စစ်ကိုင်း-ရွှေဘို ခရိုင်ချင်းဆက် ဗျူဟာလမ်းပေါ်က ကားတန်း ဘယ်လိုလေကြောင်းတိုက်ခံခဲ့ရလဲ

မီးလောင်နေတဲ့ ကားတစ်စင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ၂၀၂၅ သြဂုတ် ၁၁ ရက်၊ အမှတ် ၃ ခရိုင်ချင်းဆက်လမ်းပေါ်မှာ ပိတ်မိနေချိန် လေကြောင်းဗုံးထိမှန်ခဲ့တဲ့ ကား

"လေကြောင်းလာပြီ။ ကားသမားတွေ ဆုတ်ဆုတ်လို့ ပြောတဲ့အချိန် မမီတော့ဘူး။ မျက်တောင်တစ်ခတ်လေးအတွင်း ကျွန်မမောင်လေးရဲ့ ခေါင်းကို ဗုံးစတွေ ထိသွားတာ"

စစ်ကိုင်းမြို့နယ်၊ တောင်ရင်းရွာနဲ့ ပဒူရွာအကြားက ခရိုင်ချင်းဆက် လမ်းပိုင်းပေါ် မြန်မာစစ်တပ်ရဲ့ လေကြောင်းဗုံးကြဲခံရချိန် အသက်ဆုံးခဲ့တဲ့ မောင်ဖြစ်သူအကြောင်း အမည်မဖော်လိုတဲ့ အမျိုးသမီးက မိသားစုဆီ အကြောင်းကြားလို့ သိခဲ့ရသမျှကို ပြန်ပြောပြပါတယ်။

စစ်တပ်က ခရိုင်ချင်းဆက်လမ်းပေါ်က နေရာ ၃ ခုကို သြဂုတ် ၁၁ ရက်၊ မွန်းလွဲ ၂ နာရီအချိန်မှာ တိုက်လေယာဉ် ၄ စင်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီအချိန် လမ်းပေါ်မှာ ပိတ်မိနေတဲ့ ကုန်တင်ကားတွေနဲ့ အိမ်စီးကားတွေက ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်အများစု အပါအဝင် ခရီးသွားတချို့ သေဆုံးခဲ့ပါတယ်။

"မနက်ပိုင်းသာ အပစ်ခံရရင် ဒီထက်ပို အထိအခိုက်များမှာ" လို့ လေကြောင်းပစ်ခံရချိန် စစ်ကိုင်းမြို့နယ်၊ တောင်ရိုးရွာနဲ့ ပဒူရွာအကြားက ခရိုင်ချင်းဆက် လမ်းပိုင်းပေါ်မှာ ရှိနေခဲ့တဲ့ စစ်ကိုင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကလည်း ပြန်ပြောပါတယ်။

စစ်တပ်က လေကြောင်းဗုံး ၁၅ လုံးဝန်းကျင်ကြဲချခဲ့လို့ ကယ်ဆယ်ရေးချက်ချင်းမလုပ်နိုင်ခဲ့ဘူးလို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်က ပြောပါတယ်။

ဒီနေရာကို စစ်တပ်က ဗုံးအလုံးရေဒါဇင်ချီနဲ့ တိုက်ခိုက်တဲ့ အပေါ် ဒီဒေသတဝိုက်မှာနယ်မြေ စိုးမိုးထားတဲ့ တော်လှန်ရေးတပ်တွေက သုံးသပ်ချက်တွေဘယ်လိုရှိလဲ။

စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့နေရာဟာ မတ်လ ၂၈ ငလျင်ဗဟိုချက်အနီးလို့ မှတ်ယူထားတဲ့ ရေခါးအင်းအနီး ဗျူဟာလမ်းပေါ် ဖြစ်ပါတယ်

