ယူကရိန်းစစ်ပွဲ - ကလပ်စ်တာဗုံး ဆိုတာ ဘာလဲ

ယူကရိန်းမှာတွေ့ရတဲ့ မပေါက်ကွဲသေးတဲ့ ကလပ်စတာဗုံးတွေပါဝင်ဖွယ်ရှိတဲ့ ဗုံးအစိတ်အပိုင်း

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ယူကရိန်းမှာတွေ့ရတဲ့ မပေါက်ကွဲသေးတဲ့ ကလပ်စတာဗုံးတွေပါဝင်ဖွယ်ရှိတဲ့ ဗုံးအစိတ်အပိုင်း

ရုရှားဟာ ယူကရိန်းကျူးကျော်စစ်အတွင်းမှာ ကလပ်စ်တာဗုံးတွေ သုံးပြီး တိုက်ခိုက်နေတယ်လို့ စွပ်စွဲခံနေရပါတယ်။

ဆိုတော့ ကလပ်စ်တာဗုံး ဆိုတာ ဘာပါလဲ။

ကလပ်စ်တာဗုံး

ကလပ်စ်တာဗုံးဆိုတာ လူတွေနဲ့ စစ်သုံးယာဥ်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ဖို့ အတွက် ဖန်တီးထားတာ ဖြစ်ပြီး ဝေဟင်ကလည်း ကြဲချနိုင်သလို မြေပြင်ကလည်း ပစ်လွှတ်နိုင်ပါတယ်။ နောက်ပြီး လေယာဥ်ပြေးလမ်းတွေကို ဖျက်ဆီးဖို့၊ မိုင်းတွေ ကြဲချဖို့နဲ့ ဓာတုနဲ့ဇီဝ လက်နက်တွေကို အရပ်မျက်နှာ အနှံ့ ပျံ့နှံ့သွားစေဖို့ အတွက် သုံးတာမျိုးလည်း ရှိပါတယ်။

ကလပ်စ်တာဗုံးမှာ ပထမအဆင့် တလုံးကွဲပြီးနောက်မှာ ဗုံးအငယ်စားတွေကို နေရာ အကျယ်ကြီးပေါ် ထပ်ပြီးကြဲချ ပစ်လိုက်တာ ဖြစ်ပါတယ်။

အဲဒီ ဗုံးအမျိုးအစားတွေဟာ တိုက်ပွဲ ဖြစ်နေစဥ်အတွင်းရော တိုက်ပွဲလွန်ကာလတွေမှာရော အရပ်သားပြည်သူတွေအတွက် အင်မတန်မှ အန္တရာယ် ပေးနိုင်ပါတယ်။

ဒီဗုံးတွေကို ယူကရိန်းမှာ သုံးနေသလား

ယူကရိန်း အရှေ့ဖျားက ခရာမာတော့စ်ခ် ဘူတာရုံကို အဲဒီလက်နက်မျိုး သုံးပြီး တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ အများအပြား ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က စစ်ရှောင်ပြေးဖို့ ကြိုးစားသူတွေ အများအပြားရှိနေတဲ့ အချိန်အတွင်း ဘူတာရုံကို ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက် ခံခဲ့ရရမှာ လူ ၅၀ ကျော် သေဆုံးခဲ့ရပါတယ်။

အဲဒီ ဘူတာရုံ ပစ်ခတ်ခံခဲ့ရပြီးနောက် ဘီဘီစီ သတင်းထောက်တွေ ရောက်ရှိသွားခဲ့ရမှာ တွေ့ရတဲ့ အနေအထားတွေအရ ကလပ်စ်တာ ထိပ်ဖူးမျိုး သုံးပြီးတိုက်ခိုက်ရာမှာ တွေ့ရတတ်တဲ့ အနေအထားမျိုး ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။

ခရာမာတော့စ်ခ် ဘူတာရုံအနီးမှာ ကျန်ခဲ့တဲ့ ရေဒီယို သတ္တိကြွမှုများ

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ကြီးကလည်း ရုရှားရဲ့ ကလပ်စ်တာ ထိပ်ဖူးတပ်ထားတဲ့ ဒုံးကျည်တစင်း ယူကရိန်းက ဒေါညက်စ် အိုဘလပ်စ် မှာရှိတဲ့ ဆေးရုံအနီးကို ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီ တိုက်ခိုက်မှုမှာ အရပ်သား ၄ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရှိခဲ့ပါတယ်။

ကလပ်စ်တာ ထိပ်ဖူးမျိုး သုံးပြီးတိုက်ခိုက်ရာမှာ တွေ့ရတတ်တဲ့ အနေအထားမျိုး ခရာမာတော့စ်ခ် ဘူတာရုံမှာတွေ့ခဲ့ရ
ဓာတ်ပုံ ပုံစာ, ကလပ်စ်တာ ထိပ်ဖူးမျိုး သုံးပြီးတိုက်ခိုက်ရာမှာ တွေ့ရတတ်တဲ့ အနေအထားမျိုး ခရာမာတော့စ်ခ် ဘူတာရုံမှာတွေ့ခဲ့ရ

စစ်ပွဲကာလတွေရဲ့ အစောပိုင်းကလည်း ဟာခိဖ် ဒေသအတွင်းက တိုက်ပွဲတွေမှာ ရုရှားတပ်တွေက ကလပ်စ်တာ လက်နက်တွေ သုံးတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ကပါ စုံစမ်းစစ်ဆေးနေပြီလို့ ကြေညာခဲ့ပါတယ်။

