နှစ်ဆန်း ၁ ရက် တရုတ်ထိုးစစ်နဲ့ အရှေ့မြောက်က တရုတ်နန်းရံများ

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗကပ လက်နက်စက်ရုံ
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

၁၉၆၈ ဇန်နဝါရီလ ၁ ရက်မှာ တရုတ်နယ်စပ် မုန်းကိုးကို နော်ဆိုင်းရဲ့ ကချင်တပ်တွေ ဝင်တိုက်ရာက မြန်မာပြည် အရှေ့မြောက်ပိုင်းမှာ စစ်မီးဟုန်းဟုန်းတောက်ခဲ့ပါတယ်။ နော်ဆိုင်းဟာ ဖဆပလအစိုးရတပ်မှာ အမှုထမ်းနေရာက ၁၉၄၉ မှာ ကရင်လူမျိုးစုတပ်တွေနဲ့ ပူးပေါင်းပြီး သူပုန်ထခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် အရေးနိမ့်ရာက တရုတ်ပြည်ထဲ ခိုဝင်ပြီး ကွေ့ကျိုးနယ်မှာ အခြေချခဲ့ပါတယ်။ နော်ဆိုင်းရဲ့ ကွေ့ကျိုးတပ်တွေနဲ့ တရုတ်တပ်နီလူငယ်တွေဟာ ဗကပခေါ် ဗမာပြည်ကွန်မြူနစ်ပါတီအတွက် စစ်မျက်နှာသစ်ဖွင့်ဖို့ တရုတ်အစိုးရစီစဉ်မှုနဲ့ မုန်းကိုးကို ဝင်တိုက်တာပါ။

တချိန်တည်းမှာပဲ ကိုးကန့်ဘက်မှာလည်း ဖုန်ကြားရှင်ရဲ့တပ်တွေ ဝင်လာခဲ့ပါတယ်။ အရင် ၅၅ နှစ်က စခဲ့တဲ့ စစ်မီးဟာ ခု မြောက်ပိုင်းအင်အားစုလို့ခေါ်နေကြတဲ့ တပ်တွေကို မွေးထုတ်ပေးခဲ့သလို မြန်မာပြည်မှာ နောက်ဆုံးကြုံခဲ့ရတဲ့ အကြီးဆုံး ပြည်ပကျူးကျော်မှုကြီးကို ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၆၇ က တရုတ် ဗမာ အရေးအခင်း

ဆွေမျိုးပေါက်ဖော် မူကြီးငါးချက်

တရုတ်နဲ့ မြန်မာနှစ်နိုင်ငံကြား ဆက်ဆံရေးမှာ မွန်ဂိုနဲ့ မန်ချူးခေတ်က ကျူးကျော်မှုတွေ ရှိခဲ့တာကလွဲလို့ အစဉ်အလာအားဖြင့် ဆက်ဆံရေး ကောင်းမွန်ကြောင်း ဝန်ကြီးချုပ်ဟောင်း ဦးနုက တရုတ်ပြည်မှာ ပြောကြားဖူးပါတယ်။ တခြားအိမ်နီးချင်းနိုင်ငံတွေကို ဆက်ဆံသလိုပဲ တရုတ်ဘက်က မြန်မာကို ပဏ္ဏာဆက် နိုင်ငံအဖြစ် အစဉ်အလာအားဖြင့် သဘောထားပါတယ်။ ချန်ကေရှိတ်ခေတ်က တရုတ်မြေပုံတွေမှာ မြစ်ကြီးနားအထက်ပိုင်းကို တရုတ်ပိုင်အဖြစ် ဖော်ပြခဲ့ပေမယ့် တရုတ်-မြန်မာနယ်ခြားကိစ္စကို မော်စီတုန်းခေတ် ၁၉၆၁ မှာ ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့ပါတယ်။

တဖက်မှာတော့ မြန်မာဘက်မှာ ကွန်မြူနစ်သူပုန်ရှိနေတဲ့အတွက် မြန်မာဟာ ၁၉၄၉ မှာ ပေါ်ထွန်းလာတဲ့ တရုတ်ကွန်မြူနစ်နိုင်ငံကို ပထမဆုံး အသိအမှတ်ပြုတဲ့ နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ၁၉၅၄ မှာ မြန်မာပြည်ဘက် ဝင်လာတဲ့ ချန်ကေရှိတ်ရဲ့ တရုတ်ဖြူတပ်တွေကို နှိမ်နင်းဖို့ တရုတ်ကွန်မြူနစ်တပ်တွေ ဝင်လာတဲ့အတွက် မြန်မာတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနှစ်မှာပဲ မြန်မာနဲ့ တရုတ်ကြား ပြေလည်မှု ရရှိပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်ကို လက်မှတ်ထိုးကြပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သတ်ဖြတ်ခံရတဲ့ တရုတ်နိုင်ငံသားတွေရဲ့ အရိုးပြာကို ပြန်သယ်

