ကချင်နဲ့ ရှမ်းပြည်တွေကို ခွဲစိတ်ခဲ့တဲ့ နယ်စပ်မျဉ်း

ဓာတ်ပုံ ရင်းမြစ်, bogdanserban
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
တရုတ် မြန်မာ ဆက်ဆံရေး နှစ်ထောင်ချီ ကြာညောင်းခဲ့ပေမယ့် နှစ်နိုင်ငံကြား နယ်နိမိတ်သတ်မှတ်ရေးကို ဗြိတိသျှသိမ်းပိုက်ပြီးမှ ဆောင်ရွက်ခဲ့ရပါတယ်။ ဒါကြောင့် ဗြိတိသျှတွေ တိုင်းထွာမှတ်သားသွားတဲ့ အချက်အလက်တွေကို အခြေခံပြီး နှစ်နိုင်ငံနယ်နိမိတ်ကိစ္စကို ပြောဆိုနေရဆဲ ဖြစ်တယ်လို့ မြန်မာသမိုင်းကော်မရှင် ဒုဥက္ကဋ္ဌတယောက်က မိန့်ဆိုဖူးပါတယ်။
နှစ်နိုင်ငံကြားမှာ မျိုးနွယ်စုတွေ ဒါဇင်နဲ့ချီပြီး မှီတင်းနေကြတဲ့ တောင်တန်း တောင်ကုန်းဒေသကြီးတွေ ရှိပါတယ်။ ရှမ်း၊ ကချင်၊ ပလောင်၊ ဝ၊ မြောင် စတဲ့ ဒီမျိုးနွယ်စုတွေဟာ ဟိမဝန္တာအရှေ့ဖျားက တောင်တန်းဒေသတွေမှာ နှစ်ထောင်ချီ နေလာခဲ့ကြပြီး မြေပြန့်က အင်အားကြီး မျိုးနွယ်စုတွေရဲ့ ကျူးကျော် သိမ်းပိုက်မှုတွေကို ရာစုနှစ်တွေနဲ့ချီ ခံစားခဲ့ရတယ်လို့လည်း ယေးလ်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ ဂျိမ်းစီစကော့ရဲ့ အုပ်ချုပ်မခံသော အတတ်ပညာ စာအုပ်မှာ ဖော်ပြပါတယ်။ ဒါကြောင့် မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ လာအို၊ ဗီယက်နမ်နိုင်ငံတွေမှာ ပြန့်နှံ့နေထိုင်ကြတဲ့ ဒီတောင်ပေါ်မျိုးနွယ်စု တွေရဲ့ သစ္စာခံမှုကို မူတည်ပြီး မြေပြန့်က အင်ပါယာနိုင်ငံတွေရဲ့ အကျယ်အဝန်း အပြောင်းအလဲ ရှိခဲ့ပါတယ်။ အနောက်တိုင်းကိုလိုနီစနစ်အောက်မှာထိ တစိတ် တဒေသ လွတ် မြောက်ခဲ့တဲ့ ဒီတောင်ပေါ်ဒေသတွေဟာ ဒုတိယကမ္ဘာစစ်အပြီး အမျိုးသားနိုင်ငံတွေ ပေါ်ထွန်းလာမှုနဲ့ တရုတ်ပြည်မှာ ကွန်မြူနစ်စနစ် ထူထောင်မှုတွေ ကြောင့် ခေတ်မီအစိုးရအုပ်ချုပ်ရေးအောက် တစတစ ရောက်ရှိလာပြီး နိုင်ငံတွေရဲ့ သြဇာသက်ရောက်မှုကို ဖော်ပြဖို့ နယ်နိမိတ်တွေ သတ်မှတ်ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Pillon
မြန်မာ တရုတ်လက်အောက်ခံမဟုတ်
မြန်မာ တရုတ် နယ်ခြားသတ်မှတ်ရေးဟာ သီပေါမင်း ပါတော်မူပြီးနောက် ၁၈၈၆ ကတည်းက ဗြိတိသျှနဲ့ တရုတ်အာဏာပိုင်တွေ စီစဉ်ခဲ့ကြတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ မြန်မာဘုရင် အစဉ်အဆက်လုပ်လာခဲ့တဲ့ တရုတ်ပြည်နဲ့ ဆယ်နှစ်တကြိမ် လက်ဆောင်ပဏ္ဏာ လဲတဲ့ဓလေ့ကြောင့် မြန်မာပြည်က လက်ဆောင် ကို ပါတော်မူပြီးနောက်မှာ တရုတ်ဘက်က ဆက်လက်တောင်းခံလာတဲ့အတွက် ဗြိတိသျှအစိုးရ မျက်ဖြူဆိုက်ခဲ့ရပါတယ်။ ဒီအတွက် မြန်မာဘုရင် လက်ထက်က ကျန်တဲ့ မှူးကြီးမတ်ကြီးတွေဆီက အကြံဉာဏ်တောင်းခံပြီး မြန်မာပြည်ဟာ တရုတ်လက်အောက်ခံ မဟုတ်ဘူးဆိုတာကို ဗြိတိသျှအစိုးရ သက်သေထူခဲ့ရပါတယ်။ မြန်မာပြည် အထက်ပိုင်းကို ဗြိတိသျှ ထိုးစစ်မစမီကစပြီး တရုတ်နဲ့ ဗြိတိသျှသံတွေကြား မြန်မာကိစ္စ အခြေအတင်ပြောခဲ့ရပြီး နောက်ဆုံး မန္တလေးကို သိမ်းပြီးချိန်မှာတောင် မြန်မာမင်းရိုးကို ပြန်နန်းတင်ဖို့အထိ တရုတ်ဘက်က တောင်းဆိုခဲ့တယ်လို့ ဒေါ်ကြန်ရဲ့ ပဒေသရာဇ် မြန်မာ နိုင်ငံရဲ့ ဇာတ်သိမ်းမှာ ပါရှိပါတယ်။ နောက်ဆုံး ၁၈၈၆ ဘေဂျင်းမှာ တရုတ် ဗြိတိသျှ စာချုပ်ချုပ်ပြီး မြန်မာပြည်ထွက် ပစ္စည်းတွေနဲ့ မြန်မာအမျိုးသား တွေပါတဲ့ ကိုယ်စားလှယ်အဖွဲ့ ဆယ်နှစ်တကြိမ် လွှတ်ရေးကို သဘောတူခဲ့ပေမယ့် လက်တွေ့ မဖော်ဆောင်ခဲ့ပါဘူး။
နောက်ပြီး မဲခေါင် အရှေ့ ဘက်က စစ်ဆောင်ပန္နားခေါ် လူး၁၂ ပန္နား ရှမ်းနယ်တွေ ပိုင်ဆိုင်မှုမှာလည်း ဗြိတိသျှ၊ တရုတ်၊ ထိုင်းနဲ့ ပြင်သစ်တို့ အငြင်းပွားကြ ပြန်ပါတယ်။ ကျိုင်းဟုံ၊ မိုင်းဆင်စတဲ့ ဒီနယ်တွေဟာ တရုတ်လက်ယာ မြန်မာလက်ဝဲ ဆိုသလို စော်ဘွားတွေကို နှစ်ဘက် အသိအမှတ်ပြုမှုနဲ့ တင်မြှောက် တဲ့နယ်တွေ ဖြစ်ပါတယ်။ နောက် မြန်မာဘုရင်ခေတ်က ကြားလိုက်သည် ပေးရသည့် သံလွင်အရှေ့ဘက်က စော်ဘွား စာရင်းမှာပါတဲ့ ကျိုင်းရုံးကြီး ငသည်ဝီဘွားခေါ် သေဉ်ဝီဖဟာ ဒီလူးနယ်တွေကို အစိုးရတဲ့ စော်ဘွားဖြစ်ပါတယ်။ နောက်ဆုံး ဒီနယ်တွေဟာ ၁၉ ရာစု အကုန်မှာ တရုတ်အောက်ကို ရောက်သွားခဲ့ပါတယ်။
မြန်မာပြည်ရဲ့ အရှေ့မျက်နှာ
အဲဒီနောက် မြောက်ဖျားစွန်းက တရုတ်သြဇာခံ တိဘက်နဲ့ မြန်မာကြား နယ်နိမိတ်စာချုပ်ကို ၁၈၈၉ မှာ ဗြိတိသျှနဲ့ တရုတ်ကိုယ်စားလှယ်တွေ လက်မှတ် ထိုးပြီး ကျန်တဲ့ နယ်ခြားမျဉ်းသတ်မှတ်ရေးကို ဆက်ပြီး စီစဉ်ခဲ့ကြ ပါတယ်။ ဒီနယ်နိမိတ်ဟာ လူသူမရှိတဲ့ တောကြီးတောင်မြင့်တွေအပေါ်မှာ ရေးဆွဲရ မှာဖြစ်သလို သမိုင်းတလျောက် နှစ်ဘက်ကို သစ္စာခံခဲ့ကြတဲ့ နယ်ခြားက ရှမ်း၊ ကချင် အကြီးအကဲတွေရဲ့ ဆက်ဆံရေးကြောင့်လည်း နယ်စပ်သတ်မှတ်မှုမှာ ခက်ခဲခဲ့ပါတယ်။ ဗြိတိသျှဘက်က ခေတ်ပေါ် မြေပုံရေးဆွဲ တိုင်းထွာဖို့ လိုလားပြီး တရုတ်ဘက်က အစဉ်အလာ သြဇာသက်ရောက်မှုကို မူတည် စဉ်းစားတဲ့ အတွက် အခြေခံရပ်တည်မှုမတူတဲ့ နှစ်ဘက် ကြား ဆွေးနွေးပွဲတွေ ကြာရှည်ခဲ့တယ်လို့ တိုကျိုတက္ကသိုလ်က အရှေ့တိုင်းသမိုင်းပါမောက္ခ အဲရစ်ဗန်ဒန် ဘွတ်စချေက ရေးပါတယ်။ နောက် တရုတ်မြေပုံတွေမှာ အကွာအဝေး တိကျမှုကို အလေးမထားဘဲ နန်းတွင်း မှတ်တမ်းတွေက အထောက်အထားတွေနဲ့ ဒေသအကြီးအကဲတွေအကြောင်း၊ ဒီနယ်မြေတွေကို သွားတဲ့ တောင်ကြားလမ်းတွေအကြောင်း စတာတွေကို အသားပေးတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Print Collector
နှစ်ဖက် မတူညီမှုတွေကို ညှိနှိုင်းပြီး ကိုလိုနီခေတ်မှာ တရုတ် မြန်မာ နယ်ခြားတိုင်းထွာမှုတွေလုပ်ခဲ့သလို ၁၈၉၄၊ ၁၈၉၇ နဲ့ ၁၉၄၁ တွေမှာ နယ်နိမိတ် စာချုပ်တွေလည်း ချုပ်ဆိုခဲ့ပါတယ်။ ဒီထဲမှာ တရုတ်ဘက်က နမ့်မော်မြေကို ဗြိတိသျှက အငှားစာချုပ်နဲ့ ယူတာ ရှိသလို တရုတ်က ပိုင်တယ်လို့ ကြုံးဝါး နေတဲ့ ဖီမော်နယ်ကို ဝင်သိမ်းတာလည်း ဖြစ်ခဲ့ပါတယ်။ ၁၉၁၁ က ဖီမော်ကို သိမ်းပိုက်မှုဟာ သမ္မတနိုင်ငံစနစ်ကို ပြောင်းနေတဲ့ တရုတ်ပြည်မှာ ရိုက်ခတ် ပြီး မျိုးချစ်စိတ်တက်ကြွစေခဲ့တယ်လို့ ဝမ်ကျဲ့နန်နဲ့ ဝမ်ချွန်ကျန်းတို့ရဲ့ တရုတ် မြန်မာချစ်ကြည်ရေး နှစ်ပေါင်းနှစ်ထောင်စာအုပ်က ရေးပါတယ်။
နောက် ၁၉၃၄ မှာ ဝနယ်က ငွေတွင်းတွေ ရှိတဲ့ ပန်ဝါနဲ့ ပန်လောင်နယ်တွေကို ဗြိတိသျှက ဝင်သိမ်းလို့ ဝတွေရဲ့ ပုန်ကန်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအတွက် အဲဒီအချိန်က နိုင်ငံ ပေါင်းချုပ်အသင်းကြီးက နယ်နိမိတ်သတ်မှတ်ရေးအဖွဲ့ ဖွဲ့စည်း လေ့လာစေခဲ့ပါတယ်။ ဆွစ်ဇာလန်က ဗိုလ်မှူးကြီး အိုက်စလင် ခေါင်းဆောင်တဲ့ အိုက်စလင်ကော်မရှင် ရေးဆွဲပေးတဲ့ ၁၉၄၁ နယ်ခြားမျဉ်းကိုလည်း စစ်အတွင်းမှာ အကျပ်ကိုင် ရေးဆွဲတဲ့မျဉ်းဆိုပြီး တရုတ်ဘက်က နောက်ပိုင်းမှာ လက်ခံဖို့ ငြင်းခဲ့ ပါတယ်။
၁၈၈၉ နဲ့ ၁၈၉၃ ခုနှစ်တွေကြား မြန်မာပြည် မြောက်ဖျားစွန်းနဲ့ ကချင်တောင်တန်း မြောက်ပိုင်း၊ ဝနယ်တွေကလွဲပြီး ကျန်တဲ့နေရာတွေမှာ နှစ်နိုင်ငံ နယ်နိမိတ်လေ့လာရေးအဖွဲ့တွေ တိုင်းထွာခဲ့ကြပါတယ်။ ဝနယ်မှာ တရုတ်ဘက်က သတ္တုတွင်းတူးတာတွေ ရှေးကတည်းက ရှိခဲ့ပေမယ့် အုပ်ချုပ်ရေး သေချာမရောက်ခဲ့တဲ့ နယ်ဖြစ်လို့ နယ်မြေတိုင်းထွာမှုတွေ မလုပ်နိုင်ခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, Bettmann
