ကလပ်စတာဗုံး မြန်မာစစ်တပ် သုံးနေပြီလား

၂၀၂၃ ခုနှစ်အတွက် အတွက် ထုတ်ပြန်တဲ့ CMC ရဲ့ အစီရင်ခံစာ

ဓာတ်ပုံ ရင်းမြစ်, CMC

ဓာတ်ပုံ ပုံစာ, ၂၀၂၃ ခုနှစ်အတွက် အတွက် ထုတ်ပြန်တဲ့ CMC ရဲ့ အစီရင်ခံစာ

နိုင်ငံတကာကပိတ်ပင်ထားတဲ့ ဖျက်အားပြင်း cluster ကလပ်စတာ ဗုံးတွေကို အာဏာသိမ်းပြီးတဲ့‌နောက်ပိုင်းမှာ မြန်မာစစ်တပ်က စတင်အသုံးပြုလာတယ်လို့ ကမ္ဘာတဝန်း ကလပ်စတာဗုံးတွေ ပိတ်ပင်တားမြစ်ရေး လှုံ့ဆော်လှုပ်ရှားနေတဲ့ အရပ်ဘက်အဖွဲ့တွေ စုပေါင်းထားတဲ့ ထပ်ဆင့်ပေါက်ကွဲ လက်နက်ပစ္စည်းများညွန့်ပေါင်းအဖွဲ့ (CMC)က အစီရင်ခံစာ ထုတ်ပြန်လာပါတယ်။

ကလပ်စတာဗုံးကို အသုံးပြုတဲ့ နိုင်ငံအသစ်တွေထဲမှာ ဆီးရီးယားနဲ့အတူ မြန်မာ ပါဝင်လာတာဖြစ်ပြီး မြန်မာရဲ့စစ်ရေးမဟာမိတ် ရုရှားကတော့ ယူကရိန်းကျူးကျော်စစ်အတွင်းမှာ ကလပ်စတာ ဗုံးတွေကို အများဆုံးအသုံးပြုခဲ့တယ်လို့ ၂၀၂၃ ခုနှစ်အတွက်ထုတ်ပြန်တဲ့ CMC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၁၅ လ အတွင်း ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်တွေက လေကြောင်းတိုက်ခိုက်မှုတွေမှာ ကျန်ခဲ့တဲ့ ဗုံးအကြွင်းအကျန်တွေနဲ့ အခြားသက်သေတွေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို CMC က သုံးသပ်ခဲ့ပြီးတဲ့နောက်အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒီဗုံးတွေကို ဘယ်ကထုတ်လဲဆိုတာ အစီရင်ခံစာမှာ အတိအကျ ဖော်ပြမထားပေမဲ့ CDM အရာရှိတချို့က ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး(ကပစ)လက်အောက်ခံစက်ရုံတချို့ကနေ ကလပ်စတာဗုံးတွေထုတ်လုပ်နိုင်နေပြီလို့ ဘီဘီစီကို ပြောတယ်။

ကလပ်စတာ အစီရင်ခံစာထဲက မြန်မာ

ဆံဖလား စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကလပ်စတာဗုံးသုံးတယ်လို့ သတ်မှတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, KNU

ဓာတ်ပုံ ပုံစာ, ဆံဖလား စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကလပ်စတာဗုံးသုံးတယ်လို့ သတ်မှတ်ခံရ

ကလပ်စတာ ဗုံးလို့ ခေါ်ကြတဲ့ ထပ်ဆင့်ပေါက်ကွဲစေတဲ့ လက်နက်တွေကို အမြောက်၊ လောင်ချာ၊ ဒုံးကျည်နဲ့ တိုက်လေယာဉ်တွေမှာ တပ်ဆင်ပစ်လွှတ်နိုင်ပြီး ဒါဇင်နဲ့ချီတဲ့ ဆင့်ကွဲ ဗုံးအသေးစားလေးတွေအဖြစ် နေရာဝေးဝေးအထိ လွင့်စင်ပေါက်ကွဲတယ်လို့ ထပ်ဆင့်ပေါက်ကွဲ လက်နက်ပစ္စည်းများ ညွန့်ပေါင်းအဖွဲ့ CMC က ဖွင့်ဆိုထားပါတယ်။

