တစ်ပတ်အတွင်း လူဒါဇင်နဲ့ချီ သေဆုံးခဲ့တဲ့ စစ်တပ်လေကြောင်းတိုက်ခိုက်မှုတွေ

ဓာတ်ပုံ ရင်းမြစ်, CJ/ရွှေဘိုခရိုင်အမှတ် ၁၂ တပ်ရင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကောင်စီတပ်ဟာ မတ်လ ၂၈ ရက် ငလျင်ဘေး အလွန် ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက်ဆိုပြီး မေလကုန်အထိ အပစ်ရပ်သက်တမ်းတိုးထားပေမဲ့ တစ်ပတ်အတွင်း တိုင်းနဲ့ပြည်နယ် ၆ ခုထက်မနည်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်ခဲ့ပါတယ်။
လေကြောင်းတိုက်ခံခဲ့ရတဲ့ ပြည်နယ်တွေထဲမှာ ငလျင်ဒဏ်အဆိုးရွာဆုံးခံစားခဲ့ရတဲ့ မန္တလေးနဲ့ စစ်ကိုင်းတိုင်းလည်း ပါဝင်ခဲ့ပြီး စစ်ကိုင်းကတော့ လူသေဆုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်။
အာရက္ခတပ်တော်(အေအေ) နဲ့ တအာင်းတပ် (TNLA)တို့ အသီးသီးထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ထဲက မြို့တချို့နဲ့ ရှမ်းပြည်မြောက်(မြောက်ပိုင်း)က ဒေသတွေမှာလည်း လေကြောင်းတိုက်ခံရလို့ လူဒါဇင်ကျော် သေဆုံးမှုတွေရှိခဲ့ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ ဒါမှမဟုတ် ထိန်းချုပ်ထားတဲ့ဒေသတွေမှာ စစ်တပ်က အရပ်သားတွေကိုပါ လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေတယ်ဆိုပြီး တိုင်းနဲ့ပြည်နယ်အလိုက် စစ်တပ်ရဲ့ တစ်ပတ်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေအပေါ် လေ့လာဆန်းစစ်ထားတဲ့ သုတေသနပြုချက်တွေလည်း ထွက်ပေါ်လာပါတယ်။
လေကြောင်းတိုက်ခိုက်မှုအများဆုံးခံခဲ့ရတဲ့စစ်ကိုင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ငလျင်ဒဏ် ပြင်းပြင်းထန်ထန်ကြုံခဲ့ရတဲ့ စစ်ကိုင်းတိုင်းထဲက ဝက်လက်၊ ဒီပဲယင်း၊ ချောင်းဦးနဲ့ မော်လူးနဲ့ အင်းတော်မြို့တို့အပါအဝင် မြို့ ၆ မြို့ထက်မနည်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဘီဘီစီစုဆောင်းထားတဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ်အဖွဲ့ကတော့ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၉ ခုကို စစ်တပ်က မေလ ဒုတိယတစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၇ ကြိမ်လုပ်ခဲ့တာကြောင့် အရပ်သား ၄၇ ဦးသေဆုံးပြီး ၁၄၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မေ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းက လေကြောင်းတိုက်ခိုက်မှုတွေထဲ မေလ ၁၂ ရက် ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်းတိုက်ခိုက်ခံရမှုက အသေအပျောက်အများဆုံးဖြစ်ခဲ့ပါတယ်။
