခဲ့ကြပါတယ်။
တကယ်တော့ သူတို့ဘဝဟာ ဟော်ထဲမှာ ပိတ်မိနေတဲ့ ငှက်တွေလို ကိုယ့်အချစ်ကို ရွေးခွင့်မရှိတဲ့ ဘဝတွေ ဖြစ်ကြပါတယ်။
ဒါကြောင့် ဂီတ အနုပညာနဲ့ ဘဝကို ဖြေသိမ့်ခဲ့ပုံ ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, http://www.lilythehome.com








