ကလပ်စတာဗုံး - ကန်က ယူကရိန်းကို ပို့မယ့် ဒီဗုံးတွေအရေး စိတ်ထင့်မှုတွေတိုး

ကလပ်စတာဗုံးအကြွင်းအကျန်တစ်ခုကို ယူကရိန်းနိုင်ငံထဲမှာ ၂၀၂၃ ခုနှစ်၊ ဧပြီလတုန်းက မြင်တွေ့ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကလပ်စတာဗုံးအကြွင်းအကျန်တစ်ခုကို ယူကရိန်းနိုင်ငံထဲမှာ ၂၀၂၃ ခုနှစ်၊ ဧပြီလတုန်းက မြင်တွေ့ရတာဖြစ်ပါတယ်။
    • ရေးသားသူ, ကတ်သရင်း အမ်းစတောင်း နဲ့ အန်တွိုင်း ရက်ဖော့
    • ရာထူးတာဝန်, ဘီဘီစီသတင်း

အမေရိကန်မဟာမိတ်နိုင်ငံတွေဟာ ယူကရိန်းနိုင်ငံကို ကလပ်စတာဗုံးတွေကို ပေးပို့ကူညီမယ့် ဝါရှင်တန်အစိုးရရဲ့ဆုံးဖြတ်ချက်ကို စိတ်ထင့်နေကြတဲ့သဘောထား ထုတ်ပြလာကြပါတယ်။

အငြင်းပွားဖွယ်ရာ ဒီဗုံးတွေကို ယူကရိန်းကို ပို့မယ်ဆိုတဲ့အကြောင်း အမေရိကန်က သောကြာနေ့မှာ အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ''ဒါဟာ ခက်ခက်ခဲခဲ ချခဲ့ရတဲ့ဆုံးဖြတ်ချက်''လို့ ပြောပါတယ်။

ဒါကို တုံ့ပြန်တဲ့အနေနဲ့ ဗြိတိန်၊ ကနေဒါ၊ နယူဇီလန်နဲ့ စပိန်နိုင်ငံတို့ကလည်း ဒီလက်နက်အသုံးပြုတာကို ကန့်ကွက်တဲ့ အကြောင်း ပြောလာပါတယ်။

အရပ်သားပြည်သူတွေအပေါ်ကျ ရောက်နိုင်တဲ့အန္တရာယ်တွေကြောင့် ကလပ်စတာဗုံးတွေ အသုံးပြုတာကို နိုင်ငံပေါင်း ၁၀၀ ကျော်က တားမြစ်ထားပါတယ်။

အဲဒီဗုံးတွေကနေ ဗုံးအသေးစားလေးတွေ ခွဲထွက်လာပြီး ကျတဲ့နေရာတစ်ဝိုက်မှာရှိတဲ့လူတွေကို သေစေနိုင်ပါတယ်။

မပေါက်တဲ့ဗုံးတွေကလည်း မြေပြင်မှာ နှစ်နဲ့ချီ မပေါက်ကွဲဘဲနေပြီးမှ ထပြီးပေါက်ကွဲတတ်တဲ့အခြေအနေလည်း ရှိနေတတ်ပါတယ်။

မစ္စတာ ဘိုင်ဒန်ကတော့ အမေရိကန်ဒေါ်လာ သန်း ၈၀၀ တန် စစ်ရေးအကူအညီပေးရေးအစီအစဥ်ရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မဟာမိတ်နိုင်ငံတွေနဲ့ စကားပြောဆိုထားပြီးဖြစ်တယ်လို့ စီအန်အန်သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းချိန်မှာ‌ ပြောထားပါတယ်။

သမ္မတကတော့ သူ့အတွက် ဒီဆုံးဖြတ်ချက်ကို ချဖို့ အတော်လေး အချိန်ယူခဲ့ရတယ်လို့ ပြောသလို ''ယူကရိန်းတွေမှာ လက်နက်ခဲယမ်းတွေ ကုန်နေပြီ'' လို့လည်းပြောပါတယ်။

