လေယာဥ်လောင်စာဆီ သို့မဟုတ် လေကြောင်းတိုက်ခိုက်မှုကို စစ်ကောင်စီ အားပြုနိုင်တဲ့ အဓိက အချက်တစ်ခု

အာဆီယံနိုင်ငံ ဆိပ်ကမ်းတွေကနေ ထွက်လာတဲ့ လေယာဥ်ဆီတွေဟာ မြန်မာ စစ်တပ်လက်ထဲ အဆုံးသတ် ရောက်ရှိနေခဲ့

ဓာတ်ပုံ ရင်းမြစ်, Planet Labs via Amnesty International

ဓာတ်ပုံ ပုံစာ, အာဆီယံနိုင်ငံ ဆိပ်ကမ်းတွေကနေ ထွက်လာတဲ့ လေယာဥ်ဆီတွေဟာ မြန်မာ စစ်တပ်လက်ထဲ အဆုံးသတ် ရောက်ရှိနေခဲ့

အခု သီတင်းပတ်တွေ အတွင်းမှာပဲ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ကြောင့် ဒီပဲယင်းနယ်ထဲ NUG ရဲ့ ကြားကာလ ပညာရေး အဖြစ် စာသင်ပေးနေတဲ့ အိုးတိန်တွင်းရွာ စာသင်ကျောင်းမှာ ကလေးသူငယ် ကျောင်းသူကျောင်းသားတွေ အယောက် ၂၀ ကျော် အစုလိုက် အပြုံလိုက် သေဆုံးရတဲ့ ဖြစ်ရပ်နဲ့၊ အာရက္ခတပ်တော်အေအေ ထိန်းချုပ်ထားတဲ့ ရသေ့တောင် မြို့နယ်ထဲက ထွန်းရဝေ ရွာမှာလည်း လူ တစ်ဒါဇင် ဝန်းကျင် သေဆုံးရတာမျိုးတွေ ပေါ်ပေါက်လာပါတယ်။

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်၊ နောင်ချို လို နေရာတွေ အပါအဝင် ရှမ်းမြောက်က နေရာတွေကိုလည်း လေကြောင်းတိုက်ခိုက်တာတွေ လုပ်ပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ တော်လှန်ရေး အင်အားစုတွေဘက်က စစ်ရေးနည်းနာသုံးပြီး ထိန်းချုပ်လိုက်တဲ့ နယ်မြေတွေမှာ အဓိက ပြုလုပ် နေတာဖြစ်တာကြောင့်၊ အဲဒီနေရာတွေမှာ ကျန်းမာရေး၊ ပညာရေး ဝန်ဆောင်မှုတွေကို အရပ်သားတွေရဲ့ အသက် အန္တရာယ် မကျရောက်စေပဲ ဘယ်လို လည်ပတ် လုပ်ဆောင်နိုင်မလဲ ဆိုတဲ့ စိန်ခေါ်ချက် ကြီးကြီးမားမား ပေါ်ထွက်လာစေပါတယ်။

NUG ရဲ့ ပညာရေး ဝန်ကြီးဌာနက သူတို့ရဲ့ ကြားကာလ ပညာရေး စာသင်ကျောင်း တွေကို ယာယီ ပိတ်ထားမယ် ဆိုပြီး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဇော်ဝေစိုး လက်မှတ်ထိုးလို့ မေလ ၂၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

စာသင်ကျောင်းတွေ၊ ဆေးရုံတွေ အပါအဝင် လူစုလူဝေး ရှိတဲ့ နေရာတွေကို စစ်တပ်က လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်အနေနဲ့ လေကြောင်းတိုက်တာတွေကို အရှိန်မြှင့် လုပ်နေနိုင်တဲ့ အဓိက အကြောင်းတွေထဲမှာ လေယာဥ်လောင်စာဆီ ဆက်လက် ရရှိ နေတဲ့ အချက်လည်း ပါဝင်တယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

စစ်တပ်ထံ လေယာဥ်ဆီ စီးရာ လမ်းကြောင်း ကွင်းဆက် အဆင့်ဆင့်ကို စောင့်ကြည့် ဖော်ထုတ်နေတဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ Amnesty International အဖွဲ့ရဲ့ အရှေ့၊ အရှေ့တောင် အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်ညွှန်ကြားရေးမှူး မွန့်ဆေးဖရား က လည်း လေယာဥ်ဆီ နဲ့ ပတ်သက်တဲ့ လက်ရှိ နိုင်ငံတကာ ပိတ်ဆို့မှုတွေဟာ မထိရောက်ပဲ ဖြစ်နေတယ်လို့ ထောက်ပြ ပြောဆိုပါတယ်။

တကယ်လို့ အာဆီယံ အဖွဲ့ အနေနဲ့သာ လေယာဥ်ဆီ ကိစ္စ အပေါ် ကိုင်တွယ်မယ် ဆိုရင်တော့ အာဏာသိမ်း မြန်မာ စစ်တပ်လက်ထဲ လေယာဥ်ဆီ စီးဝင်မှုကို အတော်လေး ဟန့်တားနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

