နှင်းစိုစိုကို စောင်ကို အတူခြုံရအောင် လို့စပ်တဲ့ မြန်မာ အမျိုးသမီး စာဆိုများ

burma

ဓာတ်ပုံ ရင်းမြစ်, Florilegius

ဓာတ်ပုံ ပုံစာ, ဘိုးတော်ဘုရားခေတ် ဝတ်စားဆင်ယင်မှု
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

ဗုဒ္ဓနဲ့ ခေတ်ပြိုင် ပေါ်ထွန်းခဲ့တဲ့ ဂရိနိုင်ငံ လေစ်ဘို့စ်ကျွန်းက အမျိုးသမီးစာဆို ဆက်ဖိုရဲ့ လဲရစ်ကဗျာတွေကို အနှစ် ၂၅ဝဝ ကျော်တဲ့ ခုခေတ်အထိ ကမ္ဘာတလွှားမှာ ဖတ်ရှုနေကြပါတယ်။

ဂျပန်နိုင်ငံမှာ ခရစ်နှစ် ၁ဝဝဝ လောက်က ထွက်ပေါ်ခဲ့တဲ့ လေဒီ မူရာဆာကီရဲ့ ဂန်ဂျီပုံပြင် တွေကိုလည်း ဂန္ထဝင်စာပေတခု အဖြစ် လက်ခံထားကြပါတယ်။

uk

ဓာတ်ပုံ ရင်းမြစ်, Pool

ဓာတ်ပုံ ပုံစာ, ငွေစက္ကူထုတ်ပြီး ဂုဏ်ပြုခံရတဲ့ အင်္ဂလိပ်စာရေးဆရာမ ဂျိန်းအော်စတင်

ဗြိတိန်မှာတော့ အနှစ် ၂ဝဝ က စာရေးဆရာမ ဂျိန်းအော်စတင်ရဲ့ ဝတ္ထုတွေကို စွဲစွဲလမ်းလမ်းဖတ်သူတွေ ရှိနေသေးသလို သူ့ရုပ်ပုံနဲ့ ဂုဏ်ပြုပြီး ငွေစက္ကူ ထုတ်ထားပါတယ်။

မြန်မာနိုင်ငံမှာလည်း အမျိုးသမီးတွေရဲ့ စာပေလက်ရာတွေကို ခေတ်အဆက်ဆက် ဖတ်ရှုလက်ခံကြတာတွေ ရှိပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Thierry Falise

ဓာတ်ပုံ ပုံစာ, ပုပ္ပါးနတ်တောင် အခေါင်မြင့်ဖျားစုံတောပြား

ဒီထဲက အစောဆုံး အနေနဲ့ ပုဂံခေတ်က စပ်တယ်လို့ ယူဆခဲ့ကြတဲ့ သိုးကလေ ကဗျာကို အမျိုးသမီးစာဆို လက်ရာလို့ ယူဆကြသလို အမျိုးသမီးတွေရဲ့ ခံစားချက်ကို ဖွဲ့တဲ့ အစောပိုင်း လက်ရာ တခု အဖြစ်လည်း သတ်မှတ်ကြပါတယ်။

ဆွေမိမင်း မျက်သုတ်နီစင်

ရထည်းဖျင်နှင့် ကျိုင်းစဉ်မြဝါ

မတ်ကြီးလျာကို မယ်သာကြိုက်မိ တုမရှိ။

burma

ဓာတ်ပုံ ရင်းမြစ်, SOPA Images

ဓာတ်ပုံ ပုံစာ, ယဉ်ကျေးမှု အကြီးအကျယ် ထွန်းကားခဲ့တဲ့ ရခိုင်ပြည်

ဒါကာကနေ ပြန်လာခဲ့ပါ

ဒဂုန်ခင်ခင်လေးရဲ့ အမျိုးသမီး အနုပညာရှင်များ စာအုပ်အလိုအရ မြန်မာသက္ကရာဇ် ၁၅ဝ လောက်က ရခိုင်မှာ စာဆိုခဲ့တဲ့ အိမ်ရှေ့မိဖုရား စောပြည့်ညိုဟာ အစောဆုံး အမျိုးသမီး စာဆိုတယောက် ဖြစ်ပါတယ်။ ဝေသာလီခေတ်မှာ စပ်တယ် ဆိုတဲ့ စောပြည့်ညိုရဲ့ သိန်ကန်မိန်တွင် သျှိုးလိုက်ရတုဟာလည်း အမျိုးသမီးတွေရဲ့ ဘဝကို ပြည့်ပြည့်ဝဝ ဖော်ကျူးနိုင်တဲ့ ကဗျာ ဖြစ်ပါတယ်။

