ယူနန်၊ မန္တလေး၊ ဂျိန်းဖော ရှမ်း၊ ကျောက်စိမ်းနဲ့ တရုတ်မြီးရှေ

- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
- ဖတ်ရန်အချိန်: မိနစ် ၁၉
မြန်မာပြည်ရဲ့ အရှေ့မြောက် အိမ်နီးချင်း နိုင်ငံကြီး ဖြစ်တဲ့ တရုတ်ပြည်ရဲ့ အနောက်တောင်စွန်းက ယူနန်ပြည်နယ်ဟာ မြန်မာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တခုတည်းသော တရုတ်ပြည်နယ် ဖြစ်ပါတယ်။ နယ်ချင်းဆက်စပ်နေသလို နှစ်ဘက်နယ်စပ်တကြောမှာ နေထိုင်ကြတဲ့ ရှမ်း၊ ဂျိန်းဖော၊ ဝ၊ လီဆူ၊ လားဟူ၊ မြောင်၊ ပန်းသေး စတဲ့ တောင်ပေါ်လူမျိုးစုတွေ တူညီနီးစပ်မှုတွေကြောင့်လည်း ယူနန်ဟာ မြန်မာ့အရှေ့မြောက်နဲ့ မြောက်ပိုင်း လူမျိုးစုနိုင်ငံရေးမှာ အရေးကြီးတဲ့ လွှမ်းမိုးမှုကို နှစ်ထောင်ချီ ရရှိခဲ့ပါတယ်။
တရုတ်-မြန်မာ နယ်စပ်ကူးသန်းရောင်းဝယ်ရေးမှာ အရေးပါတဲ့ ကျောက်စိမ်း၊ ပိုးချည်၊ ဝါဂွမ်း၊ ဘိန်း၊ လက်ဖက်နဲ့ တခြားကုန်စည်ကူးသန်းမှုအပေါ် မူတည်ပြီး ယူနန်က တရုတ်မျိုးနွယ်စုတွေ မြန်မာပြည် မြောက်ပိုင်းနဲ့ ရှမ်းကုန်းမြင့်မှာ အခြေချနေထိုင်ခဲ့ကြတာကလည်း ရာစုနှစ်တွေနဲ့ချီ ကြာညောင်းခဲ့ပါတယ်။ တောင်ပေါ်တရုတ်လို့ ခေါ်တဲ့ ဒီယူနန်နွယ်ဖွားတွေဟာ ဟောင်ကောင်၊ ပီနန်စတဲ့ ရေကြောင်းက လာတဲ့ တောင်ပိုင်းတရုတ်မျိုးနွယ်တွေလိုပဲ မြန်မာပြည် စီးပွားရေး၊ လူမှုရေးမှာ အရေးကြီးတဲ့နေရာက ပါဝင်ခဲ့ကြောင်း တရုတ်ဗေဒပညာရှင်တွေက သုံးသပ်ကြပါတယ်။
ဒီ ယူနန်တရုတ်အနွယ်တွေရဲ့ ၁၉ နဲ့ ၂၀ ရာစုနှစ်တွေက ဘုံကျောင်းနဲ့ ဘုရားကျောင်းကန်အလှူတွေကို မြန်မာပြည်မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ ခုထိ တွေ့နိုင်သလိုပဲ ယူနန်မှာလည်း မြန်မာပြန် တရုတ်မျိုးနွယ်တွေရဲ့ ရှေးဟောင်းအဆောက်အအုံတွေ ခုထိ ကျန်ရစ်ပြီး ကမ္ဘာလှည့် ခရီးသွားတွေအတွက် ကြည့်စရာ ဖြစ်နေပါတယ်။
အနောက်တောင် ပိုးလမ်းမက ပဒေသာလူမျိုးစုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်ပြည် အနောက်တောင်စွန်း၊ တိမ်တွေရဲ့ တောင်ဘက်လို့ အဓိပ္ပာယ်ရတဲ့ ယူနန်ကနေ မြန်မာပြည်မြောက်ပိုင်းကို ဖြတ်ပြီး အိန္ဒိယအရှေ့မြောက်ထိ ကျယ်ပြောတဲ့ ဟိမဝန္တာတောင်ခြေနဲ့ တိဘက်ကုန်းပြင်မြင့်ရဲ့ အောက်စွယ်ဒေသတွေဟာ ယန်စီ၊ မဲခေါင်၊ သံလွင်၊ ဧရာဝတီ-ချင်းတွင်းနဲ့ ဗြဟ္မပုတြမြစ်ကြီးတွေ အစပြု စီးဆင်းရာ ရေဝေရေလဲ ဒေသကြီး ဖြစ်ပြီး အဲဒီပတ်လည်နယ်မြေကြီးမှာ နေထိုင်ကြတဲ့ တိဘက်-မြန်မာ၊ မွန်-ခမာနဲ့ ထိုင်း-တရုတ်အနွယ်ဝင် မျိုးနွယ်စုတွေကိုလည်း အထက်မြန်မာပြည် တနံတလျားမှာ တွေ့ရပါတယ်။ ကချင်၊ ရှမ်း၊ လီဆူ၊ ပလောင်၊ ဝ၊ မြောင် (မြောင်ဇီး) နဲ့ ပန်းသေး၊ လားဟူစတဲ့ မျိုးနွယ်စုတွေကို တရုတ်နဲ့ မြန်မာ နှစ်ဘက်လုံးမှာ တွေ့ရပြီး အပြန်အလှန် ဆက်သွယ်ကူးသန်းမှုတွေလည်း ကနေ့ထက်တိုင် ရှိပါတယ်။