နယ်ခြားရဲ့ ခေတ်ပြောင်းကာလ
ဒုတိယကမ္ဘာစစ်မဖြစ်ခင်မှာ ဖောက်တဲ့ တရုတ် မြန်မာ လမ်းမကြီးနဲ့ ၁၉၅ဝ ကျော်က တရုတ်ဖြူကျူးကျော်မှုတွေကြောင့်လည်း ဒီနှစ်နိုင်ငံနယ်ခြားကိစ္စ တွေမှာ အကြီးအကျယ် ရိုက်ခတ်ခဲ့ပါတယ်။ အရင်က တရုတ်ပြည် အနောက်တောင်ပိုင်းကို မီးရထားလမ်းဖောက်ဖို့ ပြင်သစ်နဲ့ အပြိုင်ကြိုးစားခဲ့တဲ့ ဗြိတိသျှတွေဟာ တရုတ်ရွှေ့ပြောင်းဝင်လာသူတွေ များမှာစိုးလို့ လားရှိုးထိပဲ ရထားလမ်းထားခဲ့တယ်လို့ မြန်မာပြည်လမ်းမကြီးနှင့်ယူနန်ပြည်နယ်သို့ အပြေးပြိုင်ပွဲကြီး စာအုပ်မှာ ဆရာဝန်တင်မောင်ကြည် (မန္ကလေး) က ရေးဖူးပါတယ်။ ဒါပေမဲ့ စစ်အတွက် အရေးကြီးလာတဲ့အခါမှာတော့ အိန္ဒိယကနေ တရုတ်ပြည်ထိ သွားတဲ့ လီဒိုလမ်း၊ မြန်မာလမ်းတွေကို မြန်မာပြည်မြောက်ပိုင်းကို ဖြတ်ပြီး ဖောက်လုပ်ခဲ့ပါတယ်။ ဒီလမ်းမကြီးတွေကြောင့်ပဲ မြန်မာပြည် ကို ဂျပန် ကျူးကျော်သိမ်းပိုက်ခံရသလို ဗြိတိသျှနဲ့ မဟာမိတ်တပ်တွေ ပြန်ဝင်လာတဲ့အခါမှာလည်း မြန်မာပြည်သူတွေ စစ်ဒဏ်ခံစားခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
၁၉၄၈ မှာ မြန်မာပြည်လွတ်လပ်ရေးရတဲ့အချိန်မှာ တရုတ်ပြည်တွင်းစစ်အရှိန်တက်နေပါပြီ။ ၁၉၄၉ မှာတော့ နိုင်ငံကို အနှစ် ၂ဝ ကျော် အုပ်ချုပ်လာတဲ့ ချန်ကေရှိတ်ရဲ့ ကူမင်တန် တရုတ်ဖြူတပ်တွေ စစ်ရှုံးပြီး မော်စီတုန်းရဲ့ ကွန်မြူနစ် အစိုးရ တက်လာပါတယ်။ ချန်ကေရှိတ်ခေတ်မှာ ဆွဲတဲ့ တရုတ်မြေပုံ တွေမှာ ကချင်ပြည်နယ် မြောက်ပိုင်းကို သူတို့ပိုင်နက်ဆိုပြီး အရောင်ခြယ်ခဲ့သလို မော်စီတုန်းတက်ခါစမှာလည်း မြန်မာအစိုးရနဲ့ သံတမန် ဆက်သွယ်ရေး က ရင်းရင်းနှီးနှီး မရှိသေးပါဘူး။ ဒါကြောင့် တရုတ်ပြည်က စစ်ပြေးလာတဲ့ တရုတ်ဖြူတပ်တွေ ရှမ်း၊ ကယားနယ်မြေတွေကို ဝင်သိမ်းတာ ခံရပြီး နယ်စပ် အရေး ရှုပ်ထွေးခဲ့ပါတယ်။ နယ်စပ်ကိစ္စ ရှင်းရှင်း လင်းလင်းမရှိတဲ့အတွက် တရုတ်ကွန်မြူနစ်တပ်တွေ မြန်မာပြည်ထဲ ဝင်လာတာတွေ ဖြစ်ခဲ့သလို မြန်မာ ပြည်ထဲက ကွန်မြူနစ်တွေ တရုတ်ဘက် ကူးပြီး လက်နက် အကူအညီတောင်းတာတွေလည်း ဖြစ်ခဲ့ပါတယ်။