မူလတန်းတက်နေတဲ့ အတန်းငယ်ကလေးငယ် ၁၅ ဦးအထိ သေဆုံးခဲ့ပြီး ကျောင်းသား/သူနဲ့ ဆရာမ စုစုပေါင်း ၂၄ ဦးအထိ သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ဘက်က ဘီဘီစီကိုပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စာသင်ကျောင်းတိုက်ခိုက်ခံရပြီးတဲ့နောက် ဥရောမသမဂ္ဂ(အီးယူ)အပါအဝင် နိုင်ငံတကာကနေ စစ်တပ်ရဲ့ လေကြောင်းတိုက်တိုက်မှုတွေကို ရပ်တန့်ဖို့ တိုက်တွန်းတဲ့ထုတ်ပြန်စာတွေ ထွက်ပေါ်ခဲ့ပါတယ်။
စာသင်ကျောင်းဖြစ်စဉ်မှာ လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့အပေါ် တုန်လှုပ်ခြောက်ခြားရတယ်လို့ဆိုပြီး ကျူးလွန်တဲ့သူတွေကို အပြစ်ပေးအရေးယူနိုင်တဲ့အထိ ပြုလုပ်ဖို့လိုတယ်လို့လည်း အီးယူက ထုတ်ပြန်ခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ် ကလည်း စာသင်ကျောင်းတွေက ဗုံးကြဲရမယ့်နေရာမဟုတ်ဘဲ ကလေးသူငယ်တွေ အန္တရာယ်ကင်းစွာ ပညာသင်နိုင်ဖို လက်နက်ပဋိပက္ခတွေရှိနေတဲ့ကြားမှာပဲ ဦးစားပေးကာကွယ်စောင့်ရှောက်ပေးရမယ့် နေရာဖြစ်တယ်လို့ သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အသိပေးပြောကြားခဲ့ပါတယ်။
အလားတူ ဗြိတိန်ရဲ့ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီး ကက်သရင်းဝက်စ်ကလည်း ဒီဖြစ်စဥ်ကို ကြားရတဲ့အတွက် အလွန် တုန်လှုပ်မိကြောင်းနဲ့ စာသင်ကျောင်းတွေဟာ ဘေးကင်း လုံခြုံမှုနဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးရာ ရပ်ဝန်းသာ ဖြစ်ပြီး၊ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ အရပ်သားပြည်သူ အများ လုံခြုံမှုရှိစေဖို့နဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေကို အကာအကွယ်ပေးဖို့ မြန်မာစစ်တပ်ကို ထပ်မံ တိုက်တွန်းတယ် ဆိုပြီး ပြောထားပါတယ်။
တစ်ဖက်မှာလည်း ဝက်လက်မြို့နယ်ထဲက ရွာ ၅ ရွာထက်မနည်းမှာ မေလ ဒုတိယအပတ်ထဲမှာပဲ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် လူပေါင်း ၁၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဝက်လက်မြို့အခြေစိုက် လှုပ်ရှားနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
"စခန်းသာ၊ ရွာတော်ကုန်း၊ ရွှေပန်းကုံး၊ သစ်ဆိမ့်ကြီး၊ အောင်မြေ၊ မဲတောကုန်း ရွာတွေကို လေကြောင်းတိုက်ခိုက်ခဲ့တာ" လို့ မြေပြင်အခြေအနေသိတဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဒီရွာတွေကို မေလ ၁၀ ရက် ကနေ ၁၃ ရက်ညပိုင်းအထိ စစ်တပ်က လေကြောင်းကနေ ၄ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့ကတော့ စစ်ကောင်စီက ဝက်လက်နဲ့ ဒီပဲယင်းမြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ်လုပ်ခဲ့တယ်လို့ ပြောပါတယ်။