မစ္စ မွန်ဆေးဖရားကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။

Amnesty International အဖွဲ့ရဲ့ အရှေ့၊ အရှေ့တောင် အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်ညွှန်ကြားရေးမှူး မွန့်ဆေးဖရား

ဓာတ်ပုံ ရင်းမြစ်, Amnesty International

ဓာတ်ပုံ ပုံစာ, Amnesty International အဖွဲ့ရဲ့ အရှေ့၊ အရှေ့တောင် အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်ညွှန်ကြားရေးမှူး မွန့်ဆေးဖရား
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဘီဘီစီ။ ။ မြန်မာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အထူးသဖြင့် အခု လပိုင်းတွေမှာ ပိုပြီးတော့တောင် ပြင်းထန်လာတာ တွေ့ရပါတယ်။ ဒီ အချက်ဟာ စစ်တပ်အနေနဲ့ လေယာဥ် လောင်စာဆီတွေကို လွယ်လင့်တကူနဲ့ ရနေနိုင်တယ် ဆိုတာကို ပြသနေလား။ လေယာဥ်ဆီနဲ့ ပတ်သက်ပြီး လုပ်ငန်းကုမ္ပဏီ တချို့ အပေါ် ပစ်မှတ်ထားတဲ့ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ထားတဲ့ ကြားက အခုလို ဖြစ်နေတာ ဆိုတော့ အဲဒီ ပိတ်ဆို့မှုတွေဟာ အလုပ်မဖြစ်ဘူး ဆိုတာ ပြသနေတာလား မွန့်ဆေး။

မွန့်ဆေးဖရား။ ။ ရှင်ပြောသွားတာ နှစ်ပိုင်းတွေ့ရပါတယ်။ ပထမတစ်ချက်က လေယာဥ်ဆီကို မြန်မာစစ်တပ် လွယ်လင့်တကူ ရနိုင်လား ... ဆိုတာနဲ့ ဒုတိယ တစ်ချက်က နိုင်ငံတကာ ပိတ်ဆို့မှုတွေ အလုပ်ဖြစ် မဖြစ် ဆိုပြီး မေးတော့ ကျွန်မ နှစ်ပိုင်း ခွဲပြီး ပြောပါ့မယ်။

မြန်မာ စစ်တပ်ဟာ လေယာဥ်ဆီတွေ ဆက်ပြီး ရနေတာကတော့ ထင်ရှားပါတယ်။ ဒါပေမယ့် လွယ်လင့်တကူ ရနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ရအောင် ဖန်တီး ယူရတဲ့ နည်းနာ အဆင့်တွေ ပို ရှုပ်ထွေးလာပါတယ်။ ဘယ်လို ပုံစံမျိုးတွေလဲ ဆိုတာ ကျွန်မ ပြောတာတွေထဲ ပါလာပါလိမ့်မယ်။

ဒုတိယ တစ်ချက်က နိုင်ငံတကာ ပိတ်ဆို့မှု တွေ ချမှတ် လာခဲ့ပေမယ့်၊ အကောင်အထည် ဖော်တဲ့ လုပ်နည်း လုပ်ဟန်တွေဟာ ထိရောက်မှု မရှိပါဘူး။ ဘာ့ကြောင့်လဲ ဆိုတာ အကြမ်းဖျင်း ခြုံငုံပြီး ပြောပါ့မယ်။ ပိတ်ဆို့မှု ချတာတွေ ဘယ်လို အဆင့်ဆင့် ဖြစ်လာသလဲ ဆိုတာ အရင်ကြည့်ရအောင်ပါ။

၂၀၂၂ နိုဝင်ဘာလမှာ Justice for Myanmar အဖွဲ့နဲ့ ကျွန်မတို့ Amnesty International အဖွဲ့ တို့ ပူးတွဲပြီး မြန်မာ စစ်တပ်ထံ စီးဆင်းနေတဲ့ လေယာဥ်ဆီ အကြောင်း အသေးစိတ် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် တခြား အရပ်ဘက် အဖွဲ့အစည်း အများအပြားပါ ပူးပေါင်းလို့ မြန်မာနိုင်ငံထဲ လေယာဥ်ဆီ တင်ပို့မှု အလုံးစုံ ပိတ်ပင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒါမှပဲ စစ်တပ်လက်ထဲ လေယာဥ်ဆီ ရောက်မသွားဖို့ သေချာနိုင်လိမ့်မယ် ဆိုပြီး ထောက်ပြခဲ့ကြပါတယ်။

အဲဒီ တောင်းဆိုမှုရဲ့နောက် အပြောင်းအလဲတွေ ဖြစ်လာပါတယ်။ နိုင်ငံတကာ ကုမ္ပဏီကြီးတွေ မြန်မာနိုင်ငံထဲကနေ ထွက်သွားကြပါတယ်။ ၂၀၂၃ နှစ်စ ကနေ ဩဂုတ်လလောက်အထိ လေယာဥ်ဆီနဲ့ ပတ်သက်ပြီး ပိတ်ဆို့မှုတွေကို နိုင်ငံတကာက အသီးသီး ချမှတ်လာခဲ့ပါတယ်။ ဒါပေမယ့် ပိတ်ဆို့ အရေးယူမှု အများစုဟာ မြန်မာကုမ္ပဏီ တွေ အပေါ်မှာ ဖြစ်ပါတယ်။

