စစ်ကောင်စီ တိုက်လေယာဥ်တွေထဲ ဆီတွေ ဘယ်လို ရောက်လာလဲ

ဓာတ်ပုံ ရင်းမြစ်, CINCDS
စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ လက်နက်ကိုင် ပဋိပက္ခတွေ ကျယ်ပြန့် ပြင်းထန်လာတဲ့ မြန်မာနိုင်ငံမှာ ဒီပဲယင်းနယ် လက်ယက်ကုန်း စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီး ကလေးသူငယ် အများစု သေဆုံးခဲ့ရတာမျိုး၊ ဖားကန့် အနန့်ပါ ဒေသ ဂီတပွဲ ဗုံးကြဲခံရလို့ လူတွေ အစုလိုက် အပြုံလိုက် သေကြေရတာမျိုးတွေ ဆက်တိုက် ပေါ်ပေါက်လာခဲ့တဲ့နောက် ၊ စစ်ကောင်စီရဲ့ တိုက်လေယာဥ်ပျံတွေကို ထိန်းချုပ်နိုင်ရေး မြန်မာနိုင်ငံထဲ လေယာဥ်ဆီ တင်ပို့နေတာတွေကို အလုံးစုံ ပိတ်ပင်ကြဖို့ ဆော်ဩသံတွေ ကျယ်လောင် လာပြန်ပါတယ်။
ယူကေအခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီး တစ်ခုဖြစ်တဲ့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က အခုနိုဝင်ဘာလ အစောပိုင်းမှာပဲ မြန်မာနိုင်ငံထဲ စီးဝင်နေတဲ့ လေယာဥ်ဆီ လမ်းကြောင်းတွေနဲ့၊ အရပ်ဘက်သုံး ခေါင်းစဥ်အောက် ဝင်လာတဲ့ လေယာဥ်ဆီတွေဟာ စစ်တပ်လက်ထဲ ဘယ်လို ရောက်သွားသလဲ ဆိုတာတွေကို အသေးစိတ် ဖော်ထုတ်ထားတဲ့ အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ပါတယ်။
အဲဒီ အစီရင်ခံစာထဲ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ကာလတွေမှာ မြန်မာပြည်ထဲ လေယာဥ်ဆီ တင်သွင်းမှုမှာ ပြည်တွင်းပြည်ပ ဘယ်ကုမ္ပဏီတွေ ကဏ္ဍပေါင်းစုံက ပါဝင် ပတ်သက်နေကြလဲ၊ စစ်တပ်ကိုယ်စား ဘယ်သူတွေက အရပ်ဘက်သုံး ခေါင်းစဥ်အောက်ကနေ မြန်မာပြည်ထဲ တင်သွင်း နေကြတာလဲ ... သီလဝါဆိပ်ကမ်းကနေ တိုက်လေယာဥ်တွေထဲထိ အဆင့်ဆင့် ဘယ်လို ရောက်သွားလဲ ... စတဲ့ အသေးစိတ် ဖော်ထုတ်မှုတွေကို AI အဖွဲ့ရဲ့ “မရဏကုန်စည်” စီရင်ခံစာထဲ တွေ့ရပါတယ်။
AI အဖွဲ့ရဲ့ တွေ့ရှိချက်တွေ အကြောင်းနဲ့ အစီရင်ခံစာ ထုတ်ပြန်ပြီး နောက်ဆက်တွဲ ရည်မှန်းချက်တွေ အကြောင်း အစီရင်ခံစာ ပြုစုရာမှာ အဓိက နေရာက ရှိနေခဲ့သူ တစ်ယောက် ဖြစ်တဲ့ Amnesty International AI အဖွဲ့က စီးပွားရေးနဲ့ လူ့အခွင့်အရေး ဆိုင်ရာ သုတေသီ လည်းဖြစ်၊ အကြံပေး အနေနဲ့လည်း တာဝန်ယူထားသူ မွန်ဆီဖာရာကို ဘီဘီစီသတင်းထောက် ကိုဝေဖြိုး သီးသန့် မေးမြန်းထားပါတယ်။