တံဆိပ်နီ တော်လှန်ရေး

၁၉၆၂ စစ်အာဏာသိမ်းပြီးနောက် အစပိုင်းမှာ အဆင်ပြေခဲ့ပေမယ့် ၁၉၆၆ တရုတ်ယဉ်ကျေးမှုတော်လှန်ရေး ဂယက်ကို မြန်မာပြည်ကို ရိုက်ခတ်လာပါတယ်။ ပြည်တွင်းက ဆန်ရှားပါးမှုပြဿနာအခံမှာ တရုတ်ကျောင်းသားတွေရဲ့ မော်စီတုန်းတံဆိပ်တပ်တဲ့ကိစ္စက ထပ်ဆင့်ပြီး တရုတ် ဗမာအရေးအခင်းကြီး ဖြစ်ကာ တရုတ်လူမျိုးတွေရဲ့ ဥစ္စာအိုးအိမ်နဲ့ အသက်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။ အဲဒီနောက်ဆက်တွဲအဖြစ် တရုတ်ဘက်က သူတို့ဆီ ရောက်နေတဲ့ မြန်မာကွန်မြူနစ်တွေကို လက်နက်တပ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဗိုလ်ဇေယျနဲ့ သခင်ဗသိန်းတင် ခေါင်းဆောင်တဲ့ ဗကပ ကွန်မြူနစ်တွေ တရုတ်ပြည်ထဲကို ၁၉၅ဝ ကျော်ကတည်းက ရောက်နေခဲ့ပြီး မြန်မာပြည်ထဲကို ၁၉၆၃ နောက်ပိုင်းမှာ ပြန်ဝင်လာခဲ့ပါတယ်။ ၁၉၆၃ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ တချို့ကွန်မြူနစ် ခေါင်းဆောင်တွေကို ပီကင်းကနေ လေယာဉ်နဲ့ ပို့ပေးတာပါ။ ဆွေးနွေးပွဲအပျက်မှာ အဲဒီခေါင်းဆောင်တွေ ပဲခူးရိုးမတောထဲ ပြန်သွားကြပြီး ပီကင်းပြန်အုပ်စု ဖြစ်လာပါတယ်။ ဒီအုပ်စု ပါတီမှာ အင်အားကြီးလာပြီး ဖြုတ်ထုတ်သတ်ခေါ် ပါတီတွင်း ရှင်းလင်းရေးတွေ ဖြစ်ပွားကာ ဂိုရှယ်၊ ဗိုလ်ရန်အောင်နဲ့ ရဲဘော်ဌေး စတဲ့ ဗကပ ထိပ်ပိုင်းခေါင်းဆောင်တချို့ သတ်ဖြတ်ခံခဲ့ရပါတယ်။ တချိန်တည်းမှာပဲ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တပ်တွေကလည်း ပဲခူးရိုးမနဲ့ မြစ်ဝကျွန်းပေါ်မှာ ဖြတ်လေးဖြတ် စစ်ဆင်ရေးတွေ လုပ်ပြီး ဗကပ အမြစ်ပြုတ်အောင် ကြိုးစားပါတယ်။ အဲဒီနောက် သခင်သန်းထွန်း၊ သခင်ဇင်နဲ့ သခင်ချစ်ဆိုတဲ့ ဗကပခေါင်းဆောင်တွေ ကျဆုံးပြီး ၁၉၇၅ မှာ ဗကပ ဗဟို ပြိုလဲခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အရှေ့မြောက်က ကွန်မြူနစ်တပ်သား
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၁၉၆၈ နှစ်ဆန်းထိုးစစ်

၁၉၆၈ နှစ်ဆန်းတရက်နေ့မှာ စတဲ့ ဗကပထိုးစစ်ဟာ ပြည်တွင်းက အင်အားချိနဲ့နေတဲ့ ဗကပဗဟိုကို ကယ်ပေါက်ဖွင့်ပေးတဲ့ စစ်ဆင်ရေး ဖြစ်ပြီး မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဗကပနယ်မြေကြီးတခု ပေါ်အောင် ဖော်ထုတ်တဲ့ စစ်ဆင်ရေးကြီး ဖြစ်ပါတယ်။