စစ်ကောင်စီကတော့ အိုးတိန်တွင်းရွာ စာသင်ကျောင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး လေကြောင်းတိုက်ခိုက်မှု မလုပ်ခဲ့ဘူးလို့ နိုင်ငံပိုင်ရုပ်သံကနေ မေလ ၁၂ ရက်မှာ ငြင်းဆိုကြေညာခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်တာ မရှိဘူးဆိုတဲ့အချက်ကိုလည်း စစ်ကောင်စီက ထည့်သွင်းပြောထားပါတယ်။
စစ်တပ်ထောက်ခံတဲ့သူတချို့ကလည်း အိုးတိန်တွင်းရွာ စာသင်ကျောင်း တိုက်ခိုက်ခံရတဲ့အစောပိုင်းရက်တွေမှာ "အကြမ်းဖက်သမားတွေကို ဗုံးကြဲပြီး ရှင်းလင်းတယ်" လို့ ရေးသားခဲ့ကြပြီး စာသင်ကလေးငယ်တွေရဲ့ သေဆုံးတဲ့အလောင်းတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့လာချိန်မှာတော့ "PDF တွေက စာသင်ကျောင်းထဲမှာ လက်နက်ထုတ်လို့ ပေါက်ကွဲတာ"လို့ ပြောင်းလဲဖော်ပြခဲ့ကြပါတယ်။
စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အဲဒီဖြစ်စဉ်မှာ သေဆုံးကလေးငယ်တွေရဲ့ မိသားစုဝင်တချို့က ပြောသလို စစ်လက်နက်ပစ္စည်း လေ့လာသူတွေကလည်း စစ်တပ်ဟာ အခုတိုက်ခိုက်မှုမှာ ပုံမှန်အသုံးပြုနေကျ မြေပေါ်ကျပြီးမှ ပေါက်ကွဲတဲ့ဗုံးထက် လေထဲမှာ ဆင့်ကဲ ပေါက်ကွဲတဲ့ဗုံး သုံးခဲ့တာဖြစ်နိုင်တယ်လို့ ကောက်ချက်ချပါတယ်။
တော်လှန်ရေးထိန်းချုပ်နယ်မြေတွေ ရက်ဆက် လေကြောင်း တိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA
မေလအတွင်းမှာပဲ အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်ထားတဲ့ ရသေ့တောင်နဲ့ ကျောက်တော်မြို့တို့မှာလည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးမှုတွေရှိခဲ့တယ်လို့ အေအေက မေ ဒုတိယအပတ်မှာ သတင်းထုတ်ပြန်ပါတယ်။
ရသေ့တောင်မြို့နယ်ထဲက ထွန်းရဝေရွာ လေကြောင်းတိုက်ခံရမှုမှာ လူ ၁၂ ဦးသေဆုံးပြီး ၂၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာပဲ အေအေထိန်းချုပ်တဲ့ ကျောက်တော်မြို့နယ်ထဲကို လေကြောင်းကနေ ၂ ရက်ဆက်တိုက် ဗုံးထပ်ကြဲခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က အတည်ပြုပြောသလို အေအေကလည်း ထုတ်ပြန်ပါတယ်။
အဲဒီ၂ ရက်တာတိုက်ခိုက်မှုအတွင်း အရပ်သား ၈ ဦးသေဆုံးခဲ့ပြီး ၁၄ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အေအေက စာရင်းပြုစုဖော်ပြထားပါတယ်။
တစ်ဖက်မှာလည်း တအာင်းတပ် (TNLA) ထိန်းချုပ်ထားပြီး စစ်တပ်နဲ့ TNLA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဆက်ရှိနေတဲ့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ကိုလည်း စစ်တပ်က လေကြောင်းကနေ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတချို့က အစောပိုင်းကတည်းက ပြောထားပါတယ်။