ပိတ်ဆို့မှုထဲ နာမည်တပ် ဖော်ပြခံရတဲ့ မြန်မာ ကုမ္ပဏီ တချို့ ဆိုရင် ပိတ်ဆို့မှု ချမှတ်ချိန် အပြင်မှာ တကယ်တမ်း ရှိမနေတော့တာမျိုးလည်း တွေ့ရပါတယ်။ ဥပမာ အမေရိကန်က မြန်မာ ကုမ္ပဏီ တချို့ကို ပိတ်ဆို့ကြောင်း ကြေညာတဲ့ အခါ၊ တချို့ဆိုရင် သူတို့ရဲ့ ကုမ္ပဏီ လုပ်ငန်းနာမည်တွေကို ပြောင်းလဲ ထားနှင့်ပြီး ဖြစ်နေပါတယ်။ ဒီတော့ ဘာမှ ပိတ်ဆို့မှုဟာ ဘာမှ မထိရာက်နိုင်တော့ပါဘူး။ နောက်ပြီး စင်္ကာပူ အခြေစိုက် ကုမ္ပဏီ တစ်ခု ပါဝင်တာကလွဲပြီး ပိတ်ဆို့ စာရင်းထဲမှာ မြန်မာ ကုမ္ပဏီတွေ အပေါ်မှာပဲ ပစ်မှတ်ထားတာ တွေ့ရပါတယ်။

၂၀၂၃ ဩဂုတ်လမှာတော့ ပိတ်ဆို့မှု sanction ချမှတ်တာ သက်သက် ထက် စာရင်၊ ပိုပြီး ကျယ်ပြန့်တဲ့ ဥပဒေကြောင်းဆိုင်ရာ မူဘောင်တစ်ခုကို အမေရိကန်ဘက်က စတင် ချပြ လာခဲ့ပါတယ်။ ရည်ရွယ်တာကတော့ ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေ အများအပြား အပေါ် တစုတစည်းတည်း အရေးယူတာမျိုး လုပ်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်။

အဲဒီလို ကျယ်ပြန့်ပြီး လွှမ်းခြုံ စေနိုင်တဲ့ legal framework မျိုး ရှိလာတဲ့ အခါ၊ ကျွန်မတို့ Amnesty အနေနဲ့လည်း မြန်မာနိုင်ငံထဲ သွားတဲ့ လေယာဥ်ဆီ တင်ပို့မှု ကွင်းဆက်တွေ ဘယ်လို အပြောင်းအလဲ ဖြစ်လာလဲ ဆိုတာကို ၂၀၂၄ နှစ်စမှာ အသေးစိတ် ဆန်းစစ် လာခဲ့ပါတယ်။

ပိတ်ဆို့မှုတွေကို ကျော်လွှားပြီး လေယာဥ်ဆီတွေကို ဆက်လက် ရနေအောင် မြန်မာ စစ်တပ် ပြုမူနေတယ် ဆိုတာကို ကျွန်မတို့ တွေ့လာရပါတယ်။ မြန်မာ စစ်တပ်ဟာ နိုင်ငံတကာ ပိတ်ဆို့မှုတွေ အပေါ် ဘယ်လို ကျော်လွှားရမယ်၊ ဘယ်လိုနည်းတွေနဲ့ ယဥ်ပါးအောင် လုပ်ရမယ် ဆိုတာတွေနဲ့ ပတ်သက်ရင် ဆယ်စုနှစ်များစွာ အတွေ့အကြုံ ရှိခဲ့ပြီး ဖြစ်ပါတယ်။ လေယာဥ်ဆီ အပေါ် နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်လာချိန် ကနဦးလတွေမှာ မြန်မာနိုင်ငံထဲ လေယာဥ်ဆီ စီးဆင်းမှု လ တချို့ ကြာ ရပ်သွားခဲ့ပေမယ့်၊ ပိုပြီး ရှုပ်ထွေးတဲ့ အဆင့်ဆင့် လက်လွှဲ ရယူတဲ့ နည်းနာတွေကို မြန်မာ စစ်တပ် ကျင့်သုံးလာခဲ့ပါတယ်။

ဘယ်ဆိပ်ကမ်းက ထွက်လာသလဲ၊ ဘယ်သင်္ဘောနဲ့လဲ ဆိုတာတွေ ဖော်ထုတ်ပေမယ့် သက်ဆိုင်ရာ နိုင်ငံတွေက အရေးယူ ကိုင်တွယ်တာမျိုး မလုပ်ဘူးလို့ AI အဖွဲ့ ပြော