ဒါကာကို စစ်ချီသွားတဲ့ ခင်ပွန်းသည် ကြင်ယာသစ်တွေ ရနေလို့ ရခိုင်ကို ပြန်လာအောင် ရေးစပ်တဲ့ ကဗျာဖြစ်ပါတယ်။

ခေတ်အဆက်ဆက် ယဉ်ကျေးမှု စာပေအထွန်းကားဆုံး ဖြစ်တဲ့ နန်းတော်နဲ့ မြို့တော် အဝန်းအဝိုင်းက အမျိုးသမီးစာဆိုတွေလည်း အများကြီး ပေါ်ထွက်ခဲ့ပါတယ်။

ဒီထဲက အထင်ရှားဆုံးကတော့ မန္တလေးခေတ်မှာ ပေါ်ခဲ့တဲ့ အိမ်ရှေ့မိဘုရား လှိုင်ထိပ်ခေါင်တင်နဲ့ သူ့မယ်တော် အနောက်နန်းမတော် မမြကလေးတို့ ဖြစ်ပါတယ်။

လှိုင်ထိပ်ခေါင်တင်ရဲ့ သားချော့ ရေယမုန် ပတ်ပျိုးနဲ့ စိန်ခြူးကြာညောင် အမျှော်စိုက် ဘောလယ်တို့ဟာ နန်းတွင်းစံ အမျိုးသမီးတွေရဲ့ ဘဝကို မီးမောင်းထိုးပြတဲ့ စာပေတွေ ဖြစ်ပြီး ယနေ့တိုင် ထင်ရှားဆဲ ဖြစ်ပါတယ်။

ရွှေရွှေရွှေရောင်သား

ငွေငွေငွေရောင်သား။

မြရေယဉ်မှော်ပင်ကြား

မြူးစံတဲ့ငါးဆိုတဲ့ ရေယမုန်ပတ်ပျိုးကို ဝိဇယကာရီပတ်ပျိုးကလေးလို့လည်း သိကြပါတယ်။

သူ့မယ်တော် မမြကလေးရဲ့ ဇာတ်သိမ်းမကောင်းတဲ့ ဘဝကို သနားသူ များသလို သူစပ်ဆိုသွားခဲ့တဲ့ ချစ်သမျှကို ပတ်ပျိုး၊ ရှိစုံရွက်ကြာ ပတ်ပျိုးတွေကလည်း မြန်မာစာပေမှာ အချစ်ခံစားမှုနဲ့ ပတ်သက် လာရင် ထိပ်ဆုံးက ရှိတဲ့ စာပေလက်ရာတွေ ဖြစ်ပါတယ်။

မမြကလေးကို ကွပ်မျက်ခါနီးမှာ စပ်ဆိုသွားတဲ့ လောကဓံရှစ်ပါး ဘုရားပဟောရာ အစချီတဲ့ တေးထပ်ဟာလည်း အနန္တသူရိယရဲ့ မျက်ဖြေလင်္ကာနဲ့ အပြိုင် ထားနိုင်တဲ့ သံဝေဂကဗျာတပုဒ်ပါ။

burma

ဓာတ်ပုံ ရင်းမြစ်, John S Lander

ဓာတ်ပုံ ပုံစာ, ဇင်းမယ်ဘုရင် နော်ရထာမင်းစောကို မြှုပ်နှံတယ်ဆိုတဲ့ ချင်းမိုင်က ဝပ်ကူတောင်းစေတီ