နောင်ချိုအပြင် မန္တလေးတိုင်းထဲက မိုးကုတ်မြို့နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)က မန်တုံနဲ့ မိုင်းငေ့ါမြို့တို့ပါ လေကြောင်းတိုက်ခံခဲ့ရပြီး အရပ်သားသေဆုံးမှုတချို့ရှိခဲ့တာကိုလည်း တွေ့ရပါတယ်။
TNLA ထုတ်ပြန်ချက်ထဲမှာတော့ နောင်ချိုမြို့လေကြောင်းတိုက်ခိုက်မှုမှာ အသေခံဒရုန်းသုံးပြီး ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လေကြောင်းပစ်လက်နက်တွေထဲ စစ်ကောင်စီတပ်က အသေခံဒရုန်းသုံးတယ်ဆိုတဲ့ TNLA ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
မြန်မာစစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ရဲ့ စစ်ဘက်သုတေသီ CDM ဗိုလ်မှူးနောင်ရိုးကတော့ အသေခံဒရုန်း (Suicide Drone) တွေကို စစ်တပ်ရော တော်လှန်ရေးဘက်မှာပါ အသုံးပြုတယ်လို့ ဘီဘီစီကိုပြောပါတယ်။
အသေခံဒရုန်းတွေဟာ "တစ်ကြိမ်ပဲ သုံးလို့ရပြီး စစ်ရေးတိုက်ရိုက်ပစ်မှတ်၊ တည်နေရာ GPS တွေကို အတိအကျထည့်ပြီး တပ်ဆင်ရတာကြောင့် ပစ်မှတ်နေရာ တိတိကျကျသိရတဲ့အခါမျိုးတွေမှာ သုံးရင် ထိရောက်မှုပိုရှိတယ်" လို့ သူက ဆက်ရှင်းပြပါတယ်။
အရပ်သားတွေကို ခြောက်လှန့်နေတဲ့ လေကြောင်းရန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်းအပြင် စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲဆက်ရှိနေတဲ့နေရာတွေကို စစ်တပ်က မေလထဲမှာ နေ့စဉ်နီးပါး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့ကတော့ စစ်ကိုင်းနဲ့ မန္တလေးအပါအဝင် ဒေသ ၁၄ ခုမှာ လေကြောင်းတိုက်ခိုက်တဲ့ဖြစ်စဉ် အနည်းဆုံး ၆၁ ခုရှိခဲ့ပြီး ၉၄ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီအချက်အလက်တွေဟာ မေ ၉ ရက်ကနေ ၁၅ ရက်နေ့အထိ တစ်ပတ်တာအတွင်း စုဆောင်းထားတဲ့ တိုက်ခိုက်တဲ့ဖြစ်စဉ်တွေလို့ သိရပါတယ်။
သေဆုံးခဲ့တဲ့ ၉၄ ဦးထဲ ကလေးငယ်အရေအတွက်က ၃၁ ဦးအထိရှိပြီး ၂၄၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သုတေသနအဖွဲ့က ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၃ ဇန်နဝါရီကနေ ၂၀၂၅ မေလ ၁၂ ရက်အထိ ( ၂ နှစ်ကျော်အတွင်း) အရပ်သား ၃,၀၀၀ ကျော်သေဆုံးခဲ့တယ်လို့ အမျိုသားညီညွတ်ရေးအစိုးရ (NUG) က မေလ တတိယအပတ်ထဲမှာ ထုတ်ပြန်လိုက်ပါတယ်။
အဲဒီ ၃,၀၀၀ ကျော်ထဲမှာ ကလေးငယ် ၄၄၁ ဦးပါဝင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ရန်ကုန်နဲ့ နေပြည်တော်ကလွဲလို့ ကျန်တဲ့ ပြည်နယ်နဲ့တိုင်း ၁၃ ခုစလုံးမှာ လေကြောင်းတိုက်တဲ့ဖြစ်စဉ်ပေါင်း ၂,၆၀၀ ကျော်ရှိခဲ့တယ်လို့ NUG ကဆိုပါတယ်။