ဓာတ်ပုံ ရင်းမြစ်, Amnesty International

ဓာတ်ပုံ ပုံစာ, ဘယ်ဆိပ်ကမ်းက ထွက်လာသလဲ၊ ဘယ်သင်္ဘောနဲ့လဲ ဆိုတာတွေ ဖော်ထုတ်ပေမယ့် သက်ဆိုင်ရာ နိုင်ငံတွေက အရေးယူ ကိုင်တွယ်တာမျိုး မလုပ်ဘူးလို့ AI အဖွဲ့ ပြော

လေယာဥ်ဆီ ရောင်းပေးတဲ့ supplier တွေထံက တင်ပို့မှုတွေ မြန်မာနိုင်ငံထဲ တိုက်ရိုက် မလာတော့ပဲ ဗီယက်နမ်ကနေ တဆင့် ဝင်လာတယ် ဆိုတဲ့ အချက်ကို ကျွန်မတို့ အနေနဲ့ ၂၀၂၄ နှစ်စ ဇန်နဝါရီထဲမှာပဲ ရှင်းရှင်းလင်းလင်း ထောက်ပြ ခဲ့ပါတယ်။ လုပ်ငန်းကုမ္ပဏီ အမျိုးမျိုးကို ကြားခံထားပြီး အဆင့်ဆင့် လက်လွှဲ ယူတာမျိုး ဖြစ်ပါတယ်။

တစ်ဘက်မှာလည်း နိုင်ငံတကာ ပိတ်ဆို့မှုတွေဟာ ချထား လက်စ တွေမှာပဲ ရပ်တန့်သွားပါတယ်၊ ရှေ့တိုးမလာတော့ပါဘူး။ ကျွန်မတို့ တောင်းဆိုထားတဲ့ လေယာဥ်ဆီ အလုံးစုံ ပိတ်ဆို့ရေး ဟာ ဘယ်တော့မှ ဖြစ်မလာခဲ့ပါဘူး။

ကျွန်မ ဥပမာ တစ်ခု ပေးရရင် ၂၀၂၃ နှစ်စ ကတည်းက ကျွန်မတို့ သတိထားမိပြီး ဖော်ထုတ်ထားနိုင်တဲ့ တရုတ် သင်္ဘော တစ်စင်း ရှိပါတယ်။ ဟူတောင် ၇၈ (Hutong 78) ဆိုတဲ့ တရုတ် အလံ လွှင့်ထားတဲ့ သင်္ဘောပါ။ အဲဒီ သင်္ဘောကနေ သယ်လာတဲ့ လေယာဥ်ဆီတွေဟာ နောက်ဆုံး မြန်မာ စစ်တပ်လက်ထဲ ရောက်သွားခဲ့တယ် ဆိုတာကို ကျွန်မတို့ ထောက်ပြ ခဲ့ပေမယ့် ဘယ်နိုင်ငံကမှ ပိတ်ဆို့တာမျိုး မလုပ်ခဲ့ပါဘူး။ ကျွန်မတို့ ပြောပြီး နောက် တစ်နှစ်ကျော် ကြာအောင် အထိကို မြန်မာ စစ်တပ်လက်ထဲ လေယာဥ်ဆီတွေ ရောက်အောင် အဲဒီ သင်္ဘောက ပို့ပေးနေခဲ့ပါတယ်။

အဆင့်ဆင့် လွှဲပြောင်းတဲ့ supply chain ထဲ ဘယ်နိုင်ငံတွေမှာ အခြေစိုက်တဲ့ ဘယ်လို ကုမ္ပဏီတွေ ပါဝင်နေသလဲ ဆိုတာ ကျွန်မတို့ ဖော်ထုတ်ခဲ့ပါတယ်။ ဗီယက်နမ်၊ စင်္ကာပူနဲ့ မလေးရှား နိုင်ငံတွေဟာ ဆိုရင်လည်း သူတို့ ဆိပ်ကမ်းတွေကနေ ထွက်သွားတဲ့ လေယာဥ်ဆီတွေဟာ မြန်မာ စစ်တပ်ဆီ ဦးတည် သွားနေတယ် ဆိုတာ သိပေမယ့်၊ ဆက်ပြီး ထွက်သွားခွင့် ပေးနေခဲ့ပါတယ်။

အဲဒီလို ပါဝင်ပတ်သက်နေတဲ့ ဘယ် ကုမ္ပဏီ အပေါ်မှာမှ ပိတ်ဆို့ အရေးယူမှု ချမှတ်တာမျိုး မလုပ်ခဲ့ပါဘူး။ ဒီတော့ ရှင့်ရဲ့ မေးခွန်း ပထမဆုံး အချက်ကိုလည်း ဒီနေရာမှာ ခြုံငုံမိပြီ ထင်ပါတယ်။ မြန်မာ စစ်တပ် လေယာဥ်ဆီတွေ ဆက်ရနေလား ဆိုရင် ရနေပါတယ်။ ဒါပေမယ့် အလွယ်တကူတော့ မဟုတ်ပါဘူး။ သူတို့ အတွက် ပိုပြီး ငွေကုန်ကြေးကျ များလာပါတယ်။ တစ်ဘက်မှာ နိုင်ငံတကာ ပိတ်ဆို့မှုတွေဟာ မြန်မာ စစ်တပ်လက်ထဲ လေယာဥ်ဆီတွေ ရောက်မသွားအောင်ထိ မလုပ်နိုင်ပါဘူး။ မြန်မာကုမ္ပဏီတွေ အပေါ်မှာပဲ ပိတ်ဆို့တာတွေ လုပ်ရုံနဲ့ မရဘူး .... အဘက်ဘက်ကို ပိတ်ရမယ် .... လေယာဥ်ဆီ စီးဆင်းရာ ကွင်းဆက် တစ်ခုလုံး အပေါ် ပိတ်ပင်ဖို့ လိုတယ် ဆိုပြီး ကျွန်မတို့ ထောက်ပြ နေခဲ့ပေမယ့် အခုထိ ဖြစ်မလာသေးပါဘူး။