တောင်ငူခေတ်က ရာဇဓာတုကလျာနဲ့ ဇင်းမယ်မိဘုရား၊ ရွှေဆင်းတုမင်းသမီး စတဲ့ မင်းမျိုးထဲက စာဆိုအမျိုးသမီးတွေလည်း ထင်ထင်ရှားရှား ပေါ်ထွက်ခဲ့ပါတယ်။ ဇင်းမယ်ဘုရင်နဲ့ မိဖုရားတို့ဟာလည်း နတ်ရှင်နောင်နဲ့ ဓာတုကလျာလို ထင်ရှားတဲ့ စာဆိုမောင်နှံ ဖြစ်ကြပါတယ်။ ဇင်းမယ်မိဘုရားရဲ့ သင်နှင့်ရက်နွေ၊ တင်ပြစ်စက်ကွေ၊ ကြင်ချစ်သက်ဝေ စတဲ့ ရတုဟာလည်း ကနေ့ထိ ခေတ်မီတဲ့အရေးအသား တခု ဖြစ်ပါတယ်။

ကုန်းဘောင်ခေတ်က စဉ့်ကူးမင်းရဲ့ မိဖုရားကြီး ရှင်မင်းလည်း စာဆိုတယောက်ဖြစ်ပြီး ခင်ပွန်း၊ သမီးတော်တွေနဲ့အတူ ကွပ်မျက်ခံခဲ့ရပါတယ်။

နန်းတွင်းမိဖြူ၊ နန်းတွင်းမိညို

မှူးမတ်ကတော်တွေထဲက နန်းတွင်းမိဖြူ၊ နန်းတွင်းမိညို၊ ရဝေရှင်ထွေး၊ မင်းကြီးကတော် ခင်ဆုံ၊ နန်းတွင်းသူမယ်ခွေ၊ စာဆိုတော် မယ်လုပ် စတဲ့ စာဆိုမယ်တွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ ဒီစာဆိုတွေကို ဘုရင်နဲ့ နန်းတွင်းအသိုင်းအဝိုင်း က မနှိမ့်ချတဲ့အပြင် ဆုလာဘ်ချီးမြှင့်တာတွေ ရှိခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, © BRITISH LIBRARY BOARD MSS BURMESE 199

ဓာတ်ပုံ ပုံစာ, ရွှေနန်းလက်သုံးပုရပိုက်ပါ ဆံထုံးထုံးနည်းများ

အင်းဝခေတ်မှာ မိဖြူနဲ့ မိညိုတို့ အပြန်အလှန် စပ်ကြတဲ့ ကိုယ်ရည်သွေး ရတုတွေလည်း အထင်အရှား ကျန်ရစ်ပါတယ်။ တောင်ငူခေတ်က ရဝေရှင်ထွေးကတော့ ပုဂံခေတ် နန်းတွင်းသူတို့ရဲ့ ဆံထုံးထုံးနည်း ၅၅ မျိုးကို အန်ချင်းအဖြစ် စပ်ဆိုပြီး မော်ကွန်းတင်ခဲ့ပါတယ်။

ဘိုးတော်ဘုရားလက်ထက်မှာ ပေါ်ထွန်းတဲ့ မယ်လုပ်ရဲ့ စံရာဘုံမြင့်ညီးလင်း အစချီ ဇောင်းကလောပြွန်ရေဆင်းကြိုးသီချင်းကိုလည်း ကနေ့ထိ တီးမှုတ်သီဆိုနေကြပါတယ်။ မယ်လုပ်ဟာ တခြား အမျိုးသမီး စာဆိုတွေလို အချစ်အနုအလွမ်းတွေသာမက ဓားသိုင်းဘွဲ့တျာသံတွေပါ စပ်ဆိုနိုင်ခဲ့လို့ သူကိုယ်တိုင် ဓားရေးကျွမ်းတဲ့သူ ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Print Collector