စစ်ကောင်စီကတော့ မေလ တတိယအပတ်မှာပဲ တော်လှန်ရေးအဖွဲ့တွေရှိတဲ့နေရာကို မြန်မာစစ်တပ်က တိုက်ခိုက်လို့ ဒေသခံတွေ ထိခိုက်ပျက်စီးတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံပိုင်သတင်းစာကနေ မေ ၁၇ ရက်မှာ ရေးသားဖော်ပြလာပါတယ်။
စစ်တပ်ကတော့ လက်နက်ကိုင်တွေ အဓမ္မဝင်ရောက်နေထိုင်တဲ့ မြို့၊ ရွာတွေကို သတင်းရရှိတဲ့အခြေအရပ်ရပ်အပေါ် မူတည်ပြီး လိုအပ်သလို တုံ့ပြန်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
မြေပြင်မှာ လူ ဆယ်ချီ သေဆုံးတဲ့ လေကြောင်းတိုက်ခိုက်မှု တွေဖြစ်နေပေမဲ့ စစ်ကောင်စီကတော့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ထိခိုက်သေဆုံးမှုတွေကို မပြောဘဲ ထိခိုက်မှု အနည်းနဲ့ အများရှိတယ်လို့ပဲ ဆိုပါတယ်။
မေလအတွင်း စစ်တပ်ရဲ့ ရက်ဆက်လေကြောင်းတိုက်ခိုက်မှုတွေအပေါ် အရပ်ဖက်အဖွဲ့တချို့က သုတေသနပြုထားတဲ့ ထုတ်ပြန်ချက်တွေနဲ့ တော်လှန်ရေးအင်အားစုရဲ့ ထုတ်ပြန်ချက်တွေ ခပ်စိပ်စိပ်ထွက်လာပြီးတဲ့နောက်မှာ စစ်ကောင်စီက အခုလိုဖော်ပြလာတာဖြစ်ပါတယ်။
တစ်ဖက်မှာလည်း စစ်တပ်ရဲ့ လေကြောင်းရန်ကြောင့် ထိခိုက်သေဆုံးမှုတွေကို လျှော့ချဖို့ စစ်တပ်ရဲ့ လေယာဉ်ဦးတည်ပျံသန်းရာလမ်းကြောင်း၊ လေယာဉ်အမျိုးအစားတွေကို အချိန်နဲ့တပြေးညီ စနစ်တကျကင်းထောက်ပြီး လူထုကို ကြိုတင်သတိပေးတဲ့စနစ်တွေ အားကောင်းအောင် လုပ်ဖို့လိုအပ်နေပြီ CDM ဗိုလ်မှူး နောင်ရိုးက ပြောပါတယ်။
ဒါ့အပြင် လေကြောင်းရန်အကာအကွယ်တွေဖြစ်တဲ့ ဗုံးခိုကျင်းတွေကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဒေသခံတွေနဲ့ပူးပေါင်းပြီး ကာလံဒေသံနဲ့အညီ စနစ်တကျဆောက်ပေးဖို့လည်း လိုတယ်လို့ သူက မှတ်ချက်ပြုထားပါတယ်။
စစ်တပ်က လေကြောင်းနဲ့ မြေပြင်ကင်းထောက်တွေ တိုးမြှင့်လုပ်ဆောင်လာတာကြောင့် တော်လှန်ရေးအဖွဲ့အစည်းထဲကလူတွေအပြင် လွတ်မြောက်နယ်မြေက လူထုတွေအနေနဲ့လည်း ဗုံးခိုကျင်းပြင်ဆင်ထားရှိမှုတွေကို လူမှုကွန်ရက်ပေါ်မှာ မျှဝေတာတွေမလုပ်ဘဲ လျှို့ဝှက်ထားဖို့လိုတဲ့အကြောင်း စစ်ရေး စောင့်ကြည့်သူတွေက တိုက်တွန်းထားပါတယ်။
ဒါအပြင် အရပ်ဘက်နဲ့ဆက်စပ်နဲ့နေရာတွေမှာ လှုပ်ရှားဆောင်ရွက်တဲ့အခါ သတင်းမပေါက်ကြားရေး အရေးကြီးတယ်လို့ CDM ဗိုလ်မှူး နောင်ရိုးက သတိပေးပါတယ်။
"တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဒီလိုအရပ်ဘက်နဲ့ ဆက်စပ်နေတဲ့ နေရာတွေမှာ စစ်ရေးလှုပ်ရှားတဲ့ သတင်းတွေ မပေါက်ကြားဖို့ကိုလည်း သတိကြီးကြီးထားဖို့လိုပြီ"