ဒီစစ်ဆင်ရေးမှာ တရုတ်ဘက်က ငွေအား၊ လူအား၊ လက်နက်အားနဲ့ အားသွန်ကူညီပြီး ဝ၊ ကိုးကန့်၊ ကချင်နဲ့ ရှမ်း စတဲ့ ဒေသခံ လူမျိုးစုတွေကို လက်နက်တပ်ပေးခဲ့ပါတယ်။ ၁၉၆၇ ကနေ ၁၉၇၃ အတွင်း တရုတ်ဘက်က မြန်မာကိုတပ်သား တသောင်းစာ လက်နက်ခဲယမ်းတွေ ကူညီခဲ့ပြီး ၁၉၆၈ ကနေ ၁၉၇၈ ဆယ်နှစ်အတွင်း ယွမ်သန်း ၄ဝ ကျော် ကူခဲ့တယ်လို့ မောင်အောင်မျိုးရဲ့ ဆွေမျိုးပေါက်ဖော်၊ ၁၉၄၈ က စတဲ့ မြန်မာပြည်ရဲ့ တရုတ်မူဝါဒ စာအုပ်မှာ ပါရှိပါတယ်။ ဒီလို ကူညီရာမှာ တရုတ်အကြံပေးအရာရှိတွေ လွှတ်ပြီး တရုတ်ပြည်ရောက် ဗကပနဲ့ ကချင် နော်ဆိုင်းတပ်တွေကို လေ့ကျင့်ပေးတာအပြင် နယ်စပ်မှာ ဆေးရုံတွေ ဆောက်ပေးတာ၊ တရုတ်နယ်မြေထဲကနေ မြန်မာပြည်ထဲ အသံလွှင့်နိုင်ဖို့ ပြင်ဆင်တာ၊ ဝနယ်မှာ လက်နက်စက်ရုံတည်ပေးတာနဲ့ တရုတ်ပြည်သူတွေထဲက စေတနာ့ဝန်ထမ်း ဝင်တိုက်ပေးဖို့ နှိုးဆော်တာတွေ ပါပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်၊ မြန်မာနဲ့ လူမျိုးစုတပ်တွေ စုစည်းမိကြ

ဒီစစ်ဆင်ရေးကြောင့် စတုရန်းကီလိုမီတာ နှစ်သောင်းကျော် မြန်မာစစ်တပ်လက်က လွတ်မြောက်စေခဲ့ပေမယ့် ရှမ်းပြည်ကနေ ပြည်မကို မကူးနိုင်ခဲ့ပါဘူး။ တရုတ်ပြည် နိုင်ငံရေးအပြောင်းအလဲတွေကြောင့်လည်း ၁၉၇၈ နောက်ပိုင်းကစလို့ တိန့်ရှောင်ဖိန်ခေတ်မှာ ဗကပကို အကူအညီတွေ လျှော့ခဲ့ပါတယ်။ ဒီစစ်ပွဲကာလအတွင်း နှစ်ဖက် လူအသေအပျောက် အတိအကျ သိဖို့ ခက်ပေမယ့် သေသူ ထောင်သောင်းချီ ရှိနိုင်တယ်လို့ မြန်မာစစ်အရာရှိဟောင်း ဦးဝင်းထိန်က သံသရာတစ်ကွေ့ စာအုပ်မှာ ရေးပါတယ်။ ၁၉၆၈ ကနေ ၁၉၇၅ အတွင်း တပ်မတော်ဘက်က ၁၄ဝဝ ကျော်နဲ့ ဗကပဘက်က ၂၇ဝဝ လောက် ကျဆုံးတယ်လို့လည်း စစ်အစိုးရထုတ် ပြည်တွင်းသောင်းကျန်းမှု သမိုင်းမှာ ဖော်ပြပါတယ်။ ဗကပအင်အားဟာ ၁၉၆၈ မှာ ၅ဝဝ နဲ့ စခဲ့ရာက ၁၉၇၄ မှာ ၅၈ဝဝ ကျော်ထိ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ကွမ်းလုံကူးတို့ဆိပ်ကို ရဖို့ ၁၉၇၁ မှာ ရက် ၄ဝ တိုက်ပွဲကြီး ဆင်နွှဲခဲ့သလို ၁၉၇၃ မှာ ပန်လုံနဲ့ မိုင်းယန်း၊ မိုင်းလွေ တိုက်ပွဲတွေ ဖြစ်ပါတယ်။ ရွှေလီမြစ်ဝှမ်းသာမက ကွမ်းလုံနဲ့ ကျိုင်းတုံကို ရဖို့ ဗကပထိုးစစ်ဆင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ကချင် ကန်ပိုက်တီ၊ မုန်းကိုး ၊ မုန်းယား၊ ဝ၊ ကိုးကန့်နဲ့ မိုင်းလားဒေသတွေကို အခြေပြုတဲ့ လွတ်မြောက်နယ်မြေ ပေါ်ပေါက်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကွေ့ကျိုးရောက် ကချင်တပ်မှူးများ