ဒီဆုံဖြတ်ချက်ကို လူ့အခွင့်အရေးအဖွဲ့တွေက မဆိုင်းမတွ ဝေဖန်လာကြသလို နိုင်ငံတကာလွတ်ငြိမ်းအဖွဲ့(Amnesty International) က ဆိုရင် ကလပ်စတာဗုံးတွေဟာ ''ပဋိပက္ခတွေ အဆုံးသတ်ပြီးလို့ ကြာသွားတာတောင် အရပ်သားတွေရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုကြီးတယ်လို့ ဆိုပါတယ်။

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်ကတော့ အမေရိကန်ကနေ ယူကရိန်းကို ပေးပို့မယ့် ကလပ်စ်တာဗုံးတွေဟာ ရုရှား-ယူကရိန်းပဋိပက္ခမှာ ရုရှားဘက်က သုံးနေတဲ့ အလားတူဗုံးတွေထက်စာရင် မပေါက်ကွဲဘဲ ကျန်ရစ်မယ့်နှုန်းနည်းတယ်လို့ သတင်းထောက်တွေကိုပြောပါတယ်။

ဒါပေမဲ့ စနေနေ့မှတော့ အမေရိကန်ရဲ့မဟာမိတ် အနောက်နိုင်ငံအချို့က ဒီဆုံးဖြတ်ချက်ကို‌ ထောက်ခံဖို့ ငြင်းဆိုကြပါတယ်။

အမေရိကန်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး သဘောထားကိုမေးတဲ့အခါ ဗြိတိသျှဝန်ကြီး ရီရှီ ဆူးနက်ခ် က ဗြိတိန်ဟာ ကလပ်စတာ‌ဗုံးတွေကိုအသုံးပြုမှုတားမြစ်ရေးစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ ၁၂၃ နိုင်ငံထဲက တစ်နိုင်ငံဖြစ်တယ်ဆိုတဲ့ အချက်ကို အဓိကထားပြောပါတယ်။

သူ့ရဲ့ အခုမှတ်ချက်တွေဟာ လစ်သူယေးနီးယားနိုင်ငံမှာကျင်းပမယ့် မြောက်အတ္တလန္တိတ်စာချုပ်(နေတိုး)မဟာမိတ်အဖွဲ့ ထိပ်သီးဆွေနွေးပွဲမတိုင်ခင် တနင်္ဂနွေနေ့မှာ ဗြိတိန်ကို ရောက်လာဖို့ရှိတဲ့ သမ္မတ ဘိုင်ဒန်နဲ့ မတွေ့ဆုံခင်မှာ ပြောလိုက်တာဖြစ်ပါတယ်။

'အပြစ်မဲ့လူထုအတွက် ပျက်စီးရာပျက်စီးကြောင်းဖြစ်စေတယ်'

ကလပ်စတာဗုံးတွေ အသုံးပြုမှုရပ်ဆိုင်းရေးစာချုပ်ပေါ်ပေါက်လာရေး အားထုတ်ခဲ့တဲ့နိုင်ငံ‌တွေထဲက တစ်နိုင်ငံဖြစ်တဲ့ နယူးဇီလန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ကတော့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြချက်တွေအရဆိုရင် ဗြိတိန်ဝန်ကြီးချုပ်ရဲ့ မှတ်ချက်ထက် ပိုပြောထားတာကို တွေ့ရပါတယ်။

ဝန်ကြီးချုပ် ခရစ်စ် ဟစ်ကင်စ်ကတော့ ဒီလက်နက်တွေဟာ ''အပြစ်မဲ့အရပ်သားတွေအတွက် ပျက်စီးရာပျက်စီးကြောင်းဖြစ်စေတယ်။ သက်ရောက်မှုကလည်း ကာလအတော်အတန်ရှည်ကြာစေတယ်'' လို့ ပြောပါတယ်။

ယူကရိန်းမှာ ကလပ်စတာဗုံးတွေအသုံးပြုနေတာနဲ့ပတ်သက်ပြီး နယူးဇီလန်ရဲ့ကန့်ကွက်မှုကို အမေရိကန်သမ္မတအိမ်တော် အိမ်ဖြူတော်က သတိထားမိတယ်လို့လည်း သူက ပြောပါတယ်။