ကားအစင်းရေ ၅၀ ဝန်းကျင်ပိတ်မိနေတဲ့ လမ်းပိုင်းပေါ်က လေကြောင်းတိုက်ခိုက်မှု

စစ်ကိုင်းမြို့နယ်၊ တောင်ရင်း-ပဒူလမ်းပိုင်းကြား လေကြောင်းဗုံးထိမှန်ပြီး မီးလောင်နေတဲ့ ယာဥ်တန်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စစ်ကိုင်းမြို့နယ်၊ တောင်ရင်း-ပဒူလမ်းပိုင်းကြား လေကြောင်းဗုံးထိမှန်ပြီး မီးလောင်နေတဲ့ ယာဥ်တန်း

စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့နေရာဟာ စစ်ကိုင်းနဲ့ ရွှေဘိုခရိုင်ကို ဆက်ထားတဲ့ အမှတ် ၃ ခရိုင်ချင်းဆက်လမ်းပေါ်မှာဖြစ်ပါတယ်။ ခရိုင်ချင်းပေါက်လို့ ဗျူဟာလမ်းလို့လည်း ဒေသခံတွေကြား သိကြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီလမ်းဟာ စစ်ကိုင်းမြို့အထွက်ကနေ စစ်ကိုင်း-ဝက်လက်-ရွှေဘိုမြို့နယ်အတွင်းက ရွာတွေကို ဖြတ်သွားပါတယ်။ ဒီလမ်းဟာ ရွှေဘိုခရိုင်ထဲက ကျောက်မြောင်းရွာအထိ ပေါက်ပါတယ်။

သယ်ယူပို့ဆောင်ရေးအတွက် အဓိကလမ်းမကြီးဖြစ်တဲ့ မန္တလေး-ရွှေဘိုလမ်းမကြီးကနေ စစ်ကိုင်းမြို့မှာ ခွဲထွက်သွားတဲ့ ရှောင်ကွင်းလမ်းဖြစ်ပါတယ်။​

ရှေ့ကို သွားမယ့် ဗျူဟာလမ်းပေါ်က တိုက်ပွဲကြောင့် လမ်းခုလပ်မှာ ကားတွေ ပိတ်မိချိန် စစ်တပ်ရဲ့လေကြောင်းကနေ ဗုံးကြဲမှု ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ဗုံးကြဲခံရတဲ့နေရာဟာ တိုက်ပွဲမဖြစ်တဲ့နေရာလို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

မန္တလေး-ရွှေဘိုလမ်းမကြီးပေါ်က အုန်းတောရွာကနေ ကျော်ဇေယျာရွာအထိ စစ်တပ်စစ်ကြောင်း လှုပ်ရှားနေတာကြောင့် လမ်းမကြီးကနေ ကားတွေ ဖြတ်သန်းသွားလာလို့ မရတာ ၂ လလောက်ရှိပါပြီ။

ဒီတော့ ကုန်ကားနဲ့ ခရီးသည်တင်ကားတွေဟာ လေကြောင်းတိုက်ခံရတဲ့ အမှတ် ၃ ခရိုင်ချင်းဆက်လမ်းကတဆင့် ရှောင်ကွင်းသွားလာနေကြတာပါ။

လေကြောင်းတိုက်ခံရတဲ့ရက်မတိုင်ခင် ဒီလမ်းဖြတ်သွားတဲ့ ဝက်လက်မြို့နယ် စဥ့်ကိုင်ရွာဘက်ကို စစ်တပ်စစ်ကြောင်းဝင်လာပြီး ထိတွေ့တိုက်ပွဲရှိနေတာကြောင့် သြဂုတ် ၁ရက်မှာ လမ်းပိတ်လိုက်ပါတယ်။

ဒါကြောင့် လေကြောင်း လာပစ်တဲ့ သြဂုတ် ၁၁ ရက် မနက်ပိုင်းအထိ စစ်ကိုင်းမြို့နယ် တောင်ရင်းရွာနဲ့ ပဒူရွာကြားက လမ်း‌ပေါ်မှာ ခရီးသည်တင်ယာဥ်နဲ့ ကုန်တင်ယာဥ် ၅၀ ဝန်းကျင် ပိတ်မိနေခဲ့ပါတယ်။

ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်အပါအဝင် လူတစ်ရာကျော်လောက်ရှိတယ်လို့ မြို့နယ် ပအဖ အဖွဲ့ဝင်က ဘီဘီစီကို ပြောပါတယ်။

"မနက်ပိုင်းလောက်မှာ ကားတွေက ၁၄ လမ်းဆုံလောက်မှာ စုနေလို့ လေကြောင်းစိုးရိမ်ရတာနဲ့ ဘေးကင်းဖို့ရာ နောက်ကို ဆုတ်ခိုင်းခဲ့တယ်" လို့ သူက ပြောပါတယ်။

တောင်ရင်းရွာတောင်ဘက်မှာရှိတဲ့ ၁၄ လမ်းဆုံကနေ ၉ မိုင်လောက်ဝေးတဲ့ ရွာသာရွာအထိ ဆုတ်သွားတဲ့ ကားတွေရှိသလို လမ်းဆုံကနေ ပဒူရွာကြားလမ်းပိုင်းမှာ ကျန်နေတဲ့ ကားတချို့ လည်းရှိနေတာပါ။

မွန်းလွဲ ၂ နာရီဝန်းကျင်မှာတော့ မိတ္ထီလာနဲ့ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၄ စင်းဟာ တောင်ရင်း ရွာနဲ့ ပဒူရွာကြားက လမ်းပိုင်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

ယာဥ်တန်းထဲက ထိခိုက်ပျက်စီးခဲ့တဲ့ ကားတစ်စီး

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ယာဥ်တန်းထဲက ထိခိုက်ပျက်စီးခဲ့တဲ့ ကားတစ်စီး

"အခါတိုင်းနဲ့မတူနဲ့ ပစ်ခတ်ပုံမျိုးနဲ့ကို တိုက်ခိုက်တာ။ ပေါင်ဗုံးတွေအပြင် စက်လက်တွေနဲ့လည်းပစ်တယ်။ ဗုံးက ၁၅ လုံးလောက်ရှိမယ်။ ရော့ကတ်လည်း ပါတယ်" လို့ ပအဖ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မြန်မာစစ်တပ်မှာသုံးနေတဲ့ တိုက်လေယာဉ်တွေဟာ ဗုံးကြဲတာအပြင် ပစ်ခတ်တာလည်း ပြုလုပ်နိုင်တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI)က စစ်ဘက်ရေးရာတာဝန်ခံ ကိုနောင်ရိုးက ပြောပါတယ်။

"စစ်တပ် တိုက်လေယာဥ်တွေမှာ ၂၃ မမ နဲ့ ၃၀ မမ စက်အမြောက်တွေ တပ်ဆင်ထားတာ များတယ်" လို့ ပြောပါတယ်။​

စစ်တပ်ဟာ ယာဥ်တန်းနဲ့ လူတွေကို ဦးတည်တိုက်ခိုက်မယ့် ပစ်မှတ်အတွက် တိုက်လေယာဥ်မှာပါတဲ့ စက်အမြောက်(Auto Cannon)နဲ့ ရော့ကတ်ကို အသုံးပြုပစ်ခတ်လေ့ရှိတယ်လို့လည်း သူက ပြောပါတယ်။

စစ်တပ်က တိုက်လေယာဥ် ၄ စင်းနဲ့ တောင်ရင်း-ပဒူလမ်းပိုင်းကို ကားအစုလိုက်ရှိနေတဲ့ နေရာ ၃ ခုကို ထိမှန်ခဲ့ပြီး ၇ ဦး သေဆုံးခဲ့ပါတယ်။

ဘယ်ဘက်လက်ပြတ်သွားတဲ့ သံဃာတော် ၁ ပါးအပါအဝင် ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