အရှေ့မြောက်တိုင်းတခွင်

ဒီစစ်ပွဲဟာ မြန်မာပြည်မမှာ ဆင်နွှဲတဲ့စစ်မဟုတ်ဘဲ ရှမ်းပြည်နဲ့ တရုတ်နယ်စပ်က ဒါဇင်နဲ့ချီတဲ့ မျိုးနွယ်စုတွေကို ရိုက်ခတ်တဲ့ စစ်ဖြစ်ပါတယ်။ ဒီစစ်ကြောင့်ပဲ ဝနယ်မှာ နိုင်ငံရေးနိုးကြားလာပြီး ဝအမျိုးသားရေးစိတ် ဝင်လာသလို ကိုးကန့်၊ ရှမ်းနဲ့ ကချင်စတဲ့ မျိုးနွယ်စုတွေ ကြားမှာလည်း လက်ဝဲအတွေးအခေါ် ကြီးစိုးလာပါတယ်။ တရုတ်ကွန်မြူနစ်အထောက်အပံ့နဲ့ တော်လှန်ရေးဆင်နွှဲတဲ့ ဗကပဟာ ပအိုဝ်း၊ ကရင်၊ ကယား စတဲ့ တခြားမျိုးနွယ်စု လက်နက်ကိုင်တွေအပေါ်မှာလည်း နိုင်ငံရေး၊ စစ်ရေးအရ လွှမ်းမိုးဖို့ သိမ်းသွင်းပါတယ်။ နယ်စပ်ဒေသ ခေတ်နောက်ကျတဲ့ နေရာတွေမှာ တရုတ်နဲ့ မြန်မာကွန်မြူနစ်တွေရဲ့ ခေတ်ပြောင်းတော်လှန်ရေးဆောင်ရွက်ချက်တွေကြောင့် လူမျိုးစုတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုစီးပွားရေးတွေ ပြောင်းလဲတိုးတက်ခဲ့လို့ ကွန်မြူနစ်ထောက်ခံသူများခဲ့တယ်လို့ အဲဒီခေတ်ကို မီလိုက်တဲ့ နယ်စပ်က မျိုးနွယ်စုတပ်သားဟောင်းတချို့က ပြောပါတယ်။

ဒီလို အောင်မြင်မှုတွေ ရှိခဲ့ပေမယ့် တခြားဘက်မှာတော့ လူမျိုးစုတွေရဲ့ မြန်မာအပေါ် မယုံကြည်တဲ့ သံသယကို ဗကပခေါင်းဆောင်တွေ မချေဖျက်နိုင်ခဲ့ပါဘူး။ ဗကပထိုးစစ်တွေအတွင်း ဝ၊ ကိုးကန့်စတဲ့ ဒေသခံတပ်သား အများအပြား သေဆုံးရမှုကြောင့် ၁၉၈၉ မှာ ခွဲထွက်ပုန်ကန်မှုတွေ ဖြစ်တယ်ဆိုပြီး မာတင်စမစ်နဲ့ ဘာတီးလ်လစ်တနာ စတဲ့ အနောက်တိုင်း စာရေးဆရာတွေက ရေးပါတယ်။ ဒါကို ကိန်းဂဏန်းအရေအတွက် ချဲ့ကားတာသာ ဖြစ်တယ်ဆိုပြီး ဗကပဟောင်းနဲ့ ဗကပလက်ကျန်တွေဘက်က ချေပကြပေမယ့် ဗကပရဲ့ အရှေ့မြောက်အာဏာတည်ဆောက်မှုဟာ နယ်မြေခံ ဝနဲ့ ကိုးကန့်တွေရဲ့ မကျေလည်မှု၊ အာဏာသိမ်း နဝတစစ်အစိုးရရဲ့ လူမျိုးစုတွေအပေါ် သိမ်းသွင်းမှုတွေကြောင့် ပြိုကွဲခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကွန်မြူနစ်နယ်မြေထဲက လားဟူနှစ်သစ်ကူး