အရင် နှစ် ၂၀၀၀ အတွင်း ယူနန်နဲ့ မြန်မာပြည်မြောက်ပိုင်းမှာ တည်ထောင်ခဲ့ကြတဲ့ နန်ချောင်နဲ့ ပျူနိုင်ငံ၊ ပုဂံနိုင်ငံ၊ မောရှမ်းနိုင်ငံ၊ ပင်းယ-အင်းဝနိုင်ငံတွေဟာ ရှမ်းကုန်းမြင့်နဲ့ မြောက်တလွှားက သီပေါ၊ ကလေး၊ မိုးနဲ စတဲ့ ရှမ်းပြည်နိုင်ငံတွေနဲ့အတူ ရာစုနှစ်တွေချီတဲ့ ကုန်သွယ်ရေးလမ်းကြောင်း ဆက်ဆံရေးနဲ့အတူ အင်အားပြိုင်မှုတွေ ရှိခဲ့ကြပြီး မွန်ဂိုနဲ့ တရုတ်လွှမ်းမိုးမှုတွေကိုလည်း ကြုံခဲ့ရပါတယ်။ အနောက်တောင်ပိုးလမ်းမလို့ သိကြတဲ့ တရုတ်ပြည်အနောက်တောင်ပိုင်းကနေ မြန်မာပြည်မြောက်ပိုင်းကို ဖြတ်ပြီး အိန္ဒိယအရှေ့မြောက်နဲ့ အရှေ့ပိုင်းကို သွားတဲ့လမ်းကြောင်းပေါ်က နိုင်ငံတွေဟာ အိန္ဒိယက လာတဲ့ ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူယဉ်ကျေးမှုတွေကို လက်ခံရရှိသလို တရုတ်ယဉ်ကျေးမှုနဲ့လည်း ထုံမွှမ်းခဲ့ကြပါတယ်။
တောင်ငူနဲ့ ကုန်းဘောင်ခေတ် မြန်မာပဒေသရာဇ်မင်းတွေကို ပဏ္ဏာလက်ဆောင်ဆက်ရတဲ့ ကိုင်းမား၊ စန္ဒား၊ မိုးဝန်း၊ မိုးနား၊ ဟိုသာ၊ လသာ၊ မိုင်းမော၊ စည်ခွင်စတဲ့ မောရှမ်းစော်ဘွားနယ်တွေဟာလည်း ယူနန်ထဲက တရုတ်ရှမ်းစော်ဘွားနယ်တွေ ဖြစ်ကြပြီး အင်းဝမြို့မှာ ကိုင်းမားတံခါး၊ ကိုင်းမားရပ်လို့ အထင်အရှား ကျန်ခဲ့ပါတယ်။ မြန်မာပြည် မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက ကချင်နဲ့ ရှမ်းနယ်မြေတွေမှာ တရုတ်အာဏာစက်လွှမ်းခဲ့တဲ့အချိန်တွေလည်း ရှိခဲ့ပြီး နယ်စပ်အကြီးအကဲတွေမှာ တရုတ်ဝတ်စုံ၊ မြန်မာဝတ်စုံ အဆောင်အယောင်တွေ ရှိခဲ့တဲ့ခေတ်တွေ ဖြစ်ပါတယ်။ တောင်ငူ-မင်မင်းဆက် စစ်ပွဲများခေတ် ၁၆ ရာစုနှောင်းပိုင်း ဗန်းမော်မှာ တရုတ်မြို့စောင့်တပ် ရှိခဲ့ကြောင်း ကိုလိုနီခေတ် မြန်မာပြည် တရုတ်များ စာအုပ်မှာ သမိုင်းပညာရှင် ယီလိက ရေးပါတယ်။
ဒီလိုနဲ့ ညောင်ရမ်းခေတ်မှာ မင်မင်းဆက် နောက်ဆုံးဘုရင် ရုံလီ မြန်မာပြည်မှာ လာရောက်ခိုလှုံလို့ မန်ချူးတရုတ်က ပြန်တောင်းရာကနေ စစ်ဖြစ်ခဲ့သလို ကုန်းဘောင်ခေတ် ဆင်ဖြူရှင်လက်ထက်မှာလည်း တရုတ်-မြန်မာစစ်ပွဲ လေးကြိမ်ဖြစ်ပွားပြီး ငြိမ်းချမ်းရေး ယူခဲ့ကြရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နဲ့ မြန်မာ ခေတ်အဆက်ဆက် နယ်ခြားဒေသမှာ အသွားအလာ ခက်ခဲပြီး စွန့်စားသွားခဲ့ရပေမယ့် မြန်မာပြည် မြောက်ပိုင်းနဲ့ အရှေ့ပိုင်း ကုန်းမြင့်တောင်တန်းတွေက ထွက်ရှိတဲ့ ကျောက်စိမ်း၊ ပယင်း၊ ဘော်နဲ့ ငွေသတ္တုဟာလည်း ယူနန်ကတဆင့် တရုတ်ပြည်အနှံ့ သုံးစွဲကြတဲ့ သတ္တုတွင်းထွက်တွေ ဖြစ်ကြပါတယ်။ တရုတ်ယဉ်ကျေးမှုမှာ အင်မတန် အရေးကြီးတဲ့ ကျောက်စိမ်းဟာ ဘုရင်ဧကရာဇ်တွေကနေ သာမန်ပြည်သူတွေထိ အမြတ်တနိုးသုံးစွဲကြတဲ့ ကျောက်မျက်ရတနာတပါး ဖြစ်ပေမယ့် အများအပြားထွက်ရှိတဲ့ မြန်မာပြည်မြောက်ပိုင်းထက် တရုတ်ပြည်မှာ ပိုပြီး လူကြိုက်များပါတယ်။ ဒါကြောင့် မင်မင်းဆက်နှောင်းပိုင်းခေတ်ကတည်းက မိုးကောင်းကျောက်တွင်းတွေမှာ ကျောက်စိမ်းကို အများအပြား တူးဖော်ပြီး ဗန်းမော်ကတဆင့် ယူနန်နယ် ထိန်ချုံးကို ယူဆောင်ကာ အချောကိုင်ကြကြောင်း ဝမ်ကျဲ့နန်နဲ့ ဝမ်ချွန်ကျန်းတို့ရဲ့ တရုတ်-မြန်မာချစ်ကြည်ရေး နှစ်ပေါင်းနှစ်ထောင် စာအုပ်မှာ ပါပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကွမ်းရွှီဧကရာဇ်ခေတ်နှောင်း မြန်မာပြည်ရောက် တရုတ်ကုန်သည် တသိန်းကျော် ရှိကြောင်း မန်ချူးအစိုးရရဲ့ ပြည်ပရေးရာဌာနက ခန့်မှန်းပါတယ်။ အများဆုံးက ယူနန်တရုတ်တွေ ဖြစ်ပြီး အင်းဝမှာ ရှိတဲ့ တရုတ်ကုန်သည် ရှစ်သောင်းလောက်ထဲမှာ ယူနန်သုံးသောင်းကျော်တယ်လို့ ဆိုပါတယ်။ အင်းဝနေပြည်တော်အပြင် လားရှိုး၊ သီပေါ၊ မိုးကုတ်၊ မြင်းခြံ၊ ပြည်၊ ရန်ကုန်ထိ နေရာစုံမှာ နေထိုင်ကြတဲ့ တရုတ်မျိုးနွယ်တွေ ဖြစ်ပြီး ယူနန်တွေက မြေယာ၊ သစ်နဲ့ ကျောက်လုပ်ငန်းလုပ်ကြတယ်လို့ ဆိုပါတယ်။ တရုတ်မျိုးနွယ်တွေ ဆောက်လုပ်လှူဒါန်းခဲ့ကြတဲ့ ဘုံကျောင်းကြီးတွေလည်း အမရပူရ၊ ဗန်းမော်၊ ရန်ကုန်၊ ပုသိမ်နဲ့ မြိတ်မြို့တွေမှာ ၁၈-၁၉ ရာစုနှစ်တွေကတည်းက အထင်အရှား တည်ရှိခဲ့ပါတယ်။
မြန်မာပြည်သွား ယူနန်တရုတ်ရွာကြီးများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာပြည်ဖွား ယူနန်မျိုးနွယ်တွေ အဓိကလာတဲ့ ရွာကြီးနှစ်ရွာက ထိန်ချုံးခေါ် မိုးမြင်းမြို့နားမှာ ရှိပြီး ဟော်ရွှင်နဲ့ ယိလောလို့ သိကြပါတယ်။ နဝတ စစ်အစိုးရခေတ်က ကျန်းမာရေးဝန်ကြီးအဖြစ် နှစ်ရှည် တာဝန်ယူခဲ့တဲ့ ပါမောက္ခ ဦးကျော်မြင့်ဟာ ဟော်ရွှင်ရွာက ယင်းမိသားစုအဆက်အနွယ်ဖြစ်ပြီး ကနေ့ထိ သူတို့ဆွေမျိုးစုတွေရဲ့ ဘုံကျောင်းနဲ့ လမ်းနေရာတွေ အထင်ကရ ကျန်ရစ်ခဲ့ပါတယ်။ ယိလောရွာသားတွေထဲက မြန်မာပြည်မှာ အထင်ရှားဆုံးတယောက်ကတော့ မန္တလေးမြို့ ရွှေအင်ပင်ကျောင်းဒကာ ဦးစက်ရွှင်ဖြစ်ပြီး ယိလောမှာတော့ လီရှင်းဟော်အဖြစ် သိကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တခါ တရုတ်-မြန်မာချစ်ကြည်ရေး နှစ်ပေါင်းနှစ်ထောင် စာအုပ်အလိုအရ မန္တလေးနေပြည်တော်ကို ပုံစံထုတ် တည်ဆောက်ပေးတဲ့ ယီယုန်ဟာ ဟော်ရွှင်ရွာက ကျုံးထျန်းဘုံကျောင်းပုံကို ယူပြီး မန္တလေးမှာ ယူနန်ဘုံကျောင်း ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ ပုဂံ၊ မင်းတုန်းစတဲ့ မြန်မာမင်းလေးဆက် မင်းဆရာ ဖြစ်ခဲ့တဲ့ ယီယုန်ကို ဦးဆားဆိုတဲ့ နာမည်နဲ့ မြန်မာပြည်မှာ သိကြပြီး နတ်ပြည်မှာ သိကြား၊ လူ့ပြည်မှာ ဦးဆား ဆိုတဲ့ စာချိုး ရှိခဲ့ကြောင်း ဟော်ရွှင်ရွာ ရေကန်ဘေးက စင်္ကြံလမ်းမှာ ကမ္ပည်းထိုးထားခဲ့ပါတယ်။ ဟော်ရွှင်က ထွက်သွားပြီး မြန်မာပြည်မှာ ကြီးပွားကြတဲ့ တရုတ်နွယ်ဖွား ကျောက်စိမ်းသူဌေးတွေ၊ ဆွန်ယက်ဆင်ရဲ့ တရုတ်တော်လှန်ရေးမှာ အားပေးကူညီသူတွေအကြောင်းကိုလည်း ဟော်ရွှင်ရေကန်ဘေးမှာ ကျောက်စာမှတ်တမ်းတွေ ရေးထွင်းထားပါတယ်။