လေထုထဲမှာ မပေါက်ကွဲတဲ့ ဆင့်ကွဲ ယမ်းအများအပြားဟာလည်း မြေမြှုပ်မိုင်းတွေလိုပဲ နှစ်ပေါင်းများစွာ အသက်ရှိနေတတ်ပြီး လူတွေကို သေကြေဒဏ်ရာ ရစေနိုင်ပါတယ်။

‘‘ပြောရရင် ဝေဟင်ကနေ ကြဲတဲ့မိုင်းပေါ့။ အဲဒီနေရာတစ်ခုလုံးက လူသွားလူလာ လုပ်လို့မရတော့သလောက် ဖြစ်သွားမယ်’’ လို့ စစ်လက်နက်ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

၂၀၀၈ ခုနှစ် ထပ်ဆင့်ပေါက်ကွဲ လက်နက်ပစ္စည်းများဆိုင်ရာသဘောတူစာချုပ်အရ နိုင်ငံပေါင်း ၁၂၃ နိုင်ငံက ဒီလက်နက်ကို ပိတ်ပင်ခဲ့ပေမဲ့ မြန်မာကတော့ အဲဒီ သဘောတူစာချုပ်မှာ မပါဝင်ခဲ့ပါဘူး။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြန်မာစစ်တပ်က ကလပ်စတာဗုံးတွေကို မသုံးဘူးလို့ ငြင်းဆိုနေပေမဲ့ ပြည်တွင်းဖြစ် ကလပ်စတာဗုံးတွေကို ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်မှာ အသုံးပြုခဲ့တဲ့ သက်သေအထောက်အထားတွေရခဲ့တယ်လို့ CMC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဆွစ်ဇာလန်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ဒီအစီရင်ခံစာထုတ်ပြန်တဲ့အခမ်းအနားမှာ မြန်မာပြည်မှာ ကလပ်စတာဗုံး အသုံးပြုတိုက်ခိုက်ခဲ့တဲ့နောက်ဆုံးတွေ့ရှိချက်တွေကို ပြောခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ခုဒုံကျေးရွာအုပ်စုကို လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအရ ထိခိုက်ပျက်စီးသွားတဲ့ စာသင်ကျောင်း အပျက်အစီးပုံတွေထဲမှာ ကလပ်စတာဗုံး အသုံးပြုခဲ့တဲ့ အထောက်အထားတွေကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်ကို ကရင်အမျိုးသားအစည်းအရုံး KNU ကလည်းထုတ်ပြန်ခဲ့ပြီး ဂျက်ဖိုက်တာနဲ့ကလပ် စတာဗုံးကြဲခဲ့လို့ စာသင်ကျောင်းတစ်ကျောင်းနဲ့ နေအိမ် လေးလုံး ထိမှန်ပျက်စီးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။

ကလပ်စတာ ဗုံး တစ်လုံးအတွင်း ပါဝင်သော ဗုံးသီးငယ်တွေက စာသင်ကျောင်းဝင်းထဲ နှစ်လုံး ကျရောက်ပေါက်ကွဲပြီး ကျောင်းဆောင်တဝိုက် ကျည်စထိမှန် ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

စာသင်ကျောင်းအနောက် လယ်ကွင်းထဲကို နောက်ထပ် ဗုံးသီး ၁၁ လုံးကျ ပြီး ၁၀ လုံး ပေါက်ကွဲခဲ့ တယ်လို့ KNU က ထုတ်ပြန် ထားပါတယ်။

တခါ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်က ဆရာဝန်နှစ်ဦးအပါအဝင် လူငါးဦး ဒဏ်ရာရရှိခဲ့တဲ့ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ဆောင်ပွဲကျေးရွာကဆေးရုံ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာလည်း ကလပ်စတာဗုံးစတွေတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

အဲဒီနေ့တစ်ရက်တည်းမှာပဲ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က မဲကနယ်ကျေးရွာအနီးမှာ မြန်မာလေတပ်က ကလပ်စတာဗုံးတစ်လုံးကြဲချခဲ့လို့ အရပ်သားလေးဦး ဒဏ်ရာရခဲ့တယ်လို့ အစီရင်ခံစာမှာဖော်ပြပြန်ပါတယ်။

ဧပြီလထဲမှာဆိုရင်လည်း ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ကလပ်စတာဗုံးတိုက်ခိုက်မှုကြောင့် လူသေဆုံးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