အရှေ့မြောက် ပြိုကွဲမှု အကျိုးဆက်အဖြစ် ပြည်တွင်းမှာ ၁၉၈၈ နောက်ပိုင်း တက်လာတဲ့ နဝတစစ်အစိုးရက လက်ဝဲအနွယ်တွေကို ဖိနှိပ်တာတွေ လုပ်သလို ၁၉၈၈ အရေးအခင်းကိုလည်း ဗကပယူဂျီတွေနဲ့ လက်ဝဲလက်ယာအဖျက်သမားတွေလက်ချက်အဖြစ် စွပ်စွဲပါတယ်။ မြန်မာပြည်တွင်းမှာ လက်ဝဲစာပေထုတ်ဝေမှုကို ပိုမိုတင်းကျပ်လိုက်တဲ့အတွက် လက်ဝဲနိုင်ငံရေး ဒီရေထိုးကျခဲ့ပါတယ်။

ပင်မအတိုက်အခံလမ်းကြောင်းမှာ ခေါင်းဆောင်တဲ့ ဒေါ်အောင်ဆန်းစုကြည်နားမှာလည်း လက်ဝဲအနွယ်တွေ ထိုးဖောက်နေတယ်ဆိုပြီး ဦးဝင်းတင်၊ ဒေါ်မြင့်မြင့်ခင်၊ မုံရွာတင်ရွှေ စတဲ့ တတ်သိပညာရှင်တွေကို ဖမ်းဆီးခဲ့ပါတယ်။ မြေပေါ်မှာ ၁၉၆၃ နောက်ပိုင်း ပြန်ထွက်လာတဲ့ လက်ဝဲအင်အားစုပါတီတွေကို ဖြိုခွဲခဲ့တဲ့အတွက် အမျိုးသားနိုင်ငံရေး တပ်ပေါင်းစုနဲ့ ပြည်သူ့တိုးတက်ရေးပါတီတွေ ဖျက်သိမ်းခံခဲ့ရပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မုန်းကိုးက ကွန်မြူနစ် အာဇာနည်ကျောက်တိုင်

တိမ်တောင်သဖွယ် မင်းရေးကျယ်

၁၉၆၈ ကနေ ၁၉၈၉ ထိ ကြာမြင့်ခဲ့တဲ့ အရှေ့မြောက်စစ်ဆင်ရေးကြီးမှာ တရုတ်တပ်တွေအကူအညီနဲ့ နယ်မြေတွေ သိမ်းပိုက်နိုင်ခဲ့ပေမယ့် တရုတ်-မြန်မာ နှစ်နိုင်ငံကြား အစိုးရနှစ်ရပ်နဲ့ ပါတီသုံးရပ်ဆက်ဆံရေးပေါ် မူတည်ပြီး အတိုး အဆုတ် ရှိခဲ့ပါတယ်။ တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေး ရေချိန်အတက်အကျနဲ့ မော်စီတုန်းနဲ့ တိန့်ရှောင်ဖိန်ကြား နိုင်ငံရေးအကူးအပြောင်း ရာသီပေါ်မူတည်ပြီးလည်း နယ်စပ်တိုက်ပွဲတွေမှာ ရိုက်ခတ်ခဲ့ပါတယ်။

၁၉၇၁ တရုတ်ပြည် ကုလသမဂ္ဂ ဝင်ရေးမှာ မြန်မာ ကမကထပြုမှုနဲ့ ဆိုဗီယက်ရုရှားရဲ့ ဗီယက်နမ်ကတဆင့် အရှေ့တောင်အာရှ နိုင်ငံရေးကို ထိုးဖောက်ဖို့ ကြံစည်တာ၊ အမေရိကန်ရဲ့ ဒုတိယ အင်ဒိုချိုင်းနားစစ်ပွဲ အနိုင်အရှုံး စတာတွေကလည်း အရှေ့မြောက် စစ်မျက်နှာပြင်မှာ သက်ရောက်ပါတယ်။

တကယ်တော့ မြန်မာပြည်စစ်မျက်နှာမှာ မကြေညာတဲ့ စစ်အေးတိုက်ပွဲကို ပြည်တွင်းစစ်အသွင်နဲ့ တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်ဝန်ကြီးချုပ် ဟွာကိုဖုန်းနဲ့ ဦးနေဝင်း