ထိန်ချုံးဆက်ထဲက မြန်မာပြည်မှာ သွားပြီး ကြီးပွားကြသူတွေထဲမှာ အာရှရဲ့ ငြိမ်းချမ်းရေးဆုအဖြစ် ထင်ရှားတဲ့ ရေမွန်မက်ဆေးဆေးဆုရ သတင်းစာဆရာဦးလောရုံနဲ့ သမီး စာရေးဆရာမ ဝင်ဒီလောရုံတို့လည်း ပါပါတယ်။ ထိန်ချုံးသား တရုတ်ဖခင်နဲ့ ကာမိုင်းသူ ရှမ်းမိခင်က မွေးတဲ့ ဦးလောရုံဟာ မြန်မာပြည် သတင်းစာလောကမှာသာမက ဦးနုရဲ့ ပြည်ချစ်တော်လှန်ရေးထိ ပါဝင်ပတ်သက်ခဲ့တဲ့ တရုတ်-မြန်မာနွယ်ဖွား ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာပြည်နဲ့ အရှေ့တောင်အာရှမှာ ကြီးပွားဖို့ ဟော်ရွှင်က ထွက်သွားကြတဲ့ တရုတ်နွယ်ဖွားတွေအတွက် မိသားစုက မသွားခင်မှာ ကောက်ညှင်းမုန့်ခြောက်၊ ကြက်ဥကြော်နဲ့ ဆန်အရက်ချို ၊ ပဲပြားမျှင် စတာတွေ ပါတဲ့ ရိုးရာအချိုပွဲကို လုပ်ကျွေးလေ့ရှိကြောင်းလည်း ဓာတ်ပုံဆရာ မောင်ဘဦးက ရေးသားပါတယ်။ အဲဒီဓလေ့ဟာ ခုထိ တရုတ်နှစ်ကူးစာဖွယ်တမျိုးအဖြစ် မန္တလေးရောက် ယူနန်နွယ်ဖွားတွေကြားမှာ ကျန်နေခဲ့ပါတယ်။ တခါ ထိန်ချုံးသားတွေကြား ပုံး၊ ချိုင့်၊ ဆပ်ပြာ၊ မတ်ခွက်၊ ဒုက္ခ စတဲ့ မြန်မာစကား အများအပြား သုံးစွဲနေကြဆဲ ဖြစ်ကြောင်း ဖိုးသံ (လူထု) ရဲ့ တော်ရာမှာပျော်အောင်နေရတယ် ဆောင်းပါးမှာ ပါရှိပါတယ်။ ကျောက်ကွမ်တယ်ဆိုတဲ့ စကားအပြင် ဗမာပြည် ကျောက်စိမ်းလောက ကအသုံးအနှုန်းတွေဟာလည်း တရုတ်စကားနဲ့ ထိန်ချုံး ဒေသိယစကားတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ယူနန်အနွယ်တွေ မြန်မာပြည်ဘက်သွားပြီး လုပ်ကိုင်စားသောက်ကြသလိုပဲ ၁၈၈၅ မြန်မာပြည်ကို ဗြိတိသျှသိမ်းပိုက်ချိန်မှာ ပုန်ကန်ထကြွကြတဲ့ မင်းသားနဲ့ စော်ဘွားတွေ ယူနန်မှာ လာပြီး ခိုလှုံကြပါတယ်။ ဒီထဲမှာ ယူနန်မှာပဲ ခေါင်းချသွားတဲ့ မက္ခရာ စောရန်ပိုင်နဲ့ မြန်မာပြည်ကို ပြန်ပြီး တောင်ကြီးမှာ အသက် ၁၀၃ နှစ်မှ အနိစ္စရောက်တဲ့ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်တို့ ထင်ရှားပါတယ်။ ၁၉၈၉ ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲပြီးနောက် ယူနန်နဲ့ တရုတ်ပြည်ထဲမှာ မြန်မာကွန်မြူနစ်အများအပြား အခြေချနေထိုင်ကြပြီး ဒီမှာပဲ ခေါင်းချသွားကြတဲ့ ကွန်မြူနစ်ခေါင်းဆောင်တွေထဲ ဥက္ကဋ္ဌ သခင်ဗသိန်းတင်၊ ဒုတိယဥက္ကဋ္ဌ ရဲဘော်ခင်မောင်ကြီး၊ အထွေထွေအတွင်းရေးမှူး ရဲဘော်ထွန်းနဲ့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောတို့ အထူးထင်ရှားပါတယ်။
တရုတ်ထိပ်တန်း ခရီးသွား ရှေးဟောင်း ဟော်ရွှင်ရွာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျပန်ခုခံရေးစစ်မှာ နာမည်ကြီးတဲ့ တရုတ်-ဗမာလမ်းမကြီးနဲ့ မဝေးလှတဲ့ ယူနန်ပြည်နယ် ထိန်ချုံးမြို့နားက ဟော်ရွှင်ရွာကို ပြည်တွင်းပြည်ပ ခရီးသွားတွေ အလာများပါတယ်။