ဖော်ထုတ်မှု အဓိက အမျိုးအစား ၃ ရပ်

ဓာတ်ပုံ ရင်းမြစ်, CJ
ဘီဘီစီ။ ။ မွန်ဆီရေ ... အခု AI အဖွဲ့က နောက်ဆုံး ထုတ်ပြန်ထားတဲ့ လေယာဥ်လောင်စာဆီ အစီရင်ခံစာထဲမှာ ပါတဲ့ အဓိက တွေ့ရှိထားချက်တွေ အကြောင်း စပြီး ပြောပြနိုင်မလားဗျ။
မွန်ဆီဖာရာ။ ။ ဟုတ်ကဲ့၊ ကျွန်မတို့စပြီး ရည်ရွယ် လုပ်ဆောင်တာကတော့ မြန်မာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်နိုင်စွမ်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အပေါ် အသေအချာ သဘောပေါက် နားလည်နိုင်ဖို့နဲ့၊ အဲဒီ လေကြောင်း တိုက်ခိုက်နိုင် စွမ်းအား အပေါ် ကျွန်မတို့ အနေနဲ့ အတိုင်းအတာတစ်ခု အထိ ထိန်းချုပ်နိုင်ရေး အတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။
ကျွန်မတို့ အခု နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာဟာ မြန်မာစစ်တပ်လက်ထဲ လေယာဥ် လောင်စာဆီတွေ ဘယ်လို ရောက်လာသလဲ ဆိုတဲ့ လမ်းကြောင်း အဆင့်ဆင့်ကို ဖော်ထုတ်ထားတာ ဖြစ်ပါတယ်။ လေယာဥ်ဆီတင်ထားတဲ့ သင်္ဘောတွေ ဆိပ်ကမ်းတွေကနေ ခွာလာတာက စပြီး၊ မြန်မာစစ်တပ်ရဲ့ လေယာဥ်တွေထဲ ဆီရောက်သွားတဲ့ အထိ အဆင့်ဆင့်မှာ ဘယ် ကုမ္ပဏီတွေ ပါဝင် ပတ်သက်နေသလဲ ဆိုတာကို မီးမောင်းထိုး ပြနိုင်ဖို့ ကြိုးစားထားပါတယ်။
တွေ့ရှိချက်တွေကို အဓိက ၃ မျိုး ၃ စား ခွဲခြား နိုင်ပါတယ်။ ပထမဆုံးကတော့ ... တကျော့ပြန် စစ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာ စစ်တပ်ပြုလုပ် ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေများစွာထဲကမှ ... စစ်ရာဇဝတ်မှု မြောက်နိုင်တဲ့ အထိ ပြင်းထန် ဆိုးရွားတဲ့ ဖြစ်ရပ်ပေါင်း ၁၆ ခု အပေါ်မှာ အာရုံစိုက် ဖော်ထုတ် ခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အစီရင်ခံစာရဲ့ အရေးကြီးတဲ့ ဒုတိယ တွေ့ရှိချက်ကတော့ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၂၀၂၁ ကစလို့ အခုနှစ် စက်တင်ဘာလလယ်ထိအောင် မြန်မာနိုင်ငံထဲ လေယာဥ်ဆီတွေ သယ်ဆောင် တင်သွင်းမှု ၈ ကြိမ်ရှိခဲ့တယ် ဆိုတဲ့ အချက်နဲ့ အဲဒီ တင်သွင်းမှုတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်လက်တွေကို ကျွန်မတို့ အောင်အောင်မြင်မြင် ဖော်ထုတ်နိုင်ခဲ့ပါတယ်။