ဓာတ်ပုံ ပုံစာ, မဝယ်ဘူး မယ်ခူးတဲ့ဖက်စို

မယ်ခွေရဲ့ အဲချင်းတွေထက် ဆေးလိပ်ကဗျာ နှစ်ပုဒ်က ကနေ့ခေတ်မှာ ထင်ရှားပါတယ်။

ဆေးတံတို တညိုလောက်

ရော့သောက်တော့ပေး။

မယူလိုက်က မိုက်လို့ထင်

ယူလိုက်ပြန်တော့ ကြိုက်လို့ထင်၊

သောက်စေချင်ကုတင်တွင်

ထောင်ခဲ့ကွဲ့ ညိုနွဲ့ရဲ့လေး ဆိုတဲ့ ဆေးတံဘွဲ့ ဒွေးချိုးကို သူ ၁၄ နှစ်သမီးမှာ စပ်တယ်လို့ သိရပါတယ်။ မကြာခင်က ၈ တန်းပြဋ္ဌာန်းစာမှာ သူ့ရဲ့ လက်ဆောင် ကဗျာနဲ့ အစားထိုးခဲ့တဲ့ ဧခွင့်မဖန် လေးဆစ်ကဗျာ ကို စပ်သူကတော့ တောင်တွင်းဦးကြော့သမီး ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းတို့ ဆွေမျိုးစုထဲက ဖြစ်ပါတယ်။

ကွပ်ရွာစား မင်းကြီးကတော် ခင်ဆုံကတော့ မင်းငါးဆက်တိုင်အောင် အသက် ၇ဝ ရွယ်ထိ အမှုထမ်းခဲ့တဲ့ စာဆိုအမျိုးသမီးဖြစ်ပြီး မြဝတီမင်းကြီး ဦးစနဲ့ စာဆိုပြိုင်ဘက်လည်း ဖြစ်ပါတယ်။ မြမန်းကိုက်ရုံပတ်ပျိုး နဲ့ ခွန်းကျူပါ့ဖား စတဲ့ ကဗျာတွေကို စပ်ဆိုခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Myawaddy

ဓာတ်ပုံ ပုံစာ, နန်းတွင်းသူ စာဆိုတို့လို ပျိုအေးမိဆိုကာပြသော်

နန်းတွင်း အမျိုးသမီးစာဆိုတော်တွေရဲ့ လက်ရာတွေကို သီပေါမင်းခေတ်ထိ တွေ့ရှိနိုင်ပြီး ပင်းသာခင်ဖူး၊ စာတော်ဖတ် မိုင်းခိုင်းခင်လေးကြီး စတဲ့ မှူးမတ်နွယ်တွေရဲ့ စာပေလက်ရာတွေ ကျန်ရစ်ခဲ့ပါတယ်။

သီပေါမင်းနဲ့ စုဘုရားလတ် တို့ စပ်ဆိုတဲ့ ကဗျာတွေကိုတော့ လူပျိုတော် အပျိုတော်တွေထဲက စာစပ်ကောင်းတဲ့ သူတွေက ရေးပေးတယ်လို့လည်း ယူဆကြပါတယ်။

တောသူတို့စာ

နန်းတွင်းစာဆိုတွေသာမက ကျေးလက်အမျိုးသမီး စာဆိုတွေလည်း အများအပြား ရှိပါတယ်။ သူတို့အမည်တွေ မထင်မရှားပျောက်ကုန်ခဲ့ပေမယ့် သူတို့စာတွေကတော့ ကျန်နေဆဲ ဖြစ်ပါတယ်။

ဒီထဲက ထင်ရှားသူတွေကတော့ တောင်တွင်းရှင်ငြိမ်းမယ်၊ ပုခန်းသူမ၊ မတ္တရာကချေသည်မ စတဲ့ စာဆိုမယ်တွေပါ။

burma

ဓာတ်ပုံ ရင်းမြစ်, Minhtet Kyaw

ဓာတ်ပုံ ပုံစာ, ပုခန်း စည်သူရှင်ဘုရား

စစ်တာဝန်နဲ့ ရှမ်းပြည် မိုးနဲရောက် သေနတ်အမှုထမ်း ခင်ပွန်းသည် မောင်လွန်းဆီ ပုခန်းသူမ ရေးတဲ့ မေတ္တာစာမှာ ခင်ပွန်းနဲ့ ဝေးရတဲ့ အမျိုးသမီးတယောက်ရဲ့ ရင်ဖွင့်သံကို ကြားရပါတယ်။