တရုတ်ပြည်တလွှားမှာ အများအပြားတွေ့ရတဲ့ ရှေးဟောင်းရွာလေးတွေနဲ့မတူဘဲ ဟော်ရွှင် နာမည်ကြီးရတဲ့ အကြောင်းထဲမှာ မြန်မာနဲ့ အာရှနိုင်ငံတွေမှာ သွားရောက်လုပ်ကိုင်ကြတဲ့ ပင်လယ်ရပ်ခြား ယူနန်တရုတ်မျိုးနွယ်စုတွေရဲ့ အိမ်ဟောင်းတွေနဲ့ ဘုံကျောင်းလက်ရာတွေ အများအပြား ကျန်နေသေးလို့ ဖြစ်ပါတယ်။ တချိန်က တရုတ်ပြည်အနောက်တောင်ပိုင်း ဝေးလံပြီး ခေတ်နောက်ကျတဲ့ ထိန်ချုံးဒေသက ရွာလေးမှာ ပန်းသေးသူပုန်ထမှု၊ ပြည်တွင်းစစ်၊ ဆင်းရဲငတ်မွတ်မှု စတဲ့ ဘေးပေါင်းစုံကြောင့် ရွာသားတွေ စွန့်ခွာပြီး မြန်မာပြည်မှာ အလုပ်သွားလုပ်ခဲ့ကြရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉ ရာစု ကိုလိုနီစနစ်အောက် ကျရောက်သွားတဲ့ မြန်မာပြည်မှာ ဒီလိုအလုပ်သွားလုပ်ရာက ခေတ်မီ ဗြိတိသျှပညာရေးနဲ့ ကြုံရတဲ့အတွက် ယူနန်နွယ်ဖွားတွေ ပညာရေး ကောင်းကောင်းရခဲ့ပြီး ကိုလိုနီအရင်းရှင်စီးပွားရေးကို အမှီပြုကာ အမြတ်အစွန်းကြီးလာခဲ့ပါတယ်။ ဒီရလာတဲ့ ပညာရေး စီးပွားရေး အမြတ်အစွန်းတွေကို ဇာတိရွာက လူငယ်မျိုးဆက်သစ်တွေရဲ့ ပညာရေးမှာ ရင်းနှီးမြှုပ်နှံပြီး ရွာကို တိုးတက်အောင် ဟော်ရွှင်သားတွေ ကြိုးစားခဲ့ကြပါတယ်။ ဒီခေတ်လက်ရာ စာသင်ကျောင်း၊ စာကြည့်တိုက်၊ ဘုံကျောင်းနဲ့ အိမ်ဟောင်းတွေကို ခုထိ မပျက်မစီးရအောင် ထိန်းသိမ်းထားတဲ့အတွက် တရုတ်ခရီးသွားလုပ်ငန်းမှာ ကျော်ကြားခဲ့ပါတယ်။
မြန်မာပြည်ရောက် ယူနန်နွယ်ဖွားတွေဟာ တခြားတောင်ပိုင်းတရုတ်နွယ်ဖွားတွေလိုပဲ ပြည်မကြီးရဲ့ နိုင်ငံရေးအပြောင်းအလဲတွေမှာ စိတ်အားထက်သန်ခဲ့ကြလို့ ဒေါက်တာဆွန်ယက်ဆင်ရဲ့ တရုတ်တော်လှန်ရေးနဲ့ မော်စီတုန်းရဲ့ ကွန်မြူနစ်တော်လှန်ရေးတွေမှာ ငွေအား လူအားနဲ့ ကူညီအားဖြည့်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တခါ မြန်မာပြည်မှာ ဗြိတိသျှ-အိန္ဒိယ နဲ့ မြန်မာ ယဉ်ကျေးမှုတွေနဲ့ ယဉ်ပါးလာကြပေမယ့်လည်း တရုတ်ပြည်မှာ ပြန်အခြေချတဲ့ ယူနန်အနွယ်တွေလည်း ရှိပါတယ်။ ဟော်ရွှင်ရွာအဆက်ထဲက မြန်မာပြည်ပေါက် ဂျန်ချီလီယန်းဟာ တရုတ်ပညာရှိစာမေးပွဲ အောင်မြင်ပြီးနောက် မြန်မာပြည်မှာ တရုတ်မန်ချူးအစိုးရရဲ့ ထောက်လှမ်းရေးအဖြစ် ဆောင်ရွက်ခဲ့သလို တရုတ်ပြည် အရှေ့မြောက်နယ်ခြားမှာ တရားသူကြီးအဖြစ် ကွယ်လွန်ခဲ့ပါတယ်။ မြန်မာဟင်းလျာ အချက်အပြုတ်ကောင်းတဲ့ သူ့ရဲ့ မြန်မာဇနီးသည်ကို မြန်မာမရီးအဖြစ် တရုတ်လုပ်ဖော်ကိုင်ဘက်တွေက လေးစားကြကြောင်းလည်း ဒေါက်တာ ယီလိက ရေးပါတယ်။
ရွှေအင်ပင်ကျောင်းဒကာ ယိလောသား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဟော်ရွှင်နဲ့ မဝေးလှတဲ့ ထိန်ချုံးမြို့စွန်က ယိလောရွာလေးမှာ အထူးအဆန်းတွေ့နိုင်တာက မြန်မာပြည်ပေါက် တရုတ်မျိုးနွယ်တွေ အလည်အပတ်လာရောက်ဖို့ မြန်မာဘာသာနဲ့ ရေးထားတဲ့ လမ်းညွှန်ဆိုင်းဘုတ်တွေ ဖြစ်ပါတယ်။ ဟော်ရွှင်လိုပဲ ယိလောမှာလည်း မြန်မာပြည်သွား တရုတ်နွယ်ဖွားတွေရဲ့ အိမ်ကြီးအိမ်ကောင်းတွေနဲ့ သူတို့ ကုသိုလ်ပြု ဆောက်လှူထားတဲ့ ဘုံကျောင်းနဲ့ စာသင်ကျောင်းကြီးတွေကို ထင်ထင်ရှားရှား တွေ့ရဆဲ ဖြစ်ပါတယ်။
