စဉ့်ကူးကို စစ်တပ်ပြန်ထိန်းချုပ်မှုနဲ့ စစ်ကိုင်းဒေသအပေါ် သက်ရောက်မှု

မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းကို တော်လှန်ရေးတပ်တွေစိုးမိုးစဉ် ဧရာဝတီမြစ်ကြောင်းကဖြတ်သွားတဲ့ စစ်တပ်ရေယာဉ်တွေကို တိုက်ခိုက်တဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, MDY PDF

ဓာတ်ပုံ ပုံစာ, မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းကို တော်လှန်ရေးတပ်တွေစိုးမိုးစဉ် ဧရာဝတီမြစ်ကြောင်းကဖြတ်သွားတဲ့ စစ်တပ်ရေယာဉ်တွေကို တိုက်ခိုက်တဲ့မြင်ကွင်း

ဧရာဝတီမြစ်ဘေးမှာတည်ရှိတဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို စစ်တပ်က ပြန်ရခဲ့တာကြောင့် မြစ်အရှေ့ခြမ်း တကြောလုံးကို တော်လှန်ရေးအင်အားစုတွေ လက်လွှတ်လိုက်ရပြီဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်အတွင်း မန္တလေးတိုင်းထဲက မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့တွေကို စစ်တပ်က တန်ပြန်စိုးမိုးနိုင်ပြီဖြစ်တာကြောင့် ဒီဒေသတွေနဲ့ မျဉ်းပြိုင်သဏ္ဍာန်ရှိနေတဲ့ ဧရာဝတီမြစ်အနောက်ခြမ်း စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေဘက် စစ်ရေး ဖိအားတိုးလာတဲ့သဘောပါ။

စစ်ကိုင်း၊ ရွှေဘိုခရိုင်ထဲက ဝက်လက်၊ ခင်ဦးနဲ့ ရွှေဘိုမြို့နယ်တွေကိုလည်း စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲသလို မြစ်အနောက်ခြမ်း မြစ်ကမ်းဘေးတကြောနဲ့ အမှတ် ၃ ခရိုင်ချင်းဆက်လမ်းကိုပါ တပြိုင်နက် စစ်ကြောင်းထိုးနေပါတယ်။

ဒါဟာ စဉ့်ကူးမြို့က ဆုတ်ခွာလာတဲ့ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်ချေမှုန်းဖို့အတွက် အသင့်စောင့်ကြိုပြင်ဆင်လာတဲ့ စစ်တပ်ရဲ့ ပုံစံသစ်စစ်ရေးအရွေ့လို့လည်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) က သုံးသပ်ထားပါတယ်။

တပ်တွေရဲ့လက်လွှတ်မှု၊ ပြန်သိမ်းမှုအောက်က စဉ့်ကူး

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြခဲ့တဲ့ စဉ့်ကူးမြို့ပြန်ရဖို့ ဖြန့်ဝင်ခဲ့တဲ့ စစ်ကြောင်းပြမြေပုံ

ဓာတ်ပုံ ရင်းမြစ်, Telegram

ဓာတ်ပုံ ပုံစာ, စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြခဲ့တဲ့ စဉ့်ကူးမြို့ပြန်ရဖို့ ဖြန့်ဝင်ခဲ့တဲ့ စစ်ကြောင်းပြမြေပုံ

စဉ့်ကူးမြို့ကို တော်လှန်ရေးတပ်တွေ လက်လွှတ်ခဲ့ရတဲ့ခရီးစဉ်က ရှည်လျားပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း "ရှမ်း - မန်း" စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ် ဇူလိုင်နဲ့ သြဂုတ်လတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (Mdy PDF) က ဦးဆောင်ပြီး စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့တို့ကို သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနောက် မတ္တရာမြို့နယ်ထဲ ထိုးဖောက်ပြီး မန္တလေးမြို့နဲ့ ဆယ်မိုင်ပတ်ချာလည်အထိကို တော်လှန်ရေး အင်အားစုတွေက ထိုးစစ်ဆင်နိုင်ခဲ့ကာ "အိမ်ပြန်မယ့်လှိုင်း" လို့ ကြွေးကြော်ခဲ့ကြပါတယ်။

