ဂန္ဓာလရာဇ်သို့ ပိုးလမ်းမကြီး- မြန်မာသိတဲ့ စိန့်တိုင်း တရုတ်ပြည်

china

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရှီဟွမ်တီခေတ်မှာ မဟာတံတိုင်းကြီးကို တည်ဆောက်ခဲ့
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်လူမျိုးဆိုတဲ့ စကားလုံးတွေကို မြန်မာအများစု နားမှာ ယဉ်ပါး နေကြပေမယ့် ဒီတရုတ် ဆိုတဲ့ စကားလုံး ဘယ်က လာတယ်ဆိုတာ သိသူနည်းပါတယ်။ မြန်မာပြည်ရဲ့ ပတ်ပတ်လည် ၅ နိုင်ငံထဲက ၄ နိုင်ငံကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနဲ့ လာအိုဆိုပြီး နဂိုအမည်နဲ့ ခေါ်ဝေါ်သုံးစွဲပေမယ့် တရုတ်ပြည်ကိုတော့ ချိုင်းနားလို့ မသုံးဘဲ တရုတ်ဆိုတဲ့ နာမည်နဲ့ပဲ မြန်မာက ခေါ်ပါတယ်။

မြန်မာမှာ တရုတ်ခေါ်တဲ့ လူမျိုးကို မွန်စကားမှာ ကြုက် (ကရုက်)လို့ ခေါ်ပြီး ထိုင်းမှာ ကျင်လို့ ခေါ်တာပါ။ ဒါကြောင့် မွန်စကားလုံး ကြုက်က မြန်မာ တရုတ်က လာပုံရပြီး ထိုင်းရဲ့ ကျင်ကတော့ ချင်၊ ချိနက လာပါတယ်။

စိနက ပိုးလမ်းမကြီး

အစဉ်အလာအားဖြင့် မဇ္စျိမနိုင်ငံကြီး ကျုံးကော်လို့ ကိုယ့်ကိုယ်ကိုယ် ခေါ်လေ့ရှိတဲ့ တရုတ်ပြည်ကြီးကို ချိုင်းနားလို့ အင်္ဂလိပ်ဘာသာနဲ့ သိကြပါတယ်။ ချိုင်းနားရဲ့ မူလရင်းမြစ်က စိနဆိုတဲ့ စကားက လာတာပါ။ ဒီစိနဆိုတဲ့စကားကလည်း သက္ကတဘာသာက လာတဲ့စကားဖြစ်ပြီး ဘီစီ ၂၄၆ မှာ တရုတ်ပြည်ကို ပထမဆုံး စတင်စည်းရုံးခဲ့တဲ့ ရှီဟွမ်တီ ဘုရင်ကြီးရဲ့ ချင်မင်းဆက်ကို ရည်ညွှန်းတဲ့ စကားလို့ သိရပါတယ်။

ဒီမင်းဆက်ခေတ်မှာပဲ တရုတ် အနောက်တောင်ပိုင်းကနေ ပျူနိုင်ငံတွေကို ဖြတ်ပြီး အိန္ဒိယကို သွားတဲ့ အနောက်တောင်ပိုးလမ်းမကြီးခေါ် ကုန်သွယ်ရေးလမ်း ပေါ်လာပါတယ်။ ဒါကြောင့် ချင်မင်းဆက် အုပ်စိုးတဲ့ တရုတ်ပြည်ကို ချိန၊ ကျိန၊ စိနဆိုပြီး အိန္ဒိယတိုင်းသားတွေ ခေါ်ဝေါ်လာသလို မြန်မာတွေကလည်း လိုက်ခေါ်ရင်း စိနကနေ စိန့်တိုင်းရယ်လို့ ဖြစ်လာကြောင်း ဦးရည်စိန်ရဲ့ စိန့်တိုင်း ဂန္ဓာလရာဇ်တိုင်း၊ ဥတည်ဘွား၊ တရုတ် တရက် ဟူသော အမည်များ၏ ဇာစ်မြစ် ဆောင်းပါးမှာ ပါရှိပါတယ်။

china

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ် ဂန္ထဝင်စာဆိုကြီး ပိုးချူအီ