ရုရှားထံကရော လေယာဥ်ဆီရလား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုရှားထံကရော လေယာဥ်ဆီရလား

ဘီဘီစီ။ ။ ကျွန်တော်ရဲ့ နောက်မေးခွန်းကို မသွားခင် ရုရှားရဲ့ အနေအထားကို အရင် သိချင်ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ရုရှားနဲ့ ဆက်ဆံရေးကို ဆထက်တပိုး တိုးမြှင့်နေတာ တွေ့ရပါတယ်။ ဒီတော့ မြန်မာ စစ်တပ်လက်ထဲ လေယာဥ်ဆီ ရောက်နေတာတွေထဲမှာ ရုရှားကရော အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေလား။

မွန့်ဆေးဖရား။ ။ မြန်မာ စစ်တပ်ကို လေယာဥ်ဆီ အဓိက ပံ့ပိုးသူတွေထဲမှာ ရုရှား စစ်တပ် ဖြစ်စေ၊ ရုရှား အခြေစိုက် လုပ်ငန်း ကုမ္ပဏီတွေ ဖြစ်စေ ပါဝင်နေတယ် ဆိုတာကို ဖော်ပြနေတဲ့ သက်သေ အထောက်အထားမျိုး ကျွန်မတို့မှာ ရှိမနေပါဘူး။ ဒါပေမယ့် လေယာဥ်ဆီ တင်ပို့မှု shipment တွေထဲက အကြိမ်ရေ တချို့မှာတော့ ရုရှား ကုမ္ပဏီ တချို့နဲ့ ပတ်သက် ဆက်စပ်နေတာကို တွေ့ထားရတာတွေတော့ ရှိပါတယ်။ ဒီအချက်ဟာလည်း ကျွန်မတို့ ဖွင့်ချထားတာတွေထဲ ပါဝင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ရုရှား ကုမ္ပဏီတွေရဲ့ ပါဝင် ပတ်သက်မှုကလည်း အဓိက အခန်းကဏ္ဍ နေရာမျိုးမှာ ရှိမနေပါဘူး။

ဒီနေရာမှာ သတိပြုသင့်တဲ့ အချက် တစ်ခုတော့ ရှိပါတယ်။ အခုဆိုရင် အတော်လေး ကျယ်လောင်လာတဲ့ အသံတစ်ခုက မြန်မာ စစ်တပ်အနေနဲ့ လေယာဥ်ဆီ အထိ အသုံးပြုနိုင်တဲ့ လောင်စာဆီကို ပြည်တွင်းမှာပဲ ချက်နိုင်အောင် အခြေခံ အဆောက်အအုံတွေ တည်ဆောက်နေတဲ့ နေရာမှာ တိုးတက်မှုတွေ ရှိလာနေပြီ ဆိုတဲ့ ပြောဆိုသံ ဖြစ်ပါတယ်။

အခုထိတော့ အတည်ပြုနိုင်ဖို့ ခက်နေပါတယ်။ တကယ်တမ်း ဟုတ်မှန်နေတယ် ဆိုရင် ရှင်ထောက်ပြသလို ရုရှားနဲ့ကြား လက်ရှိ ဆက်ဆံရေး အနေအထားအရ ဒီ စီမံကိန်းမှာ ရုရှားရဲ့ ကူညီ ပံ့ပိုးမှုတွေ ပါဝင်နေဖို့ အလွန်ပဲ ဖြစ်နိုင်ပါတယ်။ ရုရှား-မြန်မာ နှစ်နိုင်ငံကြား စစ်ဘက် ဆက်ဆံရေးဟာ အင်မတန် ခိုင်မာနေပြီး၊ စစ်လက်နက်ပိုင်းဆိုင်ရာ ရောင်းဝယ် နေကြတဲ့ သက်သေ အထောက်အထားတွေ ကတော့ အများအပြား ရှိနေပါတယ်။

အရပ်ဘက်သုံး လေယာဥ်ဆီအနေနဲ့ တင်သွင်းပြီး စစ်တပ်က ရယူနေခဲ့ကြောင်း AI အဖွဲ့ ဖော်ထုတ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Amnesty International