ဒါပေမဲ့ ၁၀၂၇ စစ်ဆင်ရေးကိုဦးဆောင်တဲ့မြောက်ပိုင်းညီနောင်အဖွဲ့‌တွေ တရုတ်ဖိအားနဲ့ ရင်ဆိုင်ရချိန်မှာ တော်လှန်ရေးအင်အားစုတွေရဲ့ထိုးစစ်တွေ တန့်သွားပြီး ၂၀၂၅ နှစ်လယ်မှာတော့ စစ်တပ်က တကျော့ပြန် အင်အားတောင့်တင်းလာကာ တန်ပြန်သိမ်းပိုက်မှုတွေ လုပ်လာပါတယ်။

နှစ်ကုန်ပိုင်းမှာတော့ စစ်တပ်က သူတို့အရင်ဆုံး ပြန်လည်ရယူခဲ့တဲ့ သပိတ်ကျင်းနဲ့ မတ္တရာတို့ကနေ တောင်မြောက်စစ်ကြောင်းခွဲကာ "စဉ့်ကူးမြို့" ကို စစ်ရေး ဖိအားပေးလာခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တော်လှန်ရေးအင်အားစုတွေလက်ထဲကျန်ရှိတဲ့ တခုတည်းသော ဧရာဝတီမြစ်အရှေ့ခြမ်းကမြို့ စဉ့်ကူးကို ပြန်ရဖို့ မန္တလေး - မိုးကုတ်ပိုင်းကတဆင့် စစ်တပ်ကထိုးဖောက်ခဲ့တာလို့ မြေပြင်စစ်ရေးအခြေအနေ သိရှိသူတွေဆီက သိရပါတယ်။

မတ္တရာမြို့နယ်ကနေ မြောက်ဘက်ကို တက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ရွှေပြည်၊ ညောင်ဝန်းရွာတွေကို တဆင့်ချင်းပြန်ယူခဲ့ကာ လက်ပန်လှရွာကို ဝင်ရောက်နိုင်ပြီးတဲ့နောက် ဒီဇင်ဘာ ၁၇ ရက် ညပိုင်းမှာ စဉ့်ကူးမြို့ထဲ ပြန်ဝင်ခဲ့ပါတယ်။

"လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ အလုံးအရင်း တက်လာတဲ့အခါ ဆုတ်ပေးလိုက်ရတဲ့သဘောပါ။ ရွာထဲမှာ တိုက်ပွဲဖြစ်ရတာက အတော်ခက်ပါတယ်။ ပြည်သူတွေပါ အထိအခိုက်များပါတယ်" လို့ စဉ့်ကူးမြို့ကနေ ပြန်ဆုတ်ပေးရတဲ့အကြောင်း စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ စစ်တပ်ရဲ့စစ်ကြောင်းတွေကတော့ ဖြန့်ကြက်ဆက်သွားနေဆဲပါ။ သပိတ်ကျင်း၊ ဖော့တောလမ်းဆုံကနေ တောင်ဘက်ကို ဆင်းလာတဲ့စစ်တပ်စစ်ကြောင်းကတော့ ဇရပ်ကွင်းရွာကတဆင့် လက်ပန်လှရွာဘက်ကို ဦးတည်လာနေဆဲဖြစ်ပါတယ်။

လက်ပန်လှရွာက စစ်ကြောင်းကတော့ ရွာရဲ့ အရှေ့ဘက်ကို ဆက်ထိုးနေသလို စဉ့်ကူးမြို့က စစ်ကြောင်းကလည်း မြောက်ဘက်ကို ဆက်တက်နေဆဲပါ။ ဒါဟာ ဧရာဝတီမြစ်အရှေ့ခြမ်းမှာ တော်လှန်ရေးတပ်တွေ ဆက်ထိန်းချုပ်နိုင်ဆဲ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့တွေကြားက ရွာတချို့ကိုပါ စစ်တပ်က ပြန်ရဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။