ဒီထဲမှာ အထင်ရှားဆုံးက မန္တလေးမြို့ ရွှေအင်ပင် ကျောင်းဒကာ ဦးစက်ရွှင်ခေါ် လီရှင်းဟော်ရဲ့ အိမ် ဖြစ်ပါတယ်။ ဦးစက်ရွှင်ရဲ့ ကုသိုလ်က ရွှေအင်ပင်ကျောင်းဟာ ရှေးမြန်မာ ဘုန်းကြီးကျောင်း အပီသဆုံးနဲ့ စစ်မီးဘေးက ကင်းလွတ်ကျန်ရစ်တဲ့ တခုတည်းသော ကျောင်းကြီး ဖြစ်ကြောင်း လူထုဒေါ်အမာရဲ့ ကျောင်းကြီးရွှေအင်ပင်ဆောင်းပါးမှာ ပါရှိပါတယ်။ အလားတူပဲ ဇာတိရွာမှာ ၁၈၈၉ က ဦးစက်ရွှင် ဆောက်တဲ့ အိမ်ကြီးဟာလည်း ရှေးတရုတ်အိမ်ပီပီသသ ဆောက်ထားတဲ့အိမ်ကြီး ဖြစ်ပြီး ခုထိ မိသားစုမျိုးဆက်တွေ နေထိုင်ကြဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bo Bo BBC Burmese
မြန်မာပြည်မှာ ကျောက်စိမ်းနဲ့ ကြက်ပေါင်စေးခေါ် ရာဘာလုပ်ငန်းနဲ့ ကြီးပွားလာပြီးနောက် ပုဂံမင်းရဲ့ တောင်ဆောင်တော်မိဘုရားတူမနဲ့ လက်ထပ်ခဲ့တဲ့ ဦးစက်ရွှင်ဟာ မန္တလေးမှာ ယူနန်တရုတ်တွေရဲ့ စုရပ်လို ဖြစ်ခဲ့တဲ့ ဒေးဝန်းရပ်ထဲမှာ ၁၈၉၉ မှာ ရွှေအင်ပင်ကျောင်းကြီး ဆောက်လုပ်လှူဒါန်းပါတယ်။ ဦးစက်ရွှင်ရဲ့ မိသားစုထဲမှာ ထင်ရှားသူတွေထဲ ရန်ကုန်တက္ကသိုလ်မှာ မြန်မာထဲက ပထမဆုံး ဒုတိယအဓိပတိဖြစ်တဲ့ သမက် ဒေါက်တာဆက်နဲ့ မြေးသမက် ရဲမင်းကြီး ဦးအောင်ချိန်တို့ ပါဝင်သလို မြစ်ဖြစ်သူ မျက်စိကုပါမောက္ခ ဒေါက်တာသန်းအောင်နဲ့ ဗီအိုအေ ဦးထွန်းအောင်တို့ကိုလည်း လူသိများပါတယ်။
ဦးစက်ရွှင်နဲ့ ဇနီးဒေါ်ဘွားတို့ ကွယ်လွန်တာ အနှစ် ၁ဝဝ ကျော်ခဲ့ပေမယ့် သူတို့ပုံတူ သစ်သားပန်းပုရုပ်တွေကို ရွှေအင်ပင်ကျောင်းကြီးမှာ ခုထိတွေ့နိုင်သလို မိသားစုအုတ်ဂူတွေနဲ့ သင်္ချိုင်းကျောက်စာကိုလည်း ခုထိ ကျောင်းထောင့်တနေရာမှာ ရပ်ကွက်က ထိန်းသိမ်းစောင့်ရှောက်ထားတာကို တွေ့ရပါတယ်။ အမေရိကန်၊ ထိုင်ဝမ်စတဲ့ ကမ္ဘာတလွှားကို ရောက်ရှိနေကြတဲ့ ဦးစက်ရွှင်ရဲ့ မျိုးဆက်တွေဟာလည်း တရုတ်နဲ့ မြန်မာပြည်က မိသားစုနေအိမ်နဲ့ ဂူသင်္ချိုင်းတွေကို လာရောက်လည်ပတ်ပြီး အရိုအသေပြုနေကြဆဲ ဖြစ်ပါတယ်။
ဘုံကျောင်း၊ တရုတ်တန်းခင်လေးနဲ့ မြီးရှေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရာစုနှစ်တွေနဲ့ချီပြီး မြန်မာပြည်နဲ့ အဆက်အသွယ်ပြုခဲ့ကြတဲ့ ယူနန်တရုတ်တွေကြောင့် မန္တလေးတောင်ဘက်က အမရပူရမှာ တရုတ်တန်း ရပ်ကွက်ကြီး ထင်ရှား ကျန်ရစ်ပြီး ဘိုးတော်ဘုရားနဲ့ မိဘုရားခေါင်ကြီး ကြွရောက်ခဲ့တယ်ဆိုတဲ့ ကွမ်ယင်စီဘုံကျောင်းကြီးလည်း ရှိပါတယ်။ ဒီဘုံကျောင်းကြီးမှာ ဗန်းမော်နဲ့ အင်းဝက တရုတ်အမျိုးသားတွေအပြင် ယူနန်နယ် ထိန်ချုံးမြို့က အလှူရှင်တွေရဲ့ နာမည်ကို အများအပြား တွေ့ရကြောင်း မော်ကွန်းမဂ္ဂဇင်းပါ ကျော်ရင်မြင့်ရဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေးမှတ်တိုင်၊ ရှေးအကျဆုံး ဘုရားကျောင်း ဆောင်းပါးမှာဖော်ပြပါတယ်။ တရုတ်ကုန်သည်တွေ လားတကောင်မှာ အုတ်ခဲ သယ်လာပြီး ကုသိုလ်ပြုကြသလို ဘုံကျောင်းအမိုးအုတ်ကြွပ်တွေကို ဗန်းမော်က သယ်လာကြောင်း တရုတ်မှတ်တမ်းက ဖော်ပြပါတယ်။ အဲဒီအချိန်က မြန်မာမင်းနေပြည်မှာ ယူနန်တရုတ်နွယ်ဖွား တသောင်းလောက်ရှိပြီး တရုတ်က ယူလာတဲ့ ပိုးချည်နဲ့ ရက်ကန်းရက်ကြပါတယ်။