အင်မတန်ကြီးမားတဲ့ ဆီတင်သင်္ဘောတွေ ဝင်ရောက်ခဲ့တာ ဖြစ်ပြီး၊ အာရှ ၄ နိုင်ငံ ဖြစ်တဲ့ အိန္ဒိယ၊ မလေးရှား၊ ထိုင်းနဲ့ အခေါက်ရေ အများစုကတော့ စင်္ကာပူ နိုင်ငံကနေ ထွက်ခွာ ခဲ့ကြတာ ဖြစ်ပါတယ်။ တင်သွင်းမှု ၈ ကြိမ်မှာ အသုံးပြုခဲ့တဲ့ ဆီတင်သင်္ဘော အရေအတွက် ၇ စင်းထိ ရှိခဲ့ပါတယ်။
လေယာဥ်ဆီတွေဟာ သီလဝါဆိပ်ကမ်းကို ရောက်လာတဲ့ အခါ လွှဲပြောင်းရယူ သိုလှောင်ပြီးတဲ့နောက်၊ ထရပ်ကားတွေကို သုံးပြီး မြန်မာပြည် တဝန်းက အရပ်ဘက် လေယာဥ်ကွင်းတွေကိုသာမက၊ စစ်ဘက် လေတပ်စခန်းတွေကိုပါ ဖြန့်ဝေ ပို့ဆောင်ကြတာ ဖြစ်ပါတယ်။
ဆီတင်သွင်းမှု တစ်ကြိမ်စီတိုင်းမှာ ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီတွေဟာ ၁၀ ခု ကနေ ၁၅ ခု အထိ ရှိပါတယ်။ တကယ် ဆီရောင်းတဲ့ ကုမ္ပဏီကစလို့၊ ပို့ဆောင်ရေး ကုမ္ပဏီတွေ ... အာမခံ ကုမ္ပဏီတွေ အစရှိသဖြင့် တစ်ခေါက်တိုင်း တစ်ခေါက်တိုင်းမှာ ကုမ္ပဏီ ၁၀ ခုထက်မနည်း ပါဝင် ပတ်သက်ကြတာ ဖြစ်ပါတယ်။ အဲဒီလို ပါဝင် ပတ်သက်ခဲ့ကြတဲ့ ကုမ္ပဏီပေါင်း ၂၄ ခုထိအောင် ကျွန်မတို့ ဖော်ထုတ်ထားနိုင်ပါတယ်။
အစီရင်ခံစာပါ တတိယတွေ့ရှိချက်လည်းဖြစ်၊ အရေးကြီးဆုံးလို့လည်း ပြောနိုင်တဲ့ အချက်ကတော့ အရပ်ဘက်သုံး လေယာဥ်တွေ အတွက် ဆိုတဲ့ ခေါင်းစဥ် အောက်ကနေ တင်သွင်းလာတဲ့ လေယာဥ်ဆီတွေဟာ တကယ်တမ်းမှာတော့ လေတပ်စခန်းတွေဆီ ရောက်သွားကြတယ် ဆိုတဲ့ အချက်ကို ဖော်ထုတ် နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဥပမာ ရန်ကုန်-မန္တလေး ပျံသန်းတဲ့ ပြည်တွင်း လေကြောင်းလိုင်း အတွက်လို့ ပြောပေမယ့်၊ တကယ်တမ်းမှာတော့ လေတပ်စခန်းဆီကို ပို့ဆောင် ဖြန့်ဝေတာမျိုးတွေ လုပ်နေခဲ့ကြတာ ဖြစ်ပါတယ်။
ဒီအချက်ကို သိလာရတာဟာ အင်မတန် အရေးကြီးပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ... အရပ်ဘက်သုံး ဆိုတဲ့ ခေါင်းစဥ် အောက်မှာ လေယာဥ်ဆီကို မြန်မာနိုင်ငံထဲ စိတ်ချလက်ချ တင်သွင်းဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတဲ့ အချက် ပေါ်လွင် ထင်ရှားစေတဲ့ အတွက် ဖြစ်ပါတယ်။ လေယာဥ်ဆီတွေကို မြန်မာပြည်ထဲ တင်သွင်းပြီ ဆိုရင် စစ်တပ်က တလွဲ အသုံးမချစေရဘူး ဆိုတဲ့ ဘယ်လို အာမခံချက်မျိုးမှ ရှိမနေပါဘူး။