ဒါကြောင့် မြစ်အရှေ့ခြမ်းက မြစ်ဝကျွန်းပေါ်နေရာအများစုကို သာမက မိုးကုတ် - မန္တလေးအမြန်လမ်းမကြီး တကြောကိုပါ စစ်တပ်က အပြည့်အဝထိန်းချုပ်တော့မယ့်အခြေအနေပါ။

မိုးကုတ်၊ မိုးမိတ်၊ နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့တို့ကိုလည်း စစ်တပ်က ပြန်ရယူထားပြီးဖြစ်တာကြောင့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း တော်လှန်ရေးအင်အားစုတွေအရယူနိုင်ခဲ့တဲ့ ရှမ်းမြောက် - မြေပြန့်အတွက် အရှေ့စည်းတခုလုံးကို လက်လွှတ်လိုက်ရတာလည်းဖြစ်ပါတယ်။

ဒီလိုလက်လွှတ်လိုက်ရတာဟာ ဧရာဝတီမြစ်အနောက်ခြမ်း မြေပြန့်ဒေသအညာ စစ်ကိုင်းတိုင်းအထိပါ စစ်ရေးဖိအားတိုးလာခဲ့တာကို ဒီဇင်ဘာလလယ်ကစလို့ ခင်ဦး၊ ကျောက်မြောင်းနဲ့ ဝက်လက်မြို့နယ်တို့ပါဝင်တဲ့ ရွှေဘိုခရိုင်ထဲကို စစ်တပ်ရဲ့ ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေက သက်သေခံနေပါတယ်။

ဧရာဝတီမြစ်အနောက်ခြမ်း - ဝက်လက်၊ ရွှေဘိုနဲ့ ခင်ဦး

ဒီဇင်ဘာ ၁၈ ရက်က အမှတ် ၃ ခရိုင်ချင်းဆက်လမ်း ခင်ဦးမြို့နယ်အပိုင်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခံရပြီးနောက် မီးလောင်ကျွမ်းနေတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

ဓာတ်ပုံ ပုံစာ, ဒီဇင်ဘာ ၁၈ ရက်က အမှတ် ၃ ခရိုင်ချင်းဆက်လမ်း ခင်ဦးမြို့နယ်အပိုင်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခံရပြီးနောက် မီးလောင်နေတဲ့မြင်ကွင်း

တော်လှန်ရေးတပ်တွေ ပူပူနွေးနွေးလက်လွှတ်လိုက်ရတဲ့ စဉ့်ကူးမြို့ရဲ့ မြစ်တဖက်ကမ်းမှာ စစ်ကိုင်းတိုင်းရဲ့ ရွှေဘိုခရိုင် တည်ရှိပါတယ်။ ဒီခရိုင်လက်အောက်က ရွှေဘို၊ ခင်ဦး၊ ဝက်လက်၊ တန့်ဆည်၊ ရေဦးနဲ့ ဒီပဲယင်းမြို့နယ်တွေဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ဒေသတွေပါ။

အာဏာသိမ်းပြီးနောက်ပိုင်း တန့်ဆည်၊ ရေဦး နဲ့ ဒီပဲယင်းမြို့နယ်တွေကို ရေဦးခရိုင်အဖြစ် စစ်ကောင်စီ (လက်ရှိ စစ်ကော်မရှင်)က ခွဲထုတ်ခဲ့ပါတယ်။

ဒီဇင်ဘာလလယ်မှာတော့ ရွှေဘို၊ ခင်ဦး နဲ့ ဝက်လက်မြို့နယ်အရှေ့ခြမ်းကကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။ ဒီမြို့နယ်တွေရဲ့ အရှေ့ခြမ်းကျေးရွာတွေဟာ တနည်းအားဖြင့် ဧရာဝတီမြစ် အနောက်ခြမ်းမှာတည်ရှိနေတဲ့ ကမ်းဘေးက ဆက်စပ်ဒေသတွေဖြစ်ပါတယ်။

ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာဆိုရင် ဒီဇင်ဘာ ၂ ရက်ကစလို့ ၁၉ ရက်အတွင်း နတ်မှော်ဦး၊ ထုံးဘိုရွာ၊ ဆည်တောရွာတို့အပြင် ရွှေဘိုနဲ့ဝက်လက်အစပ်က အမှတ် ၃ ခရိုင်ချင်းဆက်ကားလမ်းပိုင်းကိုပါ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။

ဒီလေကြောင်းပစ်ခတ်မှုတွေအတွင်း သေဆုံးသူ ၁၇ ဦးအထိရှိခဲ့တယ်လို့ မြေပြင်သတင်းတွေကို ဖော်ပြနေတဲ့ ဝက်လက်သတင်းကွန်ရက်(Wetlet Information Network)အဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။

ဧရာဝတီမြစ်အရှေ့ခြမ်းကို သိမ်းပိုက်ထားတဲ့ စစ်တပ်က စစ်ကိုင်းဘက်ကို စစ်ရေးအရ ဖိမယ်ဆိုရင် ဘယ်ဒေသတွေကအစိုးရိမ်ရဆုံး အခြေအနေဖြစ်မလဲလို့ မေးကြည့်တဲ့အခါမှာတော့ "ရွှေဘိုခရိုင်ထဲမှာဆိုရင် ဝက်လက်မြို့က စိုးရိမ်ရတယ်ဗျ" လို့ Wetlet Information Network အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါအပြင် စစ်ကိုင်းမြို့နယ်ဘက်ကနေလာတဲ့ စစ်တပ်စစ်ကြောင်းကလည်း ဧရာဝတီမြစ်ကြောင်းအတိုင်း မြောက်ဘက်ကိုတက်လာခဲ့ပြီး ဝက်လက်မြို့နယ်၊ ရှိန်းမကားရွာမှာ အခြေချထားပြီလို့ သူက ဆက်ပြောပါတယ်။

ဧရာဝတီမြစ်အနောက်ဘက်ခြမ်းက မြစ်ဘေးကပ်ရပ်ရွာဖြစ်တဲ့ ရှိန်းမကားရွာဟာ ရေကြောင်းကလည်း သွားလာလို့ရသလို ရွာကတဆင့် အမှတ် ၃ ခရိုင်ချင်းဆက်ကားလမ်းကိုလည်း သွားလာလို့ရပါတယ်။

"အဓိကလေကြောင်းပစ်မှတ်ထားတဲ့နေရာတွေကတော့ လှေဆိပ်နဲ့ ဗျူဟာလမ်းပိုင်းတွေပါ" လို့ စစ်ရေးသိရှိတဲ့ ရွှေဘိုဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဧရာဝတီမြစ်အရှေ့ခြမ်းက စဉ့်ကူးမြို့နဲ့ မြစ်အနောက်ခြမ်းက ရွှေဘို၊ ကျောက်မြောင်းရွာပြမြေပုံ

ဓာတ်ပုံ ရင်းမြစ်, Google Maps

ဓာတ်ပုံ ပုံစာ, ဧရာဝတီမြစ်အရှေ့ခြမ်းက စဉ့်ကူးမြို့နဲ့ မြစ်အနောက်ခြမ်းက ရွှေဘို၊ ကျောက်မြောင်းရွာပြမြေပုံ

ဒီအခြေအနေကို မြင်သာအောင်ပြောရရင်တော့ စစ်ရေးအရသွားလာနိုင်တဲ့ ရေကြောင်းနဲ့ ကုန်းကြောင်းတွေကို စစ်တပ်က ပိတ်ဆို့ဖို့ကြိုးစားတာဖြစ်ပါတယ်။ စဉ့်ကူး၊ မတ္တရာနဲ့ မျဉ်းပြိုင်သဏ္ဍာန်ရှိတဲ့ ခင်ဦး၊ ရွှေဘို၊ ဝက်လက်သုံးမြို့နယ်ထဲမှာ ခင်ဦးတစ်မြို့နယ်ထဲမှာသာ တော်လှန်ရေးအင်အားစုတွေ အသုံးပြုနိုင်တဲ့လှေဆိပ်ရှိပါတယ်။