အမရပူရ၊ ဗန်းမော် စတဲ့ မြို့ကြီးတွေက ဘုံကျောင်းတွေမှာ မြန်မာပြည်လာပြီး ကျောက်စိမ်းစတဲ့ ကုန်မျိုးစုံ အရောင်းအဝယ်လုပ်ရင်း ကွယ်လွန်ခဲ့တဲ့ တရုတ်အမျိုးသားတွေအတွက် ဝတ်ပြုဆုတောင်းကြသလို အမရပူရ မြောက်ဘက် လက်ရှိ မန္တလေး ဒေးဝန်းရပ် ဧရာဝတီမြစ်ဘေးက ကြင်းတော်ယန်ဘုရားကျောင်းဟာလည်း တောင်ပေါ်က ဆင်းလာတဲ့ တရုတ်ကုန်သည်တွေရဲ့ စုရပ်လို ဖြစ်ခဲ့ပါတယ်။ မန္တလေးမြို့လယ်မှာလည်း ဟော်ရွှင်ဘုံကျောင်း ခုထိ အထင်အရှား ရှိပြီး တရုတ်နှစ်ကူးချိန်မှာ ဟော်ရွှင်အဆက်တွေရဲ့ မိတ်ဆုံစားပွဲတွေ ကျင်းပဆဲဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာပြည်မှာ နေထိုင်တာ အနှစ်ရာချီ ရှိခဲ့ကြတဲ့ မန္တလေး၊ အမရပူရနဲ့ ကချင်၊ ရှမ်းပြည်တလွှားမှာ နေကြတဲ့ ယူနန်တရုတ်အနွယ်တွေနဲ့ ရှမ်း မြန်မာမျိုးနွယ်စုတွေကြားမှာ ဝက်စဥကြော်၊ စွန်ထန်၊ မုန်ညင်းချဉ်၊ မြီးရှေ၊ တည်သီးခြောက်၊ ပဲပုပ်၊ ခေါပုပ်၊ ဆီတိုဟူး၊ နွားနို့ခြောက်၊ ဖီတန် ဆေးဘဲဥ၊ ဝက်ပေါင်ခြောက်၊ ကြာညို့ စတဲ့ ယူနန်ဟင်းလျာစားဖွယ်တွေကို မာလာရှမ်းကောနဲ့ အသားကင်ခေတ်ထိ နှစ်နှစ်ခြိုက်ခြိုက် သုံးဆောင်နေကြဆဲ ဖြစ်ပါတယ်။ ဒီတရုတ်မျိုးနွယ်တွေဟာ အင်းဝ၊ အမရပူရ၊ မန္တလေး စတဲ့ မြန်မာမင်း နေပြည်တော် အပြောင်းအရွှေ့တွေမှာ လိုက်ပါကူးသန်းကြရင်း တရုတ်တန်း ရပ်ကွက်ကြီးတွေကိုလည်း မြို့လယ်တွေမှာ တည်ထားခဲ့ကြပါတယ်။ မြန်မာပြည်တောင်ပိုင်းကို ပင်လယ်ရေကြောင်းက ဝင်လာတဲ့ တခြားတရုတ်မျိုးနွယ်တွေနဲ့ ယူနန်တွေ ပေါင်းဖက်မိသလိုပဲ ဒေသခံ ရှမ်း ကချင် မြန်မာတွေနဲ့လည်း ပွားစည်းခဲ့ကြပါတယ်။ ဘိုးတော်ဘုရားမှာ တရုတ်က ဆက်တဲ့ မိဘုရားသုံးပါး ရှိသလို မင်းတုန်းမင်းသားတော် မက္ခရာမင်းသားကြီးမှာလည်း တရုတ်တန်းခင်လေးဆိုတဲ့ ကိုယ်လုပ်တော်ကြီး အထင်အရှား ရှိခဲ့ပါတယ်။
၂၀ ရာစုဆန်း မြန်မာယဉ်ကျေးမှုမှာ တရုတ်ဗျပ်စောင်းရောက်လာသလို ကိုလိုနီခေတ် မန္တလေးမြို့မအသင်းဖွဲ့စည်းရာမှာလည်း တရုတ်တန်းတဝိုက်က မြို့မငြိမ်း၊ ဦးတော်လုံနဲ့ လူငယ်တွေရဲ့ အင်အားက အဓိကကျခဲ့ပါတယ်။ မြန်မာ့အလင်းသတင်းစာကို ထုတ်ဝေခဲ့တဲ့ ဂျပန်ပြန် ဦးကိုကိုကြီးနဲ့ ရှေးဟောင်းမင်းသုံးပစ္စည်းတွေ အစုအဆောင်းကောင်းလို့ မန္တလေးရုက္ခစိုးဘဏ္ဍာ ဆိုပြီး ဂျာနယ်ကျော်မမလေး စာဖွဲ့ ချီးမွမ်းခဲ့တဲ့ ဦးကိုကိုလတ်တို့ဟာလည်း မန္တလေးတရုတ်တန်းကြီးက မဏ္ဍလာဘုမ္မိစာပုံနှိပ်စက်မိသားစုက ဖြစ်ပါတယ်။