"ထိတဲ့အချိန် ကျွန်မမောင် တစ်ကိုယ်လုံးသွေးတွေ အကုန်ရွှဲသွားတယ်လို့ အနီးနားရှိသူက ပြန်ပြောပြတယ်။ ဓာတ်ပုံတွေလည်း မြင်ရတယ်။ သူ့ သတင်းကြားပြီး ကျွန်မ ထမင်းတောင် မစားနိုင်ဘူး" လို့ သေဆုံး ယာဥ်နောက်လိုက်တစ်ဦးရဲ့အစ်မက ပြောပါတယ်။

ကျန်ရစ်တဲ့ ဒရိုင်ဘာဖြစ်သူကလည်း လေကြောင်းလာပစ်ခဲ့တဲ့ တစ်ရက်လုံး ဘေးလွတ်ရာကို ပုန်းရှောင်နေခဲ့ရတယ်လို့ သူက ပြောပါတယ်။

လေကြောင်းလာပစ်တဲ့နေရာဟာ တိုက်ပွဲဖြစ်နေတဲ့ စဥ့်ကိုင်ရွာနဲ့ တောင်ကြောတစ်ခုခြားနေပြီး အဲဒီနေ့က တိုက်ပွဲဖြစ်ပွားနေတာမရှိဘူးလို့ ဒီနေရာမှာရှိနေခဲ့တဲ့ စစ်ရှောင်ကူညီနေသူတစ်ဦးနဲ့ ပအဖ အဖွဲ့ဝင်တို့က ပြောပါတယ်။

အမြန်ဆုံးကယ်ဆယ်ရေးစဖို့ ကြိုးစားခဲ့ပေမဲ့ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ဖြစ်တာ၊ ဆက်ဖြစ်လာနိုင်တဲ့အန္တရာယ်ကို စိုးရိမ်တာကြောင့် ညနေ ၄ နာရီဝန်းကျင်မှ ကယ်ဆယ်ရေးလုပ်နိုင်ခဲ့တယ်လို့ မြို့နယ် ပအဖ အဖွဲ့ဝင်က ပြောပါတယ်။

"ည ၉ နာရီလောက်အထိ ကယ်ဆယ်ရေးလုပ်ခဲ့တယ်။ အရေးပေါ်ကယ်ဆယ်ရေးတော့ ခက်ခဲခဲ့တာပေါ့" လို့ သူကပြောပါတယ်။

အဲဒီညမှာပဲ သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို သင်္ဂြိုဟ်ခဲ့ပါတယ်။

လမ်းတွေ ပိတ်ဆို့တာကြောင့် မိသားစုဝင်တွေဆီကို ရုပ်အလောင်းတွေ ပြန်မသယ်နိုင်ခဲ့ပါဘူး။

သေဆုံးသူရဲ့မိသားစုဝင်က ကုန်ကားသမားတွေရဲ့ဘဝဟာ "ကောင်းကင်ကလည်းကြည့်ရတယ်။ မြေပြင်က မိုင်းလည်း ကြည့်ရတယ်။ လေထဲက လာမယ့်သေနတ်လည်း ကြည့်နေရတယ်" လို့ ပြောပါတယ်။

ဘာကြောင့် စစ်တပ်က ဒီလမ်းပိုင်းနေရာကို လေကြောင်းတိုက်ခိုက်ခဲ့လဲ

စစ်ကိုင်းတိုင်း၊ ဧရာဝတီမြစ်အနောက်ခြမ်းက အမှတ် ၃ ခရိုင်ချင်းဆက်လမ်းဟာ နှစ်ဖက်တပ်ဖွဲ့အတွက် ဗျူဟာကျတဲ့လမ်းတစ်ခုဖြစ်ပါတယ်။

ဒီလမ်းရှိတဲ့ ဧရာဝတီအနောက်ခြမ်းမှာ စစ်ကိုင်း-ဝက်လက်-ရွှေဘိုမြို့နယ်တွေရှိပြီး မြစ်တစ်ဖက်ကမ်းမှာ မတ္တရာ-စဥ့်ကူး-သပိတ်ကျင်းမြို့နယ်တွေ ရှိနေပါတယ်။