စစ်တပ်ကိုယ်စား လေယာဥ်ဆီဝယ်တဲ့ ပရောက်ဆီတွေ ရှိနေ

ဓာတ်ပုံ ရင်းမြစ်, AI
ဘီဘီစီ။ ။ ဒီတော့ မွန်ဆီရေ ... ခင်ဗျား ဆိုလိုတာက မြန်မာစစ်တပ်က လေယာဥ်ဆီတွေကို ဝယ်ယူတဲ့ အခါ ပုဂ္ဂလိက ကုမ္ပဏီတွေ ပုံစံမျိုး ဟန်ပြ ထားရှိပြီး ဝယ်ယူနေတာလို့ ဆိုလိုတာလား။
မွန်ဆီဖာရာ။ ။ ကျွန်မ ပြောချင်တဲ့ အချက်တွေက များပါတယ်။ ပထမဆုံးကတော့ ... ဟုတ်ပါတယ်၊ ရှင် အခုနက ပြောသွားတာ မှန်ပါတယ်။ မြန်မာ စစ်တပ်ကိုယ်စား ပရောက်ဆီ proxy အနေနဲ့ ဝယ်ယူပေးတဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ အဓိက တစ်ခု အနေနဲ့ ကျွန်မတို့ သိရှိထားတာကတော့ Myanmar Sun Group ဆိုတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အဲဒီ လုပ်ငန်းအုပ်စုဟာ မတူတဲ့ ကုမ္ပဏီ အသေးတွေ စုပေါင်းဖွဲ့ထားတာ ဖြစ်ပါတယ်။
ကျွန်မအနေနဲ့ ဒီနေရာမှာ အတိတကျ ဖြစ်ရပ်တွေကို ဥပမာ ပေးပါ့မယ်။ Myanmar Sun Group က လေယာဥ်ဆီကို Thai Oil ဆိုတဲ့ ထိုင်းကုမ္ပဏီ တစ်ခု ကနေ ဝယ်ပြီး မြန်မာပြည်ထဲကို သွင်းပါတယ်။
Thai Oil ကုမ္ပဏီဟာ ကျွန်မတို့ရဲ့ မေးမြန်း စုံစမ်းမှုတွေကို ဖြေကြားထားပါတယ်။ သူတို့ ရရှိတဲ့ စာရွက်စာတမ်းတွေအရ အရပ်ဘက်အတွက် အသုံးပြုဖို့ ဆိုပြီးတော့ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီဆီတွေဟာ မြန်မာစစ်တပ်လက်ထဲ ရောက်သွားတယ် ဆိုတဲ့ အထောက်အထားတွေ ကျွန်မတို့လက်ထဲ ရှိနေပါတယ်။
အလားတူပါပဲ ပက်ထရိုချိုင်းနား PetroChina ဆိုတဲ့ တရုတ်ကုမ္ပဏီက ရောင်းတဲ့ လေယာဥ်ဆီတွေလည်းပဲ မြန်မာစစ်တပ်လက်ထဲ ရောက်သွားပါတယ်။ အဲဒီ ဖြစ်ရပ် နှစ်ကြိမ်စလုံးဟာ မြန်မာဆိပ်ကမ်းကို ဆီတွေ ရောက်လာပြီးတဲ့နောက် လေတပ်စခန်းတွေ ရှိရာဆီ တိုက်ရိုက် ပို့ဆောင်ကြတာမျိူး ဖြစ်ပါတယ်။
နောက်တစ်မျိုးကတော့ တကယ်ပဲ အရပ်ဘက် လေဆိပ်တွေ ရှိရာဆီကို ဆီတွေကို ပို့ဆောင်ပြီး၊ အဲဒီကနေမှ တဆင့် ပုံစံအမျိုးမျိုးနဲ့ စစ်တပ်လက်ထဲ ရောက်သွားတာ ဖြစ်ပါတယ်။