ကရင် နဲ့ ချင်းမှာ သုံးခဲ့တဲ့ တူညီတဲ့ လက်နက်အပိုင်းအစ တွေလို့ဖော်ပြ။

ဓာတ်ပုံ ရင်းမြစ်, KNU/CDF

ဓာတ်ပုံ ပုံစာ, ကရင်နဲ့ ချင်းမှာသုံးခဲ့တဲ့တူညီတဲ့လက်နက်အပိုင်းအစတွေလို့ ဖော်ပြ

ပြီးခဲ့တဲ့ ဧပြီလက ချင်းပြည်နယ်၊ မင်းတပ်မြို့က ပန်းပါရွာလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်မှာသုံးဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရတယ်လို့ CDF-Mindat သတင်းပြန်ကြားရေးက ထုတ်ပြန်ခဲ့ပါတယ်။

‘‘ဒီတိုက်ခိုက်မှုမှာ ကလပ်စတာ ဗုံး သုံးခဲ့တယ်’’ လို့ အခင်းဖြစ်ပွားခဲ့တဲ့ နေရာ ကို အဲဒီနေ့ကရောက်ခဲ့တဲ့ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ဘီဘီစီကိုပြောပါတယ်။

သူတို့အဖွဲ့ဟာ စစ်ကောင်စီရဲ့ ဗုံးကြဲမှုကို အကြိမ်ရေဆယ်ချီခံခဲ့ရပြီး ပန်းပါရွာတိုက်ခိုက်မှုကတော့ တခြားဗုံးကြဲမှုတွေနဲ့ ထိခိုက်မှုရော၊ ဗုံးစအကြွင်းအကျန်တွေ မတူခဲ့ဘူးလို့ သူကပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ ကလပ်စတာဗုံး သုံးခဲ့တယ်လို့ CDF-Mindat နည်းတူ ထပ်ဆင့်ပေါက်ကွဲ လက်နက်ပစ္စည်းများ ညွန့်ပေါင်းအဖွဲ့ - CMC ကလည်း သတ်မှတ်ခဲ့ပါတယ်။

ဒါပေမဲ့ CDF-Mindat ဟာ ထပ်ဆင့်ပေါက်ကွဲ လက်နက်ပစ္စည်းများ ညွန့်ပေါင်းအဖွဲ့ (CMC) ကို အဲဒီအထောက်အထားတွေမပို့ခဲ့ဘူးလို့ ဆလိုင်းယောမန်က ပြောပါတယ်။

CDF-Mindat ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တဲ့ အချက်အလက်နဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး ကလပ်စတာဗုံး သုံးခဲ့တယ်လို့ CMC က သတ်မှတ်နိုင်ခဲ့တာလို့ ဆလိုင်းယောမန်က ဘီဘီစီကို ပြောပါတယ်။

ကလက်စတာဗုံးတွေ ဘယ်လို အလုပ်လုပ်လဲ
ဓာတ်ပုံ ပုံစာ, ကလက်စတာဗုံးပေါက်ကွဲပုံ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲက ကျေးရွာတချို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ နဲ့ မတ်လအတွင်းက တိုက်ခိုက်ခံရမှုတွေမှာလည်း ကလပ်စတာဗုံး အသုံးပြုခဲ့တဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

၂၀၂၂ ခုနှစ်၊ ဧပြီမှာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက ဖလူးကျေးရွာအုပ်စုကို တိုက်ခိုက်ရာမှာ အသုံးပြုခဲ့တဲ့ ကလပ်စတာဗုံးစတွေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)က ထုတ်ပြန်ခဲ့တာကိုလည်း အစီရင်ခံစာက ကိုးကားထားပါတယ်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုမှာ သုံးတဲ့ ကလပ်စတာဗုံးစတွေဟာ ၁၂၀ မမ မော်တာဒုံး ၁၂ ခုပါဝင်ပြီး တစ်ခုစီ ထိရိုက်မိရင် ပေါက်ကွဲတဲ့စနစ်ထည့်သွင်းထားတယ်လို့ ထပ်ဆင့်ပေါက်ကွဲလက်နက်ပစ္စည်းများညွန့်ပေါင်းအဖွဲ့ က သုံးသပ်ပါတယ်။

၂၀၂၂ ခုနှစ်ထဲမှာ ကလပ်စတာဗုံးတွေနဲ့ တိုက်ခိုက်မှုတွေအတွင်း ချင်းပြည်နယ် မင်းတပ်မြို့က လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သား ၁၃ ဦး ဒဏ်ရာရခဲ့တယ် လို့ CMC က ဆိုပါတယ်။