အမှတ် ၃ ခရိုင်ချင်းဆက်လမ်းအတိုင်း စစ်ကိုင်းဘက်က တက်လာရင် ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းရွာမှာရှိတဲ့ ဧရာဝတီမြစ်ကူးတံတားကနေ စဥ့်ကူးမြို့နယ်ထဲကို ကူးဖြတ်လို့ရနိုင်ပါတယ်။​

ဒီကတဆင့် မြောက်ပိုင်းကို တက်ပြီး သပိတ်ကျင်းဘက်ကို တော်လှန်ရေးအင်အားစုတွေ စုဖွဲ့လာမှာကို ဖြတ်တောက်လိုတာကြောင့် ခရိုင်ချင်းဆက်လမ်းတလျှောက် စစ်တပ်က လက်နက်ကြီး၊ လေကြောင်းနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်တာတွေ လုပ်လာတာပါ။​

ကုန်သွယ်ရေးဘက်ကကြည့်ရင် မန္တလေးကနေ မြစ်ကြီးနားအထိ ကုန်သွယ်ဖို့ သုံးနိုင်တဲ့ လမ်းတစ်ခု ဖြစ်ပါတယ်။

ဒီလမ်းကနေ မန္တလေးတိုင်းထဲက စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မိုးကုတ်ဘက်ကိုလည်း သွားနိုင်တာပါ။

စစ်တပ်ဟာ သပိတ်ကျင်းကို အခြေပြုပြီး မိုးကုတ်ကို တိုက်စစ်ဆင်နေတာရှိတာကြောင့် ကပ်လျက်လမ်းကို ရှင်းတဲ့သဘောလို့ CDM ဗိုလ်ကြီး ဇင်ယော်က ဘီဘီစီကို ပြောပါတယ်။

"တော်လှန်ရေးတပ်တွေက ရွှေဘိုမြို့နယ်ထဲက ကျောက်‌မြောင်းကနေ မြစ်အရှေ့ခြမ်းကို ကူးလာ တယ်လို့ ယူဆတဲ့အတွက် မြစ်အနောက်က မင်းကွန်းလောက်ကစပြီး ပိတ်ဆို့ တိုက်ခိုက် လာတယ်" လို့ ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုအပြီး ပျက်စီးမီးလောင်မှု အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဒီနယ်တကြောက ရွာတွေမှာ စစ်တပ်ဟာ မတ် ၂၈ ရက် အင်အားပြင်းငလျင်နောက်ပိုင်းကတည်း က အင်အားစုဖွဲ့တာတွေ လုပ်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၁၁ ရက်လေကြောင်းတိုက်ခိုက်ခံရတဲ့ လမ်းပိုင်းအနီးက ရွာတွေဟာ ငလျင်ဗဟိုချက် ရေမျက်ကြီးအင်း ‌မြောက်ဘက်က ရွာတွေဖြစ်ပါတယ်။

ဒီနယ်တကြောကို စစ်ကိုင်းမြို့ပေါ်အထိသာ နေရာယူထားတဲ့ စစ်တပ်ဟာ ငလျင်အပြီးမှာ ရေမျက်ကြီးအင်းအနီးက စာရေးရွာမှာ အင်အားစုပြီး ပတ်ဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုးခဲ့ပါ တယ်။

ငလျင်အပြီး ၄ လကျော်လာချိန်မှာတော့ စစ်တပ်ဟာ အင်းမြောက်ဘက်က ပဒူရွာနဲ့ မင်းကွန်းဒေသမှာ စစ်တပ်ရဲ့ ယာယီစခန်းတွေချထားတယ်လို့ ပအဖ အဖွဲ့ဝင်က ပြောပါတယ်။