အရပ်ဘက်လေဆိပ်နဲ့ လေတပ်စခန်း တဆက်တစပ်တည်း ရှိနေတဲ့ နေရာမျိုး ဥပမာ မန္တလေး တံတားဦး လေဆိပ်လိုမျိုး နေရာမှာဆိုရင် ဆီတွေကို စစ်လေယာဥ်တွေက ရယူတာမျိုး ရှိသလို၊ စစ်လေယာဥ်တွေ အသုံးမပြုတဲ့ လေဆိပ်တွေမှာလည်း စစ်တပ်က လေယာဥ်ဆီတွေကို လာရောက် သယ်ယူသွားတာမျိုးတွေ ရှိပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံထဲက လေယာဥ်လောင်စာဆီ ကဏ္ဍမှာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံထားတဲ့ Puma Energy ကုမ္ပဏီဘက်က ကျွန်မတို့ကို အတည်ပြု ဖြေကြားထားတာတွေ ရှိပါတယ်။
ဘီဘီစီ။ ။ မြန်မာနိုင်ငံထဲ လေယာဥ်ဆီ တင်သွင်းမှုတွေမှာ ပါဝင်ပတ်သတ်ကြောင်း ဖော်ထုတ်ထားနိုင်တဲ့ ကုမ္ပဏီတွေကို မွန်ဆီတို့ ချည်းကပ်ပြီး စုံစမ်း မေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ ကျွန်တော်နားလည်ပါတယ်။ အခုနက ပြောသလို ပူးမာအင်နာဂျီလို တုံ့ပြန် ဖြေဆိုတဲ့ ကုမ္ပဏီတွေ ရှိတယ် ဆိုတော့၊ တခြား ကုမ္ပဏီတွေရဲ့ တုံ့ပြန် မှုတွေကရော ဘယ်လို ရှိလဲဗျ။
မွန်ဆီဖာရာ။ ။ ကျွန်မပြောထားသလို ပတ်သက်ကြောင်း ဖော်ထုတ်ထားနိုင်တဲ့ ကုမ္ပဏီ ၂၄ ခုရှိပြီး၊ တကယ် လေယာဥ်ဆီ ရောင်းတဲ့ စွမ်းအင် လောင်စာ ကုမ္ပဏီတွေတင်မက၊ ဆီတင် သင်္ဘောပိုင်ရှင်တွေရော၊ ပို့ဆောင်ရေးကို စီမံခန့်ခွဲတဲ့ ကုမ္ပဏီတွေကိုပါ ဖော်ထုတ်ထား နိုင်တာတွေလည်း ရှိပါတယ်။ ကျွန်မတို့ရဲ့ စုံစမ်းမှုကို ၅၀% ဝန်းကျင်၊ ထက်ဝက်လောက်က တုံ့ပြန် ဖြေဆိုပါတယ်။
ဒီထဲကမှ လေယာဥ်ဆီရောင်းတဲ့ ကုမ္ပဏီတွေ အကြောင်း အာရုံစိုက်မယ်ဆိုရင် PetroChina ကုမ္ပဏီက အပြည့်အဝ ပိုင်တဲ့ Singapore Petroleum Company ဆိုရင် လုံးဝ မတုံ့ပြန်ပါဘူး။ စင်္ကာပူက နောက်ကုမ္ပဏီတစ်ခု ဖြစ်တဲ့ အိတ်ဇွန်မိုဘိုင်း Exxon mobil ဆိုရင် မြန်မာနိုင်ငံကို လေယာဥ်ဆီ မပို့ဘူးလို့ မငြင်းပေမယ့်၊ အသေးစိတ် အချက်တွေကိုတော့ မျှဝေပေးတာမျိုး မရှိပါဘူး။
စင်္ကာပူကနေ ဝင်လာတဲ့ အထဲမှာ ရောင်းတဲ့ နောက် စွမ်းအင်ကုမ္ပဏီကတော့ ရှက်ဗရွန် Chevron ဖြစ်ပါတယ်။ အရပ်ဘက်သုံး ဆိုပြီး သူတို့ဆီက ဝယ်ယူတာလို့ ရှက်ဗရွန် က ပြောပါတယ်။