စပိန်ကာကွယ်ရေးဝန်ကြီး မာဂါရီတာ ရိုဘယ်စ်ကလည်း တချို့လက်နက်အမျိုးအစားတွေနဲ့ ဗုံးတွေဟာ ယူကရိန်းကို ပို့လို့မဖြစ်ဘူးဆိုတဲ့ ရပ်တည်ချက်အတိုင်း ခိုင်ခိုင်မာမာရပ်တည်နေတယ်လို့ ပြောပါတယ်။

'' ကလပ်စတာဗုံးတွေကို ဆိုရင်တော့ မထောက်ခံပါဘူး။ ယူကရိန်းရဲ့ ခုခံပိုင်ခွင့်ကိုတော့ ထောက်ခံတယ်။ ဒါပေမဲ့ ဒီနေရာမှာ ကလပ်စတာဗုံးတွေသုံးပြီး မလုပ်သင့်ဘူးလို့တော့ ကျွန်မတို့ နားလည်ထားတယ်''လို့ ပြောပါတယ်

ဗီဒီယို ပုံစာ, အမေရိကန်စစ်တပ်က သရုပ်ပြတဲ့ ကလပ်စတာဗုံးပေါက်ကွဲပုံ

ကနေဒါအစိုးရကလည်း တစ်ခါတလေမှာ နှစ်ပေါင်းများစွာတိုင်တဲ့အထိ မပေါက်ကွဲဘဲ ရှိ‌နေတတ်တဲ့ ဒီဗုံးတွေရဲ့ ဖြစ်လာနိုင်တဲ့ရိုက်ခတ်မှုနဲ့ ကလေးတွေအပေါ် စိုးရိမ်ချက်ကို ထောက်ပြပြောဆိုပါတယ်။

ကလပ်စတာ‌ဗုံးတွေအသုံးပြုတာကို ဆန့်ကျင်သလို အဲဒီဗုံးအသုံးမပြုရေးသဘောတူညီချက်ကို ပြည့်ပြည့်ဝဝဆက်လက်လိုက်နာမယ်လို့ ပြောပါတယ်။

''(ဒီဗုံးအသုံးမပြုရေး) အားလုံးလိုက်နာလာစေဖို့ အားပေးတဲ့အနေနဲ့ ကျွန်ုပ်တို့ဟာ သဘောတူညီချက်အရ လိုက်နာရမယ့်ကိစ္စတွေကို အလေးအနက်ထားတယ်'' လို့ ထုတ်ပြန်ပြောဆိုပါတယ်။

အမေရိကန်၊ ယူကရိန်းနဲ့ ရုရှားတို့ဟာ ဒီသဘောတူညီချက်မှာ လက်မှတ်မရေးထိုးထားသလို ရုရှာရော၊ ယူကရိန်းဘက်ကပါ စစ်ပွဲအတွင်းမှာ ကလပ်စတာ‌ဗုံးတွေကို သုံးထားပြီးဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ သဘောတူညီချက်မှာ လက်မှတ်ထိုးတားတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဂျာမနီကတော့ ယူကရိန်းကို ဒီလိုလက်နက်တွေ ထောက်ပံ့မှာမဟုတ်ပေမဲ့ အမေရိကန်ရဲ့ ရပ်တည်ချက်ကို နားလည်တဲ့ အကြောင်းပြောထားပါတယ်။

'ကျွန်တော်တို့ရဲ့မိတ်ဆွေ အမေရိကန်လုပ်ဖော်ကိုင်ဖက်တွေဟာ ဒီလိုလက်နက်ခဲယမ်းတွေကို ထောက်ပံ့ဖို့ ပေါ့ပေါ့တွေးပြီး ဆုံးဖြတ်ခဲ့မှာမဟုတ်ဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်''လို့ ဂျာမနီအစိုးရ ပြောခွင့်ရက ဘာလင်မြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ယူကရိန်း ကာကွယ်ရေးဝန်ကြီးကတော့ ကလက်စ်တာဗုံးတွေကို မြို့ပြဒေသတွေမှာ အသုံးပြုမှာမဟုတ်ဘဲ ရန်သူ့ကာကွယ်ရေးစည်းတွေကို ကျော်ဖြတ်တဲ့နေရာမှာသာ အသုံးပြုမယ်လို့ ပြောပါတယ်။