ဘာကြောင့်လဲဆိုတော့ မြစ်ဘေးမှာရှိတဲ့ ရွှေဘိုမြို့နယ်က ကျောက်မြောင်းရွာကို စစ်တပ်က စိုးမိုးထားသလို စစ်တပ်ရဲ့တပ်မ ၃၃ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၁၂ အခြေစိုက်ပါတယ်။ ကျောက်မြောင်းနဲ့ စဉ့်ကူးမြို့ကို ချိတ်ဆက်ပေးထားတဲ့ ဧရာဝတီမြစ်ကူး ရတနာသိင်္ဃတံတားကို စဉ့်ကူးမြို့စစ်ရေး စတင်းမာတဲ့ အောက်တိုဘာလထဲမှာ မိုင်းခွဲဖျက်ဆီးခဲ့ကြပါတယ်။

ဒါအပြင် ဝက်လက်မြို့နယ်က ရေထွက်ပေါက်ဖြစ်တဲ့ ရှိန်းမကားရွာကလည်း စစ်တပ်က ခြေကုပ်ယူထားတဲ့နေရာဖြစ်ပါတယ်။

"အဲဒါကြောင့်ပဲ ခင်ဦးမှာ ဆိပ်ကမ်းသစ်တခုကို တော်လှန်ရေးအင်အားစုတွေက တည်ထောင်ခဲ့ကြတယ်။ စဉ့်ကူးဘက်က စစ်‌ရှောင်တွေ ပြေးလာတော့ရော အင်အားစုတွေ ပြန်ဆုတ်ချိန်မှာလည်း ဒီဆိပ်ကမ်းကိုပဲ သုံးရတယ်" လို့ ရွှေဘိုဒေသခံတစ်ဦးက ရှင်းပြပါတယ်။

စဉ့်ကူးမြို့ထဲပြန်ဝင်နိုင်ခဲ့တဲ့နေ့ ဒီဇင်ဘာ ၁၇ ရက်မှာပဲ ခင်ဦးမြို့နယ်၊ ကဘွတ်ရွာမှာရှိတဲ့ လှေဆိပ်ကို စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် အနည်းဆုံးလူ ၄ ဦး သေဆုံးတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။

နောက်တစ်ရက် ဒီဇင်ဘာ ၁၈ ရက်မှာလည်း အမှတ် ၃ ခရိုင်ချင်းဆက်ကားလမ်းက ခင်ဦးမြို့နယ် အပိုင်လမ်းပိုင်းကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် စက်သုံးဆီခြံပေါက်ကွဲပြီး ၁ ဦးသေဆုံးကာ ၆ ဦးအထိ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒီလိုစစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းထိုးရာလမ်းကြောင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုကြည့်ရင် စစ်ကိုင်းတိုင်းတော်လှန်ရေးအင်အားစုတွေရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ဖို့ ပိုဦးတည်နေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ၊ CDM ဗိုလ်မှူး ကိုနောင်ရိုးက ပြောပါတယ်။

ထောက်လှမ်းရေးအားကောင်းလာတဲ့စစ်တပ်ရဲ့ ထောက်ပို့ဖြတ်တောက်ရေး

ဒီဇင်ဘာ ၂၀ ရက်မှာ မကွေးတပ်နယ်ကို သွားခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, ဒီဇင်ဘာ ၂၀ ရက်မှာ မကွေးတပ်နယ်ကို သွားခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

၂၀၂၅ နှစ်ကုန်ပိုင်း စစ်ရေးအပြောင်းအလဲအရ စစ်ကိုင်းတိုင်းအညာဒေသရဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ထောက်ပို့လမ်းကြောင်းက ဖြတ်တောက်ခံလိုက်ရပြီလို့ ဆိုနိုင်ပါတယ်။ ဧရာဝတီမြစ်ကြောင်းတလျှောက်မှာဆိုလည်း စစ်တပ်ရဲ့စိုးမိုးမှုကိုပိုတွေ့လာရပြီလို့ MDSI က ထောက်ပြပါတယ်။