မြန်မာပြည် ပျူမင်းတွေ ခေတ်က တရုတ်ပြည် တန်မင်းဆက်ကို စေလွှတ်တဲ့ ဂီတကိုယ်စားလှယ်အဖွဲ့အကြောင်းက တရုတ်သမိုင်းမှာ ထင်ရှားကျန်ရစ်ခဲ့ပါတယ်။ ၈၀၁ ခုနှစ်က ပျူဘုရင် ဟရိ၀ိကြမသားတော် ပျူမင်းသား သုနန္ဒရဲ့ ခရီးမှာ ဖျော်ဖြေခဲ့တဲ့ သီချင်း ၁၂ ပုဒ်အကြောင်း တရုတ် စာဆိုကြီး ပိုးချူအီက ကဗျာရှည်ဖွဲ့နွဲ့ စပ်ဆိုခဲ့တာပါ။

ပုဂံခေတ် ကျန်စစ်သားနဲ့ အလောင်းစည်သူ လက်ထက် တရုတ်ပြည် စုန့်မင်းဆက်ကို စေလွှတ်တဲ့ သံတမန်အဖွဲ့တွေအကြောင်းလည်း တရုတ်မှတ်တမ်းတွေမှာ အထင်အရှား ကျန်ရစ်ခဲ့ပါတယ်။ ၁၁၀၆ မှာ မလက္ကာရေလက်ကြားကို ဖြတ်ပြီး ရေလမ်းကနေ ကျန်စစ်သား လွှတ်လိုက်တဲ့ ပုဂံသံအဖွဲ့ကို အာရပ်၊ ဗီယက်နမ်သံတွေလို နိုင်ငံကြီးက လာတဲ့ သံအဖွဲ့အနေနဲ့ ကြိုဆိုခဲ့ကြောင်း ဝမ်ကျဲ့နန်နဲ့ ဝမ်ချွန်ကျန်းတို့ ရေးတဲ့ တရုတ်-မြန်မာချစ်ကြည်ရေး နှစ်ပေါင်းနှစ်ထောင် စာအုပ်မှာ ပါရှိပါတယ်။

ခန်မင်းကြီးခေတ် တရုတ်စစ်

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကျန်စစ်သား ဥမင်က မွတ်ဆလင် လေးသည်တော်ပုံ

မြန်မာနိုင်ငံမှာ အနည်းဆုံး ပုဂံခေတ်ကတည်းက တရုတ်ပြည်ကို စိန့်တိုင်းဆိုတဲ့ နာမည်နဲ့ သိကြပေမယ့် နောက်ပိုင်းမှာ စိန့်လို့ မသုံးတော့ဘဲ တရုတ်လို့ ပြောင်းခေါ်လာကြောင်း ဦးရည်စိန်က ရေးပါတယ်။ ပုဂံခေတ်ပျက်ချိန်မှာ ဝင်လာတဲ့ မွန်ဂိုကျူးကျော်မှုပါလာတဲ့ တာ့က် (တုရ်က်)လို့ ခေါ်တဲ့ တူရကီစစ်သည်တွေကို ပါလာတာကို အစွဲပြုပြီး ခေါ်တာလို့ ဆိုပါတယ်။

china

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်ခန်လို့ ခေါ်တဲ့ ကူဘလိုင်ခန်မင်းကြီး

ဒီကျူးကျော်စစ်ရပ်တန့်အောင် မွန်ဂိုဘုရင် ကူဘလိုင်ခန်ဆီ စေလွှတ်တဲ့ သံတမန် ရှင်ဒိသာပါမောက် ၁၂၈၅ မှာ ရေးထိုးတဲ့ ကျောက်စာမှာလည်း တရုက်ဆိုပြီး အကြိမ်ကြိမ်ပါရှိခဲ့ကြောင်း၊ မွန်ဂိုတွေ ခေါ်လာတဲ့ ပုဂံရုပ်သေးဘုရင်ကိုတော့ တရုက်ပြည်လာသော တက်တ်မူမင်ကြီလို့ ၁၃၀၂ မှာ ထိုးတဲ့ ပခုက္ကူ ပေါင်လောင်ကျောင်းကျောက်စာတွေမှာ ရေးသားကြောင်း ဦးနီတွတ်က ပြောပါတယ်။ နောက် တရုတ်ပ္လေ မင်ကြီဆိုပြီး မွန်ဂိုထိုးစစ်ကြောင့် ထွက်ပြေးရတဲ့ နရသီဟပတေ့ကို ၁၂၉၂ က ထိုးတဲ့ မဟာခဲထောင်ကျောင်းကျောက်စာမှာ ရည်ညွှန်းပါရှိတယ်လို့ ဦးဖိုးလတ်က ဆိုပါတယ်။