အမေရိကန်ရဲ့ ဒိုမီနိုသီဝရီအရ တရုတ်နဲ့ ဆက်နေတဲ့ မြန်မာ၊ လာအို၊ ထိုင်း စတဲ့ နိုင်ငံတွေမှာ ကွန်မြူနစ် အစိုးရတွေ တက်လာမှာကို အမေရိကန်က စိုးရိမ် ပါတယ်။ ဒါကြောင့် တရုတ်ဖြူနှင်ထုတ်ရေးအတွက် မြန်မာအစိုးရက ကုလသမဂ္ဂမှာ တိုင်ကြားတဲ့အခါ အမေရိကန်နဲ့ အနောက်အုပ်စုက ထောက်ခံမှု မပေး ခဲ့သလို တရုတ်ဖြူလို့ နာမည်တပ် တိုင်လို့ မရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Nay Kyi Ba Swe
မူကြီးငါးချက်နဲ့ ဘက်မလိုက်
ဒါကြောင့် တရုတ် မြန်မာ နယ်စပ်ကိစ္စဟာ နှစ်နိုင်ငံလုံးအတွက် ဖြေရှင်းဖို့ အရေးတကြီး လိုလာနေပြီး နှစ်နိုင်ငံ ရင်းနှီးမှုရဖို့ကလည်း အရေးကြီး လာပါ တယ်။ မြန်မာပြည်မှာ ကွန်မြူနစ်ပုန်ကန်မှု ဖြစ်နေပြီး ဒီကွန်မြူနစ်တွေကို တရုတ်က ထောက်ခံနေပေမယ့် မြန်မာအစိုးရရဲ့ အရှေ့အနောက် နိုင်ငံရေးအုပ်စု တွေကြား လွတ်ကင်းအောင် ရပ်တည်တဲ့ မူကြောင့်ပဲ ၁၉၅၄ မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးချက်ကို တရုတ်နဲ့ အိန္ဒိယ လက်မှတ်ထိုးပြီး မကြာခင်မှာ မြန်မာနဲ့ တရုတ်ခေါင်းဆောင်တွေ ရန်ကုန်မှာ သဘောတူ လက်မှတ်ထိုးခဲ့ကြပါတယ်။ အဲဒီကနေ ၁၉၅၅ အင်ဒိုနီးရှားမှာ ကျင်းပတဲ့ ဘန်ဒေါင်းညီလာခံမှာ တောင်ကမ္ဘာခြမ်းက ဘက်မလိုက်နိုင်ငံတွေအုပ်စု ပေါ်ထွန်းလာပြီး တရုတ်၊ ယူဂိုဆလားဗီးယားတို့နဲ့ မဟာမိတ် ဖွဲ့ခဲ့ကြပါတယ်။
အဲဒီနောက် ငါးနှစ် ခြောက်နှစ်ကြာအောင် မြန်မာဝန်ကြီးချုပ် သုံးဆက်နဲ့ အစိုးရ လေးဆက်တိတိ တရုတ်ဘက်နဲ့ ဆွေးနွေးပြီး ၁၉၆ဝ မှာ နှစ်နိုင်ငံ မကျူးကျော်ရေးနဲ့ နယ်နိမိတ်စာချုပ်တွေအပြင် ၁၉၆၁ မှာ နယ်နိမိတ်အခြေပြစာချုပ်တွေ ချုပ်ဆိုနိုင်ခဲ့ကြပါတယ်။ ဒီလိုချုပ်ဆိုနိုင်အောင် နှစ်နိုင်ငံလုံးက နယ်ဘက် စစ်ဘက်အရာရှိနဲ့ ဝန်ထမ်းတွေဟာ မိုင် ၁၃ဝဝ ကျော် နယ်စပ်မျဉ်းတလျောက် ရေခဲဖုံးတောင်တန်းတွေ၊ လျှိုမြောင်ချောက်ကမ်းပါးတွေကို ကျော်လွှား တိုင်းထွာခဲ့ရပါတယ်။ ဘဘ စစ်ဆင်ရေး လို့ လူသိများတဲ့ မြန်မာဘက်က နယ်နိမိတ်တိုင်းထွာရေး လုပ်ငန်းမှာ လား အကောင် ၂၄ဝဝ ကျော်နဲ့ လူ ၅၆ဝဝ သုံးခဲ့ကြောင်း မြန်မာ့စွယ်စုံကျမ်းက ဖော်ပြပါတယ်။ တရုတ်ဘက်ကတော့ လူ ၆၆ဝဝ ကျော်နဲ့ လား ၅ဝဝဝ ကျော် သုံးခဲ့ပြီး လား ၁ဝ၅ ကောင်သေကာ ၂၅ ကောင် ပျောက်ပြီး လူ ၇ ယောက် သေခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နယ်နိမိတ် ပြဿနာများ