"ဒီနယ်ထဲဝင်လာတဲ့ ကုန်းလမ်းကစစ်ကြောင်းကို ရေလမ်းကနေ အင်အားဖြည့်ပေးနေတယ်။ မတ္တရာကနေလည်း လက်နက်ကြီးနဲ့ လှမ်းပစ်ပေးတယ်"​လို့ သူကပြောပါတယ်။

စစ်တပ်ရဲ့သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်အစပ်မှာ နယ်မြေဗျူဟာတစ်ခု အထိုင်ချဖို့ ပြောဆိုနေကြတာ ရှိပါတယ်။

အခုလေကြောင်းတိုက်ခိုက်မှုဟာ နယ်မြေစိုးမိုးဖို့နဲ့ ဒေသမှာရှိတဲ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဖိအားပေး လိုတာကြောင့်လို့ ယူဆပေမဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုးက မဖြစ်သင့်ဘူးလို့ ပအဖ အဖွဲ့ဝင်က ပြောပါတယ်။

''အရပ်သားလုံခြုံရေးက ကျွန်တော်တို့အတွက် ပထမဦးစားပေးပဲ။ ဒါပေမဲ့ အခုလို လမ်းကြောင်း ပိတ်လို့ ကားနဲ့လူ နီးနီးကပ်ကပ်ရှိနေတဲ့အချိန်မှာ ဘယ်လောက်ရှောင်ရှောင် ဝပ်ဝပ် ထိမှန်နိုင်တယ်"

"ဒါကိုမှ သိရက်သားနဲ့လာပစ်တာကို ကာကွယ်နိုင်သလောက် ကာကွယ်ခဲ့ပေမဲ့ ထိခိုက်သေဆုံးတာ တွေအတွက် စိတ်မကောင်းဘူး" လို့ ပြောပါတယ်။

စစ်တပ်ဟာ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် စစ်ကိုင်းတိုင်းထဲကို စစ်ကြောင်းအများအပြားနဲ့ ဖိအားပေးလာတာဖြစ်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။

NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း "စစ်အုပ်ချုပ်ရေးမြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုတွေ တိုးလုပ်လာနိုင်တဲ့အပြင် တခြားမြို့နယ်တွေမှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုလာနိုင်တယ်" လို့ ဒီလအစပိုင်းမှာ ဘီဘီစီကို ပြောထားပါတယ်။

စစ်ကော်မရှင်ကတော့ ရွေးကောက်ပွဲအတွက် မြို့နယ် ၆၃ ခုကို စစ်အုပ်ချုပ်ရေးကြေညာထားပြီး ဒီထဲက ဝက်လက်၊ မိုးကုတ်အပါအဝင် မြို့နယ်တွေကို လေကြောင်းဖိအားအပြင် စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်လာခဲ့ပါတယ်။

စစ်ကိုင်းတိုင်းထဲကို ဇူလိုင်နဲ့ သြဂုတ်လပထမပတ်အတွင်း လေကြောင်း ၂၆ ကြိမ်ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၃၅ ဦးသေဆုံးကာ ၁၀၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဥာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ အချက်အလက်က ဖော်ပြပါတယ်။

ဒီထဲက ဝက်လက်နဲ့ စဥ့်ကူးမြို့နယ်တွေဟာ စစ်တပ်က စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မြို့တွေရဲ့ ထက်ဝက်လောက်ကို ပြန်လည်ရယူဖို့ စစ်တပ်ဘက်က မျှော်လင့်ပုံရတယ်လို့လည်း CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။​

"အရင်စစ်ကြောင်းမထိုးခဲ့တဲ့နေရာတွေမှာပါ စစ်ကြောင်းထိုးပြီး ယာယီခြေကုတ်စခန်းတွေ ယူလာ နိုင်တယ်"

"ရွေးကောက်ပွဲလုပ်နိုင်ဖို့ကို စစ်ကြောင်းထိုးလာတာ၊ အခုလိုလေကြောင်းပစ်တာကြောင့် အရပ်သားတွေသေဆုံးနေရတယ်" လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။