ဓာတ်ပုံ ပုံစာ, အရပ်ဘက်သုံး လေယာဥ်ဆီအနေနဲ့ တင်သွင်းပြီး စစ်တပ်က ရယူနေခဲ့ကြောင်း AI အဖွဲ့ ဖော်ထုတ်ခဲ့

ဘီဘီစီ။ ။ မွန့်ဆေး ရှင်းပြထားသလို လောင်စာဆီ စီးဆင်းမှု အဆင့်ဆင့်၊ အခန်းကဏ္ဍ အမျိုးမျိုးမှာ ပါဝင် ပတ်သက်နေတဲ့ လုပ်ငန်းကုမ္ပဏီတွေ၊ နိုင်ငံတွေ အများအပြား ရှိ နေပါတယ်။ ဒီတော့ မြန်မာ စစ်တပ်လက်ထဲ လေယာဥ်ဆီတွေ ရောက်နေစေတဲ့ အဓိက ပံ့ပိုးသူတွေဟာ ဘယ်နိုင်ငံတွေလဲ ဆိုတာ အခု ထောက်ပြ ပေးပါ့လား။

မွန့်ဆေးဖရား။ ။ အင်မတန် ဖြေရခက်တဲ့ မေးခွန်းမျိုးပါ။ ဘာဖြစ်လို့လည်း ဆိုတော့ မြန်မာစစ်တပ်ရဲ့ လက်ရှိ ပြုမူနေပုံတွေဟာ ကုမ္ပဏီ တစ်ခုကနေ နောက်တစ်ခု ဆီကို တိုက်ရိုက် မှာယူတာမျိုး၊ ဝယ်ယူတာမျိုး မဟုတ်ပါဘူး။ လေယာဥ်ဆီ စီးဆင်းရာ ကွင်းဆက်ထဲမှာ လုပ်ငန်း ကုမ္ပဏီ အများအပြားကို ဖန်တီးလိုက်ပါတယ်။

ဥပမာ ပြောရရင် ပို့ဆောင်မှု shipment တစ်ခုကို ကျွန်မတို့ သတိထားမိပြီ ဆိုပါစို့။ အဲဒီ တင်လာတဲ့ သင်္ဘော ဘယ်ဆိပ်ကမ်းကနေ ထွက်လာသလဲ ဆိုတာ ကျွန်မတို့ သိပေမယ့်၊ အဲဒီမတိုင်ခင် ဆီတွေ ဘယ်ကနေ ရောက်လာလဲ ဆိုတာကိုပါ တပါတည်း အလိုလို သိနိုင်တာမျိုး မဟုတ်ပါဘူး။ ဥပမာ ပြောရရင် ... ပို့ဆောင်မှု shipments တွေဟာ တစ်နေရာထဲ၊ တစ်နိုင်ငံတည်းကနေ လာတာ မဟုတ်ပါဘူး။ မလေးရှား၊ ဗီယက်နမ်၊ စင်္ကာပူ အစရှိ သဖြင့် နိုင်ငံ အမျိုးမျိုးမှာ ရှိတဲ့ သိုလှောင်ရုံတွေထဲကနေ ထွက်လာတာ ဖြစ်ပါတယ်။

ဒီနေရာမှာ သိုလှောင်ရုံ storage unit ဆိုပြီး ကျွန်မ သုံးနှုံးတာကို သတိထား စေချင်ပါတယ်။ လေယာဥ်ဆီတွေဟာ ချက်တဲ့ စက်ရုံတွေကနေ သယ်တဲ့ သင်္ဘောတွေပေါ် တိုက်ရိုက် ရောက်လာတာမျိုး မဟုတ်ပါဘူး။ ဒီတော့ သင်္ဘောတွေပေါ်ကို ရောက်လာတဲ့ လေယာဥ်ဆီတွေဟာ ဘယ် သိုလှောင်ရုံတွေကနေ ထွက်လာတဲ့ ဆီတွေလဲ ဆိုတာကို ကျွန်မတို့ ခြေရာခံမိပြီ ဆိုပါစို့။ ကျွန်မတို့ နောက်ဆက်တွဲတွေ စုံစမ်းတဲ့ အခါမှာလည်း ဒီဆီတွေ ဘယ်ကလာတယ် ... ဘယ်ကို သွားတယ် ဆိုတာ သူတို့ ကိစ္စမဟုတ်ဘူး၊ သူတို့က ဆီရောင်းတာမဟုတ်ဘူး .... ကုမ္ပဏီ အမျိုးမျိုးက သူတို့ သိုလှောင်ရုံတွေမှာ ဆီလာ ချတာကို လက်ခံ ပေးပြီး ... ပြန် သယ်ထုတ် သွားလို့ရအောင် ဝန်ဆောင်မှု ပေးတာသာ ဖြစ်တယ်လို့ သိုလှောင်ရုံတွေဘက်က တုံ့ပြန်လေ့ ရှိပါတယ်။