တရုတ်ကွန်မြူနစ်ဘက်က ဗကပကို ကူညီရေးမှာ မော်စီတုန်းရဲ့ နောက်ဆုံးဇနီး ချန်ချင်းတို့ လေးဦးဂိုဏ်းက အဓိကကူညီပြီး မြန်မာစစ်အစိုးရနဲ့ ပြန်လည်စေ့စပ်ရေးမှာ အဓိက အားထုတ်သူတွေက တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းနဲ့ တိန့်ရှောင်ဖိန်တို့ ဖြစ်ကြောင်း ပါမောက္ခမောင်အောင်မျိုးက ရေးပါတယ်။

မြန်မာစစ်တပ်ဘက်ကတော့ တရုတ်အကူအညီနဲ့ ဒီလို ဗကပထိုးစစ်ဆင်တာကို သတိကြီးကြီးထားပြီး တုံ့ပြန်တယ်လို့ ဆိုပါတယ်။ ဆိုဗီယက်၊ အမေရိကန် စတဲ့ တရုတ်နဲ့ မသင့်မြတ်တဲ့ အင်အားကြီးနိုင်ငံတွေနဲ့ နီးစပ်မသွားအောင် ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရ သတိထားခဲ့သလို ၁၉၇၁ နောက်ပိုင်း တရုတ်ပြည်ကို အကြိမ်ကြိမ်သွားပြီး ဆက်ဆံရေး ပြန်ကောင်းအောင် အားထုတ်ပါတယ်။ နောက်ဆုံး တရုတ်ရဲ့ ကြည်ဖြူမှု ရအောင် အဲဒီအချိန်က ကမ္ဘာနဲ့ အဆက်ပြတ်နေတဲ့ ခမာနီ အစိုးရဆီကို ၁၉၇၇ မှာ ဦးနေဝင်း အလည်အပတ်သွားခဲ့ပါတယ်။ နောက်ဆုံး ၁၉၈၁ မှာ လမ်းစဉ်ပါတီအစိုးရနဲ့ ဗကပအကြား ဆွေးနွေးပွဲတွေလုပ်ပြီး ကွန်မြူနစ် မြေပေါ် ပြန်ရောက်ရေး ဆွေးနွေးခဲ့ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဒီလို ချုပ်တည်းလိုက်နာရမှုတွေကြောင့် တခြားဘက်မှာတော့ ပြည်တွင်းရေးမှာ တရုတ်ဆန့်ကျင်မှု များပါတယ်။ အရှေ့မြောက်က လူရိုင်းတွေဆိုပြီး တရုတ်ထိုးစစ်ကို ရှုတ်ချတဲ့ တေးသီချင်းမျိုးလည်း ကျောင်းသားကလေးငယ်တွေကို သင်ပေးခဲ့ပါတယ်။ ၁၉၈ဝ မှာ ကျင်းပတဲ့ မြန်မာနိုင်ငံသုတေသနအသင်း ဆွေးနွေးပွဲကို အဲဒီအချိန်က သမ္မတ ဦးနေဝင်းတက်ပြီး ဆင်ဖြူရှင်ခေတ်က မန်ချူးတပ်တွေကို အောင်နိုင်ကြောင်း ရေးတဲ့ စာကဗျာတွေ မရှိဘူးလားလို့ ရန်ကုန်တက္ကသိုလ် မြန်မာစာပါမောက္ခ ဒေါ်သန်းဆွေကို မေးကြောင်း မောင်အောင်မျိုးစာအုပ်မှာ ဖော်ပြပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သခင်ဗသိန်းတင်နဲ့ ဗကပခေါင်းဆောင်များ

၁၉၈၅ မှာ တရုတ်ကွန်မြူနစ်အထွေထွေအတွင်းရေးမှူး ဟူယောင်ပန်းက ဗကပအထွေထွေအတွင်းရေးမှူး သခင်ဗသိန်းတင်ကို ခေါ်တွေ့ပြီး အကူအညီတွေ ရပ်တော့မယ်လို့ ခေါ်ပြောပြီး နောက်ဆုံးအဆင့် ယွမ်သုံးသန်း၊ ကျပ်သန်း ၂ဝ နဲ့ ကျည်ဆန်ငါးသန်းကို ပေးခဲ့ပါတယ်။ တကယ်က ၁၉၇၆ မော်စီတုန်းအလွန် ဆက်ခံရေး လွန်ပွဲတွေမှာ လေးဦးဂိုဏ်းနဲ့ ဟွာကိုဖုန်းကို ထောက်ခံပြီး တိန့်ရှောင်ဖိန်ကို ရှုတ်ချခဲ့တဲ့ ဗကပအတွက် ၁၉၇၇ ထဲက တရုတ်ရဲ့ မျက်နှာသာမရ ဖြစ်ခဲ့တာပါ။