‘‘မြန်မာနိုင်ငံမှာ ထပ်ဆင့်ပေါက်ကွဲဗုံးတွေ ထုတ်လုပ်အသုံးပြုမှုက အလွန်စိုးရိမ်စရာကောင်းပါတယ်။ ဒီလက်နက်တွေက ဘယ်သူဘယ်ဝါ ခွဲခြားနေမှာမဟုတ်ပါဘူး။ အရပ်သားတွေကိုပါ ထိခိုက်သေဆုံး နိုင်တာကြောင့်ပါ’’ လို့ ထပ်ဆင့်ပေါက်ကွဲစေတဲ့လက်နက်တွေကို စောင့်ကြည့်နေတဲ့ သုတေသီ ‌ဒေါက်တာ ယေရွှာကပြောပါတယ်။

နိုင်ငံတကာအနေနဲ့လည်း ဒီတားမြစ်လက်နက်သုံးနေတာကို ကန့်ကွက်သင့်တယ်လို့ သူက တိုက်တွန်းပါတယ်။

ထပ်ဆင့်ပေါက်ကွဲ လက်နက်ပစ္စည်းများ ညွန့်ပေါင်းအဖွဲ့ (CMC) ရဲ့ အစီရင်ခံစာမှာ ပါဝင်သလို ကလပ်စတာဗုံး အသုံးပြုနေလားလို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ စက်တင်ဘာ ၈ ရက် ညနေအထိ အဖြေမရခဲ့ပါဘူး။

စစ်ကောင်စီနဲ့နီးစပ်တဲ့ လုံခြုံရေးဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ သေနင်္ဂအင်စတီကျုကတော့ မြန်မာစစ်တပ်ဟာ ကလပ်စတာဗုံးသုံးတဲ့အထောက်အထားမတွေ့ရဘူးလို့ ပြောပါတယ်။

CMC က ရရှိထားတဲ့ သက်သေအထောက်အထားတွေက ဘယ်လောက်ခိုင်မာသလဲ ဆိုတာက မေးခွန်းထုတ်စရာလို့ သေနင်္ဂအင်စတီကျုက အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦး က ဘီဘီစီကို ပြောပါတယ်။

‘‘ကလပ်စတာ သာ တကယ်ကြဲချရင် အဲဒီနားက တစ်ယောက်မှ ကျန်မှာမဟုတ်ဘူး။ လေကြောင်းကနေ ပေါင် ငါးရာဗုံးတွေ လေးလုံးလောက် ဆက်တိုက်ကြဲချလိုက်တာကို ကလပ်စတာ နဲ့ အထင်မှားတာလည်း ဖြစ်နိုင်တာပဲ’’ လို့ သူက ပြောပါတယ်။

မြန်မာစစ်တပ် ကလပ်စတာဗုံးထုတ်နိုင်နေပြီလား

ခြေလျင်၊ ခြေမြန်တပ်တွေမှာ အသုံးပြုနေတဲ့ လက်နက်ခဲယမ်းတွေကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်နေ

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ခြေလျင်၊ ခြေမြန်တပ်တွေမှာ အသုံးပြုနေတဲ့ လက်နက်ခဲယမ်းတွေကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်နေ

ကလပ်စတာဗုံးကို မြန်မာစစ်တပ်တကယ်သုံး မသုံး မေးခွန်းထုတ်မှုတွေဖြစ်နေကြပေမဲ့ ကလပ်စတာဗုံးကို ပြည်တွင်းမှာထုတ်လုပ်နိုင်နေပြီဆိုတဲ့ သုံးသပ်ချက်တွေကတော့ ထွက်ပေါ်လာနေပါတယ်။

CDM လုပ်လာခဲ့သူ တပ်မတော်သားတွေက ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး လက်အောက်ခံ ကာကွယ်ရေးပစ္စည်းစက်ရုံတချို့ကနေ ကလပ်စတာဗုံးတွေ ထုတ်လုပ်နိုင်နေပြီလို့ ဘီဘီစီကို ပြောပါတယ်။

အစွမ်းထက် စစ်လက်နက်တွေပိုင်ဆိုင်ချင်တဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်ကတည်းက ကလပ်စတာဗုံးကို ပိုင်ဆိုင်ဖို့ အားထုတ်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်မှာ ထုတ်လုပ်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးပစ္စည်းစက်ရုံမှာ လက်ရှိတာဝန်ထမ်းဆောင်နေသူတွေကရော CDM တပ်မတော်သားတချို့ကပါ ဘီဘီစီကို ပြောပါတယ်။

ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) မှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ တာဝန်ထမ်းဆောင်ပြီး CDM ဝင်လာတဲ့ ဗိုလ်ကြီးဇင်ယော်ကတော့ ၂၀၁၂ ခုနှစ်ကစပြီး ကပစ ကနေ ကလပ်စတာဗုံးတွေထုတ်ဖို့အားထုတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ထုတ်လုပ်နိုင်ခဲ့ပြီလို့ ဘီဘီစီကို ပြောပါတယ်။

ကပစ က လက်ရှိထုတ်တဲ့ ကလပ်စတာဗုံးတွေက တရုတ်နိုင်ငံကနည်းပညာကိုယူထားတာလို့ ဗိုလ်ကြီးဇင်ယော်ကပြောပြီး ကပစ အရာရှိတစ်ဦးကတော့ စစ်တပ်က ဒီနည်းပညာရဖို့ တရုတ်တင် မကဘဲ မြောက်ကိုရီးယားနဲ့ ရုရှားဆီကပါ ကြိုးစားခဲ့တယ်လို့ဆိုပါတယ်။

မကွေးတိုင်းထဲမှာရှိတဲ့ အမှတ် (၃) ကာကွယ်ရေးပစ္စည်းစက်ရုံ နဲ့ အမှတ် (၂၅) ကာကွယ်ရေးပစ္စည်းစက်ရုံမှာ ကလပ်စတာ ဗုံးတွေ ထုတ်နေတယ် လို့ CDM အရာရှိတွေက ခန့်မှန်းပါတယ်။

‘‘လွန်ခဲ့တဲ့ လေးလလောက်က ကပစ (၃) က ကလပ်စတာ ဗုံးတွေကို မကွေးလေတပ်စခန်းကို ပို့ခဲ့တယ်လို့ ကျွန်တော်တို့ သတင်းအတိအကျ ရခဲ့ပါတယ်’’ လို့ CDM အရာရှိ ဗိုလ်ကြီးလင်းထက်အောင် က ပြောပါတယ်။

ဒါပေမဲ့ လေတပ်က ဒီဗုံးတွေကို ဘယ်နေရာတွေမှာ သုံးနေလဲ ဆိုတာကိုတော့ အသေးစိတ်မသိရဘူး လို့ ဗိုလ်ကြီးလင်းထက်အောင်က ပြောပြီး အထောက်အထားတွေရဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ကလပ်စတာဗုံးတွေ ပြည်တွင်းမှာ ထုတ်နိုင်နေပြီလားဆိုတဲ့ မေးခွန်းကိုလည်း အဖြေပြန်မပေးပါဘူး။

သေနင်္ဂအင်စတီကျုက အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦး ကတော့ သူတို့လေ့လာမိသလောက် ပြည်တွင်းက ကာကွယ်ရေးပစ္စည်းစက်ရုံတွေကနေ ကလပ်စတာဗုံး ထုတ်နေတာမတွေ့ရဘူးလို့ ဘီဘီစီကို ပြောပါတယ်။

မြန်မာစစ်တပ်ဟာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကို ထိပ်တန်းလျှို့ဝှက်အဆင့် သတ်မှတ်ထားတာဖြစ်လို့ ကလပ်စတာ ဗုံး တွေ တကယ်ထုတ်နေလားဆိုတဲ့ အထောက်အထား ရဖို့ ခက်လိမ့်မယ် လို့ လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။

‘‘ပေါင်ငါးရာ ဗုံးတွေနဲ့ မြေပြင် မြေပြင်ပစ်ဒုံးတွေအထိတော့ ကပစ က ထုတ်နိုင်နေပြီ’’ လို့ ဦးသိန်းထွန်းဦး က ပြောပါတယ်။

သြဂုတ် ၃၁ ရက်ထုတ်ပြန်တဲ့ CMC ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာတော့ ဒီကလပ်စတာဗုံးတွေဟာ မြန်မာစစ်တပ်ပိုင် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)က ထုတ်တာနဲ့ ဆင်တူတယ်လို့ သုံးနှုန်းထားပါတယ်။