စည်သူရှင်မှာ ပြန်လာစေကြောင်း ညောင်ရေလောင်းသည်

တကောင်းဖန်ပြာ အနားဖွာလည်း သုံးခါကွဲပေါ့ အလွန်းငယ်။

နတ်တော်ပြာသို နှင်းစိုစိုကို စောင်ကို အတူခြုံရအောင်

မြန်မြန်ပြန်ခဲ့ပါ အလွန်းငယ်။

burma

ဓာတ်ပုံ ရင်းမြစ်, KHIN MAUNG WIN

ဓာတ်ပုံ ပုံစာ, ပျိုလေးတို့ ကောက်စိုက်ရာ လိုက်လာနှင့်လေး

ရှင်ငြိမ်းမယ်ကိုတော့ ကျောင်းသင်ခန်းစာမှာပါတဲ့ စစ်မှာတမူ ကဗျာနဲ့ တွဲသိကြပြီး ချစ်တဲ့သူငယ်လေ အစချီတဲ့ အိုင်ချင်းတွေ စပ်ဆိုပါတယ်။

ညောင်ရမ်းက ကောက်စိုက်သမတွေနဲ့ ဘုရင့်လှေတော်သားတွေနဲ့ စာချိုးပြိုင်တဲ့ ဗြဲတရော်ရွာသူတွေ၊ မောင်းထောင်းတေးတွေ၊ အင်းလေးက တိုက်တေးတွေ စတဲ့ မြန်မာနိုင်ငံအနှံ့မှာလည်း စာချိုး စာစပ်ကောင်းတဲ့ ကျေးလက်အမျိုးသမီးတွေ ပေါ်ထွက်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Rykoff Collection

ဓာတ်ပုံ ပုံစာ, ဖိနှိပ်မှုကြားက အမျိုးသမီးသာသနာကို ထူထောင်ခဲ့သူ သီလရှင်များ

လူဝတ်ကြောင် အမျိုးသမီးတွေ အပြင် သီလရှင်တွေလည်း စာစပ်ပါတယ်။ ဒီထဲက ထင်ရှားသူက မယ်ကင်းပါ။

မယ်ကင်းဟာ သီလရှင် သာသနာကို တိုးတက်အောင် အားထုတ်ခဲ့လို့ စစ်ကိုင်းတောင်မှာ ကြေးရုပ်သွန်းလုပ် ပူဇော်ခံရတဲ့ သီလရှင် ဆရာကြီး ဖြစ်ပါတယ်။ သူနဲ့ ဗန်းမော် ဆရာတော် အပြန်အလှန် စပ်တယ် ဆိုတဲ့ စာချိုးတွေဟာ အမျိုးသားတွေ ထိပါးတာကို ခေါင်းငုံ့မခံတဲ့ အမျိုးသမီး သတ္တိကို ပြတဲ့ ကဗျာတွေလို့ နောက်ပိုင်းမှာ လက်ခံလာကြပါတယ်။ မယ်ကင်းကိုယ်တိုင် ဘုရားဆုပန်သူဖြစ်လို့ သူ့ကို ဆရာကင်း၊ ဆရာကြီး စတဲ့ အမျိုးသား ဂုဏ်ပုဒ်တွေနဲ့ ခေါ်ရာကနေ သီလရှင်တွေကို ဆရာကြီး၊ ဆရာလေး ခေါ်တဲ့ ဓလေ့ ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။

အဖျားရယ်ပေအနားခွေ မခိုင်ပြတ်ခါမှ

မြိုင်ရပ်ကိုမှီး။

စိတ်ပုတီးရယ်နှင့် ယပ်ကြီးကို ထမ်းကိုင်

မဂ်လမ်း ဘယ်လိုဆိုင်ပါ့မယ်၊

ဖန်သင်းပိုင် မုန်ရေကွက်ကယ်နှင့်

တောထွက် ခင်ကြီး

မိုးဒေဝါမှာ ဂိတ်ဆုံး

မြန်မာ အမျိုးသမီး စာဆိုတွေရဲ့ လက်ရာတွေကို ကိုလိုနီခေတ်အထိ ဆက်ပြီး ဖတ်ရှုရဆဲ ဖြစ်ပါတယ်။ သုံးဆယ်သူ မမိဟာ အောက်မြန်မာနိုင်ငံမှာ နောက်ဆုံးပေါ်ထွက်တဲ့ စာဆိုမယ် တယောက် ဖြစ်ပါတယ်။ မေတ္တာပန်း တည်စိုက်၍ သဘော၌စိတ်ခိုင် အင်္ဂလိပ်ကျောက်စာတိုင်လို စတဲ့ အသုံးအနှုန်းတွေ မမိ အရေးအသားမှာ တွေ့ရပါတယ်။