အဲဒီနောက် စီးပွားရေး တံခါးဖွင့်နေတဲ့ တရုတ်နဲ့ မြန်မာ နယ်စပ်ကုန်သွယ်ရေး တိုးတက်လာသလို တရုတ်အကူအညီနဲ့ သံလျင်တံတား စီမံကိန်း စခဲ့ပါတယ်။ ၁၉၈၇ က စီစီဝမ်တာပန် တိုက်ပွဲမှာလည်း တရုတ်ဘက်က နယ်မြေကို ဗကပတိုက်ဖို့အတွက် မြန်မာစစ်တပ်ကို အသုံးပြုခွင့်ပေးပါတယ်။ ၁၉၈၉ ဗကပပြိုကွဲအပြီးမှာ ခေါင်းဆောင်တွေကို တရုတ်ပြည်ထဲမှာ ခိုလှုံခွင့်ပေးခဲ့ပြီး ဝ၊ ကိုးကန့်နဲ့ မိုင်းလားအုပ်စုကိုတော့ တရုတ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ဆက်ထားခဲ့ပါတယ်။ ၁၉၈၈ နောက်ပိုင်း တက်လာတဲ့ နဝတအစိုးရနဲ့ တရုတ်ကြား ဆက်ဆံရေးကလည်း ပိုမိုနီးကပ်လာပြီး ကုလသမဂ္ဂမှာ စစ်အစိုးရကို တရုတ်က အကာအကွယ်ပေးခဲ့ပါတယ်။ မြန်မာပြည်တွင်းမှာလည်း တရုတ် ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးသြဇာ ဖုံးလွှမ်းခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်တပ်တွေနဲ့ ပါလာတဲ့ ဝ ဒုတိယဥက္ကဋ္ဌ လီဇီရူး

ငြိမ်းမရတဲ့ မီးတောက်မီးလျှံ

အရှေ့မြောက် စစ်ဆင်ရေးကြီး မအောင်မြင်ခဲ့ပေမယ့် အဲဒီအကျိုးဆက်ကို ခုထိ ကြုံနေရပါတယ်။ နယ်စပ်က အင်အားကြီးတဲ့ UWSA ဝ တပ်ကြီးမှာ တရုတ်ပြည်ဘက်က ဝမျိုးနွယ်တပ်သားနဲ့ တပ်ခေါင်းဆောင်ပိုင်းတွေ ခုထိ ကျန်ရစ်ပါတယ်။ ၁၉၆၂ နောက်ပိုင်း တရုတ်ပြည်ကို ပြန်သွားပြီး အဲဒီကတဆင့် တော်လှန်ရေးထဲ ပါလာတဲ့ မြန်မာတရုတ်နွယ်ဖွားတွေနဲ့ နယ်စပ်က တရုတ်အပျော်တမ်းတပ်သားတွေလည်း တော်လှန်ရေးပြိုကွဲချိန်မှာ အများစုပြန်သွားကြပေမယ့် ကျန်သူတွေ ရှိပါသေးတယ်။ ၂ဝ၁ဝ နောက်ပိုင်း မြန်မာပြည် နိုင်ငံရေး ရေချိန်ပြောင်းပြီး တရုတ်နဲ့ အဟပ်ကွာသလို ရှိချိန်မှာတော့ ကိုးကန့်နဲ့ တအန်း၊ ရခိုင်တပ်သစ်တွေ တရုတ်နယ်စပ်မှာ ပေါ်လာခဲ့ပြန်ပါတယ်။ ဒီအင်အားသစ်တွေနဲ့ ကချင် ကေအိုင်အေတို့ပူးပေါင်းပြီး မြောက်ပိုင်းမဟာမိတ်အဖြစ် မြန်မာပြည် မြောက်ပိုင်းနဲ့ အရှေ့မြောက်ဒေသမှာ အင်အားကြီးလာသလို ၂ဝ၂၁ အာဏာသိမ်းပွဲနောက်ပိုင်းမှာလည်း စစ်ကောင်စီနဲ့ အားပြိုင်နေကြပါတယ်။