အခု စစ်ရေးတင်းမာနေတဲ့ ရွှေဘိုခရိုင်မှာ လှေဆိပ်နဲ့ အမှတ် ၃ ခရိုင်ချင်းဆက်ကားလမ်းကို ပစ်မှတ်ထားတာက စစ်တပ်ရဲ့မြင်သာတဲ့အရွေ့တခုပါ။ ဒါအပြင် စစ်ကိုင်းတိုင်းအနောက်ခြမ်း ကလေး၊ မော်လိုက်နဲ့ တမူးမြို့နယ်တွေဘက်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ဖောင်းပြင်၊ ဟုမ္မလင်းမြို့နယ်တွေဘက်က စစ်တပ်ထိုးစစ်တွေ ကလည်း ထောက်ပို့ဖြတ်တောက်ရေးကို ဦးတည်နေတယ်လို့ ဆိုကြပါတယ်။

ဒါဟာ ဘက်ပေါင်းစုံကနေ စစ်ကိုင်းတိုင်းထဲကို စီးဝင်မယ့်ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ရေးအတွက် စစ်တပ်ရဲ့စစ်ရေးအရွေ့တွေဖြစ်ပြီး "ခဲယမ်းအသက်သွေးကြောကို ဖြတ်ပြီး နယ်မြေရှင်းလင်းရေးဖိလာတဲ့ပုံစံ" လို့ CDM ဗိုလ်မှူး နောင်ရိုးက သုံးသပ်ပါတယ်။

စစ်တပ်ရဲ့ စစ်နည်းဗျူဟာအပြောင်းအလဲဟာ တော်လှန်ရေးတပ်တွေအတွက် အခရာကျနိုင်မယ့်ထောက်ပို့ရေးလမ်းကြောင်းကို သတင်းထောက်လှမ်းစောင့်ကြည့်မှုအားကောင်းကောင်းနဲ့ ဖြတ်တောက်တာလို့ သူက ဆက်ပြောပါတယ်။

သတင်းအချက်အလက်အပြင် နည်းပညာမြှင့်ကင်းထောက်ဒရုန်းတွေကိုပါသုံးပြီး စောင့်ကြည့်နိုင်တာက စစ်တပ်အတွက် စစ်ဆင်ရေးအရ အကျိုးအမြတ်ရစေတဲ့အခြေအနေပါ။

ဒါနဲ့ပတ်သက်ပြီးလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာ ၅ ရက်မှာ ထပ်ပြီး ထုတ်ပြောခဲ့ပါတယ်။ စစ်ပွဲတွေမှာ ဉာဏ်ရည်တုနည်းပညာ (AI) စနစ်တွေကို အသုံးပြုပြီးအချိန်နဲ့တပြေးညီ သတင်းအချက်အလက်တွေ စုဆောင်းနိုင်တဲ့အတွက် ရန်သူရဲ့လှုပ်ရှားမှုတွေကို ထိထိရောက်ရောက် ထောက်လှမ်းနိုင်မယ်ဆိုပြီး ပြောခဲ့ပါတယ်။

စစ်နည်းဗျူဟာကျွမ်းကျင်မှု၊ လေကြောင်းသာလွန်မှုနဲ့ အီလက်ထရောနစ်နည်းပညာသာလွန်မှု၊ လက်နက် ခဲယမ်းတွေ ခေတ်မီကောင်းမွန်မှု၊ ထိရောက်တိကျမှုတွေက စစ်ပွဲရဲ့အနိုင်အရှုံးကို အဓိကအဆုံးအဖြတ် ပေးလာတယ်ဆိုပြီးတော့လည်း စစ်ခေါင်းဆောင်ပြောခဲ့တာက မြန်မာစစ်တပ်ရဲ့အပြောင်းအလဲကို တွေ့နိုင်ပါတယ်။