ခေတ်အဆက်ဆက် မြန်မာကျောက်စာ၊ ရာဇဝင်တွေမှာ တရုက်၊ တြုက် ကနေ တရုတ်၊ တရုပ် ရေးထုံးတွေ ပြောင်းခဲ့ပါတယ်။ ဒါကြောင့် ဦးနုခေတ်က ရေးတဲ့ မြန်မာ့စွယ်စုံကျမ်းမှာ တရုပ်ပြည်သူ့သမတနိုင်ငံဆိုပြီး ခေါ်ဝေါ်ခဲ့တာပါ။

china

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တန်ဂွတ်အင်ပါယာခေတ်က ဗုဒ္ဓပုံတော်

တဘက်မှာလည်း ၁၁၁၁ မှာ ရေးထိုးတယ်ဆိုတဲ့ အလောင်းစည်သူရဲ့ လှည်းထောင်ဘုရားကျောက်စာမှာ တရုက်စစ်ကို၀် ထို၀်အံသော်ငှါ ဆိုပြီး တရုတ်နဲ့ စစ်ဖြစ်တဲ့အကြောင်း ရေးတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ ဒီကျောက်စာဟာ မူလထိုး ကျောက်စာမဟုတ်ဘဲ နောက်နှစ်ပေါင်းများစွာကြာမှ ထိုးတဲ့ ကျောက်စာလို့ သမိုင်းပါမောက္ခ ဦးနီတွတ်က ဆိုပါတယ်။

အရှေ့တောင်အာရှ လေ့လာရေး ဂျာနယ်ပါ ဂိုဂျုပ်ယန်ရဲ့ မြန်မာရာဇဝင်ထဲက တရုတ်ပုစ္ဆာ စာတမ်းအလိုအရလည်း တရုတ်ဟာ တရုတ်ပြည်မြောက်ပိုင်းက ပုဂံနဲ့ ခေတ်ပြိုင် တန်ဂွတ် ဗုဒ္ဓဘာသာနိုင်ငံက လာတာ ဖြစ်နိုင်သလို နန်ချောင်လို့ ခေါ်တဲ့ ယူနန်နယ်က လူတွေကို ခေါ်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မန်ချူးတရက်နဲ့ စစ်ကြီးများ

china

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘေဂျင်းက မန်ချူး လေးသည်တော်များ

ညောင်ရမ်းခေတ် ကုန်းဘောင်ခေတ်တွေမှာ မြန်မာနဲ့ ထိတွေ့လာတဲ့ မန်ချူးလူမျိုးတွေကိုတော့ တရက်ဆိုတဲ့ နာမည်နဲ့ ခေါ်ကြောင်း ဦးဖိုးလတ်နဲ့ ဦးရည်စိန် စတဲ့ ပညာရှင်တွေက သုံးသပ်ပါတယ်။ တဆိုတဲ့ အသုံးဟာ တော်၊ တယ်၊ ထယ် တို့လို အလွန် ကြီးမားတဲ့ အရာတွေကို ခိုင်းနှိုင်းသုံးစွဲတဲ့ စကားဖြစ်လို့ တရုတ်တရက် ဆိုတဲ့ စကားဟာ ရုတ်ရုတ်ရက်ရက်နဲ့ အလွန် နှောင့်ယှက်ထိပါး တိုက်ခိုက်လာသူ ဆိုတဲ့ စကားက လာတယ်လို့ ယူဆကြောင်း ဦးဖိုးလတ်က မြန်မာစကားအဖွင့်ကျမ်းမှာ ရေးသားပါတယ်။ ဒါကြောင့် အရှေ့မြောက်ဘက် ယူနန်နယ်က ၀င်လာတဲ့ နန်းစော (နန်ချောင်)၊ မွန်ဂို၊ မန်ချူး၊ ဟန် အားလုံးကို တရုတ်၊ တရုတ်တရက် ဆိုတဲ့ နာမည်တွေနဲ့ ခေါ်တယ်လို့ ဦးဖိုးလတ်က ရှင်းပြပါတယ်။