ဒါပေမဲ့ သူတို့အဖွဲ့က ဗုံးအကြွင်းအကျန်တွေကို ဓာတ်ပုံမှတ်တမ်းတွေမှာစစ်ဆေးချက်အရ ဘယ်ကထုတ်တယ်ဆိုတဲ့အမှတ်အသားကို မတွေ့ရဘူးလို့ ဖော်ပြပါတယ်။

ဒါကြောင့် CMC အဖွဲ့ က ဒါနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနကို မှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဒီအစီရင်ခံစာထုတ်ပြန်တဲ့အထိ တုံ့ပြန်ချက်မရခဲ့ဘူးလို့ ဖော်ပြထုတ်ပြန်ခဲ့ပါတယ်။

လက်နက်ကြိုက်တဲ့ စစ်ဗိုလ်ချုပ်တွေ

ပူးပေါင်းစစ်ရေးလေ့ကျင့်ရေးတစ်ခုမှာ တွေ့ရတဲ့ စစ်ဗိုလ်ချုပ်တွေ

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ပူးပေါင်းစစ်ရေးလေ့ကျင့်ရေးတစ်ခုမှာ တွေ့ရတဲ့ စစ်ဗိုလ်ချုပ်တွေ

ခြေလျင်၊ ခြေမြန်တပ်တွေမှာ အသုံးပြုနေတဲ့ လက်နက်ခဲယမ်းတွေကို ကာကွယ်ရေးပစ္စည်းစက်ရုံတွေကနေ ထုတ်လုပ်နိုင်နေတဲ့ အခြေအနေရှိနေပြီလို့ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

စစ်အစိုးရအဆက်ဆက်ဟာ ကာကွယ်ရေးဘတ်ဂျတ်ကို အများဆုံးသုံးစွဲခဲ့ကြသလို စစ်လက်နက် ပစ္စည်းထုတ်လုပ်မှုပိုင်းကိုလည်း ဝါသနာထုံကြတယ်လို့ အငြိမ်းစားတပ်မတော်အရာရှိကြီးတွေက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ယူစဉ်က ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို အပတ်စဉ်တွေ့လေ့ရှိပြီး တွေ့တိုင်းလည်း နာရီနဲ့ချီကြာအောင် စကားပြောတတ်တယ်လို့ စစ်ရုံးမှာနေခဲ့တဲ့ အငြိမ်းစားတပ်မတော်အရာရှိတစ်ဦးက ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးတင်အေးက ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် လုပ်ခဲ့ပေမဲ့ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက အဓိက လူလို့ ကပစ အရာရှိတွေက ပြောပါတယ်။

ဒါကြောင့် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို မြောက်ကိုရီးယားနဲ့ ဆက်နွှယ်မှုနဲ့ ၂၀၁၃ ခုနှစ်က အမေရိကန်က ပိတ်ဆို့အရေးယူခဲ့တာ ဖြစ်ပါတယ်။

‘‘ဦးသိန်းစိန်အစိုးရ အစောပိုင်းကာလအထိကို မြောက်ကိုရီးယားတွေ ရန်ကုန်မှာ ရှိနေသေးတယ်’’ လို့ စစ်ရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်နဲ့ ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင် ရှေ့ပိုင်းကာလတွေမှာ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးနဲ့ပတ်သက်လို့ ရုရှားထက် တရုတ်နဲ့ မြောက်ကိုရီးယားကို ပို ချဉ်းကပ်ခဲ့တယ် လို့ CDM အရာရှိ ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

လက်ရှိ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်က ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လူယုံလို့ ကပစ အရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ကာကွယ်ရေးပစ္စည်းစက်ရုံတွေကို အမှတ် (၁) ကနေ အမှတ် (၂၅) အထိ တိုးချဲ့ တည်ဆောက်လာခဲ့ပြီး အများစုကို ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွေမှာ တည်ထားတယ်လို့ သိရပါတယ်။

ကပစ စက်ရုံတွေကို ကျေးရွာရပ်ကွက်တွေနဲ့ လှမ်းတဲ့နေရာတွေမှာ တည်ထားပြီး လုံခြုံရေးကို တင်းကျပ်ထားတဲ့အပြင် လက်နက်ထုတ်တဲ့အပိုင်းတွေကိုလည်း အကန့်စနစ် (လုပ်ငန်းစဉ်တစ်ခုလုံးကိုပေးမသိဘဲ တစ်ပိုင်းချင်းစီသာပေးသိခြင်း)နဲ့ပဲ ပေးသိတယ်လို့ ကပစ အရာရှိတွေက ပြောပါတယ်။