အထက်မြန်မာပြည်မှာတော့ မင်းတုန်းမင်းရဲ့ သမီးတော် ဟင်္ဂမော် ထိပ်ခေါင်တင်နဲ့ မင်းတပ်ထိပ်ခေါင်တင်တို့က နန်းတွင်းပုံစံ စာလင်္ကာတွေ၊ ဝတ္ထုတွေကို ၂ဝ ရာစုထဲထိ ရေးကြပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Shan Yoma E library

ဓာတ်ပုံ ပုံစာ, သီပေါဟော်က ဒေါ်စောမြအေးကြည် (အလယ်ပုံ)

သီပေါဟော်က စာဆို စောမြအေးကြည် ၁၉၁၄ မှာ စပ်တဲ့ မိုးဒေဝါ ပတ်ပျိုးကိုလည်း နောက်ဆုံးပေါ်ထွက်တဲ့ မြန်မာမဟာဂီတ သီချင်းဆိုပြီး ခုထိ လေးလေးစားစား နားဆင်သီဆိုနေကြပါတယ်။

ဖြေမရွှင် ဆွေးစေဖို့ အရေးတော်ကြုံ

ခုများမှာ ဟိုအမ္ဗုန်က မာန်ဟုန်တော်ဖြိုး

မျက်မာန်တော်ငြိုးလိုက်ပါနဲ့ ခိုကိုးသူပါ

မိုးနတ်ဒေဝါ ရွာတော်ရေးကိုလေး

တွေးချင့်လိုက်ပါ ။

၁၉ဝဝ ပြည့်လွန်နှစ်တွေမှာတော့ ဝတ္ထုရေးတဲ့ စာရေးဆရာမတယောက် ပေါ်ထွက်လာပြီး မအေးခင်လို့ ထင်ရှားပါတယ်။ သူ့ကိုတော့ မြန်မာပြည်ရဲ့ ဂျိန်းအော်စတင်လို့ သုတေသီ ဒေါက်တာဘဟန်က သုံးသပ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Bo Bo/BBC Burmese

ရာစုနှစ်တွေနဲ့ချီ ကြာမြင့်ခဲ့တဲ့ မြန်မာစာပေမှာ အမျိုးသမီးတွေကို ဖိနှိပ် ချုပ်ချယ်တယ်လို့ ထင်ထင်ရှားရှား မတွေ့ခဲ့ရဘဲ မြို့စားရွာစားပေး ချီးမြှင့်တာတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ၁၉၃ဝ ကျော်က အဆိုတော် မအေးမိက စာဆိုတော် သီချင်းနဲ့ ဒီအမျိုးသမီးတွေကို ဂုဏ်ပြုခဲ့ပါတယ်။

တို့ဘုရင်ရှိလျှင်ဖြင့် အေးမိတို့ထင်ထင်ပေါ် ၊ နန်းတော်တွင်းမှာဖြင့် ဘုရင့်စာဆိုတော်

အမှုတော်ကျေလို့ ဆုတော်ငွေတို့နဲ့ မင်းမြတ်ကိုယ်တော်မြှောက်စားသော်

နန်းတွင်းသူလို့ခေါ် ရဝေရှင်ထွေးကဲ့သို့နော်

ဒီဆောင်းပါးမှာ ကရင်၊ ရှမ်း၊ ထားဝယ်၊ မွန် စတဲ့ လူမျိုးစု စာဆိုမယ်တွေရဲ့ လက်ရာတွေကို မဖော်ပြနိုင်ခဲ့ပါ။