ကလပ်စ်တာ သုံးစွဲမှုနဲ့ ပတ်သက်တဲ့ စစ်စည်းကမ်းများ

ကလပ်စ်တာ လက်နက်တွေနဲ့ပတ်သက်ပြီး ချုပ်ဆိုထားတဲ့ Convention on Cluster Munitions စာချုပ်အရ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ အကြီးစား ကလပ်စ်တာ ဗုံးတွေကို ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်ကတည်းက မသုံးစွဲဖို့ စတင်ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ သဘောတူစာချုပ်မှာ ကလပ်စ်တာ လက်နက် မသုံးစွဲရတာတင်မကဘဲ၊ ထုတ်လုပ်တာ၊ သိုလှောင်တာနဲ့ ရောင်းချတာမျိုးတွေပါ မလုပ်ဖို့ တားမြစ်ထားတာ ဖြစ်ပါတယ်။

ဗြိတိန်အပါအဝင် ဥရောပနိုင်ငံအများစုက အဲဒီ သဘောတူ စာချုပ်မှာ လက်မှတ်ရေးထိုးထားကြပေမဲ့ ရုရှားနဲ့ ယူကရိန်းတို့ကတော့ အဲဒီ လက်မှတ်ထိုးတဲ့ အထဲမှာ မပါဝင်ကြပါဘူး။

ကလပ်စ်တာ လက်နက်တွေကို ဘာလို့ ပိတ်ပင်သလဲ

စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေ အတွင်းမှာ နေထိုင်ကြတဲ့ အရပ်ပြည်သူလူထု အပေါ် အန္တရာယ် ပေးနိုင်သလို ဖျက်ဆီးနိုင်စွမ်းတွေကြောင့် ဒီလို လက်နက်တွေသုံးစွဲတာနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။

အဲဒီ ကလပ်စ်တာလက်နက်တွေဟာ ပထမတလုံးကွဲပြီး နောက်တဆင့်အဖြစ် ဗုံးအငယ်စား ၅၀ လောက်ကို အချင်း မီတာ ၄၀၀ အကျယ်ရှိတဲ့ နေရာကို ထပ်ပြီး ကြဲထုတ်လိုက်နိုင်တာကြောင့် လူနေထူထပ်တဲ့ ဒေသတွေအပေါ်သာ ကျလာမယ်ဆိုရင် အရပ်သူ အရပ်သားတွေ အများအပြား သေကြေနိုင်ပါတယ်။

နောက်ပြီး ထပ်ပြီး ကြဲခဲ့တဲ့ ဗုံးထဲကမှ မပေါက်ကွဲဘဲ ကျန်နေနိုင်တဲ့ ဗုံးငယ်တွေရဲ့ အန္တရာယ်ကလည်း ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။ ဆယ်စုနှစ်များစွာ ခေတ်နောက်ကျနေတဲ့ ဆိုဗီယက်ခေတ်က ထုတ်ခဲ့တဲ့ Tochka လို ဒုံးကျည်တွေမှာ ဒီလိုမျိုးတွေ မကြာခဏ ဖြစ်တတ်ပါတယ်။

ဘယ်နေရာတွေမှာ သုံးခဲ့ဖူးသလဲ

ကလပ်စ်တာ ဗုံးတွေကို ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ကိုဆိုဗို၊ အာဇာဘိုင်ဂျန်၊ အာဖဂန်နစ္စတန်နဲ့ ဆီးရီးယား စစ်ပွဲတွေလို စစ်ပွဲတော်တော်များများမှာ သုံးခဲ့ကြဖူးပါတယ်။

အရောင်တောက်တောက်တွေကြောင့် ကလေးတွေလည်း စိတ်ဝင်စားကိုင်တွယ်မိနိုင်တဲ့ အန္တရာယ်ရှိ

ဓာတ်ပုံ ရင်းမြစ်, Nur Photo via Getty Images

ဓာတ်ပုံ ပုံစာ, အရောင်တောက်တောက်တွေကြောင့် ကလေးတွေလည်း စိတ်ဝင်စားကိုင်တွယ်မိနိုင်တဲ့ အန္တရာယ်ရှိ

ပြီးခဲ့တဲ့ ၂၀၀၆ က ဖြစ်ခဲ့တဲ့ လက်ဘနွန် စစ်ပွဲအတွင်း အစ္စရေးဘက်က ဟဇ်ဘိုလာ တပ်ဖွဲ့တွေကို အဲဒီ လက်နက်တွေ သုံးပြီး တိုက်ခိုက်ခဲ့တဲ့ နောက်ပိုင်းမှာ ကလပ်စ်တာဗုံးတွေမသုံးဖို့ ပိတ်ပင်ခဲ့ကြတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရဆို အစ္စရေးဘက်က သုံးခဲ့တဲ့ ကလပ်စ်တာဗုံးတွေက ဗုံးအငယ်စားတွေရဲ့ ၃၀ ကနေ ၄၀ ရာခိုင်နှုန်းဟာ မပေါက်ကွဲခဲ့ပါဘူး။

အဲဒီ ဗုံးအငယ်လေးတွေဟာ ကလေးကစားစရာနဲ့လည်း တူသလို အရောင်တောက်တောက်တွေ ခြယ်သပေးထားတာကြောင့် ကလေးတွေက ဒါတွေကို မြင်ရင် ကောက်ယူ ကစားတတ်ကြပါတယ်။ အဲဒါကြောင့်ပဲ စစ်ပွဲပြီးဆုံးပြီး နောက်ပိုင်းမှာ ဒီလို ဗုံးတွေကြောင့် လူ ၂၀ သေဆုံးခဲ့ပြီး ၁၉၅ ယောက် ဒဏ်ရာရခဲ့ပြီး ဖြစ်ပါတယ်။