Thai Oil ကုမ္ပဏီကတော့ မေးမြန်းတာတွေကို တုံ့ပြန်တဲ့ အပြင် မြန်မာနိုင်ငံထဲကို လေယာဥ်ဆီ တင်သွင်း ရောင်းချတာမျိုး မလုပ်တော့ဘူးလို့ ဆိုပါတယ်။
အိန္ဒိယက ဝင်လာတဲ့ လေယာဥ်ဆီတွေဆိုရင် ရောင်းတဲ့ ကုမ္ပဏီက ရုရှား ကုမ္ပဏီ ရော့ဇ်နက်ဖ် Rosneft ဖြစ်ပါတယ်။ Rosneft ကလည်း သူတို့ ရောင်းကြောင်း အတည်ပြု ဖြေကြားပြီး၊ အရပ်သုံး အဖြစ် သူတို့ဆီက ဝယ်ယူတာ ဖြစ်ကြောင်း ပြောပါတယ်။
ပူးမားအင်နာဂျီ ဘယ်တော့ထွက်မှာလဲ ... ဘယ်လိုထွက်မှာလဲ

ဓာတ်ပုံ ရင်းမြစ်, AI
ဘီဘီစီ။ ။ မွန်ဆီတို့ စုံစမ်း မေးမြန်းတာတွေ လုပ်ပြီးတဲ့ နောက်ပိုင်း၊ Puma Energy ဆိုရင် မြန်မာနိုင်ငံထဲကနေ ထွက်တော့မယ် ဆိုပြီး ကြေညာတာကို သတိထားမိလိုက်ပါတယ်။ အလားတူ ပြောတဲ့ တခြား ကုမ္ပဏီတွေရော ရှိလားဗျ။
မွန်ဆီဖာရာ။ ။ ပူးမား ကုမ္ပဏီ အကြောင်း ပြောစရာတွေ ရှိပါတယ်။ ဟုတ်ပါတယ်၊ မြန်မာနိုင်ငံထဲက သူတို့ ထွက်မယ်လို့ ပြောခဲ့တာ မှန်ပေမယ့်၊ ဘယ်တော့ထွက်မှာလဲ ဆိုတဲ့ အချက်ကို ထည့်မပြောထားသလို၊ အခုထက်ထိလည်း မြန်မာနိုင်ငံထဲ သူတို့ စီးပွားရေးဟာ လည်ပတ်လှုပ်ရှားနေတုန်း ဖြစ်ပါတယ်။
သူတို့ ထွက်မယ် ဆိုရာမှာ လုပ်ငန်းကို ဘယ်သူ့ကို ရောင်းခဲ့မှာလည်း ဆိုတာက အစ၊ သူတို့ဟာ သူတို့နဲ့ လက်ရှိ ပတ်သက်နေတဲ့ ဘယ်လို သတင်းအချက်အလက်ကိုမှ မျှဝေ ပေးခြင်းမျိုး မရှိပါဘူး။ အခုကိစ္စနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိဆုံး အုပ်စုထဲ ပါပါတယ်။ သူတို့ အတည်ပြုတာကတော့ သူတို့ဟာ အာဏာသိမ်းမှု မတိုင်ခင်ကာလက စစ်တပ်ကို လေယာဥ်ဆီရောင်းခဲ့တယ် ဆိုတဲ့ အချက်ကို အတည်ပြုတာ ဖြစ်ပြီး၊ အဲဒီကနေမှ လေယာဥ်ဆီတွေကို စစ်တပ်က ရယူပုံ ရယူနည်း တချို့ကို သိရတာ ဖြစ်ပါတယ်။ ၂၀၁၅ ဝန်းကျင် လောက်ကတည်းက စပြီး သူတို့ဟာ မြန်မာ စစ်တပ်ကို လေယာဥ်ဆီရောင်းနေခဲ့တာ ဖြစ်ပါတယ်။
ကျွန်မတို့ရဲ့ ချဥ်းကပ်မေးမြန်းမှုတွေကို တုံ့ပြန် ဖြေကြားရင်းမှာပဲ မြန်မာနိုင်ငံကို လေယာဥ်ဆီ တင်ပို့တာမျိုး မလုပ်တော့ဘူးလို့ ပြောတဲ့ ကုမ္ပဏီတွေကတော့ အခုနက ပြောသလို ThaiOil ကုမ္ပဏီ အပြင်၊ အင်မတန်ကြီးတဲ့ နော်ဝေး ပို့ဆောင်ရေး ကုမ္ပဏီကြီး ဗစ်လ်ဟမ်ဆင် Wilhelmsen လည်း ပါဝင်ပါတယ်။ သူတို့ ကုမ္ပဏီ ၂ ခုကတော့ ကျွန်မတို့ကို တိုက်ရိုက်ပြောဆိုတာ ဖြစ်ပါတယ်။