မြန်မာ စစ်တပ်က ကြားခံ အဆင့်ဆင့်မှာ ကုမ္ပဏီ အမျိုးမျိုး သုံးတယ်လို့ ကျွန်မ ပြောခဲ့တာဟာ အဲဒါကို ဆိုလိုပါတယ်။ ကွင်းဆက်ကြီး တစ်ခုလုံးကို ကြည့်ရင်လည်း လေယာဥ်ဆီ ချက်တဲ့ သူ၊ ရောင်းတဲ့သူ၊ သယ်တဲ့သူ၊ သိုလှောင်တဲ့သူ စသဖြင့်

မတူတဲ့ ကဏ္ဍ အမျိုးမျိုး ရှိပါတယ်။ သိုလှောင်ရုံတွေရော၊ ဆိပ်ကမ်းတွေဘက်ကပါ ဘယ်ကဆီတွေလဲ ... ဘယ်ကို သွားမလို့လဲ ဆိုတဲ့ အပေါ် စိစစ်တင်းကျပ်တာမျိုး မလုပ်ကြပါဘူး။ စိစစ်တင်းကျပ်ရေး အပေါ် တက်တက်ကြွကြွ မရှိလှပါဘူး။

ဒီတော့ မြန်မာနိုင်ငံထဲကို လေယာဥ်ဆီတွေ ဝင်လာတဲ့ သင်္ဘောတွေဟာ ကျွန်မ ပြောခဲ့သလို မလေးရှား၊ စင်္ကာပူနဲ့ ဗီယက်နမ်တို့လို့ ဒေသတွင်းနိုင်ငံတွေရဲ့ ဆိပ်ကမ်းတွေကနေ ထွက်ခွာလာတာ ဖြစ်ပြီး၊ အရှေ့အလယ်ပိုင်း ယူအေအီးလို နေရာမျိုးကနေ ထွက်ခွာလာတာမျိုးလည်း ရှိပါတယ်။

Skip YouTube post, 1
Google YouTube ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။ YouTube တွင်ကြော်ငြာများပါဝင်နိုင်ပါသည်။

End of YouTube post, 1

ဘီဘီစီ။ ။ ဒေသတွင်းနိုင်ငံတွေလို မွန့်ဆေး ပြောတဲ့ အထဲ စင်္ကာပူနဲ့ မလေးရှားတို့လည်း ပါတယ် ဆိုတော့ ... အဲဒီ နှစ်နိုင်ငံစလုံးဟာ မြန်မာ့ ဒီမိုကရေစီ အရေးကို အပေါ် အတော်လေး တက်တက်ကြွကြွ ထောက်ခံ အားပေးတဲ့ နိုင်ငံတွေ ဖြစ်တာ တွေ့ရပါတယ်။ လေယာဥ်လောင်စာဆီ အရေးမှာတော့ စိစစ် တင်းကျပ်ဖို့ရာ ဘာလို့ တက်တက်ကြွကြွ မရှိရတာလဲဗျ။

မွန့်ဆေးဖရား။ ။ အဲဒီ အဖြေကို ကျွန်မ မသိပါဘူး။ ဒါပေမယ့် ကျွန်မဆီမှာ ပြောစရာ တစ်ခု နှစ်ခုတော့ ရှိပါတယ်။ စင်္ကာပူ ဆိုရင်လည်း မြန်မာ စစ်တပ်ကို ဟန့်တားနိုင်ရေးမှာ အတော်လေး အသံထုတ် ပြောတာတွေကို ကျွန်မတို့ မှတ်တမ်း တင်ထားနိုင်သလို၊ မလေးရှားလည်းပဲ မြန်မာ့ ဒီမိုကရေစီ အရေး အတွက် ကူညီနေတဲ့ မျက်နှာစာ အမျိုးမျိုး ရှိနေပါတယ်။

ဒီတော့ အဲဒီ နှစ်နိုင်ငံက မြန်မာစစ်တပ်ကို လေယာဥ်ဆီတွေ တက်တက်ကြွကြွ ရောင်းနေတာမျိုး မဟုတ်ပေမယ့်၊ သူတို့ နိုင်ငံတွေထဲ အခြေစိုက်ထားတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေဟာ ဒီ လေယာဥ်ဆီ ကွင်းဆက်ထဲ ပါဝင်နေတာ ဖြစ်ပါတယ်။

အဲဒီ ပုဂ္ဂလိက ကုမ္ပဏီ တွေ အပေါ်မှာတော့ စီးပွားရေး အရ စိစစ် တင်းကျပ်တာတွေ လုပ်ဖို့ စင်္ကာပူနဲ့ မလေးရှား အာဏာပိုင်တွေ တွန့်ဆုတ်နေကြပါတယ်။ ထိန်းချုပ်မယ် ဆိုရင် လုပ်ရကိုင်ရ အင်မတန် ရှုပ်ထွေးစရာတွေ ဖြစ်လာနိုင်လို့လား၊ စီးပွားရေး နိုင်ငံရေး အခြေခံ အကြောင်းတွေ ရှိလို့ မထိန်းချုပ် ချင်ကြတာလား .... စသဖြင့် သူတို့ဆီမှာ အကြောင်းပြချက်တွေ ရှိနေနိုင်ပါတယ်။ သူတို့ကို မေးမှပဲ သိပါလိမ့်မယ်။ ကျွန်မလည်း သူတို့ကို မေးပါတယ်။ နှစ်နိုင်ငံလုံးရဲ့ အစိုးရတွေဆီက တုံ့ပြန်ချက် လောက်လောက်လားလား မရပါဘူး။