"ဒါဟာ တော်လှန်ရေးအင်အားစုတွေ သတိထားရမယ့်အချက်ပဲ။ ဆုတ်ခွာ၊ စစ်ချီ၊ စစ်ဆုတ်လမ်းကြောင်းတွေကို ပြင်ဆင်ဖို့အရေးကြီးတယ်" လို့ MDSI ရဲ့ စစ်ဘက်သုတေသနတာဝန်ခံလည်းဖြစ်တဲ့ ကိုနောင်ရိုးက ပြောပါတယ်။

စစ်တပ်ရဲ့ "ဆုတ်ခွာလမ်းကြောင်း ချေမှုန်းမှု" ပုံစံလို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့အပြောအရလည်း အမှတ် ၁ စစ်ဒေသရဲ့ညွှန်ကြားချက်အရ စဉ့်ကူးမြို့ကနေ ခွာစစ်ဆင် ပြန်ဆုတ်ပေးထားတာလို့ သိရပါတယ်။

အမှတ် ၁ စစ်ဒေသဆိုတာဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ကွပ်ကဲပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေ ပါဝင်ပါတယ်။

အခုလို တော်လှန်ရေးအဖွဲ့တွေရဲ့ ခွာစစ်ဆင်ပြီးနောက် ဧရာဝတီမြစ်အရှေ့ခြမ်း မန္တလေးအထက်ပိုင်းတခွင်ကို စစ်တပ်က ပြည့်ပြည့်ဝဝပြန်ထိန်းချုပ်လာနိုင်ခဲ့ရင် မြစ်အနောက်ခြမ်းအထိ စစ်ရေးရွေ့လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

စဉ့်ကူးမြို့လက်လွှတ်ခြင်းရဲ့အလွန် စစ်ကိုင်းတိုင်းဘက်ကို ရွေ့လာတဲ့စစ်ရေးအရွေ့ကို ဘယ်လိုဆောင်ရွက်‌နေလဲလို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို ဘီဘီစီကမေးမြန်းပေမဲ့ ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်း အထိတစုံတရာပြန်လည်ဖြေကြားတာမရှိပါဘူး။

မြေပြင်က စစ်ရေးအခြေအနေသိရှိသူတွေ စိုးရိမ်နေတဲ့အချက်ကတော့ စစ်ရေးအရွေ့နဲ့အတူ ပြောင်းရွှေ့လာရတဲ့ စစ်ရှောင်ပြည်သူတွေအရေးဖြစ်ပါတယ်။

ဧရာဝတီမြစ်အရှေ့ကနေ အနောက်ကို ရောက်လာတဲ့စစ်ရှောင်တွေ

ဝက်လက်မြို့နယ် ထုံးဘိုရွာလေကြောင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးခဲ့တဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Wetlet information network

ဓာတ်ပုံ ပုံစာ, ဝက်လက်မြို့နယ် ထုံးဘိုရွာလေကြောင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးခဲ့တဲ့မြင်ကွင်း

မိုးကုတ်၊ မိုးမိတ်၊ သပိတ်ကျင်း၊ စဉ့်ကူးနဲ့ မတ္တရာက စစ်ရှောင်အလုံးအရင်းဟာ စစ်ကိုင်းတိုင်းထဲကို ပြောင်းရွှေ့စစ်ရှောင်နေကြရပြီလို့ ကူညီနေသူတွေဆီက သိရပါတယ်။