မန်ချူးမင်းဆက် လက်ထက် ၁၆၆၁ မှာ တရုတ်က ပြေးလာတဲ့ မင်မင်းဆက် နောက်ဆုံးဘုရင် ရုံလီကို မြန်မာပြည်ထိ လာဖမ်းသလို ဆင်ဖြူရှင်လက်ထက်မှာလည်း ၁၇၆၅ ကနေ ၁၇၆၉ အတွင်း နယ်စပ်ပြဿနာတွေကစပြီး တရုတ်နဲ့ မြန်မာ လေးကြိမ်စစ်ခင်းကာ နောက်ဆုံးမှာ စစ်ပြေငြိမ်းခဲ့ကြပါတယ်။

ဂန္ဓာလရာဇ်၊ ဝိဒေဟရာဇ်နဲ့ တရုတ်နှစ်ပြည်

china

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နန်ချောင်မြို့တော်ဟောင်း တာလီ

ဂန္ဓာလတိုင်း တရုတ်ပြည်ဆိုတဲ့ ရှေးသုံးစကားကိုလည်း ကြားဖူးပါလိမ့်မယ်။ အိန္ဒိယအနောက်မြောက်ကနေ အာရှအလယ်ပိုင်းထိ ကျယ်ပြန့်တဲ့ ဂန္ဓာရကူရှန်အင်ပါယာနယ်မြေကို အစွဲပြုပြီး တရုတ်ပြည် ယူနန်နယ်က နန်ချောင်နိုင်ငံကို ရှေးက ခေါ်တဲ့ နာမည်ဖြစ်ပါတယ်။

အစပိုင်းက နန်ချောင်ကိုသာ ဂန္ဓာလရာဇ်လို့ ခေါ်ပေမယ့် ကုန်းဘောင်ခေတ်မှာတော့ တရုတ်ပြည်ကို ဂန္ဓာလရာဇ်၊ ယူနန်ကို ဝိဒေဟတိုင်းဆိုပြီး ဦးရည်စိန်က ရေးပါတယ်။ ယူနန်မြို့တော်သစ် ကူမင်းကိုလည်း မိတ္ထီလာပြည်လို့ သုံးနှုန်းပါတယ်။ ဒါကြောင့် သခင်ကိုယ်တော်မှိုင်းက တရုတ်ပြည်ကို မဟော်သဓာတို့တိုင်းပြည်ဆိုပြီး ကဗျာစပ်ခဲ့တာ ဖြစ်ပါတယ်။

မြစ်ညာနဲ့ မြစ်ကြေ ပေါက်ဖော်များ

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာပြည်ရောက် တရုတ်ကုန်သည်မောင်နှံ

မြန်မာပြည် အရှေ့မြောက်ဘက်က အင်အားကြီး နိုင်ငံကြီးကို တရုတ်ဆိုတဲ့အမည်နဲ့ ခေါ်ကြတာ အနှစ် တထောင် နီးပါး ရှိနေပြီ ဖြစ်လို့ စကားလုံးရဲ့ ရင်းမြစ်ကိုတောင် လိုက်ရခက်နေပြီ ဖြစ်ပါတယ်။ နှစ်တထောင်ကျော် ကာလအတွင်း တရုတ်နဲ့ မြန်မာကြား အဆက်အသွယ် အကူးအသန်းတွေ များလှတဲ့အတွက် ဆွေမျိုးပေါက်ဖော်ဆိုတဲ့ စကားလုံး ပေါ်ထွန်းလာသလို နှစ်နိုင်ငံကြား နှစ်တထောင်ကျော် မသတ်မှတ်နိုင်ခဲ့တဲ့ နယ်နိမိတ်ကိုလည်း ၁၉၆၀ မှာ ရေးဆွဲနိုင်ခဲ့ပါတယ်။