ယူကေ အစိုးရကိုပဲ ကြည့်ပါ။ သူတို့လည်း မြန်မာ စစ်တပ်ရဲ့ အပြုအမူတွေ အပေါ် ဆန့်ကျင်တဲ့ အသံတွေ ထင်ထင်ရှားရှား ထုတ်ခဲ့တာပါပဲ။ လေယာဥ်ဆီနဲ့ ပတ်သက်တဲ့ အခါမှာတော့ ပိတ်ဆို့မှုတွေ ချတဲ့ အခါ မြန်မာ ကုမ္ပဏီတွေ အပေါ်မှာပဲ ပစ်မှတ်ထားပါတယ်။ ကျွန်မတို့ အတိတကျ ဖော်ထုတ်တဲ့ တရုတ် သင်္ဘောတို့၊ ဗီယက်နမ် အခြေစိုက် လုပ်ငန်း ကုမ္ပဏီတို့ အပေါ်မှာတော့ ဘာမှ အရေးယူတာမျိုး မရှိပါဘူး။ ဒါ့ကြောင့်လည်း တကယ် အကျိုး ရှိပြီး လက်တွေ့ သက်ရောက်နိုင်တဲ့ အရာတွေ လုပ်ဖို့ ပျက်ကွက်နေတယ်လို့ ကျွန်မတို့ ထောက်ပြနေတာ ဖြစ်ပါတယ်။

ဘီဘီစီ။ ။ တကယ်လို့ မြန်မာ စစ်တပ်လက်ထဲ လေယာဥ်ဆီတွေ ရောက်နေတာကို ဘယ်လို နည်းနာမျိုးတွေနဲ့ တကယ်တမ်း ထိထိရောက်ရောက် ဟန့်တား ပေးနိုင် လိမ့်မယ် လို့ မွန့်ဆေးတို့ ဆန်းစစ်ထားလဲ။

မွန့်ဆေးဖရား။ ။ ကျွန်မတို့ လက်ရှိမှာ အာဆီယံ နိုင်ငံတွေရဲ့ အပြုအမူတွေ အပေါ် လေ့လာ စောင့်ကြည့်နေပါတယ်။ အထူးသဖြင့် ထိုင်း၊ ဗီယက်နမ်နဲ့ မလေးရှား နိုင်ငံတွေ ကို ဖြစ်ပါတယ်။ မြန်မာ စစ်တပ်လက်ထဲ လေယာဥ်ဆီ စီးဆင်းနေတဲ့ ပံ့ပိုးမှု ကွင်းဆက်ကြီးထဲမှာ အဲဒီ နိုင်ငံတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။

ဒီတော့ အာဆီယံလို ဒေသတွင်း အဖွဲ့ကြီး တစ်ခုလုံး အနေနဲ့ မြန်မာ စစ်တပ်လက်ထဲ ရောက်နေတဲ့ လေယာဥ်ဆီ တင်ပို့ ရောင်းချနေတာမျိုး ရပ်မှ ဖြစ်တော့မယ် ဆိုတာမျိုး ပြောလာဖို့ လိုပါတယ်။ အာဆီယံ အဖွဲ့ကြီးထဲမှာ အဖွဲ့ဝင် နိုင်ငံတွေ အားလုံး တစ်စုတစ်စည်းတည်း သဘောထားနဲ့ နည်းနာတွေကို တည်ဆောက်ပြီး ကိုင်တွယ်လာမယ် ဆိုရင် ထိရောက်မှု အရှိဆုံး ဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အကြောင်းကတော့ ၂၀၂၁ က စလို့ မြန်မာ နိုင်ငံဆီ လာတဲ့ သင်္ဘောတွေထဲက အများစုဟာ ဒေသတွင်း အာဆီယံ နိုင်ငံ တစ်ခုမဟုတ် တစ်ခုရဲ့ ဆိပ်ကမ်းတွေ ကနေ စပြီး ထွက်လာတာမျိုး၊ ဒါမှမဟုတ် တစ်ထောက်နားပြီး ထွက်လာတာမျိုးတွေချည်း ဖြစ်ပါတယ်။ ဒီတော့ လေယာဥ်ဆီ ကိစ္စကို အာဆီယံ ဒေသတွင်းမှာ တကယ်တမ်း ဟန့်တားနိုင်ပြီ ဆိုရင် အတော်လေး ထိရောက်သွားနိုင်ပါတယ်။ အာဆီယံ ပြင်ပကနေ လာတာမျိုး ရှိကောင်း ရှိနိုင်ပေမယ့်၊ အတော်လေးကို လျော့ကျ သွားနိုင်ပါတယ်။

Skip YouTube post, 2
Google YouTube ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။ YouTube တွင်ကြော်ငြာများပါဝင်နိုင်ပါသည်။

End of YouTube post, 2