Graphic of cluster munition
ဓာတ်ပုံ ပုံစာ, ကလပ်စတာ‌ဗုံးပေါက်ကွဲပျံ့နှံ့ပုံ ဂရပ်ဖစ်

မစ္စတာဘိုင်ဒန်ရဲ့ အခုဆုံးဖြတ်ချက်ဟာ မပေါက်ကွဲနှုန်း ၁ ရာခိုင်နှုန်းရှိတဲ့ကလပ်စတာ‌ဗုံးတွေကို ထုတ်လုပ်၊ သုံးစွဲ၊ လွှဲပြောင်းမှုကို ကန့်သတ်တဲ့ အမေရိကန်ဥပဒေကို ကျော်လွန်နိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး မစ္စတာ ဆူလီဗန်ကတော့ အမေရိကန်ရဲ့ ကလပ်စတာ‌ဗုံးတွေဟာ မပေါက်ကွဲနှုန်း ၂.၅ ရာခိုင်နှုန်းထက် နည်းပြီး ရုရှားဗုံးတွေကတော့ ၃၀-၄၀ ရာခိုင်နှုန်းကြားရှိနေတယ်လို့ ပြောပါတယ်။

ကလပ်စတာ‌ဗုံး အသုံးပြုမှုတားမြစ်ရေးကို လှုံ့ဆော်နေတဲ့ အမေရိကန်အခြေစိုက် မဟာမိတ်အဖွဲ့ The US Cluster Munition Coalition ကတော့ ''ဒီနေ့ကာလအတွက် တင်မဟုတ်ဘဲ လာမယ့်ဆယ်စုနှစ်တွေအထိ ထိခိုက်ခံစားရမှုကို ဆောင်ကျဥ်းလာလိမ့်မယ်''လို့ ကလပ်စတာ‌ဗုံး အန္တရာယ်ကို သတိပေးပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး ကိုယ်စားလှယ်တစ်ဦးကလည်း ''ဒီလိုလက်နက်တွေအသုံးပြုတာဟာ ချက်ချင်းရပ် တန့်ပြီး ဘယ်နေရာမှာမှ အသုံးမပြုသင့်ပါဘူး''လို့ ပြောပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရကတော့ အခုလုပ်ရပ်ဟာ ''ကြံမိကြံရာလုပ်တဲ့လုပ်ရပ်'' လို့ပြောပြီး ''ယူကရိန်းဘက်က ထုတ်ထုတ်ပြောနေတဲ့ 'တန်ပြန်ထိုးစစ်' ကျဆုံးမှုရဲ့ ပြယုဂ်'' လို့ ဝေဖန်ပြောဆိုပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မာရီယာ ဇာခါရိုဗာကတော့ ကလက်စ်တာဗုံးတွေကို ဘယ်မှာ သုံးမယ်ဆိုတဲ့ အာမခံချက်တွေဟာ ယုံကြည်စရာမရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လတုန်းက စတင်တဲ့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ဟာ အရှေ့ပိုင်းက ဒွန်းညက်စ်နဲ့ အရှေ့တောင်ပိုင်းက ဇာပေါ်ဇာဇီယာဒေသတွေမှာ ဖြစ်ပွားနေပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တုန်းကတော့ ယူကရိန်းကာကွယ်ရေးဦးစီးချုပ်က လက်နက်မလုံလောက်လို့ ထိုးစစ်ဟာ ထင်သလောက် ခရီးမပေါက်ဖြစ်နေတယ်လို့ပြောထားပါတယ်။ အနောက်နိုင်ငံတွေက ပေးမယ်လို့ ပြောထားတဲ့ လက်နက်တွေ နှောင့်နှေးနေတာကိုလည်း သူက ထောက်ပြပြောဆိုထားပါတယ်။

ယူကရိန်းသမ္မတ ဗလော်ဒီမာ ဇလန်းစကီးကတော့ အမေရိကန်သမ္မတရဲ့ လိုအပ်တဲ့အကူအညီကို အချိန်နဲ့တပြေးညီ ပြည့်ပြည့်စုံစုံပေးတဲ့ စစ်ရေးအကူအညီကို ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။

line