မော်စီတုန်းခေတ်က တရုတ်နိုင်ငံခြားရေး ဝန်ကြီး မာရှယ်ချင်ယီရဲ့

မြစ်ညာအစ၊ ဤဒေသတွင် ကျွန်လျှင်နေ၍၊

အကြေမြစ် သာ ထိုနေရာတွင် သင်က နေ၏။

မြစ်တွေစီးဆင်း၊ တမြစ်တွင်းမှ

ကြည်စွသည်ရေ တူလေသောက်သုံးချစ်ကြင် အဆုံးမရှိပြီ

ဆိုတဲ့ နှစ် ၆ဝ ကျော်က မြန်မာမိတ်ဆွေများသို့ ကဗျာကတော့ ကနေ့ထက်ထိ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြန်လည်မှတ်ကျောက်တင်ကြည့်ရမယ့် စာတပုဒ် ဖြစ်နေပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကျောက်ဖြူ မဒေးကျွန်းက တရုတ် ရေနံချက်စက်ရုံ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နောက်နှစ်တထောင်မှာ တရုတ် မြန်မာ ဆက်ဆံရေး ဘယ်အခြေရှိမယ်၊ တရုတ်ကို မြန်မာက ဘယ်လို ခေါ်မယ်ဆိုတာကို မသိရပေမယ့် သေချာတာကတော့ မဇ္စျိမနိုင်ငံကြီး ခေတ်ကလို တရုတ်ရဲ့ ပတ်ချာလည်က နိုင်ငံတွေကို ပဏ္ဏာဆက်နိုင်ငံတွေအဖြစ် သဘောထားပုံမျိုး ဒီကနေ့ခေတ် နိုင်ငံတကာ အခင်းအကျင်းမှာ လုပ်လို့မရတော့တာ ဖြစ်ပါတယ်။

ဒါကြောင့် သီပေါမင်း ပါတော်မူစဉ်က မြန်မာပြည်က ဆယ်နှစ်တကြိမ် ဆက်သနေကျ လက်ဆောင်ကို ဗြိတိသျှက ဆက်ပို့ဖို့ တောင်းဆိုခဲ့တဲ့ တရုတ်ပြည်မျိုး မရှိတော့ဘဲ ပိုးလမ်းမသစ်မူဝါဒနဲ့ ဒေသတွင်းမှာ ရင်းနှီးမြှုပ်နှံတဲ့ တရုတ်ပြည်၊ မြန်မာပြည်ငြိမ်းချမ်းရေးမှာ ကြားဝင်ပေးတဲ့ တရုတ်ပြည်ကိုပဲ နိုင်ငံတကာ ဆက်ဆံရေးမှာ မြင်တွေ့ရပါတယ်။

ဒါပေမဲ့လည်း မြန်မာပြည်ဟာ ဗြိတိသျှခေတ်ကုန်ချိန်မှာ နိုင်ငံမတည်မငြိမ်ဖြစ်ပြီး အဆုံးသတ်မှာတော့ တရုတ်ပြည်ထဲ ပူးပေါင်းသွားနိုင်တယ်ဆိုပြီး မြန်မာပြည်သုတေသနအသင်းကို တည်ထောင်တဲ့ မစ္စတာဖာနီဗယ်က မြန်မာပြည် နိုင်ငံရေး ဘောဂဗေဒမိတ်ဆက် စာအုပ်မှာ ၁၉၃၁ က ခန့်မှန်းခဲ့ဖူးပါတယ်။ လွတ်လပ်ရေးရကတည်းက ပြည်တွင်းစစ်နဲ့ ကြုံခဲ့သလို တရုတ်ဖြူနဲ့ တရုတ်နီကျူးကျော်မှုကိုပါ ကြုံခဲ့ရတဲ့အတွက်၊ လက်ရှိမှာလည်း တရုတ်နယ်စပ်အခြေပြု လက်နက်ကိုင်အဖွဲ့တွေ အားကောင်းနေတဲ့အတွက် ဒီဟောကိန်း မှန်မမှန် စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ ပညာရှင်တွေ ရှိနေပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရွှေလီမြစ်ကမ်းနှစ်ဘက်က တရုတ်မြန်မာ နှစ်နိုင်ငံ