သတင်းမီဒီယာတွေကနေ တဆင့် သိရတာတွေကတော့ ဆီတင်သင်္ဘောပိုင်တဲ့ Pan Ocean ဆိုတဲ့ ကိုရီးယားကုမ္ပဏီကြီး ဆိုရင်လည်း မြန်မာပြည်ကို ဆိုရင် သူတို့ သင်္ဘောတွေနဲ့ လေယာဥ်ဆီ တင်ပေးတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အဲဒါတွေက အပ၊ ကျန်တဲ့ ကုမ္ပဏီတွေ ကတော့ သူတို့ဘက်က ရှေ့ဆက်ပြီး ဘယ်လို ပြုမူမလဲ ဆိုတဲ့ အပေါ် ဘာမှ ပြောဆိုတာမျိုး မလုပ်ပါဘူး။
ဘီဘီစီ။ ။ အခု မွန်ဆီတို့ က အစီရင်ခံစာကို လူသိရှင်ကြား ထုတ်ပြန်လိုက်ပြီ ဆိုတော့ ဗြိတိန်နဲ့ အီးယူ အစိုးရ အဖွဲ့တွေ အနေနဲ့လည်း ဒီ အစီရင်ခံစာကို တွေ့နိုင်တယ်၊ ဆိုတော့ .... မွန်ဆီတို့ဘက်က ဒီ အစီရင်ခံရဲ့ နောက်ဆက်တွဲ ရလာဒ် အနေနဲ့ အဓိက ဘာတွေ မျှော်လင့်ထားလဲ .... ။
မွန်ဆီဖာရာ။ ။ ဒီ အစီရင်ခံစာကို ပြုစု ထုတ်ပြန်ရတဲ့ အဓိက ရည်မှန်းချက် ၂ ခု ရှိပါတယ်။ ပထမဆုံး အချက်ကတော့ ကျွန်မပြောခဲ့သလို ပို့ဆောင်မှု တစ်ကြိမ်တိုင်းမှာ ပါဝင်ပတ်သက်တဲ့ ကုမ္ပဏီတွေ ၁၀ ခု၊ ၁၅ ခု ရှိတယ်ဆိုတော့ ဒီ လေယာဥ်ဆီ တင်ပို့မှု လုပ်ငန်း သဘောသဘာဝ ဘယ်လောက် ရှုပ်ထွေးသလဲ ဆိုတာကို မီးမောင်းထိုး ပြသချင်တာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်လက်ထဲ လေယာဥ်ဆီတွေ ထည့်ပေးနေတာထဲ ဘယ်သူတွေ ပါဝင် ပတ်သက်နေသလဲ ဆိုတာကို ကျွန်မတို့ ဖော်ထုတ် ဖွင့်ချနိုင်လေလေ၊ ကိုယ်ရှိန်သတ်သွားမယ့် ကုမ္ပဏီတွေ ရှိလာမှာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်လက်ထဲ ရောက်နေတဲ့ ဒီ လေယာဥ်ဆီ စီးဆင်းရာ ကွင်းဆက် ကြီးထဲ မပါတော့ဘူးလို့ ကုမ္ပဏီတွေကိုယ်တိုင် တိုက်ရိုက် ဆုံးဖြတ်တာမျိုးဟာ ဒီကွင်းဆက်ကြီးကို ထိန်းချုပ်နိုင်ဖို့ရာ အထိရောက်ဆုံး နည်းဖြစ်ပါတယ်။
ဒီကနေတဆင့်မှ သက်ဆိုင်ရာ အစိုးရတွေက သူတို့ရဲ့ ကုမ္ပဏီတွေ အပေါ် စည်းမျဥ်းစည်းကမ်းတွေ ချမှတ်ပြီး၊ မြန်မာနိုင်ငံကို လေယာဥ်လောင်စာဆီ ရောင်းတာ၊ ဆိပ်ကမ်းမှာ လက်ခံတာ၊ သယ်ပေးတာ စတဲ့ ဘယ်လို ကဏ္ဍမျိုးမှာမှ ပါဝင်ပတ်သက်ခွင့် မပြုပဲ ၊ ပိတ်ပင်တာတွေ လုပ်လာဖို့ အထိ ကျွန်မတို့ ရည်ရွယ်တာ ဖြစ်ပါတယ်။