"စစ်ရှောင်အရေအတွက်က အနည်းဆုံးလူဦးရေထောင်နဲ့ချီ၊ သောင်းဂဏန်းအထိရှိတယ်။ လူအုပ်လိုက်ကြီး လိုက်သွားလာနေတာ ကားလမ်းမကြီးဘေးမှာ အိပ်နေရတာတွေက လေကြောင်းအန္တရာယ်စိုးရိမ်ရတယ်" လို့ မြေပြင်မှာရှိနေတဲ့ ရွှေဘိုဒေသခံက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက ဒေသခံတွေ စစ်ရှောင်ကြပုံစံဟာ တစ်ရွာကို စစ်တပ်စစ်ကြောင်းဝင်ရင် နောက်တစ်ရွာကို ပြေးကြရပြီး စစ်ကြောင်းထွက်သွားရင် ကိုယ့်နေအိမ်ကိုယ်ပြန်ဝင်နေကြတာပါ။ အမြဲတမ်းစစ်ရှောင်တွေလည်း ရှိပေမဲ့ အခုမန္တလေးတိုင်း ဧရာဝတီမြစ်အရှေ့ခြမ်းကရောက်လာတဲ့ စစ်ရှောင်တွေက သိသိသာသာ များပြားနေတယ်လို့ ဆိုကြပါတယ်။

ဒီလိုစစ်ရှောင်တွေထောင်နဲ့ချီရှိနေချိန်မှာ ရွှေဘိုခရိုင်ထဲ စစ်ရေးပိုတင်းမာလာရင် ကြီးမားတဲ့အခက်အခဲရှိနိုင်တယ်လို့ မြေပြင်မှာရှိနေသူတချို့က ထောက်ပြကြပါတယ်။

"စစ်ကြောင်းတွေ သာထိုးလာခဲ့ရင် တိုက်ပွဲဖြစ်လာခဲ့ရင် လေကြောင်းပိုပြီး တိုက်လာခဲ့ရင် ပြည်သူတွေ အထိခိုက်များနိုင်ခြေ ရှိတယ်။ ဒီအင်အားနဲ့ လမ်းတွေက ရှောင်ထွက်လို့မရဘူး" လို့ ရွှေဘိုဒေသခံက ဆက်ပြောပြပါတယ်။

ဒါပေမဲ့ လက်ရှိစစ်ရေးအရွေ့တွေအရ ဧရာဝတီမြစ်အနောက်ခြမ်း စစ်ကိုင်းတိုင်းဒေသတွေမှာ စစ်မီးတောက် လောင်လာနိုင်ခြေရှိတယ်ဆိုပြီး ဘီဘီစီစကားပြောခွင့်ရခဲ့တဲ့ စစ်ရေးသိရှိသူ ၃ ဦးထက်မနည်းက ခန့်မှန်းပြောကြပါတယ်။

စစ်တပ်ကတော့ စဉ့်ကူးမြို့ပြန်သိမ်းနိုင်တဲ့အကြောင်း တရားဝင်ထုတ်ပြန်တာ မရှိသေးသလို စစ်ကိုင်းတိုင်းထဲက လေကြောင်းတိုက်ခိုက်မှုတွေအကြောင်းလည်း ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်းအထိ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

ဒါပေမဲ့ ၂၀၂၅ နှစ်ကုန်နဲ့ ၂၀၂၆ နှစ်ဆန်းမှာ လုပ်မယ့် ရွေးကောက်ပွဲတွေမှာ ဧရာဝတီမြစ်အနောက်ခြမ်းက ရွှေဘိုနဲ့ ရေဦးမြို့နယ်တွေမှာပါ ပြုလုပ်မယ်လို့ စစ်တပ်က ကြေညာထားပါတယ်။ ရွှေဘိုမြို့မှာ ရွေးကောက်ပွဲပထမပိုင်းလုပ်မှာဖြစ်ပြီး ရေဦးမှာတော့ ဒုတိယပိုင်းလုပ်ဖို့ ရှိနေပါတယ်။

စစ်တပ်ဘက်ကတော့ ရွေးကောက်ပွဲလုပ်မယ့်မြို့နယ်တွေမှာ ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေကို တွက်ဆပြီး လုံခြုံရေးကောင်းမွန်အောင်ဆောင်ရွက်မယ်လို့ ထုတ်ပြောထားသလို အပြည့်အဝ မစိုးမိုးတဲ့ ရွေးကောက်ပွဲလုပ်မယ့်နေရာတွေကို စစ်ရေးအရှိန်မြှင့်လုပ်ဆောင်နေတာတွေကိုလည်း တွေ့နေရပါတယ်။