တရုတ်ဖြူ ကျူးကျော်စစ်နောက်ပိုင်း အရှေ့မြောက်ဒေသတွေမှာ နဂိုရှိရင်း ဘိန်းမည်းစိုက်ပျိုးမှုအပြင် ဘိန်းဖြူထုတ်လုပ်မှုပါ ရှိလာပြီး ရွှေတြိဂံဒေသနဲ့ ဆက်စပ်လာပါတယ်။ မြန်မာပြည်က ခွန်ဆာ၊ လော်စစ်ဟန်စတဲ့ စစ်ဘုရင်တွေကို အမေရိကန်က နာမည်ပျက်စာရင်းသွင်းခဲ့တာပါ။ ဘိန်းစိုက်မှုကို ဗကပက အားမပေးပေမယ့် နောက်ပိုင်းမှာ ရန်ပုံငွေ ရဖို့ ဒေသစစ်အာဏာပိုင်တွေကြားမှာ လုပ်လာကြတာတွေ ရှိတယ်လို့လည်း ကျော်ဝင်းက ပျောက်ဆုံးသွားသော မျိုးဆက်တစ်ခုမှာ ရေးပါတယ်။ ၁၉၈၉ နောက်ပိုင်း ဗကပအလွန်မှာ ကျန်ရစ်တဲ့ လူမျိုးစုတပ်တွေအပေါ် မူးယစ်ဆေးထုတ်လုပ်မှု ပြဿနာ စွပ်စွဲချက်က ပိုကြီးလာပြီး အမေရိကန်ရဲ့ နာမည်ပျက်စာရင်းမှာ လူသစ်တွေ တိုးခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဝနယ် ပန်ဆန်းက ဘိန်းအရောင်းအဝယ်

အခုအချိန်မှာတော့ သံလွင်အရှေ့နယ်မြေတွေဟာ မူးယစ်ဆေးအပြင် မြေရှားသတ္တုတူးဖော်ရေးနဲ့ ကာစီနို၊ လူကုန်ကူးမှု၊ သားရိုင်းတိရစ္ဆာန်ရောင်းဝယ်မှု စတဲ့ တခြား တရားဝင်၊ တရားမဝင် စီးပွားရေးလုပ်ငန်းမျိုးစုံ ထွန်းကားတဲ့ နယ်မြေတွေ ဖြစ်နေပါတယ်။ ဒီစီးပွားရေး တောရိုင်းနယ်မြေတွေ ကြီးထွားလာတာဟာ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုအရှိန်ကြောင့် ပါသလို ထိုင်း၊ လာအို၊ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံတွေက စီးပွားရေး လုပ်ငန်းစုံနဲ့လည်း ဆက်စပ်နေပါတယ်။

တချိန်က ကွန်မြူနစ်တော်လှန်ရေးတွေ တင်ပို့ဖို့ တရုတ်ပြည်ရဲ့ ကြိုးပမ်းမှုဟာ ခေတ်ပြောင်း စနစ်ပြောင်းတွေကြောင့် အရင်းရှင်စီးပွားရေးလုပ်ငန်းစုံ ဥပဒေမဲ့ ကြီးစိုးတဲ့ တရုတ်နန်းရိပ်က လက်နက်ကိုင်နယ်မြေတွေအဖြစ် ကျန်ရစ်ခဲ့ပါတယ်။ မြန်မာပြည်ထဲမှာ တကျော့ပြန် ထူထောင်လာတဲ့ PLA လက်နက်ကိုင်လက်ဝဲတပ်တွေကို တရုတ်၊ ဝ၊ ကိုးကန့်တပ်တွေက ဘယ်လို သဘောထားသလဲ ဆိုတာကိုတော့ ဆက်လက်ဖြစ်ပေါ်မယ့် အခင်းအကျင်းတွေက ပြမှာ ဖြစ်ပါတယ်။

၁၉၆၈ မတိုင်ခင်နဲ့ နောက်ပိုင်း တရုတ် -မြန်မာ ဆက်ဆံရေးမှာ နှစ်နိုင်ငံ အစိုးရတွေနဲ့ ပါတီတွေသြဇာကြီးသလိုပဲ နယ်စပ်က လူမျိုးစုတွေရဲ့ နိုင်ငံရေးကလည်း အရေးကြီးပါတယ်။ နောက်ပိုင်း ကမ္ဘာ့နိုင်ငံရေးအုပ်စုတွေ အားပြိုင်ပွဲကြောင့်လည်း အရှေ့မြောက်နယ်စပ်ကျေးလက်တွေမှာ စစ်မီးတောက်လောင်ခဲ့ပါတယ်။ ဒီနိုင်ငံရေးစစ်တုရင်ကစားကွက်တွေကို တရုတ်-မြန်မာ ဆက်ဆံရေးမှာသာမက နိုင်ငံတကာဆက်ဆံရေးနဲ့ စစ်ပွဲဗေဒတွေမှာလည်း အကြိမ်ကြိမ်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပန်ဆန်းက ကွန်မြူနစ်ကျောင်းကလေး