ဒီလို ချုပ်ဆိုရာမှာ ပြဿနာတွေ ရှင်းရတာတွေ ရှိပြီး ဗြိတိသျှခေတ်က မပြေလည်ခဲ့တဲ့ နောက်ဆက်တွဲတွေ ဖြစ်ကြပါတယ်။ ၁၉၁၁ က ဗြိတိသျှသိမ်းယူ ခဲ့တဲ့ ဖီမော်၊ ဂေါ်လန်နဲ့ ကန်ဖန်နယ်မြေတွေကို တရုတ်က ပြန်တောင်းသလို ၁၉၄၁ က ဝနယ်နဲ့ ပတ်သက်ပြီး သတ်မှတ်ခဲ့တဲ့ နယ်စပ်ကိုလည်း တရုတ်က သူ့ကို စစ်ဖြစ်နေချိန်မှာ အကျပ်ကိုင် ရေးဆွဲခဲ့တဲ့ မျဉ်းဆိုပြီး ပြန်ဆွဲချင်ပါတယ်။ နောက်ပြီး ကချင်နဲ့ ရှမ်းပြည်နယ်အစပ်က နမ့်မော်မြေကို တရုတ်ဘက်က ဗြိတိသျှတွေ ငှားထားပြီး အဲဒီပေါ်မှာ တရုတ် မြန်မာလမ်းမကြီး ဖောက်ထားပါတယ်။ ဒီအတွက် မြေကို တရုတ်ဘက် ပြန်မပေးတော့ဘဲ ဝနယ်ထဲက ပန်ဟုန်နဲ့ ပန်လောမြေတွေနဲ့ လဲလှယ်ဖို့ နှစ်ဘက် သဘောတူခဲ့ကြပါတယ်။
ဖီမော်၊ ဂေါ်လန်၊ ကန်ဖန်ကိစ္စမှာ ကချင်ခေါင်းဆောင်တွေဘက်က မကျေနပ်ကြပေမယ့် ဖဆပလခေါင်းဆောင်တွေရဲ့ စည်းရုံးမှုနဲ့ ဖိအားတွေကြောင့် လက်ခံခဲ့ရပါတယ်။ နောက် မြောက်ဖျားစွန်းနယ်နိမိတ်မှာလည်း တရုန်မြစ်ဝှမ်းဖြတ်တဲ့နေရာကလွဲရင် ကျန်တဲ့နေရာတွေမှာ ရေဝေတောင်တန်းတွေ တလျောက် သတ်မှတ်ဖို့ မြန်မာဘက်က အဆိုပြုပြီး နှစ်ဘက်သဘောတူခဲ့ကြပါတယ်။ ဝနယ်ထဲက နယ်နိမိတ်ကြောင်းဖြတ်သွားတဲ့ ရွာနှစ်ရွာကို တရုတ်ဘက် ထည့်ပေးပြီး လေးရွာကို မြန်မာဘက် ထည့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, API
ပေါက်ဖော်တို့ရဲ့ ရန်ပွဲ
ဒီလို သတ်မှတ်ခဲ့ကြပေမယ့် ၁၉၆၂ အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ဘက်ဆက်ဆံရေး ကျဆင်းလာပြီး ၁၉၆၇ မှာ တရုတ် ဗမာ အရေးအခင်းဖြစ်ကာ မကြာမီမှာပဲ ဗမာပြည်ကွန်မြူနစ်ပါတီကို တရုတ်ဘက်က လက်နက်နဲ့ လူအင်အား အလုံးအရင်းနဲ့ ထောက်ပံ့ခဲ့ပါတယ်။ ၁၉၆ဝ က ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ချိုအင်လိုင်းတို့ ချုပ်ခဲ့တဲ့ မကျူးကျော်ရေး စာချုပ်ဟာ ၁ဝ နှစ်မပြည့်ခင်မှာ စက္ကူစုတ် ဖြစ်သွားခဲ့ပြီး မြန်မာပြည် အရှေ့မြောက်ဘက်က တရုတ်ထိုးစစ်ကို မြန်မာစစ်တပ် အကြီးအကျယ် ခုခံခဲ့ရပါတယ်။ ငါးနှစ်အတွက် တရုတ်က ဗကပတပ်သားတသောင်းအတွက် လက်နက်နဲ့ကျည်ဆန်၊ နှစ်စဉ် တရုတ် ယွမ်ငွေ နှစ်သန်းအပြင် နယ်စပ်မှာ တရုတ်ဆေးရုံတွေ ဆောက်ပေးခဲ့ကြောင်း ဟောင်ကောင်တက္ကသိုလ်က နိုင်ငံရေးနဲ့ ပြည်သူ့အုပ်ချုပ်ရေး တွဲဖက် ပါမောက္ခ အန်ဇာဟန်ရဲ့ မညီမျှသော အိမ်နီးချင်းများ စာအုပ်မှာ ပါရှိပါတယ်။