မဲခေါင် သံလွင်ပေါ်က နိုင်ငံရေး စစ်ရေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူနန်ကတဆင့် တရုတ်ပြည်အနောက်ပိုင်း စျေးကွက်ကို ထိုးဖောက်ဖို့ ဗြိတိန်နဲ့ ပြင်သစ် အပြိုင်အဆိုင် ရထားလမ်းဖောက်ဖို့ ကြိုးစားရင်း အထက်မြန်မာပြည်နဲ့ ဗီယက်နမ်မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ လာအိုနိုင်ငံတွေ ကိုလိုနီ ဖြစ်ခဲ့ကြပါတယ်။ တခါ ဒုတိယကမ္ဘာစစ်မှာ ချန်ကေရှိတ် တရုတ်တပ်တွေကို ကူညီဖို့ မြန်မာပြည်ကို ဖြတ်ပြီး ယူနန်ထိ ဗမာပြည် လမ်းမကြီး ဖောက်ရာက ဂျပန်ကျူးကျော်စစ် မြန်မာ့မြေပေါ် ရောက်ခဲ့ပြန်ပါတယ်။
မြန်မာပြည် လွတ်လပ်ရေး ရပြီးနောက် ၁၉၄၉ မှာ တရုတ်ကွန်မြူနစ်အစိုးရတက်လာလို့ ချန်ကေရှိတ်တပ်တွေ ဆုတ်ခွာရာကနေ ယူနန်ကတဆင့် မြန်မာပြည်အရှေ့ပိုင်းကို တရုတ်ဖြူတွေ ဝင်လာလို့ တွန်းလှန်ခဲ့ကြရပါတယ်။ အဲဒီနောက် တရုတ်စေတနာ့ဝန်ထမ်းတပ်တွေ၊ လက်နက် အကူအညီတွေ ရတဲ့ ဗမာပြည်ကွန်မြူနစ်ထိုးစစ်ကြီး ယူနန်ကို အခြေပြုပြီး ၁၉၆၈ မှာ ပေါ်လာခဲ့ပါတယ်။ အဲဒီနောက် ကွန်မြူနစ် ပုန်ကန်မှု ချုပ်ငြိမ်းပြီး မြန်မာပြည် အရှေ့မြောက်ပိုင်းမှာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပွင့်လာပြန်ပါတယ်။
ဒီလိုနဲ့ ခေတ်အဆက်ဆက် ယူနန်သားတွေ မြန်မာပြည်မှာ လာရောက်စီးပွားရှာကြရာမှာ ၂၁ ရာစုခေတ် ကိုဗစ်နဲ့ ကျားဖြန့်ပြဿနာမတိုင်ခင်ကလည်း ယူနန်သားတွေ မြန်မာပြည်ဘက်ကို ဥဒဟိုဝင်ထွက်ပြီး စီးပွားရှာတဲ့ ခေတ်ကောင်းကို ကြုံခဲ့သလို မြန်မာအလုပ်သမားတွေ တရုတ်ပြည်မှာ သွားပြီး လုပ်ကြတဲ့ တခေတ် ဖြစ်ခဲ့ပါတယ်။ မြန်မာနယ်စပ်က မိန်းကလေးတွေကို တရုတ်ပြည်မှာ ဇနီးမယားလုပ်ဖို့ ရောင်းချမှုတွေကိုလည်း လူကုန်ကူးမှုအဖြစ် နှိမ်နင်းနေရဆဲ ဖြစ်သလို မူးယစ်ဆေးမျိုးစုံရဲ့ ပြဿနာကို ရွှေတြိဂံခေတ်ကနေ ခုထိ တရုတ်-မြန်မာနယ်စပ်မှာ ကြုံနေရဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တခါ ၁၀၂၇ ဆိုပြီး ရှမ်းပြည်မြောက်ပိုင်းက လူမျိုးစုလက်နက်ကိုင်တွေရဲ့ နယ်မြေသိမ်းပိုက်မှုကြီးမှာလည်း လားရှိုး၊ ကျောက်မဲ စတဲ့ မြို့ကြီးတွေ ကျဆုံးခဲ့ပြီး ဒီသိမ်းပိုက်မှုကြောင့်ပဲ တရုတ်၊ မြန်မာစစ်ကောင်စီနဲ့ လူမျိုးစုလက်နက်ကိုင်တွေကြား နိုင်ငံရေး စစ်ရေးညှိနှိုင်းမှုတွေ လုပ်ခဲ့ရပါတယ်။ မဲခေါင်၊ သံလွင်နဲ့ ဧရာဝတီမြစ်ကြီးတွေ စီးဆင်းနေသရွေ့ ကာလပတ်လုံး တရုတ်-မြန်မာ နှစ်ပြည်ထောင်ကြားက မျိုးနွယ်စုတွေနဲ့ အစိုးရတွေ၊ အစိုးရမဟုတ်တဲ့ အင်အားစုတွေကြားက ဆက်ဆံရေးတွေနဲ့ အာဏာပြိုင်မှုတွေကို နောက် ရာစုတွေနဲ့ချီပြီး ဆက်တွေ့နေရမှာလည်း ဖြစ်ပါတယ်။
တရုတ်နဲ့ မြန်မာမှာ ခေတ်သစ်နိုင်ငံစနစ်တွေ မပေါ်ခင်ကတည်းက နှစ်ထောင်ချီ ကူးသန်းသွားလာ နေထိုင်ခဲ့ကြတဲ့ ယူနန်နဲ့ မြန်မာမြောက်ပိုင်းသားတွေကြား ပြည်ဝင်ခွင့်၊ ကုန်စည်ကူးသန်းမှုနဲ့ အလုပ်လုပ်ကိုင်ခွင့်ကိစ္စတွေမှာ ဖြေလျှော့မှု တင်းကျပ်မှုတွေကိုလည်း တိမ်တောင်သဖွယ် မင်းရေးကျယ်မှုတွေကြားက မြင်တွေ့နေရမှာ ဖြစ်ပါတယ်။