ဒါကြောင့် မြစ်ညာအစ ထိုဒေသတွင် ကျွန်လျှင်နေ၍ အကြေမြစ်သာ ထိုနေရာတွင် သင်က နေ၏ အစချီတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မာရှယ် ချင်ယီရဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေး ကဗျာသံတွေ ဆယ်နှစ်လောက် ဆိတ်သုဉ်းခဲ့ပြီးနောက် ၁၉၇၁၊ ၁၉၇၅ ဗိုလ်ချုပ်ကြီးနေဝင်းခရီးစဉ်တွေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည် ထူထောင်ခဲ့ရပါတယ်။ ၁၉၇၈ တိန့်ရှောင်ဖိန် ခေတ်မှာ ဗကပကို အကူအညီတွေ ဖြတ်တောက်ပြီး နှစ်နိုင်ငံဆက်ဆံရေး ပြန်လည် တိုးမြှင့်လာသလို နယ်စပ် ကုန်သွယ်ရေးလမ်းတွေ စဖွင့်လာပါတယ်။ ၁၉၈၈ နောက်ပိုင်း တက်လာတဲ့ စစ်အစိုးရနဲ့ တရုတ်ပြည်ကြား ပိုအလွမ်းသင့်လာပြီး နောက် တရုတ်အကူအညီနဲ့ မြှုပ်နှံမှုတွေ ပြည်တွင်းပိုရောက်လာပါတယ်။ တရုတ်နယ်စပ်က ဗကပတပ်တွေ ပြိုကွဲပြီးနောက်ပိုင်း ကျန်ခဲ့တဲ့ ဝ၊ ကိုးကန့်၊ မိုင်းလားတပ်တွေနဲ့ စစ်အစိုးရ အပစ်ရပ်စဲရေး ယူပြီးနောက် နယ်မြေတည်ငြိမ်မှုလည်း ရှိလာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bettmann
မြောက်ဘက်က လေနီ
ဒါပေမဲ့လည်း ၂ဝဝ၉ နဲ့ ၂ဝ၁၅ မှာ ကိုးကန့်အရေးအခင်း ဖြစ်ပြီး ကိုးကန့်နဲ့ စစ်အစိုးရတပ်တွေကြား စစ်မီးပြန်ပေါ်လာချိန်မှာတော့ တရုတ်ဘက်က လက်နက် ထောက်ပံ့မှုတွေ လုပ်တယ်ဆိုတဲ့ စွပ်စွဲမှုတွေ ရှိလာပါတယ်။ အလားတူပဲ တအာန်းနဲ့ ရခိုင်တပ်တွေ ကြီးထွားလာမှုနောက်မှာလည်း တရုတ် အကူအညီနဲ့ သြဇာသက်ရောက်မှုတွေ ရှိတယ်ဆိုပြီး စွပ်စွဲကြသလို ဝရဲ့ ပြည်နယ်တောင်းဆိုမှုနဲ့ ကျိုင်းတုံဘက်ထိ ဖြန့်ကျက်လာတဲ့ ဝတပ်တွေကြောင့် လည်း တရုတ်ရဲ့ မြန်မာနယ်နိမိတ်ထဲမှာ သြဇာချဲ့ထွင်လာမှုကို စိုးရိမ်လာကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thierry Falise
၂ဝ၁၂ နိုင်ငံရေးလွတ်လပ်မှုတွေ ရလာပြီးနောက်ပိုင်း မြန်မာပြည်တွင်းက လက်ပံတောင်း၊ ကျောက်ဖြူနဲ့ မြစ်ဆုံမှာ ရှိတဲ့ တရုတ်ရဲ့ စီမံကိန်းကြီးတွေနဲ့ မြန်မာပြည်အလယ်ကို ဖြတ်ပြီး သွယ်တန်းထားတဲ့ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေကို ကန့်ကွက်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ရှိလာသလို ဒီစီးပွားရေးတွေကြောင့်ပဲ တရုတ်ရဲ့ မြန်မာပြည်အပေါ် စိတ်ဝင်စားမှုက ပိုများလာပါတယ်။ ဒီလုပ်ငန်းတွေကို ကာကွယ်ဖို့ နယ်မြေတွေမှာ ကျက်စားနေတဲ့ လူမျိုးစုံ လက်နက်ကိုင်တွေနဲ့ မြန်မာနိုင်ငံရေး အုပ်စုတွေကို တရုတ်က ပိုထိတွေ့ဆက်ဆံလာတာပါ။ နောက်ပြီး တရုတ်ရဲ့ ရပ်ဝန်းတခု လမ်းကြောင်း တကြောင်း စီမံကိန်းကြောင့်လည်း မြန်မာပြည်ဟာ တရုတ်အကျိုးစီးပွားနဲ့ ပိုနီးစပ်လာပါတယ်။ ဒါကြောင့် ၂ဝ၂၁ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်နဲ့ NLD၊ မြောက်ပိုင်းတပ်ဖွဲ့တွေကြား ဆက်ဆံရေးမှာ တရုတ်ရဲ့ ချဉ်းကပ်မှုက ပိုအရေးပါလာတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, JASON LEE
ဂန္ဓာလရာဇ် အမောက်ထောင်ချိန်
အရှေ့နဲ့ တောင်တရုတ်ပင်လယ်ထဲက ဂျပန်၊ ဖိလစ်ပိုင် နိုင်ငံတွေနဲ့ တရုတ် နယ်နိမိတ် အငြင်းပွားတာတွေ ရှိနေသလို အိန္ဒိယနဲ့ ဟိမဝန္တာဒေသက နယ်နိမိတ် စစ်ပွဲတွေကလည်း အနှစ် ငါးဆယ်ကျော်တိုင် မပြီးပြတ်နိုင်သေးဘဲ ကြိုကြား ထိတွေ့မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ နောက်ပြီး တရုတ်ပိုင်အဖြစ် အစဉ်အမြဲ ကြွေးကြော်နေခဲ့တဲ့ တိုင်ဝမ်ကျွန်းကို တရုတ်နဲ့ ပြန်ပေါင်းစည်းရေး ကြွေးကြော်သံတွေကလည်း ပိုမို မြည်ဟည်းနေပါတယ်။ တရုတ်ကို အနှစ်တထောင် ကျော် ခုခံလာခဲ့တဲ့ ဗီယက်နမ်နဲ့လည်း ၁၉၇၉ မှာ စစ်ဖြစ်ခဲ့သလို ခုထိလည်း အလွမ်းသင့်လှတာ မဟုတ်ပါဘူး။ မြန်မာအရှေ့ဘက်က လာအို၊ အိန္ဒိယ သမုဒ္ဒရာထဲက သီရိလင်္ကာနဲ့ ပါကစ္စတန်နိုင်ငံတွေမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက များလာပါတယ်။
ဒါကြောင့် တရုတ်ရဲ့ ချစ်ကြည်ရေး အောင်ပွဲအဖြစ် အမြဲ ပြဆိုလာခဲ့တဲ့ တရုတ် မြန်မာနယ်ခြားကိစ္စဟာ နယ်နိမိတ်အားဖြင့် ဖြေရှင်းလို့ ပြေလည်ခဲ့ပေမယ့် ပြည်တွင်းအင်အားစုတွေအပေါ် တရုတ် လွှမ်းမိုးမှုတွေကတော့ အနှစ် ငါးဆယ်ကျော်အတွင်း ပိုပြီး ခိုင်မာလာနေတာကို တွေ့ရပါတယ်။ မြစ်တွေစီးဆင်း၊ တမြစ်တွင်းမှ ကြည်စွသည်ရေ တူလေသောက်သုံး ချစ်ကြင်အဆုံးမရှိပြီ ဆိုတဲ့ စာသားမျိုးက ကဗျာအနေနဲ့ လှပေမယ့် အပြင်မှာ လက်တွေ့ မြင်ရဖို့က ခက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, tom nebbia








